News @ M-Media

Blog

  • ဂါဇာတွင် အစ္စရေး၏လုပ်ရပ် စစ်ရာဇ၀တ်မှုမြောက်နိုင်ဟု HRW ပြော

    ဂါဇာတွင် အစ္စရေး၏လုပ်ရပ် စစ်ရာဇ၀တ်မှုမြောက်နိုင်ဟု HRW ပြော

    ဇွန် ၁၄၊ ၂၀၁၈
    M-Media

    – ဂါဇာကမ်းမြှောင်မှာ ဆန္ဒပြတဲ့ ပါလက်စတိုင်းတွေအပေါ် အစ္စရေးက အသက်သေစေလိုတဲ့သဘောနဲ့ နှိမ်နှင်းတာဟာ စစ်ရာဇ၀တ်မှုမြောက်နိုင်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW က မနေ့မှာ ပြောကြားလိုက်ပါတယ်။

    ကုလ လုံခြုံရေးကောင်စီက အစ္စရေးရဲ့ အဲဒီလုပ်ရပ်တွေကို ရှုတ်ချပြီး၊ ပါလက်စတိုင်းပြည်သူတွေကို ကာကွယ်ပေးရေး တိုက်တွန်းတဲ့ အဆိုတစ်ခုကို မဲခွဲဖို့ရှိနေတဲ့အချိန် HRW ရဲ့ ဒီပြောကြားမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

    HRW က အစ္စရေးတပ်ဖွဲ့တွေဟာ သူတို့အပေါ် အသက်အန္တရာယ်ခြိမ်းခြောက်ခြင်းမရှိတဲ့ ပါလက်စတိုင်း ဆန္ဒပြသူတွေအပေါ် ‘သေစေလိုတဲ့သဘော’ နဲ့ ကျည်အစစ်တွေ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

    “အသက်အန္တရာယ် ခြိမ်းခြောက်ခြင်းမရှိတဲ့သူတွေအပေါ် အစ္စရေးက အသက်သေစေနိုင်လောက်တဲ့ အင်အားကို အသုံးပြုတာကြောင့် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှု ပမာဏဟာ တော်တော်လေးကို မြင့်မားခဲ့ပါတယ်။ အစ္စရေးက ဟန်ပြ စုံစမ်းစစ်ဆေးမှုလုပ်တာ၊ အမေရိကန်က လုံခြုံရေးကောင်စီမှာ ဗီတိုသုံးပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ တာဝန်ဝတ္တရားကို တားဆီးတာ စတဲ့ နည်းလမ်းအဟောင်းတွေကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ချိုးဖျက်ဖို့လိုပြီး ပါလက်စတိုင်းတွေရဲ့ အသက်တွေအပေါ် ဒီလိုအလေးမထားတာကို ထိထိရောက်ရောက် ဆောင်ရွက်ရပါမယ်” လို့ HRW ရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ ဒါရိုက်တာ ဆာရာ လီယာ ၀စ်စတန်က ပြောကြားခဲ့ပါတယ်။

    ၁၉၄၈ ခုနှစ် အစ္စရေးက ပါလက်စတိုင်းပိုင်နက်တွေကို သိမ်းပိုက်မှုအတွင်း ထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်းမျိုးဆက်တွေ နေရပ်ပြန်နိုင်ရေး မတ်လ ၃၀ ရက်နေ့က စတင်ပြီး ဂါဇာမှာ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့တာပါ။ အဲဒီဆန္ဒပြမှုအတွင်း အစ္စရေးရဲ့ပစ်ခတ်မှုကြောင့် ပါလက်စတိုင်းပြည်သူ ၁၂၄ ဦး သေဆုံးခဲ့ပြီး ၃၈၀၀ ကျော်
    ဒဏ်ရာရရှိခဲ့ပါတယ်။

