Blog
-
တရုတ်မွတ်စလင်တို့၏ ရမ်ဇာန်ဥပုသ်လ ကုန်ဆုံးမှု (မြန်မာစာတမ်းထိုး)
ဇွန် ၁၆၊ ၂၀၁၈M-MediaSource – Press TV -

သီရိလင်္ကာမှ အစွန်းရောက်ဘုန်းကြီး ခြိမ်းခြောက်မှုဖြင့် ထောင် ၆ လ ကျ
ဇွန် ၁၆၊ ၂၀၁၈
M-Media– သီရိလင်္ကာနိုင်ငံက အစွန်းရောက်အဖွဲ့ BBS ခေါင်းဆောင် အစွန်းရောက်ဘုန်းကြီး Galagoda Aththe Gnanasara ဟာ အမျိုးသမီးတစ်ဦးကို ခြိမ်းခြောက်မှုနဲ့ ကြာသာပတေးနေ့မှာ ထောင်ဒဏ် ၆ လ ချမှတ်ခြင်း ခံခဲ့ရပါတယ်။
၂၀၁၆ ခုနှစ်မှာ ဂျာနယ်လစ်ဦးဖြစ်တဲ့ Prageeth Eknaligoda ကို စစ်ထောက်လှမ်းရေးက ပြန်ပေးဆွဲသွားခဲ့ပြီးတဲ့နောက် ဇနီးဖြစ်သူ Sandhya Eknaligoda က Prageeth လွတ်မြောက်ရေးအတွက် ကြိုးပမ်းရာမှာ Gnanasara က ၀င်ရောက် နှောက်ယှက်ခဲ့တာပါ။
ဒါ့အပြင် Sandhya ရဲ့ အသက်အန္တရာကိုပါ ခြိမ်းခြောက်ခဲ့တဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့လက စွဲချက်တင်ခံခဲ့ရပါတယ်။
ကြာသာပတေးနေ့မှာ တရားရုံးက စွဲချက်နှစ်ခုနဲ့ပတ်သက်ပြီး Gnanasara ဟာ အပြစ်ရှိကြောင်း တွေ့ရှိရတယ်လို့ ဆုံးဖြတ်ခဲ့ပြီး စွဲချက်တစ်ခုချင်းစီအတွက် ထောင်ဒဏ် ၆ လချမှတ်ခဲ့ကာ တစ်ပေါင်းတစ်စည်းတည်း ကျခံစေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါ့အပြင် ဒဏ်ငွေ ရူပီး ၁၅၀၀ နဲ့ Sandhya အတွက် နစ်နာကြေး ရူပီး ၅ သောင်း ပေးဆောင်ဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။
“တိုင်းပြည်ရဲ့တာဝန်ကို ငါထမ်းဆောင်တာပဲ။ နောင်တမရပါဘူး” လို့ အချုပ်ကားပေါ် မတက်ခင်မှာ Gnanasara က ပြောကြားခဲ့ပါတယ်။
Gnanasara ကို ထောက်ခံတဲ့ ဘုန်းကြီးတွေဟာ တရားရုံးကို လာရောက်နားထောင်ခဲ့ပြီး အမိန့်ချမှတ်မှတ်မှုအပြီးမှာ ဘုရားစာတွေ ရွတ်ဖတ်ခဲ့ကြပါတယ်။
ဒီဘုန်းကြီးဟာ တရားရုံးကို မထီလေစားပြုမှုအတွက်လည်း သီခြားအမှုတစ်ခုကို ရင်ဆိုင်နေရပါတယ်။
BBS အဖွဲ့ရဲ့ အမှုဆောင်အကြီးအကဲ Dilantha Vithanage ဒီအမိန့်အတွက် အယူခံဝင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
Gnanasara ဟာ မွတ်စလင်တွေအပေါ် အကြမ်းဖက်မှုတွေလုပ်ဖို့ လှုံ့ဆော်တာ၊ အမုန်းတရားဖြန့်ဝေတာတွေ လုပ်ဆောင်တယ်လို့ စွပ်စွဲခံထားရပြီး မြန်မာနိုင်ငံက အစွန်းရောက်ဘုန်းကြီး ဦးဝီရသူနဲ့လည်း အဆက်အသွယ် ရှိပါတယ်။
သူဦးဆောင်တဲ့ BBS အဖွဲ့ဟာ သီရိလင်္ကာနိုင်ငံအတွင်းက လူနည်းစု မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေအပေါ် အကြမ်းဖက်မှုတွေဖြစ်လာအောင် လှုံ့ဆော်တယ်လို့ နာမည်ကြီးပြီး သူကတော့ ဒါကို ငြင်းဆိုပါတယ်။
Ref: Reuters
-

အမေရိကန်၏ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ပါကစ္စတန်တာလီဘန်အဖွဲ့ခေါင်းဆောင် သေဆုံး
ဇွန် ၁၅၊ ၂၀၁၈
M-Media
ပါကစ္စတန် တာလီဘန်အဖွဲ့ခေါင်းဆောင် မွလ္လာ ဖဇ်လွလ္လာဟ် (လယ်) – ပါကစ္စတန်က တာလီဘန်အဖွဲ့ခေါင်းဆောင် မွလ္လာ ဖဇ်လွလ္လာဟ်ဟာ သူတို့ရဲ့ တိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားတယ်လို့ အာဖဂန်နစ္စတန် ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
