News @ M-Media

Blog

  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    ဇွန် ၁၃၊ ၂၀၁၈
    M-Media

    အိမ်ဖြူတော် စီးပွားရေးအကြံပေး ပီတာ နာဗာရို

    ပြုံးယမ်လာရန် ကင်၏ဖိတ်ကြားမှုကို ထရမ့် လက်ခံ
    ================
    မနေ့က သမိုင်းဝင်တွေ့ဆုံဆွေးနွေးမှုအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ဒေါ်နယ်ထရမ့်ကို ပြုံးယမ်လာရောက်ဖို့ ဖိတ်ခေါ်ခဲ့ပြီး ထရမ့်ကလည်း လက်ခံခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက ဒီကနေ့မှာ ဖော်ပြပါတယ်။ တွေ့ဆုံပွဲမှာ ကင်က နျူကင်းစင်ရေး ဆောင်ရွက်ဖို့ ထပ်မံကတိပြုခဲ့သလို ထရမ့်ကလည်း မြောက်ကိုရီးယားလုံခြုံရေးအတွက် အာမခံခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ ထရမ့်က ကင်ဟာ သူ့ကို မြောက်ကိုရီးယားကိုလာဖို့ ဖိတ်ခေါ်ခဲ့ကြောင်း သူကလည်း ကင်ကို သင့်လျော်တဲ့အချိန်ကျရင် အိမ်ဖြူတော်ကို ဖိတ်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

    မလေးရှားက အလှပြင်ဆိုင်များကို ၀င်ရောက်ရှာဖွေကာ လူတစ်ထောင်ကျော် ဖမ်းဆီး
    ===============
    ဇန်န၀ါရီလကနေ မေလအတွင်း ဆီလန်ဂေါ၊ ကွာလာလမ်ပူ၊ ဂျိုဟိုးနဲ့ ပဲရာ့က်တို့က အလှပြင်ဆိုင်တွေကို ၀င်ရောက်ဖမ်းဆီးမှုအတွင်း ပြည့်တန်ဆာလုပ်သူတွေ၊ ဗီဇာအလွဲသုံးစားလုပ်သူ တစ်ထောင်ကျော်လောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မလေးရှားရဲတပ်ဖွဲ့က မနေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီအထဲမှာ ထိုင်းအမျိုးသမီးတွေက အများဆုံးဖြစ်ပြီး၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ တရုတ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီယား၊ မြန်မာ၊ လာအိုနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

    Grab တွင် တိုယိုတာက ကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံ
    ================
    အရှေ့တောင်အာရှက တက္ကစီကုမ္ပဏီတစ်ခုဖြစ်တဲ့ Grab မှာ ကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့အတွက် တိုယိုတာကုမ္ပဏီက သဘောတူခဲ့ပါတယ်။ ဒါဟာ Grab မှာ ကားထုတ်လုပ်မှုလုပ်ငန်းတစ်ခုရဲ့ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုလည်း ဖြစ်ပါတယ်။ Grab ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ သူတို့ဟာ လက်ရှိ ရှိနေတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ချဲ့ထွင်သွားမှာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ Grab ဟာ အရှေ့တောင်အာရှ နိုင်ငံ ၈ နိုင်ငံက မြို့ကြီး ၂၁၇ မြို့မှာ ၀န်ဆောင်မှုပေးနေပါတယ်။