    ဒဏ်ရာရသူတွေထဲက အနည်းဆုံး ၄၀ လောက်ဟာ ရရှိတဲ့ ဒဏ်ရာတွေကြောင့် ခြေတွေလက်တွေ ဖြတ်ပစ်ခဲ့ရတယ်လို့ HRW က ပြောပါတယ်။

    အစ္စရေးကတော့ သူတို့တပ်ဖွဲ့တွေဟာ ကိုယ့်ကိုယ်ကို ကာကွယ်တာသာဖြစ်ပြီး ဆန္ဒပြသူတွေက နယ်စပ်ခြံစည်းရိုး ဖောက်ဝင်လာတာကို တားဆီးဖို့အတွက် ဥပဒေအတိုင်း ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

    အစ္စရေးရဲ့မဟာမိတ် အမေရိကန်ဟာ ဇွန်လ ၂ ရက်နေ့ ကုလမှာ မဲခွဲခဲ့တဲ့ ပါလက်စတိုင်းတွေကို ကာကွယ်ပေးရေး ဆုံးဖြတ်ချက်ကို ဗီတိုသုံးပြီး ပယ်ချခဲ့ပါတယ်။

    ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေးက ကူဝိတ်ကတင်သွင်းတဲ့ အဲဒီဆုံးဖြတ်ချက်ဟာ တစ်ဖက်သတ်ဖြစ်နေတယ်လို့ ပြောကြားခဲ့ပြီး ပါလက်စတိုင်းတွေ ထိခိုက်ခံစားရတာဟာ ဟားမက်စ်အဖွဲ့ကြောင့်ဖြစ်တယ်လို့ အပြစ်တင်ခဲ့ပါတယ်။

    အစ္စရေးရဲ့ စနစ်တကျပြုလုပ်နေတဲ့ ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးရေး နိုင်ငံတကာရာဇ၀တ်ခုံရုံးကို ပါလက်စတိုင်းအစိုးရက မေလမှာ တောင်းဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဇွန် ၁၃၊ ၂၀၁၈
    M-Media

    ဘောလုံးလူဆိုး ၁၂၀၀ ကျော်ကို အင်္ဂလန်က ရုရှားသွားခွင့်ပိတ်
    ===============
    အင်္ဂလန်ဘောလုံးလူဆိုး ၁၂၀၀ ကျော်ကို ရုရှားကမ္ဘာ့ဖလားသွားရောက်မှု ပိတ်ပင်ခဲ့တယ်လို့ အင်္ဂလန်ပြည်ထဲရေးဝန်ကြီးဌာနက ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဘောလုံးလူဆိုး ၁၃၁၂ ဦးမှာ ၁၂၅၄ ဦးက သူတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေကို ပြန်အပ်ခဲ့ပြီး နောက်ထပ် ၅၈ ဦးကိုလည်း နောက်ကြောင်းလိုက်နေတယ်လို့ ဆိုပါတယ်။ ပြည်ထဲရေ၀န်ကြီး နစ်ဟာ့ဒ်က ဒီလိုတားမြစ်တာဟာ ပြိုင်ပွဲကို မထိခိုက်စေချင်လို့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ရုရှားကို အင်္ဂလန်ဘောလုံးပရိတ်သတ် တစ်သောင်းလောက် သွားရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

