News @ M-Media

Blog

  • ကုလရှိ နိုင်ငံ ၁၃၅ နိုင်ငံပါသည့် အဖွဲ့တွင် ပါလက်စတိုင်းက ဥက္ကဌဖြစ်လာ

    ကုလရှိ နိုင်ငံ ၁၃၅ နိုင်ငံပါသည့် အဖွဲ့တွင် ပါလက်စတိုင်းက ဥက္ကဌဖြစ်လာ

    ဇူလိုင် ၂၇၊ ၂၀၁၈
    M-Media

    ကုလဆိုင်ရာ ပါလက်စတိုင်းသံအမတ်

    – ပါလက်စတိုင်းနိုင်ငံဟာ ကုလရဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့တစ်ခုဖြစ်တဲ့ Group of 77  အဖွဲ့ရဲ့ ဥက္ကဌသစ်အဖြစ် ရွေးချယ်တင်မြှောက် ခံခဲ့ရပါတယ်။

    ကမ္ဘာ့လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းကို ကိုယ်စားပြုတဲ့ အဲဒီ Group of 77 အဖွဲ့ကို ၁၉၆၄ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံတွေရဲ့ စီးပွားရေးကို မြှင့်တင်ဖို့၊ ကုလအဖွဲ့အတွင်း နိုင်ငံတကာနဲ့ဆိုင်တဲ့ စီးပွားရေးကိစ္စတွေမှာ အဓိက ညှိနှိုင်းဆွေးနိုင်စွမ်းရှိဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

    စတင်ဖွဲ့စည်းချိန်မှာ ဖွဲ့ဖြိုးဆဲနိုင်ငံပေါင်း ၇၇ နိုင်ငံသာ ပါဝင်ပေမယ့် အခုအချိန်မှာတော့ အဖွဲ့ဝင်နိုင်ငံတွေဟာ ၁၃၅ နိုင်ငံ ရှိလာပြီဖြစ်ပါတယ်။ ဒီအဖွဲ့က အဖွဲ့ဝင်နိုင်ငံတွေဟာ ကုလ အထွေထွေညီလာခံမှာ တစ်သံတည်းထွက်ကြပါတယ်။

    လက်ရှိ ဥက္ကဌနိုင်ငံဟာ အီဂျစ်ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇန်န၀ါရီလကစလို့ ပါလက်စတိုင်းက ဥက္ကဌအဖြစ် တာဝန်ယူရမှာ ဖြစ်ပါတယ်။

    ကုလဆိုင်ရာ ပါလက်စတိုင်းသံအမတ် ရီယာ့ဒ် မန်ဆူရ်က အခုလို ခန့်အပ်ခံရမှုကို အတည်ပြုခဲ့ပြီး နိုင်ငံပေါင်း ၁၃၅ နိုင်ငံရဲ့ အကျိုးအတွက် ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းဟာ ကုလသမဂ္ဂအဖွဲ့ဟာ အဖွဲ့ဝင်မဟုတ်တဲ့ လေ့လာသူနိုင်ငံအဖြစ် ရှိနေပြီး အခုလို Group of 77 အဖွဲ့ဥက္ကဌအဖြစ် တင်မြှောက်ခံလိုက်ရတာက တိုးတက်မှုတစ်ခု ဖြစ်ပါတယ်။

    ပါလက်စတိုင်းပိုင်နက်တွေကို ကျူးကျော်သိမ်းပိုက်ထားတဲ့ အစ္စရေးကတော့ ဒီလိုခန့်အပ်မှုကို ကန့်ကွက်ခဲ့ပြီး Group of 77 အဖွဲ့ဟာ မုသားတွေ၊ လှုံ့ဆော်မှုတွေကို ပြန့်နှံစေတဲ့အဖွဲ့ ဖြစ်လာတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • အိန္ဒိယနိုင်ငံ မြို့တော်ဒေလီတွင် ကလေး ၃ ဦး ငတ်မွတ်သေဆုံးသည့်သတင်းကြောင့် ပြည်သူများ တုန်လှုပ်