    ကနေဒါဝန်ကြီးချုပ်ကို စော်ကားပြောဆိုခဲ့သည့် အိမ်ဖြူတော်အကြံပေး ပြန်တောင်းပန်
    =============
    ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူဒူအတွက် ငရဲမှာ အထူးနေရာရှိတယ်လို့ ပြောကြားခဲ့မှုကို အိမ်ဖြူတော် စီးပွားရေးအကြံပေး ပီတာ နာဗာရိုက ပြန်တောင်းပန်လိုက်ပါတယ်။ G7 အစည်းအဝေးမှာ ထရမ့်နဲ့ ထရူဒူတို့အကြား အခွန်ကိစ္စအတွက် မကျေမလည် ဖြစ်ပြီးနောက်ပိုင်း နာဗာရိုက ဒီလိုပြောခဲ့တာပါ။ ဒါပေမယ့် Wall Street ဂျာနယ်ကလုပ်တဲ့ မနေ့က အခမ်းအနားတစ်ခုမှာ နာဗာရိုက ဒီစကားဟာ မပြောသင့်တဲ့စကားဖြစ်ကြောင်း၊ အဲဒီအမှားအတွက် တောင်းပန်ပါကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: CNA, Aljazeera, Alarabiya

  • အင်္ဂါနေ့ ဘောလုံးသတင်းများ

    အင်္ဂါနေ့ ဘောလုံးသတင်းများ

    ဇွန် ၁၂၊ ၂၀၁၈
    M-Media

    ရီးယဲလ်နည်းပြဖြစ်လာမည့် ဂျူလီယန် လိုပေတေဂီ

    စပိန်လက်ရွေးစင်အသင်းနည်းပြကို ရီးယဲလ်က နည်းပြသစ်အဖြစ် ခန့်အပ်
    ==================
    ရီးယဲလ်မက်ဒရစ်အသင်းဟာ လစ်လပ်နေတဲ့ နည်းပြနေရာကို စပိန်လက်ရွေးစင်အသင်းရဲ့ နည်းပြ ဂျူလီယန် လိုပေတေဂီကို ခန့်အပ်လိုက်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးတာနဲ့ ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်စွဲပြီး ရက်ပိုင်းအကြာမှာပဲ နည်းပြဇီဒိန်းဟာ အသင်းကထွက်တော့မယ်လို့ ကြေငြာပြီးတဲ့နောက် ရီးယဲလ်က စပါးနည်းပြ ပိုချက်တီနိုအပါအ၀င် ထိပ်တန်းနည်းပြတွေနဲ့ ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ လိုပေတေဂီဟာ ပြီးခဲ့တဲ့လကမှ စပိန်ဘောလုံးအဖွဲ့ချုပ်နဲ့ ၂ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားတာပါ။ ရီးယဲလ်ကတော့ လိုပေတေဂီအနေနဲ့ ကမ္ဘာ့ဖလားအပြီးကနေစပြီး အသင်းကို ၃ နှစ်တာ ကိုင်တွယ်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ကွင်းပိုင်ဆိုင်မှုကိစ္စ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် ပြန်လည်သုံးသပ်မည်
    ==============
    ဘောလုံးအသင်းတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA နဲ့ ဗြိတိသျှတို့ဟာ ဘောလုံးကွင်း ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး သုံးသပ်မှုတွ ပြုလုပ်ဖို့ ရှိနေပါတယ်။ အသင်းနဲ့ ကွင်းပိုင်ရှင်တွေအကြား မြေနဲ့ အခြား ဖွံ့ဖြိုးရေးဆိုင်ရာ ပြဿနာတွေ လတ်တလောမှာ များပြားလာခဲ့ပါတယ်။ National League South လိဂ်ကို ၀င်ကန်ခွင့်ရတဲ့ Dulwich Hamlet အသင်းဟာ ကွင်းပိုင်ရှင်က ကွင်းအသုံးပြုခွင့်မပေးတော့အတွက် ပြီးခဲ့တဲ့မတ်လကစလို့ ကစားမယ့်နေရာမရှိ ဖြစ်ခဲ့တာကြောင့် ဒီကိစ္စက ထိပ်ဆုံးကို ရောက်လာပါတယ်။ FA နဲ့ ဗြိတိန်အစိုးရတို့ရဲ့ အခုသုံးသပ်မှုကနေ ထွက်လာတဲ့ အကြံပြုချက်တွေဟာ ဘောလုံးအသင်းတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ကာ၊ ပရိတ်သတ်တွေ စိတ်အေးစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