    စပိန်လက်ရွေးစင်အသင်းနည်းပြ ရာထူးမှ ထုတ်ပယ်ခံရ
    ================
    ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပဖို့ တစ်ရက်သာ လိုတော့တဲ့အချိန်မှာ စပိန်အသင်းက နည်းပြ ဂျူလီယန် လိုပေတေဂီကို ရာထူးကနေ မနေ့မှာ ထုတ်ပယ်လိုက်ပါတယ်။ ရီးယဲလ်က လိုပေတေဂီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ သူတို့အသင်းကို ကိုင်တွယ်မယ်လို့ မနေ့မှာ ကြေငြာခဲ့တာပါ။ စပိန်ဘောလုံးအဖွဲ့ချုပ်က ရီးယဲလ်နဲ့ လိုပေတေဂီတို့ကိစ္စကို ရီးယဲလ်က ကြေငြာချက်မထုတ်ပြန်မီ ၅ မိနစ်အလိုကျမှသာ သိရှိခဲ့ရကြောင်း၊ စပိန်လိုအသင်းမျိုးရဲ့ နည်းပြတစ်ဦးဟာ ဒါမျိုးလုပ်လို့မရတဲ့အတွက် ရာထူးကနေ ထုတ်ပယ်ရတာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ စပိန်ဟာ သောကြာနေ့မှာ ပေါ်တူဂီနဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲ ကစားရမှာဖြစ်ပြီး အားကစားဒါရိုက်တာဖြစ်သူ ဖာနန်ဒို ဟီယာရိုက အသင်းကို ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။

    ကမ္ဘာ့ဖလားတွင် ဘရာဇီလ်းဗိုလ်စွဲချိန်တန်ပြီဟု ရော်နယ်ဒိုပြော
    =============
    အခုနှစ် ရုရှားကမ္ဘာ့ဖလားမှာ ဘရာဇီးလ်အသင်းဗိုလ်စွဲဖို့ အချိန်တန်ပြီလို့ ကမ္ဘာ့ဖလားကိုင်မြှောက်နိုင်ခဲ့တဲ့ ဂန္တ၀င်တိုက်စစ်မှူး ရော်နယ်ဒိုက ပြောကြားလိုက်ပါတယ်။ ဘရာဇီးလ်ဟာ ၂၀၀၂ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားမှာ ဗိုလ်မစွဲနိုင်တော့ပါဘူး။ ရော်နယ်ဒိုက စပိန်၊ ဂျာမနီ၊ ပြင်သစ်နဲ့ အာဂျင်တီးနားတို့ဟာ တော်တော်လေးကို ကောင်းမွန်ကြပြီး အခုနှစ်ကမ္ဘာ့ဖလားဟာ ဘရာဇီးလ်အတွက် ခက်ခဲတဲ့ပွဲ ဖြစ်မယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    နေးမာကိစ္စ တရားစွဲခံရမှု ပီအက်စ်ဂျီ ကွင်းလုံးကျွတ်လွတ်
    ==============
    ဘာစီလိုနာကနေ နေးမာကို ပေါင် သန်း ၂၀၀ နဲ့ ၂၀၁၇ ခုနှစ်မှာ ခေါ်ယူခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာရေးမျှတမှုစည်းမျဉ်း ချိုးဖောက်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ ပီအက်စ်ဂျီအသင်းဟာ အမှုကနေ ကွင်းလုံးကျွတ် လွတ်သွားပါတယ်။ ယူအီးအက်ဖ်အေဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကစပြီး ပီအက်စ်ဂျီကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာပါ။ အမှုက လွတ်သွားပေမယ့် အသင်းရဲ့ ဘဏ္ဍာရေးကိစ္စနဲ့ပတ်သက်ပြီး ယူအီးအက်ဖ်အေရဲ့ စောင့်ကြည့်မှုကို ဆက်လက်ခံနေရမှာ ဖြစ်ပါတယ်။

    Ref: Goal, BBC

  • မြောက်ကိုရီးယားနျူရန်ကို မကြောက်ရတော့ဟု ထရမ့်ပြော

    မြောက်ကိုရီးယားနျူရန်ကို မကြောက်ရတော့ဟု ထရမ့်ပြော

    ဇွန် ၁၃၊ ၂၀၁၈
    M-Media

    အမေရိကန် ပြန်ရောက်လာသည့် ဒေါ်နယ်ထရမ့်

    – မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားရန်ကို ကြောက်စရာမလိုတော့ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။

