News @ M-Media

Blog

  • လာအို-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်မည်

    လာအို-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်မည်

    ဇူလိုင် ၂၅၊ ၂၀၁၈
    M-Media

    လာအိုဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ လာရောက်စဉ်က

    – လျှပ်စစ်ဓာတ်အားကဏ္ဍ အပါအ၀င် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးတွေ တိုးမြှင့်လုပ်ဆောင်ဖို့အတွက် မြန်မာနဲ့ လာအိုနိုင်ငံတို့က သဘောတူညီခဲ့ကြပါတယ်။

    မနေ့က နေပြည်တော်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်နဲ့ လာအို နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith တို့ တွေ့ဆုံမှုအတွင်း ဒီလို သဘောတူညီခဲ့ကြတာပါ။

    ဇန်န၀ါရီလက လာအိုဝန်ကြီးချုပ် Saleumxay Kommasith မြန်မာနိုင်ငံကို လာရောက်စဉ်အတွင်းမှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ သဘောတူညီချက်တွေအကြောင်းကို ၀န်ကြီးနှစ်ဦးက မနေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။

    နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေမှာ လျှပ်စစ်ဓာတ်အားကဏ္ဍ၊ မြန်မာ-လာအို ချစ်ကျည်ရေးတံတား တည်ဆောက်မှု၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးနဲ့ ခရီးသွားကဏ္ဍတွေ ပါဝင်ပါတယ်။

    ဒေသတွင်းနဲ့ နိုင်ငံတကာ ကိစ္စရပ်တွေအကြောင်းကိုလည်း ၀န်ကြီးနှစ်ဦးက ဆွေးနွေးခဲ့ကြပါတယ်။

    လာအို နိုင်ငံခြားရေးဝန်ကြီး Kommasith ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း မနေ့မှာ တွေ့ဆုံခဲ့ပါတယ်။

    Ref: Xinhua

  • လကမ္ဘာပေါ်လူရောက်မှုကို မယုံကြည်ဟု စပိန်ဂိုးသမားဟောင်း ပြော

    လကမ္ဘာပေါ်လူရောက်မှုကို မယုံကြည်ဟု စပိန်ဂိုးသမားဟောင်း ပြော

    ဇူလိုင် ၂၅၊ ၂၀၁၈
    M-Media

    – လကမ္ဘာကို လူရောက်ခဲ့တယ်ဆိုတာ မယုံဘူးလို့ စပိန်အသင်း ဂိုးသမားဟောင်း အီကာ ကာဆီးလက်စ်က ပြောကြားလိုက်ပါတယ်။

    ၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလားရ စပိန်အသင်းကို ဦးဆောင်ခဲ့တဲ့ ကာဆီးလက်စ်က သူ့ရဲ့ Twitter စာမျက်နှာမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး မနေ့က စစ်တမ်းကောက်ယူခဲ့ပါတယ်။

    “လူတစ်ယောက် လပေါ်ကို ခြေချနိုင်တယ်ဆိုတဲ့ကိစ္စက နောက်နှစ်ဆိုရင် နှစ် ၅၀ ပြည့်တော့မှာဗျ။ ကျွန်တော်ကတော့ သူငယ်ချင်းတွေနဲ့ ညစာစားရင်း ဒီအကြောင်းကို ငြင်းခုံနေမှာပါ။ ပရိသတ်တွေကိုလည်း တစ်ခုလောက်မေးချင်တယ်။ လပေါ်ကို အဲဒီလူ ခြေချခဲ့တယ်ဆိုတာ ယုံသလားဗျ။ ကျွန်တော်ကတော့ မယုံပါဘူး” လို့ ရေးသားခဲ့တာပါ။

    ဒါပေမယ့် ကာဆီးလက်စ်ရဲ့ စစ်တမ်းမှာ မဲပေးသူ ၅၈ ရာခိုင်နှုန်းက လပေါ်ကို လူရောက်ခဲ့တယ်ဆိုတာ ယုံတယ်လို့ ပြောကြားခဲ့ပါတယ်။