    Ballon d’Or ဆု ဆာလာဟ်ရနိုင်သည်ဟု ရော်နယ်ဒိုဟောကိန်းထုတ်
    ===============
    အခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or အတွက် လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ဟာ သူနဲ့ မက်ဆီတို့ကို စိန်ခေါ်နိုင်သူဖြစ်တယ်လို့ ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပြောကြားလိုက်ပါတယ်။ လီဗာပူးလ်နဲ့ ပထမဆုံးရာသီမှာပဲ ဆာလာဟ်ဟာ ပြိုင်ပွဲအားလုံးမှာ ၄၄ ဂိုး သွင်းယူခဲ့ပြီး ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုက Ballon d’Or ဟာ သူနဲ့ မက်ဆီတို့သာ ပြိုင်ရမယ့်ဆုလို့ လူတွေပြောနေကြတာ မဟုတ်မှန်ဘဲ အခြားကစားသမားတွေလည်း ရနိုင်ခွင့်ရှိကြောင်း၊ အဲဒီအထဲက အသေချာဆုံးက ဆာလာဟ်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

    Ref: Goal, BBC

  • အချက်အလက်လုံခြုံရေးကိစ္စက ကန်လွှတ်တော်က Facebook ကို မေးခွန်းပေါင်း နှစ်ထောင်ကျော်မေးမြန်း

    အချက်အလက်လုံခြုံရေးကိစ္စက ကန်လွှတ်တော်က Facebook ကို မေးခွန်းပေါင်း နှစ်ထောင်ကျော်မေးမြန်း

    ဇွန် ၁၂၊ ၂၀၁၈
    M-Media

    – အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို အလွဲသုံးစားလုပ်မှုနဲ့ပတ်သက်ပြီး Facebook တည်ထောင်သူ မာ့ခ် ဇက်ကာဘတ်ကို ဧပြီလက ခေါ်ယူမေးမြန်းခဲ့သလို စာနဲ့ နောက်ထပ် မေးခွန်းပေါင်း ၂၀၀၀ ကျော် ပေးပို့မေးမြန်းခဲ့တယ်လို့ အမေရိကန်အောက်လွှတ်တော်က မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    ဗြိတိန်အခြေစိုက် နိုင်ငံရေးအကြံပေးအဖွဲ့ Cmabridge Analytica က Facebook အသုံးပြုသူ ၈၇ သန်းရဲ့ အချက်အလက်တွေကို ရယူအသုံးပြုခဲ့တယ်ဆိုတဲ့ကိစ္စမှာ Facebook ရဲ့ ပေါ့လျော့မှုတွေအတွက် ဇက်ကာဘတ်ဟာ ပြီးခဲ့တဲ့လတွေမှာ ဝေဖန်ခံခဲ့ရပြီး အမေရိကန်နဲ့ ဥရောပလွှတ်တော်တွေမှာ သွားရောက်ဖြေရှင်းခဲ့ရပါတယ်။

    ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ သတင်းအချက်အလက်အမှားတွေ ဖြန့်ဝေကာ ရုရားရဲ့ ၀င်ရောက်စွက်ဖက်မှုကို မတားဆီးတဲ့အတွက်လည်း Facebook ဟာ ဝေဖန်ခံခဲ့ပါတယ်။

    မေးခွန်းတွေထဲမှာ Facebook ကို အသုံးမပြုသူတွေရဲ့ အချက်အလက်တွေကိုပါ ရယူတဲ့ ‘shadow porfiles’ ကိစ္စ၊ အချက်အလက် ခိုးယူခံရမှုအတွက် အကောင့်ပိုင်ရှင်တွေကို အသိပေးဖို့ ကုမ္ပဏီရဲ့ တာဝန်တွေ၊ ကျင့်ဝတ်မညီတဲ့ ပို့စ်တွေကို ဖယ်ရှားရေးကိစ္စတွေ ပါဝင်ပါတယ်။

