News @ M-Media

Blog

  • သောကြာနေ့ ဘောလုံးသတင်းများ

    သောကြာနေ့ ဘောလုံးသတင်းများ

    ဇွန် ၁၊ ၂၀၁၈
    M-Media

    ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ရုရှားအသင်းတွင် တားမြစ်ဆေးသုံးသူ ပါဝင်နေ
    ===========
    ရုရှားက ထုတ်ပြန်ထားတဲ့ ကမ္ဘာ့ဖလား လူစာရင်း ၃၄ ဦးမှာ တားမြစ်ဆေးသုံးထားသူတစ်ဦး ပါဝင်နေတယ်လို့ ရုရှား တားမြစ်ဆေးဆန့်ကျင်ရေး အကြီးအကဲဟောင်း ဂရီဂိုရီ ရော့ဒ်ချန်ကော့ဗ်က ပြောကြားလိုက်ပါတယ်။ ရုရှားကစားသမားတွေ တားမြစ်ဆေးကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုကို အထောက်အထား မလုံလောက်တဲ့အတွက် ဖီဖာက ပြီးခဲ့တဲ့တစ်ပတ်မှာ အဆုံးသတ်ခဲ့ပါတယ်။ ရော့ဒ်ချန်ကော့ဗ်ဟာ အစိုးရအစီအစဉ်နဲ့ ရုရှားအားကစားသမားတွေ တားမြစ်ဆေးသုံးစွဲမှုကိစ္စကို ဖော်ကောင်လုပ်ခဲ့သူလည်း ဖြစ်ပါတယ်။ ရုရှားဘောလုံးအဖွဲ့ချုပ် အကြီးအကဲ ဗီတာလီ မွတ်ကိုက ဘောလုံးကစားသမားတွေ တားမြစ်ဆေးသုံးစွဲမှုကိစ္စကို ထုတ်ပြမပြောဖို့ ပိတ်ထားတယ်လို့လည်း ရော့ဒ်ချန်ကော့ဗ်က ဆိုပါတယ်။

    ချယ်ဆီး၏ အန္တရာယ်များကို အကြီးအကဲဟောင်း သတိပေး
    ===========
    ချယ်ဆီးဟာ ကွင်းမဲ့၊ နည်းပြမဲ့၊ နာမည်ကြီးကစားသမားမဲ့ အသင်းမျိုး ဖြစ်မယ့်အန္တရာယ် ရှိနေတယ်လို့ အသင်း အကြီးအကဲဟောင်း ထရီဗာ ဘီရ်ခ်ျက သတိပေးလိုက်ပါတယ်။ အသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ခ်ျဟာ ယူကေဗီဇာရရှိရေး မသေချာတာကြောင့် စတမ်းဖို့ဒ်ဘရစ်ခ်ျအဆင့်မြှင့်တင်ရေးကိစ္စ ရပ်ဆိုင်းထားရပါတယ်။ နည်းပြကွန်တီဟာ အသင်းကနေ ထွက်ခွာမယ်လို့ သတင်းတွေထွက်နေပြီး ကွင်းလယ်လူ ဟဇာ့ဒ်ကိုလည်း ရီးယဲလ်က ဆက်သွယ်နေတယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ချယ်ဆီးဟာ ရီးယဲလ်က ထွက်ခွာတော့မယ့် ဇီဒိန်းကို ချဉ်းကပ်နေတယ်လို့လည်း ဆိုပါတယ်။

    ရီးယဲလ်အသင်းတွင် နည်းပြရရလျှင် ပျော်ရွှင်မည်ဟု စပါးနည်းပြပြော
    ===============
    လက်ရှိ စပါးအသင်းမှာ ပျော်ရွှင်နေပေမယ့် ရီးယဲလ်ကို ပြောင်းရမယ်ဆိုလည်း ပြောင်းသွားမယ်လို့ နည်းပြ ပိုချက်တီနိုက ပြောကြားလိုက်ပါတယ်။ ရီးယဲလ်ဟာ ဇီဒိန်း ရုတ်တရက်ထွက်ခွာသွားပြီးနောက် နည်းပြသစ် ရှာဖွေနေပြီး အသင်းဥက္ကဌ ပီရက်ဇ်က ပိုချက်တီနိုကို မျက်စိကျနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ပို
    ချက်တီနိုကတော့ သူ့အနေနဲ့ ဘောလုံးခေါ်ဆောင်သွားရာနောက်ကို လိုက်မှာဖြစ်ပြီး ကံကြမ္မာကို မပြောင်းလဲချင်ဘူးလို့ ဆိုပါတယ်။