    ကာဆီးလက်စ်၏ Twitter စစ်တမ်းကောက်မှု

    အမေရိကန် အာကာသယဉ်မှူးတွေဖြစ်ကြတဲ့ နီးလ် အမ်းစထရောင်း၊ ဘက်ဇ် အလ်ဒရင်နဲ့ မီခေးလ် ကိုလင်တို့ဟာ Apollo 11 အာကာသယာဉ်နဲ့ လိုက်ပါသွားကာ ၁၉၆၉ ခုနှစ် ဇူလိုင် ၂၁ ရက်နေ့မှာ အမ်းစထရောင်းနဲ့ အလ်ဒရင်တို့ဟာ လပေါ်ကို ခြေချနိုင်ခဲ့ပါတယ်။

    ဒါပေမယ့် ကမ္ဘာပေါ်က လူတစ်ချို့ကတော့ ဒါဟာ နာဆာနဲ့ လုပ်ကြံမှုဖြစ်တယ်လို့ ဆိုပြီး လပေါ်က ဓာတ်ပုံမှာ ကြယ်တွေကို မတွေ့ရတာ၊ လပေါ်မှာစိုက်ထူထားတဲ့ အမေရိကန်အလံ လေလွင့်နေတာတွေကို ထောက်ပြခဲ့ကြပါတယ်။

    Ref: RT

  • ဟဂ်ျရာသီအတွက် အဆင်သင့်ပြင်ထားသည်ဟု ဆော်ဒီကျန်းမာရေးဝန်ကြီးဌာန ကြေငြာ

    ဟဂ်ျရာသီအတွက် အဆင်သင့်ပြင်ထားသည်ဟု ဆော်ဒီကျန်းမာရေးဝန်ကြီးဌာန ကြေငြာ

    ဇူလိုင် ၂၅၊ ၂၀၁၈
    M-Media


    – မကြာခင်မှာ ကျရောက်တော့မယ့် ဟဂ်ျဘုရားဖူးကာလမှာ လာရောက်ကြမယ့်သူတွေကို အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်ဖို့အတွက် ပြင်ဆင်နေတယ်လို့ ဆော်ဒီ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

    ကာကွယ်မှု၊ ကုသမှုနဲ့ အရေးအပေါ်အခြေအနေမှာ တုန့်ပြန်ဆောင်ရွက်မှုတွေအတွက် ပစ္စည်းကိရိယာပိုင်း၊ ဆေးဘက်ဆိုင်ရာ ၀န်ထမ်းတွေရဲ့ အရည်အသွေးပိုင်းတွေကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နေတာ ဖြစ်ပါတယ်။

    ဂျစ်ဒါက ကင်းအဘ်ဒူလ်အဇစ် နိုင်ငံတကာလေဆိပ်က ဆရာဝန်တွေ၊ နည်းပညာသမားတွေနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေအပါအ၀င် ၀န်ထမ်းအားလုံးကိုလည်း ဟဂ်ျပြုဖို့ လာရောက်သူတွေရဲ့ ကျန်းမာရေးကို စောင့်ကြည့်ဖို့၊ ကူးစက်ရောဂါတွေကနေ ကာကွယ်ဖို့အတွက် လေ့ကျင့်သင်ကြားပေးထားတယ်လို့ ၀န်ကြီးဌာနက ပြောပါတယ်။

    ဆော်ဒီ လခြမ်းနီအဖွဲ့ကလည်း လာမယ့် ဟဂ်ျရာသီအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး မက္ကာက မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်၊ မဒီနာက တမန်တော်မြတ် ဗလီဝတ်ကျောင်းတော်နဲ့ အခြား မြင့်မြတ်ရာနေရာတွေ၊ မက္ကာကိုဦးတည်တဲ့လမ်းတွေမှာ ၀န်ဆောင်မှုပေးမှာ ဖြစ်ပါတယ်။