    အချက်အလက်ကျိုးပေါက်မှုတွေ ရှိလာရင် ၇၂ နာရီအတွင်း အကောင့်ပိုင်ရှင်ကို အကြောင်းရမယ့် ဥပဒေတစ်ခု ပြဌာန်းရင် လက်ခံမလားလို့ ဒီမိုကရက်အမတ် အေမီ ကလိုဘူချာက မေးမြန်းရာမှာ Facebook က အဲဒီလို လိုအပ်ချက်တွေအတွက် မိမိတို့အနေနဲ့ တံခါးဖွင့်ထားကြောင်း၊ ဒါပေမယ့် ဥရောပလိုမဟုတ်ဘဲ အမေရိကန်မှာ ဒီလို ကျိုးပေါက်မှုကို သတင်းပို့နိုင်မယ့် အာဏာပိုင်အဖွဲ့တစ်ခု မရှိတာကြောင့် ဆောင်ရွက်ရာမှာ အခက်အခဲတွေရှိနိုင်ကြောင်း ရေးသားခဲ့ပါတယ်။

    အခြားဝဘ်ဆိုက်တွေမှာ Facebook ရဲ့ like နဲ့ comment တွေပါရင် အဲဒီကနေတစ်ဆင့် ၀ဘ်ဆိုက်သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ရယူကြောင်း Facebook က ဧပြီလမှာ ထုတ်ပြန်ခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး အထက်လွှတ်တော်အမတ် မာ့ခ် အူဒါးလ်က မေးမြန်းရာမှာ Facebook က သူတို့အနေနဲ့ Facebook မသုံးသူတွေထံကနေ ဒီလို အချက်အလက်တွေ ရယူပေမယ့်၊ ဒီလူတွေကို စာရင်းမလုပ်ထားကြောင်း၊ သူတို့တစ်ကိုယ်ရေအကြိုက်နဲ့ သက်ဆိုင်တဲ့ ကြော်ငြာတွေ၊ အကြောင်းအရာတွေကို သူတို့မြင်အောင် ဖန်တီးတာမျိုး မလုပ်ကြောင်း၊ ပြန်လည်ဖြေကြားခဲ့ပါတယ်။ အဲဒီသူတွေ Facebook အကောင့်ဖွင့်လာအောင် တိုက်တွန်းတဲ့ ကြော်ငြာတွေ၊ ပုံမှန်ကြော်ငြာတွေ တွေ့ရအောင်တော့ ဆောင်ရွက်တယ်လို့ ဆိုပါတယ်။

    င်္Facebook ရဲ့ ဥပဒေကို မလိုက်နာတဲ့ ပို့စ်တွေ ဖယ်ရှားဖို့အကြောင်း မေးမြန်းရာမှာ အမုန်းစကားပြောတာမျိုးအတွက် မိမိတို့မှာ နေရာမရှိကြောင်း ဒီလိုကိစ္စမျိုးကို တွေ့တာနဲ့ ချက်ခြင်း ပယ်ဖျက်သွားမှာဖြစ်ကြောင်း Facebook က ပြန်လည်ဖြေကြားခဲ့ပါတယ်။

    Ref: CNET

  • ရမ်ဇာန်ဥပုသ်လ နိဗ္ဗာန်ဆော်တာဝန်ကို ကျေပွန်စွာထမ်းရွက်နေတဲ့ ဂျကာတာက လူငယ်များ

    ရမ်ဇာန်ဥပုသ်လ နိဗ္ဗာန်ဆော်တာဝန်ကို ကျေပွန်စွာထမ်းရွက်နေတဲ့ ဂျကာတာက လူငယ်များ

    ဇွန် ၁၂၊ ၂၀၁၈
    M-Media

    – မနက် ၂ နာရီ ဂျကာတာမြို့က လူအများစုဟာ အိပ်မောကျနေတဲ့အချိန် လူငယ်တစ်စုကတော့ ဖဂျရ် အာရုဏ်တက်ဝတ်ပြုဖို့နဲ့ ရမ်ဇာန်လ ဥပုသ်သီလဆောက်တည်ရေး နိဗ္ဗာန်ဆော်ဖို့ ပြင်ဆင်နေကြပါတယ်။