    တစ်ခုခုလုပ်ပြရန်ထက် ပွဲကိုသာ အာရုံစိုက်ရန် မက်ဆီကို မာရာဒိုနာ တိုက်တွန်း
    ===========
    မက်ဆီအနေဖြင့် ကမ္ဘာ့ဖလားတွင် မည်သည့်သက်သေမှ ပြစရာမလိုဟု အာဂျင်တီးနား ဂန္တ၀င်ကစားသမား မာရာဒိုနာက ပြောကြားလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ် ဘရာဇီးလ်ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားဟာ နောက်ဆုံးဗိုလ်လုပွဲကို ရောက်ခဲ့ပေမယ့် ဂျာမနီကိုရှုံးကာ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အခုကမ္ဘာ့ဖလားပွဲဟာ မက်ဆီအတွက် နောက်ဆုံးကမ္ဘာ့ဖလားပွဲ ဖြစ်နိုင်ပြီး မာရာဒိုနာကတော့ မက်ဆီအနေနဲ့ တစ်ခုခုလုပ်ပြဖို့ထက် ပွဲကို အာရုံစိုက်ကစားဖို့သာလိုကြောင်း၊ အာဂျင်တီးနားဟာ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းမစားကြောင်း၊ ရေပန်းစားတဲ့ အသင်းတွေဟာ ဗိုလ်မစွဲတတ်ကြောင်း ပြောဆိုခဲ့ပါတယ်။ မက်ဆီဟာ အာဂျင်တီးနားအသင်းနဲ့ အဓိကပြိုင်ပွဲတွေမှာ အမြင့်ဆုံး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

    Ref: BBC, Goal

  • အမေရိကန်၏ အခွန်တိုးကောက်မည့်အစီအစဉ် အန္တရာယ်ရှိဟု အီးယူပြော

    အမေရိကန်၏ အခွန်တိုးကောက်မည့်အစီအစဉ် အန္တရာယ်ရှိဟု အီးယူပြော

    ဇွန် ၁၊ ၂၀၁၈
    M-Media

    ဥရောပသမဂ္ဂ ကုန်သွယ်ရေးဆိုင်ရာ အကြီးအကဲ စီစီလီယာ မာလ်မ်စထရောင်း

    – ဥရောပကတင်ပို့တဲ့ စတီးနဲ့ အလူမီနီယံတွေအပေါ် အခွန်တိုးကောက်ဖို့ အမေရိကန်က ကြိုးစားမှုဟာ အန္တရာယ်ရှိတဲ့ ကစားပွဲတစ်ခုကို ကစားနေတာဖြစ်တယ်လို့ ဥရောပသမဂ္ဂရဲ့ ကုန်သွယ်ရေးဆိုင်ရာ အကြီးအကဲ စီစီလီယာ မာလ်မ်စထရောင်းက ပြောကြားလိုက်ပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကုန်သွယ်ရေး မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ဥရောပသမဂ္ဂ၊ ကနေဒါနဲ့ မက္ကဆီကိုတို့က တင်သွင်းတဲ့ စတီးနဲ့ အလူမီနီယံတို့ကို အခွန်တိုးကောက်သွားမယ်လို့ မနေ့မှာ ကြေငြာခဲ့တာပါ။

    စီစီလီယာ မာလ်စထရောင်းက ဒီလုပ်ရပ်ဟာ ဥရောပရဲ့ စီးပွားရေး ပြန်လည်ဦးမော့လာမှုနဲ့ အမေရိကန် စားသုံးသူတွေကို ထိခိုက်စေလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

    အမေရိကန်ရဲ့လုပ်ရပ်ကို တုန်ပြန်တဲ့အနေနဲ့ ဥရောပသမဂ္ဂဟာ သူတို့အခွန်တိုးကောက်မယ့် အမေရိကန်ကုန်ပစ္စည်း ၁၀ မျက်နှာစာ စာရင်းကို ထုတ်ပြန်ခဲ့ပြီး နာမည်ကျော် ဟာလီဒေဗစ်ဆင် ဆိုင်ကယ်ကနေ ၀ီစကီအထိ ပါဝင်ပါတယ်။

    ကနေဒါနဲ့ မက္ကဆီကိုတို့ကလည်း အမေရိကန်ရဲ့ လုပ်ရပ်ကို ပြန်လည်တုန့်ပြန်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    မာလ်မ်စထရောင်းက ဥရောပသမဂ္ဂအနေနဲ့ ဒီကိစ္စအတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) တိုင်ကြားသွားမယ်လို့ ဆိုပါတယ်။

    ဒါပေမယ့် ငြိမ်ခံနေမှာမဟုတ်ဘဲ အမေရိကန်ကုန်ပစ္စည်းတွေအပေါ် အခွန်ကောက်သွားဖို့ကို မလုပ်မဖြစ် လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ ဒီကိစ္စကြောင့် အမေရိကန်-အီးယူ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်မှာမဟုတ်ကြောင်းလည်း သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: BBC