ပါကစ္စတန်နဲ့ထိပ်စပ်နေတဲ ကူနာရ်ပြည်နယ် မာရာဝီရာ ခရိုင်မှာ ကြာသာပတေးနေ့မနက် ၉ နာရီအချိန်က အမေရိကန်နဲ့ အာဖဂန်တပ်ဖွဲ့က ပူးပေါင်ပြုလုပ်တဲ့ လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။
အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် ရဒ်မာနစ်ရှ်က အဲဒီတိုက်ခိုက်မှုအတွင်း ဖဇ်လွလ္လာနဲ့အတူ အခြား တိုက်ခိုက်ရေးသမား ၂ ဦးလည်း သေဆုံးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ပါကစ္စတန် တာလီဘန်အဖွဲ့ Tehreek-i-Taliban (TTP) က သူတို့ခေါင်းဆောင် အသတ်ခံခဲ့ရကြောင်း အတည်ပြုခဲ့ပြီး အာဖဂန် ထောက်လှမ်းရေးအဖွဲ့ NDS က ဒရုန်းနဲ့တိုက်ခိုက်ဖို့အတွက် သတင်းအချက်အလက်တွေ ပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ပါကစ္စတန်က NDS ဟာ ဖဇ်လွလ္လာကို အာဖဂန်မှာ ခိုလှုံခွင့်ပေးထားတယ်လို့ အရင်က စွပ်စွဲဖူးပါတယ်။
အာဖဂန်က အမေရိကန်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ အာဖဂန်နဲ့ ပါကစ္စတန်ကြားက နယ်စပ်ဒေသ တိုက်ခိုက်မှုမှာ အကြမ်းဖက်အဖွဲ့အစည်တစ်ခုရဲ့ ခေါင်းဆောင် သေဆုံးခဲ့တယ်လို့ ဖော်ပြပေမယ့် အမည်အတိအကျကို မပြောခဲ့ပါဘူး။
မတ်လအတွင်းကလည်း ကူနာရ်ပြည်နယ်မှာ အမေရိကန်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုအတွင်း ဖဇ်လွလ္လာရဲ့သား အဘ်ဒူလာအပါအ၀င် TTP က တိုက်ခိုက်ရေးသမား ၂၀ လောက် သေဆုံးခဲ့ပါတယ်။
Ref: Aljzeera
-

IS လက်သစ်များကို သင်တန်းပေးနေသည့် အစ္စရေးတစ်ဦးကို အမေရိကန်ဖမ်းဆီး
ဇွန် ၁၄၊ ၂၀၁၈
M-Media– IS လက်သစ်တွေကို အွန်လိုင်းကနေတစ်ဆင့် အကြမ်းဖက်နည်းလမ်းတွေကို ပို့ချပေးနေတဲ့ အစ္စရေးနိုင်ငံသား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက မနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
အသက် ၄၅ နှစ်အရွယ် ၀ါဟီဘာ အီဆာ ဒါအစ်ဆိုသူဖြစ်ပြီး ၀စ်ကွန်ဆင်ပြည်နယ် ကူဒါဟီမြို့မှာ နေထိုင်သူဖြစ်ပါတယ်။ သူမဟာ IS လက်သစ်တွေကို အွန်လိုင်းကနေ အဆိပ်ပြုလုပ်နည်း၊ ဗုံးပြုလုပ်နည်း၊ အသေခံ ဗုံးခွဲအင်္ကျီ ပြလုပ်နည်းတွေကို သင်ကြားပေးနေတာ ဖြစ်ပါတယ်။
ဒါဟာ စစ်သွေးကြွအဖွဲ့ကို ထောက်ခံအားပေးမှုစွဲချက်နဲ့ ၆ လအတွင်း အမေရိကန်က ပထမဆုံး ဖမ်းဆီးမှုလည်း ဖြစ်ပါတယ်။
၁၉၉၂ ခုနှစ်ကတည်းက အမေရိကန်မှာ တရားဝင်နေထိုင်ခွင့်ရထားတဲ့ ဒါအစ်ဟာ ဆိုရှယ်မီဒီယာ အကောင့်များစွာနဲ့ IS ကို ထောက်ခံအားပေးမှု၊ လူသစ်စုဆောင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ တရားရုံးစွဲချက်တွေမှာ ဖော်ပြထားပါတယ်။ တစ်ချို့အကောင့်တွေဟာ တစ်ခြားသူတွေထံကနေ ခိုးယူထားတာတွေ ဖြစ်ပါတယ်။
ဗုံးလုပ်နည်း၊ ဓာတုလက်နက်တွေလုပ်နည်း၊ အဆိပ်လုပ်နည်း စာအုပ်ပေါင်းများစွာကို သူမက စုစည်းထားပြီး IS ထောက်ခံသူတွေကို ဖြန့်ဝေပေးကာ တိုက်ခိုက်တွေပြုလုပ်ဖို့ ကူညီခဲ့သလို၊ လူစည်ကားရာ ပွဲတော်တွေမှာ တိုက်ခိုက်မှုတွေလုပ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ အသွင်ယူ ထောက်လှမ်းရေးတစ်ဦးနဲ့ ဆက်သွယ်မိရာကနေတစ်ဆင့် သူမကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။