    အရွယ်စုံပါတဲ့ အဲဒီကလေးတစ်အုပ်ဟာ ဗုံငယ်လေးတွေနဲ့ ဒရမ်တွေကို တီးခတ်ကာ တိတ်ဆိတ်နေတဲ့ လမ်းတွေမှာ တစ်လမ်းဝင်တစ်လမ်းထွက် သွားရောက်ပြီး အိမ်ပျော်နေတဲ့သူတွေ ဆဲဟ်ရီဝါထမင်းစားဖို့တွက် နှိုးကြပါတော့တယ်။

    ကမ္ဘာ့ အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ အင်ဒိုနီးရှားနိုင်ငံမှာ သန်းနဲ့ချီတဲ့ သူတွေဟာ ရမ်ဇာန်ဥပုသ်လရောက်တိုင်း အစားအသောက်ရှောင်ကျဉ်ကာ ဥပုသ်သီလ ဆောက်တည်ကြတာပါ။

    ဆဲဟ်ရီလို့ခေါ်တဲ့ မနက်အာရုံတက် ၀ါထမင်းစားတာဟာ တစ်နေ့ကုန် သီလဆောက်တည်ဖို့အတွက် အခရာကျတဲ့ အလေ့အကျင့်တစ်ခု ဖြစ်ပါတယ်။

    “ဆဲဟ်ရီအချိန်ရောက်ပါပြီ၊ ဆဲဟ်ရီချိန်ရောက်ပါပြီ။ ထတော်မူပါ အကိုတို့၊ အမတို့” ဆိုတဲ့ အသက် ၇ နှစ်ကနေ ၁၅ နှစ်အရွယ် လူ ၂၀ လောက်ရဲ့ အသံဟာ မြည်ဟိန်းပြီး ထွက်လာပါတယ်။

    ဒီအသံကိုကြားတဲ့ အခြားကလေးတွေကလည်း ဆေးဗုံးအလွတ်တွေ၊ ရေကရားအလွတ်တွေကို စည်းချက်ညီညီတီးကာ ဒီအဖွဲ့နဲ့အတူ သွားရောက်ပူးပေါင်းကြပါတယ်။

    “ဒါဟာ အချိန်အတော်ကြာကတည်းက ရှိခဲ့တဲ့ ဓလေ့ထုံးတမ်းတစ်ခုပါ။ ကလေးတိုင်းက ဒါမျိုးလုပ်ရတာကို နှစ်သက်ကြပါတယ်။ လူတွေကို ဖျော်ဖြေမှုပေးတာသာမက ၀ါထမင်းစားဖို့ နိဗ္ဗာန်ဆော်တာလည်း ဖြစ်တဲ့အတွက် ဒီလို လိုက်နှိုးရတာကို ကျွန်တော် ကြိုက်ပါတယ်” လို့ အသက် ၁၃ နှစ်အရွယ် ရာမာဒင်က ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် ဒီလို နိဗ္ဗာန်ဆော်မှုအတွက် ငြင်းခုံမှုတွေတော့ ရှိပါတယ်။

    ဒီအထဲမှာပါဝင်တဲ့ ကလေးငယ်တွေ တော်တော်များများဟာ ဒေသတွင်း ဗလီဝတ်ကျောင်းတော်က ဖွင့်လှစ်ထားတဲ့ ကုရ်အာန်ကျမ်းစာ လေ့လာရေးသင်တန်းက ကျောင်းသားတွေ ဖြစ်ပါတယ်။

