News @ M-Media

Blog

  • ပါလက်စတိုင်း လွတ်မြောက်ရေးအတွက် ထောင်အကြိမ် ၁၀၀ ကျလည်း မမှုဟု တမီမီ ပြော

    ပါလက်စတိုင်း လွတ်မြောက်ရေးအတွက် ထောင်အကြိမ် ၁၀၀ ကျလည်း မမှုဟု တမီမီ ပြော

    သြဂုတ် ၂၊ ၂၀၁၈
    M-Media

    -အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုကနေ ပါလက်စတိုင်းနိုင်ငံ လွတ်မြောက်ရေးအတွက် ကြိုးပမ်းရာမှာ ထောင် အကြိမ် ၁၀၀ ချခံရမယ်ဆိုရင်လည်း ကျခံသွားမယ်လို့ ပါလက်စတိုင်း တက်ကြွလှုပ်ရှားသူ အဟဒ် တမီမီက RT သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။

    ပါလက်စတိုင်းပြည်သူတွေကို ညှင်းပမ်းတဲ့ အစ္စရေးစစ်သားကို ရင်ဆိုင်တုန့်ပြန်ရင်း အစ္စရေးရဲ့ ဖမ်းဆီးထောင်ချခြင်းခံခဲ့ရတဲ့ တမီမီဟာ ထောင်ဒဏ် ၈ လ ကျခံရပြီးတဲ့နောက် တနင်္ဂနွေမှာ ပြန်လည် လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

    “ကျွန်မခံစားခံရသလို တစ်ခြားလူတွေ ဘယ်တော့မှ မခံစားရပါစေနဲ့လို့ ကျွန်မ မျှော်လင့်ပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ ယုံကြည်ချက်တွေအတွက်ကြောင့် ဒီလိုကြုံရတာမျိုးကို နောင်တမရပါဘူး။ တိုင်းပြည်အတွက်ဆိုရင် ထောင် အကြိမ်တရာမကကျလည်း ကျွန်မ မမှုပါဘူး” လို့ တမီမီက ပြောကြားခဲ့ပါတယ်။

    အသက် ၁၇ နှစ်အရွယ် တမီမီဟာ ပါလက်စတိုင်း လွတ်မြောက်ရေး လှုပ်ရှားတဲ့ မိသားစုက ဆင်းသက်လာသူဖြစ်ပါတယ်။

    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက နဘီဆာလေဟ်ရွာမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက အစ္စရေးစစ်သားတွေရဲ့ ၀င်ရောက်စီးနင်းမှုအတွင်း တမီမီ၊ သူ့ရဲ့မိခင် နာရီမန်နဲ့ အသက် ၂၀ အရွယ် ၀မ်းကွဲအမ နူရ်တို့ဟာ အစ္စရေးစစ်သားတွေကို ရင်ဆိုင်တုန့်ပြန်ခဲ့ကြပြီး နောက်ပိုင်းမှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

    “သူတို့ ကျွန်မကိုဖမ်းမယ်ဆိုတာ ကျွန်မ သိပါတယ်။ အစ္စရေးရဲ့ ဖိနှိပ်မှုအောက်မှာ နေထိုင်တဲ့သူတိုင်း ဒီလို အမြဲကြုံတွေ့ရတာပါ”

    တမီမီက သူမ ပါးရိုက်ခဲ့တဲ့ အစ္စရေးစစ်သားဟာ စောစောပိုင်းက အသက် ၁၄ နှစ်အရွယ် ၀မ်းကွဲမောင် မိုဟာမက်ကို ရာဘာအုပ်ထားတဲ့ စတီးကျည်ဆံနဲ့ မျက်နှာကို အနီးကပ်ပစ်ခဲ့သူဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ မိုဟာမက်ကတော့ အဲဒီဒဏ်ရာကြောင့် မျက်နှာနဲ့ ဦးခေါင်းမှာ ဆိုးဆိုးဝါးဝါး ဒဏ်ရာရရှိကာ အခုအချိန်အထိ ဆေးကုသမှု ခံယူနေရပါတယ်။

    “ကျွန်မမောင် မျက်နှာမှာ ဒဏ်ရာရနေမှန်း သိသိကြီးနဲ့ ဒီစစ်သားက ပစ်ခဲ့တယ်။ မောင်လေးက သေမလိုကိုဖြစ်သွားခဲ့တာပါ။ အရင်ကလည်း ကျွန်မနေတဲ့နေရာက လူငယ်ဆယ်ကျော်သက်လေးတွေကို အဲဒီစစ်သားက သေနတ်နဲ့ ပစ်ခတ်ခဲ့ဖူးပါတယ်”