Ref: Tribune
-

အိန္ဒိယတွင် လူအုပ်ဖြင့် ရိုက်နှက်သတ်ဖြတ်မှုကြောင့် တစ်ပတ်အတွင်း လူ ၈ ဦး သေဆုံး
ဇွန် ၁၄၊ ၂၀၁၈
M-Media
လူအုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုတစ်ခု – အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ ကောလဟာတွေကြောင့် အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်လို့ သေဆုံးသူဟာ တစ်ပတ်အတွင်း ၈ ဦးအထိ ရှိလာပြီလို့ အာဏာပိုင်တွေက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
ပြည်နယ် ၅ ခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကလေးသူခိုးတွေဖြစ်တယ်၊ ပစ္စည်းခိုးတယ်၊ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကားတယ်ဆိုတဲ့ ကောလဟာလတွေကြောင့် လူစုလူဝေးတွေ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
မနေ့က မြို့တော် နယူးဒေလီမှာ အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ အရှက်ရအောင်လုပ်တယ်ဆိုတဲ့စွဲချက်နဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးကို သံတုတ်တွေကိုင်ထားတဲ့ အမျိုးသား ၄ ဦးက ရိုက်နှက်သတ်ဖြတ်ခဲ့ကာ ရဲတပ်ဖွဲ့က ၃ ဦးကို ဖမ်းဆီးထားပါတယ်။
နိုင်ငံအရှေ့ပိုင်း ဂျာ့ခ်ဟန်းပြည်နယ် ဂိုဒ်ဒါခရိုင်မှာလည်း မွတ်စလင်နှစ်ဦးကို နွားခိုးတယ်လို့စွပ်စွဲကာ လူအုပ်က ကားပေါ်ကနေ ဆွဲချပြီးသတ်ဖြတ်မှု မနေ့မှာ ဖြစ်ပွားခဲ့ပါတယ်။ ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲ ရာဂျစ် ရန်ဂျန်က လေးနဲ့မြှားတွေ ကိုင်ဆောင်ထားတဲ့ လူလေးဦးကို ဖမ်းဆီးထားပြီး၊ အခြားသူတွေကို ရှာဖွေနေတယ်လို့ ဆိုပါတယ်။
မနေ့ကတစ်ရက်တည်းမှာပဲ အရှ့ဘန်ဂေါလ်ပြည်နယ်မှာ အိမ်ခြေမဲ့တစ်ဦးကို ဓာတ်တိုင်မှာ ကြိုးနဲ့ချည်ကာ လူအုပ်က ၀ိုင်းဝန်း ရိုက်နှက် သက်ဖြတ်ခဲ့ပါတယ်။ အဲဒီအမျိုးသားဟာ ကလေးတစ်ဦးကို ပြန်ပေးဆွဲတယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ ရဲတပ်ဖွဲ့ကတော့ လူ ၃ ဦးကို ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က အာသံပြည်နယ်မှာ လူငယ်နှစ်ဦးကို ကလေးသူခိုးတွေလို့ စွပ်စွဲကာ လူအုပ်ကြီးက ရိုက်နှက်သတ်ဖြတ်ခဲ့ပြီး၊ မဟာရက်ရှ်ထရာ ပြည်နယ်မှာလည်း အလုပ်သမားနှစ်ဦးဟာ သူခိုးလို့စွပ်စွဲခံရကာ သတ်ဖြတ်ခံခဲ့ရပါတယ်။
အိန္ဒိယအစိုးရ တာဝန်ရှိသူတွေဟာ ဆိုရှယ်မီဒီယာမှာ ကောလဟာလ ပြန့်နှံ့တဲ့ကိစ္စကို ထိထိရောက်ရောက် ဖြေရှင်းဖို့အတွက် ရုန်းကန်နေရပါတယ်။ အာသံပြည်နယ်က သတ်ဖြတ်မှုအပြီးမှာ ဒီလို အုပ်စုဖွဲ့ရမ်းကားမှုကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်ဖို့ အိန္ဒိပြည်သူတွေက အစိုးရကို တောင်းဆိုခဲ့ပါတယ်။
ကလေးသူခိုးကောလဟာကလည်း အချို့ပြည်နယ်တွေမှာ ပြန့်နှံ့နေပြီး မေလကတည်း အဲဒီကိစ္စကြောင့် အုပ်စုဖွဲ့သတ်ဖြတ်မှု ၆ ခု ဖြစ်ပွားခဲ့ပါတယ်။
Ref: CNA