    “ဒီလိုနှိုးတာမျိုးဟာ တကယ်တော့ ဆူညံတာပေါ့။ ဒါပေမယ့် ကျွန်မတို့ကို အချိန်မီနိုးစေပါတယ်။ နှစ်တိုင်းကြုံတွေ့နေရတော့ အကျင့်ဖြစ်နေပါပြီ” လို့ ဂျာကတာသူ ရိုဆီမာက ပြောကြားခဲ့ပါတယ်။

    စမတ်ဖုန်းနဲ့ ဒစ်ဂျစ်တယ်နာရီတွေက နှိုးစက်တွေကြောင့် ဒီဓလေ့ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ တစ်ဖြည်းဖြည်းချင်း လျော့ပါးလာပါတယ်။

    ဒါပေမယ့် အင်ဒိုနီးရှား ကျွန်းဆွယ်တစ်ခုလုံး အထူးသဖြင့် လူမျိုးစုငယ်လေးတွေမှာ တွေ့နေရတုန်း ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ စုစုပေါင်း လူဦးရေ သန်း ၂၆၀ လောက်မှာ ၉၀ ရာခိုင်နှုန်းက အစ္စလာမ်ဘာသာဝင်တွေ ဖြစ်ပါတယ်။

    အစ္စလာမ်ဘာသာဝင်အများစုရှိရာ အခြားနိုင်ငံတွေမှာလည်း ရမ်ဇာန်မှာ ဒီလို ဆဲဟ်ရီစားဖိုးနှိုးတဲ့ ဓလေ့တွေ ရှိနေပါတယ်။

    ဂျကာတာမှာ ဒီလို လိုက်နှိုးတဲ့ အဖွဲ့က ကလေးအများစုဟာ လမ်းပေါ်မှာ ကြီးပြင်းရသူတွေ ဖြစ်တာကြောင့် သူတို့ကို သာသနာရေးတာဝန်တွေ ပေးလိုက်တာက ပတ်ဝန်းကျင်အတွက်ရော ဗလီအတွက်ပါ အကျိုးရှိစေပါတယ်။

    “ဒီကလေးငယ်တွေ တော်တော်များများဟာ ကျောင်းထွက်ထားသူတွေပါ။ တစ်ချို့ဆိုရင် ကျောင်းမတက်ဖူးပါဘူး။ အလုပ်မရှိ၊ အကိုင်မရှိနဲ့ လမ်းပေါ်မှာ လပ်လျားလပ်လျားဖြစ်နေသူတွေပါ” လို့ အစ္စလာမ့်ဓမ္မဆရာတစ်ဦးဖြစ်ပြီး နိဗ္ဗာန်ဆော်အဖွဲ့ရဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့ အလ်ဗာနာလီ ပန်ဂျီ ပရာဆက်ယိုက ပြောကြားခဲ့ပါတယ်။

    “ဒီအဖွဲ့မှာ ပါဝင်ပြီးတဲ့နောက်ပိုင်း အလ္လာဟ်အရှင်မြတ်ရဲ့ အလိုတော်နဲ့ ဒီကလေးတွေရဲ့ အမူအကျင့်တွေ ပြောင်
းလဲလာပါတယ်”

    Ref: Alarabiya

  • သမိုင်းဝင်တွေ့ဆုံမှုမှာ ထရမ့်နဲ့ ကင်ဂျုံအွန်တို့ ဘာတွေ သဘောတူညီခဲ့သလဲ

    သမိုင်းဝင်တွေ့ဆုံမှုမှာ ထရမ့်နဲ့ ကင်ဂျုံအွန်တို့ ဘာတွေ သဘောတူညီခဲ့သလဲ

    ဇွန် ၁၂၊ ၂၀၁၈
    M-Media

    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ရဲ့ ဒီနေ့ သမိုင်းဝင် တွေ့ဆုံပွဲမှာ ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေး၊ မြောက်ကိုရီးယားလုံခြုံရေးတို့အပါအ၀င် အချက်အလက်တော်တော်များများကို သဘောတူခဲ့ကြပါတယ်။