    အိန္ဒိယနိုင်ငံ မြို့တော်ဒေလီတွင် ကလေး ၃ ဦး ငတ်မွတ်သေဆုံးသည့်သတင်းကြောင့် ပြည်သူများ တုန်လှုပ်

    ဇူလိုင် ၂၇၊ ၂၀၁၈
    M-Media

    – အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမှာ ငတ်မွတ်ခေါင်းပါးမှုကြောင့် ကလေးငယ် ၃ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက အတည်ပြုပြောကြားလိုက်ပြီး ဒီသတင်းအတွက် အိန္ဒိယပြည်သူတွေက တုန်လှုပ်နေကြပါတယ်။

    သေဆုံးသွားသူတွေဟာ အသက် ၈ နှစ်အရွယ်၊ မန်ဆီ၊ အသက် ၄ နှစ်အရွယ် ရှီခါနဲ့ အသက် ၂ နှစ်အရွယ် ပါရူလို့ဖြစ်ကြပြီး အဟာရမပြည့်ဝမှု၊ ငတ်မွတ်မှုတွေကြောင့် သေဆုံးကြောင်း နယူးဒေလီဆေးရုံက အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    ဒီသတင်းကို မယုံကြည်တဲ့အတွက် အာဏာပိုင်တွေက အလောင်းတွေကို ဒုတိယအကြိမ် ခွဲစိပ်စစ်ဆေးခဲ့ကာ ထပ်မံအတည်ပြုခဲ့ပါတယ်။

    ရဲတပ်ဖွဲ့ကတော့ ကလေးငယ်တွေရဲ့ ဖခင်ဟာ ပျောက်ဆုံးနေပြီး၊ အသက်၂၉ နှစ်အရွယ် မိခင်ကလည်း စိတ်ဝေဒနာရှင်ဖြစ်တာကြောင့် ကလေးတွေဟာ ပစ်ထားခံခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    နယူးဒေလီ Lal Bahadur Shastri ဆေးရုံက ဆရာဝန် ဒေါက်တာ အမီတာရ် ဆာဇီနာက အလောင်းခွဲစိပ်စစ်ဆေးမှုတွေအရ ကလေးတွေရဲ့ အစာအိမ်၊ သည်းခြေနဲ့ အူတွေဟာ ဟောင်းလောင်းဖြစ်နေတာကို တွေ့ရပြီး လွန်ခဲ့တဲ့ ၈ ရက်ကနေ ၉ ရက်အတွင်း ဘာမှ မစားခဲ့ရဘူးလို့ ကောက်ချက်ချလို့ရကြောင်း ပြောကြားခဲ့ပါတယ်။

    နိုင်ငံအနောက်ပိုင်း ရာဂျက်စတန်ပြည်နယ်က အလုပ်သမားအဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ မဇ်ဒူရ် ကီဆန် ရှက္ကတီ ဆာဂါသမ်က ဒီလို အဟာရပြတ်လပ် သေဆုံးမှုဟာ အိန္ဒိယနိုင်ငံတစ်ဝှမ်းက ရွာတော်တော်များများမှာ အမြဲလိုလို ဖြစ်ပွားနေပြီး အခု ဒေလီအဖြစ်အပျက်မှ လူတွေ အာရုံစိုက်လာတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၁ ခုနှစ် အိန္ဒိယအစိုးရရဲ့ အချက်အလက်တွေအရ နိုင်ငံတစ်ဝှမ်း လူပေါင်း ၆၅ သန်းလောက်ဟာ ကျူးကျော်ရပ်ကွက်တွေမှာ မီးမရှိ၊ ရေမရှိ ချို့တဲ့စွာနေထိုင်နေရတယ်လို့ ဆိုပါတယ်။ နိုင်ငံရဲ့ အဆင်းရဲဆုံးပြည်နယ်ထဲက တစ်ခုဖြစ်တဲ့ ဂျာ့ခ်ဟန်းမှာလည်း အဟာရပြတ်လပ် သေဆုံးမှု တော်တော်များများဖြစ်ပွားခဲ့တယ်လို့ အခုနှစ်အတွင်း သတင်းတွေ ထွက်ခဲ့ပါတယ်။