    ဒါဟာ မနေ့က စင်ကာပူမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ တွေ့ဆုံအပြီး အမေရိကန်ကို ပြန်ရောက်ပြီးနောက်ပိုင်း ထရမ့်ရဲ့ ပထမဆုံးမှတ်ချက်လည်း ဖြစ်ပါတယ်။

    “ရှည်လျားတဲ့ခရီးကနေ ပြန်ရောက်ပါပြီ။ ဒါပေမယ့် ကျွန်တော် သမ္မတတာဝန် စတင်ထမ်းဆောင်တဲ့နေ့ကထက် လူတိုင်း အခုအချိန်မှာ ပိုပြီး အန္တရာယ်ကင်းသွားပါပြီ။ မြောက်ကိုရီးယားရဲ့ နျူရန်ကို မကြောက်ရတော့ပါဘူး။ ကင်ဂျုံအွန်နဲ့ တွေ့ဆုံမှုဟာ တော်တော်စိတ်ဝင်စားစရာကောင်းခဲ့ပြီး၊ အပြုသဘောဆောင်တဲ့ အတွေ့အကြုံကိုလည်း ရရှိခဲ့ပါတယ်။ မြောက်ကိုရီးယားမှာ အနာဂတ်အတွက် ကြီးမားတဲ့ အလားအလာကြီးတစ်ခု ရှိနေပါတယ်” လို့ ထရမ့်က Twitter စာမျက်နှာ ရေးသားခဲ့ပါတယ်။

    သူ သမ္မတတာဝန်ကို မယူခင်တုန်းက မြောက်ကိုရီးယားနဲ့ စစ်ဖြစ်တော့မလားဆိုပြီး ယူဆမှုတွေ ရှိခဲ့တယ်လို့လည်း ထရမ့်က ဆိုပါတယ်။

    “သမ္မတအိုဘားမားက မြောက်ကိုရီးယားဟာ ကျွန်တော်တို့ရဲ့ အကြီးမားဆုံးနဲ့ အန္တရာယ်အရှိဆုံးရန်သူလို့ ပြောခဲ့ပါတယ်။ အခုတော့ မဟုတ်တော့ပါဘူး။ ဒီည ကောင်းကောင်းအိပ်ကြပါ”

    အဲဒီလို ရေးသားမှုအပြီး သိပ်မကြာခင်မှာပဲ ထရမ့်က အပြန်အလှန် ယုံကြည်မှုနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လုပ်သမျှ ကာလပတ်လုံး စစ်မက်ဖြစ်ပွားတယ်ဆိုတဲ့ ကံကြမ္မာဆိုးကို တားဆီးနိုင်မှာဖြစ်တယ်လို့လည်း ထပ်မံရေးသားခဲ့ပါတယ်။

    ထရမ့်နဲ့ ကင်ဂျုံအွန်တို့ဟာ နှစ်ကိုယ်ခြား ဆွေးနွေးမှုတွေအပြင်၊ နှစ်နိုင်ငံ ကိုယ်စားလှယ်တွေကလည်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ကြေငြာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

    အဲဒီကြေငြာချက်မှာ ကိုရီးယားကျွန်းဆွယ် လုံးဝနျူကင်းစင်ရေး ဆောင်ရွက်ဖို့ ကင်ဂျုံအွန်က ကတိပြုခဲ့သလို၊ ထရမ့်ကလည်း မြောက်ကိုရီးယားလုံခြုံရေးအတွက် အာမခံပေးခဲ့ပါတယ်။

    Ref: CNA

  • ရန်ကုန်-ဒလတံတားဒီဇိုင်းအတွက် အစိုးရဌာနနှစ်ခု သဘောကွဲလွဲ

    ရန်ကုန်-ဒလတံတားဒီဇိုင်းအတွက် အစိုးရဌာနနှစ်ခု သဘောကွဲလွဲ

    ဇွန် ၁၃၊ ၂၀၁၈
    M-Media

    လျာထား တံတားဒီဇိုင်း

    – ဒလနဲ့ ရန်ကုန်ကို ဆက်သွယ်ပေးမယ့် တံတားတစ်စင်း ဆောက်လုပ်မှုလုပ်ငန်းဟာ စတင်နေပေမယ့် အစိုးရတာဝန်ရှိသူတွေအကြား ဒီဇိုင်းကိစ္စ သဘောထားအမြင် ကွဲလွဲမှုကြောင့် ကြန့်ကြာနေပါတယ်။