  • ခရစ်ယာန်ဘုရားကျောင်းများကို တိုက်ခိုက်သည့် အကြမ်းဖက်အဖွဲ့ကို အင်ဒိုနီးရှား ပစ်ခတ်ဖမ်းဆီး

    ခရစ်ယာန်ဘုရားကျောင်းများကို တိုက်ခိုက်သည့် အကြမ်းဖက်အဖွဲ့ကို အင်ဒိုနီးရှား ပစ်ခတ်ဖမ်းဆီး

    ဇွန် ၁၊ ၂၀၁၈
    M-Media

    ခရစ်ယာန်ဘုရားကျောင်း အကြမ်းဖက်တိုက်ခိုက်ခံရမှု မြင်ကွင်း

    – အခုလအတွင်း ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ရဲဌာနတစ်ခုတို့ကို အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့အဖွဲ့တွေကို အင်ဒိုနီးရှားရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းမှာ စီးနင်းဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    ဖမ်းဆီးမှုအတွင်း ခုခံမှုတွေရှိတာကြောင့် ရဲတပ်ဖွဲ့က တုန့်ပြန်ပစ်ခတ်ခဲ့ရပြီး အကြမ်းဖက်သံသယရှိသူ ၄ ဦး သေဆုံးကာ ၄၁ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲ တီတို ကာရ်နာဗီယန်က သတင်းထောက်တွေကို မနေ့မှာ ပြောကြားခဲ့ပါတယ်။

    IS ကို သစ္စာခံတဲ့ ဒေသခံ အကြမ်းဖက်အဖွဲ့အစည်းက အဖွဲ့ဝင်မိသားစုနှစ်စုဟာ မေလ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ ခရစ်ယာန်ဘုရားကျောင်း ၃ ခုနဲ့ ရဲဌာနချုပ်တစ်ခုတို့ကို အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့ပြီး လူ ၁၄ ဦးသေဆုံးကာ ၄၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    ဒီအဖြစ်အပျက် ဖြစ်ပွားပြီးနောက် မေလ ၂၅ ရက်နေ့မှာ အင်ဒိုနီးရှားဟာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေတစ်ခုကို အတည်ပြုခဲ့ပါတယ်။ အဲဒီဥပဒေဟာ အကြမ်းဖက်သံသယရှိသူတွေကို လက်ဦးမှုရယူ ဖမ်းဆီးရာမှာ ရဲတပ်ဖွဲ့ကို ပိုမိုအာဏာပေးအပ်ထားပြီး လိုအပ်လာရင် စစ်တပ်ပါ ပါဝင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

    Ref: CNA

  • ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    မေ ၃၁၊ ၂၀၁၈
    M-Media

    အာဆင်ဝင်းဂါး အသင်းသစ်နှင့် မကြာမီပြန်လာမည်
    ================
    ဘောလုံးအပေါ် စွဲလမ်းနှစ်သက်နေတဲ့အတွက် မကြာခင်မှာ ထိပ်တန်းအသင်းကို ပြန်လာချင်တယ်လို့ အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးက ပြောကြားလိုက်ပါတယ်။ ၀င်းဂါးဟာ အာဆင်နယ်ကို ၂၂ နှစ်ကြာ ကိုင်တွယ်ခဲ့ပြီးတဲ့နောက် အခုနှစ်ဘောလုံးရာသီအကုန်မှာ ထွက်ခွာခဲ့တာပါ။ ဒါပေမယ့် အခုလက်ရှိ အလုပ်မရှိတဲ့ အတွက် ပြင်းနေကြောင်း၊ အသင်းသစ်နဲ့ စမ်းသပ်ခွင့်ရမယ့်အတွက် စိတ်လှုပ်ရှားမိကြောင်း၊ မိမိဟာ ဘ၀စာမျက်နှာတစ်ခု ဖွင့်လှစ်ဖို့အတွက် အဆင်သင့်ဖြစ်နေကြောင်း ၀င်းဂါးက မနေ့မှာ ပြောဆိုခဲ့ပါတယ်။

    မန်စီးတီးက တိုက်စစ်နှင့် အလယ်တန်းကစားသမားနှစ်ဦး တစ်ပြိုင်တည်းခေါ်မည်
    ============
    မန်စီးတီးအသင်းဟာ လက်စတာတိုက်စစ်မှူး ရီယာ့ဒ် မဟ်ရက်ဇ်နဲ့ နာပိုလီအလယ်တန်းကစားသမား ဂျော်ဂင်ဟိုတို့ကို ခေါ်ယူဖို့နီးစပ်နေတယ်လို့ သတင်းထွက်လာပါတယ်။ မဟ်ရက်ဇ်အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ ကုန်ကျဖွယ်ရှိနေပြီး ဂျော်ဂင်ဟိုအတွက်က ၄၂ သန်းရှိမယ်လို့ ခန့်မှန်းရပါတယ်။ မဟ်ရက်ဇ်ဟာ လက်စတာစီးတီးအသင်းအတွက် ၁၇၉ ပွဲ ကစားကာ ၄၈ ဂိုး သွင်းယူပေးခဲ့ပြီး လက်စတာ ပရီးမီးယားလိဂ်ဖလားရခဲ့တဲ့ ၂၀၁၆ခုနှစ်မှာ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