    ကင်ဂျုံအွန်က ကိုရီးယားကျွန်းဆွယ် လုံးဝ နျူကင်းစင်ရေး တစ်စိုက်မတ်မတ် လုပ်ဆောင်သွားမယ်ဆိုတဲ့ ကတိကို ထပ်ပေးခဲ့သလို ထရမ့်ကလည်း မြောက်ကိုရီးယားလုံခြုံရေးအတွက် အာမချံက်တွေ ပေးခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လိုအာမခံချက်တွေလည်းဆိုတာကို သဘောတူညီချက်မှာ ဖော်ပြထားခြင်း မရှိပါဘူး။

    ခေါင်းဆောင်နှစ်ဦးရဲ့ သဘောတူညီချက်မှာ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက် နှစ်နိုင်ငံ ပြည်သူတွေရဲ့ဆန္ဒနဲ့အညီ အမေရိကန်-မြောက်ကိုရီးယား ဆက်ဆံရေးတစ်ခု ဖော်ဆောင်ရေး၊ ကိုရီးယားကျွန်းဆွယ်မှာ ရေရှည်တည်တံမယ့် ငြိမ်းချမ်းမှုရရှိအောင် ကြိုးပမ်းရေးတို့ ပါဝင်ပါတယ်။

    ၂၀၁၈ ခုနှစ် ဧပြီလ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ကိုရီးယားကျွန်းဆွယ်မှာ နျူကင်းစင်ရေး ဆောင်ရွက်မယ်လို့ မြောက်ကိုရီးယားက ကတိပြုခဲ့တဲ့ ပန်မွန်ဂျွန်းကြေငြာချက်ကိုလည်း ခေါင်းဆောင်နှစ်ဦးက ထပ်မံ အတည်ပြုခဲ့လို၊ မြောက်ကိုရီးယားက ဖမ်းဆီးထားစဉ် သေဆုံးသွားတဲ့ အမေရိကန်သုံ့ပန်းတွေရဲ့ ရုပ်ကြွင်းတွေ ပြန်ပေးရေးကိစ္စကိုလည်း သဘောတူခဲ့ပါတယ်။

    စင်ကာပူ ထိပ်သီးအစည်းအဝေးက ရလဒ်တွေကို အကောင်အထည်ဖော်ရေးအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုနဲ့ မြောက်ကိုရီးယားဖက်က သက်ဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူတစ်ဦးတို့ အမြန်ဆုံးတွေ့ဆုံဖို့လည်း သဘောတူညီချက်မှာ ဖော်ပြထားပါတယ်။

    ထရမ့်က ဒီတွေ့ဆုံပွဲဟာ လူတွေမျှော်မှန်းထားတာထက် ပိုမိုကောင်းမွန်ခဲ့တယ်လို့ ပြောကြားခဲ့ပြီး ကင်ကတော့ ကမ္ဘာကြီးဟာ ထင်သာမြင်သာတဲ့ အပြောင်းအလဲတစ်ခုကို တွေ့မြင်ရတော့မယ်လို့ ဆိုပါတယ်။

    “ကျွန်တော်တို့ရဲ့ တွေ့ဆုံမှုဟာ သမိုင်းဝင်တွေ့ဆုံမှုဖြစ်ပြီး အတိတ်ကဟာတွေကို အတိတ်မှာပဲထားခဲ့ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ကမ္ဘာကြီးဟာ ထင်သာမြင်သာတဲ့ အပြောင်းအလဲတစ်ခုကို မြင်တွေ့ရတော့မှာပါ။ ဒီလို ဖြစ်မြောက်အောင် ဆောင်ရွက်ပေးတဲ့အတွက် မစ္စတာထရမ့်ကို ကျွန်တော် ကျေးဇူးတင်ပါတယ်”

    Ref: CNA