    Ref: Aljazeera

  • သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    ဇူလိုင် ၂၇၊ ၂၀၁၈
    M-Media

    ဂျပန်တွင် ယခုလအစောပိုင်း ရေကြီးမှု

    ရေကြီးခဲ့သည့် ဂျပန်အနောက်ပိုင်းကို တိုင်ဖုန်းမုန်တိုင်း ၀င်မည်
    =============
    အခုလအစောပိုင်းမှာ ရေကြီးမှု၊ မြေပြိုမှုတွေဖြစ်ခဲ့ပြီး လူပေါင်း ၂၀၀ ကျော်လောက် သေဆုံးခဲ့တဲ့ ဂျပန်နိုင်ငံ အနောက်ပိုင်း ဒေသကို အားကောင်းတဲ့ တိုင်ဖုန်းမုန်တိုင်းတစ်ခု ဦးတည်နေတယ်လို့ ဂျပန်အာဏာပိုင်တွေက ဒီကနေ့မှာ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ ဂျွန်ဒါရီလို့ခေါ်တဲ့ အဲဒီတိုင်ဖုန်းမုန်တိုင်းဟာ စနေနေ့ညမှာ ဂျပန်ကျွန်းမကြီးကို ၀င်ရောက်ဖို့ရှိနေပြီး မိုးသည်ထန်စွာရွာသွန်းမှု၊ မြေပြိုမှု၊ လေပြင်းတိုက်ခတ်မှု၊ လှိုင်းကြီးမှုတွေ ဖြစ်ပေါ်နိုင်ပြီး ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေပါတယ်။

    အီရန် ထိပ်တန်းဗိုလ်ချုပ်က အမရိကန်ကို ခြိမ်းခြောက်
    =========
    အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ အထူးတပ်ဖွဲ့ Quds Forces အကြီးအကဲ ဗိုလ်ချုပ် ကာစင် ဆူလေမာနီက အမေရိကန်အနေနဲ့ စစ်ပွဲစမယ်ဆိုရင် အီရန်က အဆုံးသတ်ပေးမယ်လို့ မနေ့က ခြိမ်းခြောက်လိုက်ပါတယ်။ အခုရက်ပိုင်းအတွင်းမှာ အီရန်နဲ့ အမေရိကန်ခေါင်းဆောင်တွေဟာ အပြန်အလှန် ပုတ်ခတ်နေကြတာပါ။ အီရန်သမ္မတ ရူဟာနီက အမေရိကန်ဟာ အီရန်ကို စစ်တိုက်လာမယ်ဆိုရင် အဆုံးမသတ်နိုင်တဲ့ တိုက်ခိုက်မှုတွေ ဖြစ်လာမယ်လို့ သတိပေးခဲ့ပြီး အမေရိကန်သမ္မတထရမ့်ကလည်း အမေရိကန်အပေါ် ခြိမ်းခြောက်လို့မရဘူးလို့ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