    အမြင့် ၄၉ မီတာ၊ ရေလည်တိုင်နှစ်တိုင်ပါဝင်မယ့် လက်ရှိ လျာထားတံတားဒီဇိုင်းကို မြန်မာ့ဆိပ်ကိမ်းအာဏာပိုင်အဖွဲ့က ကန့်ကွက်ခဲ့ပါတယ်။

    ရန်ကုန်မြစ်အတွင်းမှာ ဆိပ်ကမ်းတွေရှိပြီး အဲဒီဆိပ်ကမ်းကို ၀င်ထွက်မယ့် သင်္ဘောကြီးတွေအတွက် လက်ရှိ တံတားဒီဇိုင်းဟာ မသင့်လျော်တာကြောင့် အမြင့်ကို ၅၄ မီတာထားဖို့နဲ့ ရေလည်တိုင်နှစ်တိုင်ကို ကမ်းနားကိုရွှေ့ဖို့ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က တိုက်တွန်းခဲ့ပါတယ်။

    ဆောက်လုပ်ရေးဝန်ကြီးဌာနက အဲဒီလို ဒီဇိုင်းပြောင်းလဲလိုက်မယ်ဆိုရင် ဒေါ်လာ သန်းနဲ့ချီ ထပ်မံကုန်ကျဖို့ရှိနေပြီး၊ တိုင်နှစ်ခုကို ကမ်းနားရွှေ့ဖို့ဆိုတာလည်း နည်းလမ်းပိုင်းအရ မဖြစ်နိုင်ကြောင်း ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

    မြန်မာဆိပ်ကမ်း အာဏာပိုင်အဖွဲ့ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်က သူတို့အနေနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ အခြေအနေကို နားလည်တယ်လို့ ဆိုပါတယ်။

    “အမြင့်ကို ၄၉ မီတာထားဖို့ ကျွန်တော်တို့ သဘောတူခဲ့ပါတယ်။ ဒါပေမယ့် ဆိပ်ကမ်းတွေအနေနဲ့ လိုအပ်တဲ့ ၀န်ချီစက်တွေကို တံတားစီမံကိန်း မစခင်မှာ ၀ယ်ယူဖို့ လိုပါတယ်”

    ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ကန့်ကွက်တာကြောင့် တံတားဆောက်လုပ်ရေးလုပ်ငန်း ကြန့်ကြာနေတာ ဖြစ်တယ်ဆိုတဲ့ သတင်းတွေကိုလည်း ဦးနီအောင်က ပယ်ချခဲ့ပြီး သူတို့အနေနဲ့ ကန့်ကွက်စရာ အကြောင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    တံတားကို တောင်ကိုရီးယား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရေးရန်ပုံငွေအဖွဲ့ထံက ချေးငွေ ကန်ဒေါ်လာ ၁၃၇.၈ သန်း၊ မြန်မာအစိုးရရဲ့ ရင်းနှီးမြှုပ်နှံငွေ ကန်ဒေါ်လာ ၃၀.၃၄၁ သန်းတို့နဲ့ ဆောက်လုပ်မှာ ဖြစ်ပြီး ဇန်န၀ါရီလက ဆောက်လုပ်ရေးလုပ်ငန်းတွေ စတင်ခဲ့တာပါ။

    ၁၉၃၆ ပေရှည်မယ့် အဲဒီတံတားဟာ ရန်ကုန်၊ လမ်းမတော်မြို့နယ်က ဘုန်းကြီးလမ်းနဲ့ ဒလမြို့နယ်က ဗိုလ်မင်းရောင်လမ်းတို့ကို ဆက်သွယ်ပေမှာ ဖြစ်ပါတယ်။