    မက္ကာနဲ့ မဒီနာမှာ ဘုရားဖူးတွေကို ၀န်ဆောင်မှုပေးနိုင်ဖို့အတွက် ဆရာဝန်တွေ၊ အထူးကုတွေ၊ နည်းပညာရှင်တွေ စုစုပေါင်း ၂၆၃၁ ဦးက အလှည့်ကျ တာဝန်ယူမှာ ဖြစ်ပါတယ်။

    Ref: Arabnews

  • ဖားကန့်တွင် မြေစာပုံပြိုကျမှု ထပ်မံဖြစ်ပေါ်ခဲ့ပြီး လူ ၃၀ နီးပါး သေဆုံးဖွယ်ရှိ

    ဖားကန့်တွင် မြေစာပုံပြိုကျမှု ထပ်မံဖြစ်ပေါ်ခဲ့ပြီး လူ ၃၀ နီးပါး သေဆုံးဖွယ်ရှိ

    ဇူလိုင် ၂၅၊ ၂၀၁၈
    M-Media

    – မြန်မာနိုင်ငံမြောက်ပိုင်း ဖားကန့်က ကျောက်မြတ်တူးဖော်ရာ နေရာတစ်ခုမှာ မနေ့က မြေစာပုံ ပြိုကျမှုကြောင့် အနည်းဆုံး ၂၇ ဦး သေဆုံးဖွယ်ရှိတယ်လို့ ရဲတပ်ဖွဲ့က ဒီကနေ့မှာ ပြောကြားလိုက်ပြီး တစ်လအတွင်း နှစ်ကြိမ်မြောက် မြေစာပုံပြိုကျမှုလည်း ဖြစ်ပါတယ်။

    မိုးသည်းထန်စွာရွာသွန်းပြီးတဲ့နောက် မနေ့ကမနက်အစောပိုင်းမှာ ပြိုကျခဲ့တာဖြစ်ပြီး ထိခိုက်ခံစားရသူ အများစုဟာ ရ၀မ်လူမျိုးတွေဖြစ်တယ်လို့ ဒေသခံရဲတပ်ဖွဲ့ တာဝန်ရှိသူ အောင်ဇင်ကျော်က ပြောကြားခဲ့ပါတယ်။

    “အလောင်းတွေတော့ မတွေ့သေးပါဘူး။ ကြက်ခြေနီ၊ မီးသတ်တို့နဲ့အတူ ကျွန်တော်တို့ ဒီနေ့ ရှာဖွေမှုတွေ လုပ်သွားပါမယ်”

    ဖားကန့်အပါအ၀င် မြန်မာနိုင်ငံက ကျောက်မြတ်တူးဖော်ရေးလုပ်ငန်းတွေမှာ အကျင့်ပျက်ခြစားမှု၊ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းပိုင်း အားနည်းမှုတွေကြောင့် မကြာခဏဆိုသလို ထိခိုက်မှုတွေ ဖြစ်ပေါ်နေပါတယ်။

    ဇူလိုင် ၁၄ ရက်နေ့ကလည်း လုံးခင်းမှာ မြေစာပုံပြိုကျမှုကြောင့် အနည်းဆုံး၁၅ ဦး သေဆုံးခဲ့ပါတယ်။

    အခုနှစ်တွေအတွင်း ဖားကန့်မှာ မြေစာပုံပြိုကျမှု မကြာခဏဆိုသလို ဖြစ်ပွားခဲ့ပြီး၊ အဆိုးဝါးဆုံးက ၂၀၁၅ ခုနှစ် နိုဝင်ဘာက ပြိုကျမှုဖြစ်ကာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။

    Ref : South China Morning Post

  • မက္ကဆီကိုတွင် လူဆိုးဂိုးဏ်နှင့် ရဲများ ပေါင်းစားနေသည်ဟု ဖော်ပြသည့်သတင်းထောက် အသတ်ခံရ

    မက္ကဆီကိုတွင် လူဆိုးဂိုးဏ်နှင့် ရဲများ ပေါင်းစားနေသည်ဟု ဖော်ပြသည့်သတင်းထောက် အသတ်ခံရ