    ကိုရီးယားနှစ်နိုင်ငံ ဗိုလ်ချုပ်အဆင့် စစ်ရေးဆွေးနွေးမည်
    ================
    တောင်နဲ့ မြောက်ကိုရီးယားတို့ဟာ လာမယ့်တစ်ပတ် အင်္ဂါနေ့မှာ စစ်ရေးဆွေးနွေးမှုတွေ ပြုလုပ်မယ်လို့ တောင်ကိုရီးယားသတင်းဌာန Yonhap က ဒီကနေ့မှာ ဖော်ပြပါတယ်။ ဗိုလ်ချုပ်အဆင့် အဲဒီဆွေးနွေးမှုကို နှစ်နိုင်ငံနယ်ခြား အပစ်ရပ်ရေးဇုန်မှာရှိတဲ့ ပန်မွန်ဂျွန်းရွာမှာ ပြုလုပ်မှာဖြစ်ပါတယ်။ ကိုရီးယားနှစ်နိုင်ငံဟာ ဇွန်လကတည်း စစ်ရေးဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    ဟူသီသူပုန်များက ယူအေအီးလေဆိပ်ကို ဒရုန်းဖြင့်တိုက်ခိုက်
    ===============
    ယီမင်က ဟူသီသူပုန်တွေက သူတို့ဟာ အာရပ်စော်ဘွားများပြည်ထောင်စု အဘူဒါဘီက နိုင်ငံတကာလေဆိပ်ကို မနေ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။ ထိခိုက်မှုကို အသေးစိတ် မသိရှိရသေးပါဘူး။ အဘူဒါဘီလေဆိပ်ကတော့ ပို့ဆောင်ရေးယာဉ်တစ်ခု ထိခိုက်မှုရှိတယ်လို့ မနေ့က Twitter စာမျက်နှာ ရေးသားခဲ့ပြီး ဟူသီတို့ရဲ့ တိုက်ခိုက်မှုကြောင့် ဒီလိုဖြစ်လားဆိုတာ တိတိကျကျမသိရှိရသေးပါဘူး။ ဟူသီတို့ဟာ ဆော်ဒီကို ဒုံးကျည်တွေနဲ့ မကြာမကြာ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး အခုနောက်ပိုင်း ယူအေအီးကိုပါ ပစ်မှတ်ထားလာခဲ့ပါတယ်။

    Ref: Aljazeera, CNA

  • ခွဲခြားခံရမှုအတွက် အိန္ဒိယတွင် ဆန္ဒပြမှုဖြစ်ပြီး လူ ၅၀၀ နီးပါး ဖမ်းဆီးခံရ

    ခွဲခြားခံရမှုအတွက် အိန္ဒိယတွင် ဆန္ဒပြမှုဖြစ်ပြီး လူ ၅၀၀ နီးပါး ဖမ်းဆီးခံရ

    ဇူလိုင် ၂၆၊ ၂၀၁၈
    M-Media

    – အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်မှာ အလုပ်အကိုင်၊ အစိုးရရာထူးနဲ့ ပညာရေးတွေမှာ ခွဲတမ်းရရေး မာရာသာ လူနည်းစုတွေဟာ အခုတစ်ပတ်အစောပိုင်းမှာ ဆန္ဒပြခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေရှိခဲ့ပါတယ်။

    ပြည်နယ်လူဦးရေ သန်းပေါင်း ၁၁၀ မှာ မာရာသာလူမျိုးတွေက ၃၀ ရာခိုင်နှုန်းရှိနေပြီး အခြားသော လူမျိုးစုတွေနည်းတူ အလုပ်အကိုင်၊ အစိုးရရာထူးနဲ့ ပညာရေးတွေမှာ ခွဲတမ်းလိုချင်နေတာ ဖြစ်ပါတယ်။

    ရဲတပ်ဖွဲ့ကတော့ ဆန္ဒပြမှုအတွင်း မီးတုတ်နဲ့ပစ်တာတွေ၊ ခဲနဲ့ပစ်တာတွေ ရှိခဲ့ပြီး ၄၄၇ ဦးကို မနေ့က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ပြည်နယ်မြို့တော် သာနီမှာ တနင်္လာနေ့ကစတင်ခဲ့တဲ့ ဆန္ဒပြမှုဟာ နောက်ပိုင်းမှာ ပြည်နယ်တစ်ဝှမ်း ပြန့်နှံ့သွားခဲ့ပြီး ဆန္ဒပြသူတွေဟာ ဘတ်စ်ကားတွေ၊ အိမ်စီးကားတွေကို မီးရှို့တာ၊ ရထားတွေကို ခဲနဲ့ပစ်တာ၊ ရထားလမ်းတွေနဲ့ အဓိကလမ်းမကြီးနှစ်ခုကို ပိတ်ပစ်တာတွေ လုပ်ခဲ့ကြပါတယ်။

    ဆန္ဒပြမှုနောက်ဆက်တွဲအဖြစ် မာရာသာ တက်ကြွလှုပ်ရှားသူနှစ်ဦးဟာ တံတားပေါ်က ခုန်ချသတ်သေတာ၊ အဆိပ်သောက်သေတာတွေ လုပ်ခဲ့ပြီး၊ ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်း အင်္ဂါနေ့မှာ သေဆုံးခဲ့ပါတယ်။