    ချယ်ဆီးကွင်းလယ်လူဟောင်းလမ်းပတ် ဒါဘီနည်းပြဖြစ်လာ
    =============
    ချယ်ဆီးကွင်လယ်လူဟောင်း လမ်းပတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တယ်လို့ ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီက ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။ နည်းပြနေရာအတွက် လျှောက်ထားသူ ၂၀ ထဲကနေ လမ်းပတ်ကို ရွေးချယ်ခဲ့တာဖြစ်ပြီး အသက် ၃၉ နှစ်အရွယ် လမ်းပတ်ကလည်း သူ့အနေနဲ့ ဒီရာထူးအတွက် အချိ
    န်အတိုင်းအတာတစ်ခုအထိ ဆွေးနွေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: BBC,Goal

  • ရီးယဲလ်မှ ထွက်ခွာတော့မည်ဟု နည်းပြဇီဒိန်း ကြေငြာ

    ရီးယဲလ်မှ ထွက်ခွာတော့မည်ဟု နည်းပြဇီဒိန်း ကြေငြာ

    မေ ၃၁၊ ၂၀၁၈
    M-Media

    – ရီးယဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာတော့မယ်လို့ နည်းပြဇီဒိန်းက ဒီကနေ့မှာ ကြေငြာလိုက်ပြီး အသင်းဟာ ‘အပြောင်းအလဲတစ်ခု’ ကို လိုအပ်နေပြီလို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၆ ခုနှစ် ဇန်န၀ါရီလက အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ဇီဒိန်းဟာ ၃ နှစ်တာကာလအတွင်း ချန်ပီယံလိဂ် ၃ ကြိမ်ဆက် ချန်ပီယံနဲ့ လာလီဂါဖလား တစ်ကြိမ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

    ဇီဒိန်းက အရာအားလုံးဟာ ပြောင်းလဲနေတဲ့အတွက် ဒီလိုဆုံးဖြတ်ချက်မျိုး ချရတာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    “အသင်းကို ကျွန်တော်ချစ်တယ်။ အသင်းဟာ ဆက်လက်အောင်ပွဲခံဖို့ လိုအပ်တယ်လို့ ကျွန်တော် တွေးရမှာဖြစ်ပေမယ့်၊ အပြောင်းအလဲတစ်ခု၊ မတူညီတဲ့ အသံတစ်ခု၊ နည်းသစ်လမ်းသစ်တစ်ခု လိုအပ်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ ကျွန်တော့်အတွက်၊ အသင်းသားတွေအတွက်၊ အသင်းအတွက် သင့်လျော်တဲ့အချိန်ပါပဲ”

    ဇီဒိန်းရဲ့လက်ထက်မှာ ရီးယဲလ်ဟာ ၁၀၄ ပွဲနိုင် ၂၉ ပွဲသရေကျခဲ့ပြီး အနိုင်ရမှုရာခိုင်နှုန်း ၆၉.၈ ရှိခဲ့ကာ ဖလား ၉ လုံး ရယူပေးနိုင်ပါတယ်။

    ဒါပေမယ့် ၂၀၁၇-၁၈ ဘောလုံးရာသီ လာလီဂါမှာ ရီးယဲလ်ဟာ တတိယနေရာနဲ့ ရာသီသိမ်းခဲ့ပြီး ချန်ပီယံဖြစ်ခဲ့တဲ့ ပြိုင်ဘက် ဘာစီလိုနာနဲ့ ၁၇ မှတ် ကွာဟခဲ့ပါတယ်။

    ဖေဖော်ဝါရီလအတွင်းမှာ ဇီဒိန်းက သူ့အနေနဲ့ အသင်းအပေါ် ထပ်ပြီး မပေးဆပ်နိုင်တော့ဘူးလို့ ခံစားရရင် အသင်းကနေထွက်မယ်လို့ ပြောကြားဖူးပါတယ်။

    ဒါပေမယ့် ချန်ပီယံလိဂ်ဖလား ရရှိပြီး ရက်ပိုင်းကြာမှာ နှုတ်ထွက်ကြောင်း ကြေငြာမှုဟာ ဘောလုံးလောကအတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။

    Ref: BBC