    အစ္စရေးစစ်သားကို ပါးရိုက်မှုအတွက် အစ္စရေးစစ်ခုံရုံးက တမီမီကို ထောင်ဒဏ် ၈ လ ချမှတ်ခဲ့ပါတယ်။ တမီမီ ထောင်ထဲမှာရှိနေစဉ်အတွင်း သူ့ရဲ့ နောက်ထပ် မောင်ဝမ်းကွဲတစ်ယောက်ဖြစ်တဲ့ အသက် ၁၇ နှစ်အရွယ် မူဆဘ်ဟာ ဇန်န၀ါရီလမှာ အစ္စရေးစစ်သားတွေရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရပါတယ်။

    တမီမီကတော့ သူ့အနေနဲ့ ပါလက်စတိုင်းလွတ်မြောက်ရေး ဆက်လက်လှုပ်ရှားသွာမှာဖြစ်ပြီး ရှေ့နေဖြစ်အောင်ကြိုးစားကာ အစ္စရေးရဲ့ မတရားမှုတွေကို တုန့်ပြန်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: RT

  • Facebook နှင့် Instagram တို့က သုံးစွဲချိန်ကန့်သတ်နိုင်သည့် လုပ်ဆောင်ချက်ကို  ထည့်သွင်းပေး

    Facebook နှင့် Instagram တို့က သုံးစွဲချိန်ကန့်သတ်နိုင်သည့် လုပ်ဆောင်ချက်ကို ထည့်သွင်းပေး

    သြဂုတ် ၁၊ ၂၀၁၈
    M-Media

    – ဆိုရှယ်မီဒီယာ အသုံးပြုတဲ့အချိန်ကို ကန့်သတ်နိုင်မယ့် လုပ်ဆောင်ချက်တစ်ခုကို Faceobook နဲ့ Instagram တို့က ထည့်သွင်းပေးလိုက်ပါတယ်။

    ဆိုရှယ်မီဒီယာကို အချိန်အကြာကြီး အသုံးပြုတာဟာ စိတ်ကျန်းမာရေးကို ဆိုးရွားစေတယ်နိုင်တယ်ဆိုတဲ့ သတိပေးချက်တွေ ပေါ်ထွက်လာခဲ့ပြီးတဲ့နောက် ထိပ်တန်းဆိုရှယ်မီဒီယာနှစ်ခုက အခုလို ထည့်သွင်းပေးခဲ့တာပါ။

    လုပ်ဆောင်ချက်အသစ်ကြောင့် အသုံးပြုသူတွေဟာ ဆိုရှယ်မီဒီယာအသုံးပြုတဲ့အချိန်ကို စစ်ဆေးနိုင်မှာဖြစ်ပြီး၊ သုံးစွဲချိန်ကိုလည်း သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ သုံးစွဲချိန်သတ်မှတ်ထားမယ်ဆိုရင် အချိန်ပြည့်တာနဲ့ အသိပေးတာ၊ အချိန်အတိုင်းအတာတစ်ခုအထိ notification ပိတ်ပေးတာတွေကို လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

    ဒါပေမယ့် ဒါဟာ လုံလောက်မှုမရှိဘူးလို့ ဝေဖန်မှုတွေလည်း ရှိပါတယ်။

    ဆိုရှယ်မီဒီယာကို အချိန်ကြာရှည်စွာ အသုံးပြုတာဟာ ဆိုးကျိုးရှိတယ်ဆိုတာကို သိရှိကြောင်း Facebook က ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ သူတို့ရဲ့ ဘလော့စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    မီချီဂန်တက္ကသိုလ်၊ ဆန်ဒီယေဂိုတက္ကသိုလ်နဲ့ ယေးလ်တက္ကသိုလ်တို့က ပြုလုပ်တဲ့ လေ့လာဆန်းစစ်မှုတွေမှာ Facebook လို ဆိုရှယ်မီဒီယာတွေကို အလွန်အကျွံ အသုံးပြုသူတွေဟာ စိတ်ကျန်းမာရေးပိုင်းမှာ ပိုမိုဆိုးဝါးစေတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

    အချိန့်ကန့်သတ်နိုင်မယ့် လုပ်ဆောင်ချက်အသစ်ကို Instagram မှာ settings ထဲက Your Activity မှာ သွားရောက်သတ်မှတ်နိုင်မှာဖြစ်ပြီး၊ Facebook မှာတော့ setting ထဲက Your Time on Facebook မှာ သွားရောက် သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