    မဟာရက်ရှ်ထရာပြည်နယ်မှာ မာရာသာလူမျိုးတွေဟာ အလုပ်အကိုင်မှာ ခွဲခြားဆက်ဆံမှုတွေကို နှစ်ချီ ခံစားခဲ့ရပါတယ်။

    ပြီးခဲ့တဲ့နှစ်တုန်းကလည်း မွမ်ဘိုင်းမှာ မရာသာလူမျိုးတွေ ထောင်ချီ ဆန္ဒပြခဲ့ကြပါတယ်။

    Ref: Alarabiya

  • တရုတ်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ကို မြန်မာက ဗီဇာကင်းလွတ်ခွင့်ပေးမည်

    တရုတ်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ကို မြန်မာက ဗီဇာကင်းလွတ်ခွင့်ပေးမည်

    ဇူလိုင် ၂၆၊ ၂၀၁၈
    M-Media

    – နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို မြှင့်တင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သြဂုတ်လ ၁ ရက်နေ့ကစပြီး တရုတ်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့်ပေးတော့မယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဦးအုန်းမောင်က ပြီးခဲ့တဲ့တစ်ပတ် ထိုင်းသံရုံးကလုပ်တဲ့ အခမ်းအနားတစ်ခုမှာ ပြာကြားခဲ့ပါတယ်။

    ရခိုင်ပြည်နယ်က ကိစ္စကြောင့် အနောက်နိုင်ငံက ခရီးသွားတွေ လာရောက်မှု နည်းသွားပြီး ခရီးသွားလုပ်ငန်း ကျဆင်းနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးနောက်ပိုင်း အခုလို ဗီဇာကင်းလွတ်ခွင့်သတင်း ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    နိုင်ငံရပ်ခြားက ရင်းနှီးမြှုပ်နှံသူတွေဟာ ရှယ်ယာ ၃၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်နိုင်မယ့် ကုမ္ပဏီများဥပဒေသစ်ဟာလည်း သြဂုတ်လ ၁ ရက်နေ့မှာ အသက်ဝင်မှာဖြစ်ပြီး ၀န်ကြီးက ခရီးသွားလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ၀င်လာဖို့ မျှော်လင့်နေပါတယ်။

    “မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းမှာ (ဗီဇာကင်းလွတ်ခွင့်က) ရင်းနှီးမြှုပ်နှံသူ အသစ်တွေအတွက် ကောင်းမွန်လာမှာဖြစ်ပြီး၊ ဥပဒေသစ်ကြောင့်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ အခွင့်အလမ်း ရလာမှာဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံလာအောင် ဆွဲဆောင်နိုင်မယ့် သန္တာကျောက်တန်းလို သဘာဝသယံဇာတွေလည်း ရှိနေပါတယ်”

    Grand Lotus ခရီးသွားကုမ္ပဏီရဲ့ မန်းနေးဂျင်းဒါရိုက်တာဖြစ်ဦး ဦးကျော်စွာမင်းက ဘိုကင်လုပ်ထားတဲ့ခရီစဉ်းတွေ ဖျက်သိမ်မှုများလာတာကြောင့် ခရီးသွားလုပ်ငန်းတစ်ချို့ဟာ ၀န်ထမ်းတွေ လခမဲ့ခွင့် ၃ လအထိ ပေးရတာတွေ ဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၇ နဲ့ယှဉ်ရင် အခုနှစ်အတွင်း ယူကေက ခရီးသွားတွေ လာရောက်မှုဟာ ၄၀ ရာခိုင်နှုန်းလောက် လျော့ကျသွားတယ်လို့လည်း သူက ဆိုပါတယ်။

    အခုနှစ်အတွင်း မန္တလေးကို တရုတ်ခရီးသွားတွေ လာရောက်မှုကတော့ မြင့်တက်လာခဲ့တယ်လို့ အစိုးရမှတ်တမ်းတွေက ဆိုပါတယ်။

    Ref: mmtimes