    ဇူလိုင် ၂၅၊ ၂၀၁၈
    M-Media

    – မက္ကဆီကိုနိုင်ငံမှာ တစ်ပတ်အတွင်း သတင်းထောက်နှစ်ဦး သတ်ဖြတ်ခံခဲ့ရပြီး အခုနှစ်အတွင်း အသတ်ခံရတဲ့ ဂျာနယ်လစ်အရေအတွက်ဟာ ၈ ဦးအထိ ရှိလာပါတယ်။

    အင်္ဂါနေ့က ရူဘန် ပတ် ကော်အစ်ခ်ျဆိုတဲ့ သတင်းထောက်ဟာ နိုင်ငံအရှေ့တောင်ပိုင်းက အဖန်းဖြေမြို့မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ ကင်တားနားရူပြည်နယ်က သတင်းတွေကို ဖော်ပြနေတဲ့ Facebook အခြေစိုက် သတင်းဌာန Playa News Aqui y Ahora ရဲ့ အကြီးအကဲ ဖြစ်ပါတယ်။

    သူရဲ့ လုပ်ဖော်ကိုင်ဖက် ဂျိုဆေး ဂူဒါလူပီ ချန် ဒီဇစ်ဘ်ဆိုသူလည်း ဇွန်လ ၂၉ ရက်နေ့မှာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါတယ်။

    အခုသေဆုံးသွားတဲ့ ကော်အစ်ခ်ျဟာ ဇွန်လအတွင်း မက္ကဆီကိုရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီး၊ ရိုက်နှက်၊ ခြိမ်းခြောက်မှုကို ခံခဲ့ရတယ်လို့ နယူးယောက်အခြေစိုက် ဂျာနယ်လစ်များ ကာကွယ်ရေးကော်မတီ (CPJ) က ဖော်ပြခဲ့ပါတယ်။

    ရဲတပ်ဖွဲ့ဟာ လူဆိုးဂိုဏ်းတွေနဲ့ ပေါင်းစားနေတယ်လို့ ကော်အစ်ခ်ျက ဆောင်းပါးတစ်ပုဒ် ရေးသားဖော်ပြခဲ့ဖူးပါတယ်။ ကော်အစ်ခ်ျဟာ လူဆိုးဂိုးဏ်တွေရဲ့ရန်ကြောင့် ရဲတပ်ဖွဲ့က ကာကွယ်ပေးရေး စာရင်းသွင်းထားသူလည်း ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်ကလည်း အသက် ၈၀ အရွယ် ဂျာနယ်လစ်နဲ့ တီဗီအစီအစဉ်တင်ဆက်သူ လူအစ်ဖ် ပီရက်ဇ် ဂါဇီယာရဲ့အိမ် မီးလောင်ခဲ့ပြီး မီးငြိမ်းသတ်ပြီးတဲ့နောက် ဂါစီယာရဲ့အလောင်းကို တွေ့ခဲ့ရပါတယ်။

    ဒေသတွင်းမီဒီယာတွေကတော့ လူသတ်သမားတွေက ဂါစီယာကို ရိုက်နှက်ကာ နှာခေါင်းပိတ် သတ်ဖြတ်ခဲ့ပြီး၊ အိမ်ကိုလည်း မီးရှို့ခဲ့ကြတယ်လို့ ဖော်ပြခဲ့ပါတယ်။

    ၂၀၁၂ ခုနှစ်ကတည်းကစလို့ မက္ကဆီကိုနိုင်ငံမှာ ဂျာနယ်လစ် ၄၂ ဦး အသတ်ခံခဲ့ရပြီး၊ ဂျာနယ်လစ်တွေအပေါ် တိုက်ခိုက်မှုကလည်း အကြိမ် ၂၀၀၀ လောက် ရှိလာပါတယ်။

    သမ္မတသစ် အန်ဒရေ မန်နျူယဲလ် လိုပက်ဇ် အိုဘရာဒေါရ်ကတော့ ဂျာနယ်လစ်တွေကို ပိုမို ကာကွယ်ပေးသွားမယ်လို့ မေလမှာ ပြောကြားခဲ့ပါတယ်။

    Ref: Aljzeera