    Ref: BBC

  • နိုင်ငံတစ်ဝှမ်း ရေကြီးမှုကြောင့် သေဆုံးသူ ၁၂ ဦးရှိလာ

    နိုင်ငံတစ်ဝှမ်း ရေကြီးမှုကြောင့် သေဆုံးသူ ၁၂ ဦးရှိလာ

    သြဂုတ် ၁၊ ၂၀၁၈
    M-Media

    photo credit – mmtimes

    – မြန်မာနိုင်ငံတစ်ဝှမ်း လတ်တလောရေကြီးမှုအတွင်း သေဆုံးသူဟာ ၁၂ ဦးအထိ ရှိလာပြီး တစ်ဦးပျောက်ဆုံးနေတယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

    တနင်္လာနေ့က တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်မှာ မြေပြိုမှုကြောင့် လူ ၅ ဦး သေဆုံးခဲ့တယ်လို့ ပြန်ကြားရေးက မနေ့မှာ ထုတ်ပြန်ခဲ့ပြီး တပ်မတော်တာဝန်ရှိသူတစ်ဦးကလည်း မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ ကယ်ဆယ်ရေးလုပ်ငန်းအတွင်း ရေစီးနဲ့အတူ မြောပါသွားတဲ့ တပ်မတော်သားတွေထဲက ၂ ဦးရဲ့အလောင်း ပြန်တွေ့ခဲ့တယ်လို့ မြန်မာတိုင်းမ်စ်သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    နောက်ထပ် တပ်မတော်သားတစ်ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သူက ဆိုပါတယ်။

    သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာနက မကွေးမြို့မှာ ၂ ဦးသေဆုံးကာ၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးနဲ့ နေပြည်တော်တို့မှာ တစ်ဦးစီ သေဆုံးခဲ့တယ်လို့ တနင်္ဂနွေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    ပြည်နယ်နဲ့ တိုင်းဒေသကြီး အနည်းဆုံး ၇ ခုမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် လူ တစ်သိန်းနီးပါးလောက် ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။ အခုအချိန်မှာတော့ ရွှေ့ပြောင်းခဲ့ရသူ တော်တော်များများဟာ သူတို့ရဲ့အိမ်တွေကို ပြန်လည် လာရောက်နေထိုင်နေပြီလို့ ဆိုပါတယ်။

    Ref: mmtimes

  • ဟဂ်ျပြုရန်သွားမည့် တရုတ်မွတ်စလင်များကို တရုတ်အစိုးရက ဘက်စုံသုံး GPS ကိရိယာ ထောက်ပံ့

    ဟဂ်ျပြုရန်သွားမည့် တရုတ်မွတ်စလင်များကို တရုတ်အစိုးရက ဘက်စုံသုံး GPS ကိရိယာ ထောက်ပံ့

    သြဂုတ် ၁၊ ၂၀၁၈
    M-Media

    – ယခုနှစ် ဟဂ်ျရာသီမှာ ဆော်ဒီကို ဘုရားဖူးသွားရောက်ကြမယ့် တရုတ်မွတ်စလင်တွေ အဆင်ပြေလွယ်ကူ ချောမွေ့စေရေးအတွက် တရုတ်အစိုးရနဲ့ ‘တရုတ်အစ္စလာမ်အသင်း’ တို့ပူးပေါင်းကာ ဘက်စုံသုံး GPS ကိရိယာတွေ ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။

    အလွယ်တကူသယ်သွားလို့ရပြီး၊ လက်ကိုင်ဖုန်းအရွယ်လောက်သာရှိတဲ့ အဲဒီ ကိရိယာကို တရုတ်အစိုးရရဲ့ အစီအစဉ်နဲ့ ဟဂ်ျပြုဖို့သွားတဲ့ လူပေါင်း ၁၁,၀၀၀ ကျော်က အချို့သူတွေ ကိုင်ဆောင်ရမှာ ဖြစ်ပါတယ်။

    ကိရိယာမှာ ကိုင်ဆောင်သူရဲ့ အမည်၊ ဓာတ်ပုံ၊ နိုင်ငံကူးလက်မှတ်နံပါတ်နဲ့ အခြား အချက်အလက်တွေကို တရုတ်၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ရေးသားထားပြီး WeChat အခြေပြု အက်ပလီကေးရှင်းနဲ့ ချိတ်ဆက်ထားတဲ့ QR code ကိုလည်း နောက်ကျောမှာ ထည့်သွင်းပေးထားပါတယ်။

    WeChat က အဲဒီအက်ပလီကေးရှင်းကို ‘တရုတ်အစ္စလာမ်အသင်း’ က စီမံပြီး ဟဂ်ျကျင့်စဉ်ဆိုင်ရာ သိမှတ်ဖွယ်ရာတွေ၊ အရေးပေါ်ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေနဲ့ အခြားသိမှတ်ဖွယ်ရာတွေကို တင်ပေးမှာ ဖြစ်ပါတယ်။