    စီမံကိန်းကို သမ္မတဦးသိန်းစိန်လက်ထက်မှာ အဆိုပြုခဲ့ပေမယ့် ဒေသခံတွေရဲ့ ကန့်ကွက်မှုကြောင်း ကြန့်ကြာခဲ့ရပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနက စီမံကိန်းဧရိယာအတွင်းမှာ ရှိနေတဲ့ ဒေသခံတွေကို လျော်ကြေး လုံလုံလောက်လောက်ပေးထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Coconut

  • ၂၀၂၆ ကမ္ဘာ့ဖလားကို မြောက်အမေရိက ၃ နိုင်ငံ ပူးတွဲကျင်းပခွင့်ရ

    ၂၀၂၆ ကမ္ဘာ့ဖလားကို မြောက်အမေရိက ၃ နိုင်ငံ ပူးတွဲကျင်းပခွင့်ရ

    ဇွန် ၁၃၊ ၂၀၁၈
    M-Media

    – ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်ပွဲကို ရုရှားနိုင်ငံ မော်စကိုမြို့မှာ ဒီကနေ့ ကျင်းပခဲ့ရာ အမေရိကန်-ကနေဒါ-မက္ကဆီကို ၃ နိုင်ငံက ပြိုင်ပွဲကျင်းပခွင့် ရရှိသွားခဲ့ပါတယ်။

    အဲဒီ ၃ နိုင်ငံဟာ အာဖရိကတိုက်က မော်ရိုကိုနိုင်ငံနဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး မဲခွဲမှုအတွင်း ထောက်ခံမဲ ၆၇ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။ အိမ်ရှင်အဖြစ် ၅ ကြိမ်မြောက်လျှောက်ထားတဲ့ မော်ရိုကိုနိုင်ငံက ၃၃ ရာခိုင်နှုန်းသာ ရရှိပါတယ်။

    ၂၀၂၆ ကမ္ဘာ့ဖလားဟာ ပထမဆုံးအကြိမ် ၄၈ သင်း ယှဉ်ပြိုင်မှာဖြစ်ပြီး မြောက်အမေရိကတိုက်မှာ ၄ ကြိမ်မြောက် ကျင်းပခွင့် ရခဲ့တာလည်း ဖြစ်ပါတယ်။

    အမရိကန်ဟာ ၁၉၉၄ ခုနှစ် ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရခဲ့ပြီး မက္ကဆီကိုက ၁၉၇၀နဲ့ ၁၉၈၆ တွေမှာ ကျင်းပခွင့် ရထားပါတယ်။ ကနေဒါကတော့ အမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပဖူးခြင်းမရှိဘဲ ၂၀၁၅ ခုနှစ် အမျိုးသမီး ကမ္ဘာ့ဖလားကိုသာ ကျင်းပခွင့် ရထားပါတယ်။

    အမေရိကန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ကားလို့ ကော်ဒီရိုက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမြတ်ငွေ ဒေါ်လာ ၁၄ ဘီလီယံလောက် ရဖို့ရှိနေပြီး ဖီဖာအတွက် ၁၁ ဘီလီယံ အမြတ်ရမယ်လို့ တွက်ပြခဲ့ပါတယ်။ ပြိုင်ပွဲမှာ လက်မှတ်စံချိန်တင်ရောင်းချရကာ၊ ၀န်ဆောင်မှုအကျိုးအမြတ်လည်း ပိုမိုများပြားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

    ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် ပထမဆုံးအကြိမ် ၃ နိုင်ငံ ပူးတွဲကျင်းမယ့်ပြိုင်ပွဲဖြစ်ပြီး အဓိကပွဲတွေကို အမေရိကန်မှာ ကစားမှာ ဖြစ်ပါတယ်။

    Ref: Aljazeera