    GPS ကိရိယာမှာ အရေးပေါ် SOS ခလုပ်တစ်ခုကိုလည်း ထည့်သွင်းပေးထားပြီး နှိပ်လိုက်မယ်ဆိုရင် ရောက်ရှိနေတဲ့နေရာနဲ့ သတိပေးချက်ကို တရုတ်အစ္စလာမ်အသင်းဆီ ပေးပို့ပေးမှာ ဖြစ်ပါတယ်။

    အသင်းရဲ့ တာဝန်ရှိသူ အမျိုးသမီးက ဒီကိရိယာဟာ တရုတ်မွတ်စလင်ရဲ့ တည်နေရာနဲ့ အခြေအနေတွေကို အစိုးရတာဝန်ရှိသူတွေက အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်မှာဖြစ်ပြီး ရက်ပေါင်း ၄၀ ကြာမြင့် ဟဂ်ျကျင့်စဉ်အတွင်း ဘုရားဖူးတွေ အဆင်ပြေလွယ်ကူစေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီကိရိယာကို ရှေ့ပြေးစမ်းသပ်မှုအဖြစ် ဟဂ်ျဘုရားဖူးသွားရောက်မယ့် တရုတ်မွတ်စလင် ၃၃၀၀ ကို ပေးအပ်သွားမှာဖြစ်ပြီး ရလဒ်ကိုကြည့်ကာ နောက်ပိုင်းမှာ အကုန်လုံးအတွက် စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။

    အခုနှစ် ဟဂ်ျရာသီမှာ တရုတ်မွတ်စလင် တစ်သောင်းကျော်လောက် သွားရောက်ဖို့ရှိပြီး တနင်္ဂနွေနေ့မှာ လူ ၅၀၀ ဟာ ပထမဆုံးအဖြစ် ဆော်ဒီအာရေဗျကို သွားရောက်ခဲ့ကြပါတယ်။

    Ref: Asia Times

  • ဆော်ဒီ အစ္စလာမ့်ရေးရာစင်တာနှင့် Kindle တို့ စာပေပြန့်ပွားရေး ပူးပေါင်းဆောင်ရွက်မည်

    ဆော်ဒီ အစ္စလာမ့်ရေးရာစင်တာနှင့် Kindle တို့ စာပေပြန့်ပွားရေး ပူးပေါင်းဆောင်ရွက်မည်

    သြဂုတ် ၁၊ ၂၀၁၈
    M-Media

    – ဆော်ဒီက ‘ကင်းဖိုင်ဆယ် သုတေသနနှင့် အစ္စလာမ့်ရေးရာ လေ့လာမှုစင်တာ’ (KFCRIS) ဟာ နာမည်ကျော် အီလက်ထရောနစ် စာပေလုပ်ငန်းတစ်ခုဖြစ်တဲ့ Amazon Kindle နဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးလိုက်ပါတယ်။

    သဘောတူညီချက်အရ KFCRIS က ထုတ်တဲ့ စာအုပ်တွေ၊ သုတေသန စာတမ်းတွေကို Amazon Kindle ၀ဘ်ဆိုက်မှာ လွှင့်တင်ကာ iPad၊ iPhone နဲ့ Android နဲ့ အခြား App Store တွေက အလွယ်တကူ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

    KFCRIS ရဲ့ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာ ဆူအူဒ် လ်-ဆာရ်ဟန်က အစ္စလာမ်နဲ့ အာရပ်ရေးရာ ယဉ်ကျေးမှု၊ စာပေနဲ့ သိပ္ပံပညာ အမွေအနှစ်တွေကို အီလက်ထရောနစ် နည်းလမ်းတွေကနေတစ်ဆင့် ပြန့်နှံ့ရေး သူတို့စင်တာရဲ့ စိတ်အားထက်သန်မှုကို အခုလို ပူးပေါင်းဆောင်ရွက်မှုက ပြသနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီသဘောတူညီချက်ကြောင့် အာရပ်နဲ့ အစ္စလာမ့်ရေးရာ စာအုပ်စာပေတွေကို ကမ္ဘာတစ်ဝှမ်းက စာဖတ်သူတွေ ပိုမို ဖတ်ရှုနိုင်လိမ့်မယ်လို့လည်း သူက ဆိုပါတယ်။

    KRCRIS ဟာ ယဉ်ကျေးမှု၊ သမိုင်းအမွေနှစ်၊ ပညာရှင်တွေရဲ့ ခေတ်ပြိုင်အယူအဆတွေ၊ သိပ္ပံဆိုင်ရာ သုတေသန စတဲ့ စာအုပ်စာပေတွေကို Kindle ကနေ ဖတ်ရှုနိုင်အောင် စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။

    Ref: Arab News