News @ M-Media

Blog

  • ဝေဖန်ရေးဂျာနယ်လစ်တစ်ဦးကို ရုရှားကသတ်ဖြတ်ရန်ကြိုးစားမှု ယူကရိန်း အကွက်ဆင်ဖော်ထုတ်

    ဝေဖန်ရေးဂျာနယ်လစ်တစ်ဦးကို ရုရှားကသတ်ဖြတ်ရန်ကြိုးစားမှု ယူကရိန်း အကွက်ဆင်ဖော်ထုတ်

    မေ ၃၁၊ ၂၀၁၈
    M-Media

    သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် အာကာဒီ ဘာ့ဘ်ချန်ကို (လယ်)

    – သမ္မတပူတင်ကို ဝေဖန်တဲ့ ရုရှားဂျာနယ်လစ် အသတ်ခံရတယ်ဆိုတဲ့ကိစ္စဟာ သူ့ကိုသတ်ဖို့ ကြိုးစားသူကို အကွက်ဆင်ဖမ်းဆီးမှုတစ်ခုဖြစ်တယ်လို့ ယူကရိန်းအာဏာပိုင်တွေက မနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    ဂျာနယ်လစ် အာကာဒီ ဘာ့ဘ်ချန်ကိုတစ်ယောက် မြို့တော်ကိဗ်က နေအိမ်မှာ သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခံခဲ့ရပြီး ဆေးရုံကိုပို့ဆောင်စဉ် ကွယ်လွန်ခဲ့တယ်လို့ ယူကရိန်းက အင်္ဂါနေ့မှာ သတင်းထုတ်ခဲ့ပါတယ်။

    ဒါပေမယ့် မနေ့က ယူကရိန်းလုံခြုံရေးအဖွဲ့ရဲ့ သတင်းရှင်းစာလင်းပွဲအတွင်း ဘာ့ဘ်ချန်ကိုတစ်ယောက် အသက်ရှင်လျက် တက်ရောက်ခဲ့ပါတယ်။

    ယူကရိန်းလုံခြုံရေးအကြီးအကဲ ဗာဆီလီ ဟာ့တ်ဆက်က ဘာ့ဘ်ချန်ကိုကို သတ်ဖြတ်မယ့် အစီအစဉ်ကို ကြိုသိနေတဲ့အတွက် လုပ်ကြံမှု အထမြောက်တဲ့ပုံစံမျိုး အထူးစစ်ဆင်ရေးတစ်ခု ဖန်တီးကာ လူသတ်သမားကို အကွက်ဆင်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ရုရှားလုံခြုံရေးအဖွဲ့တွေဟာ ဘာ့ဘ်ချန်ကိုကိုသတ်ဖြတ်ဖို့အတွက် ယူကရိန်းနိုင်ငံသားတစ်ဦးကို ကန်ဒေါ်လာ ၄ သောင်းပေးကာ ခိုင်းစေခဲ့ကြောင်း၊ ကျူးလွန်သူကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင် သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဘာ့ဘ်ချန်ကိုက စစ်ဆင်ရေးအသေးစိတ်ကို ထုတ်ပြောမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး သူ့ကိုသတ်မယ့် အစီအစဉ်ကို ယူကရိန်းရဲတပ်ဖွဲ့က လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက ကြိုတင်သိရှိခဲ့ကြောင်း၊ ပြီးခဲ့တဲ့တစ်လအရင် စစ်ဆင်ရေးကိစ္စအတွက် သူ့ကို ဆက်သွယ်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    ဒီအကွက်ဆင်ဖမ်းဆီးမှုကို ဇနီးဖြစ်သူတောင်မှ သိရှိခြင်းမရှိဘဲ သူ့ကြောင့် စိတ်ထိခိုက်ရသူတွေကို ဘာ့ဘ်ချန်ကိုက တောင်းပန်ခဲ့ပါတယ်။

    ဘာ့ဘ်ချန်ကိုကို သတ်ဖြတ်မှုမှာ ရုရှားပါဝင်တဲ့ဆိုတဲ့သတင်းတွေကို ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့ဗ်က ငြင်းဆိုခဲ့ပြီး ဒါဟာ ရုရှားဆန့်ကျင်ရေး ၀ါဒဖြန့်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • မွတ်စလင်တစ်ဦးကို ကယ်ခဲ့သည့် အိန္ဒိယရဲ တစ်ဦး ဟိန္ဒူအစွန်းရောက်များ၏ ခြိမ်းခြောက်မှုကို ခံနေရ

    မွတ်စလင်တစ်ဦးကို ကယ်ခဲ့သည့် အိန္ဒိယရဲ တစ်ဦး ဟိန္ဒူအစွန်းရောက်များ၏ ခြိမ်းခြောက်မှုကို ခံနေရ

    မေ ၃၀၊ ၂၀၁၈
    M-Media

    ရဲအရာရှိ ဂါဂန်ဒီပ်ဆင်း

    – အုပ်စုဖွဲ့ ရိုက်နှက်ခံနေရတဲ့ မွတ်စလင်တစ်ဦးကို ကယ်ထုတ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်ဟာ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရတယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် နိုင်ငံမြောက်ပိုင်း အူထရာ့က်ဟန်းပြည်နယ်မှာ သူ့ရဲ့ချစ်သူ ဟိန္ဒူအမျိုးသမီးနဲ့အတူ ဘုရားကျောင်းလိုက်သွားတဲ့ မွတ်စလင်အမျိုးသားတစ်ဦးကို ဟိန္ဒူလူအုပ်စုကြီးက ရိုက်နှက်သတ်ဖြတ်ဖို့ ကြိုးစားခဲ့တာပါ။

    အဲဒီအချိန်မှာ ရဲအရာရှိ ဂါဂန်ဒီပ်ဆင်းက လူအုပ်ထဲတိုးဝင်ကာ မွတ်စလင်အမျိုးသားကို ကယ်တင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ဒီလုပ်ရပ်ကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဟာ ဆိုရှယ်မီဒီယာမှာ အလျင်အမြန် ပြန့်နှံ့ခဲ့ပြီး နိုင်ငံတစ်ဝှမ်းက ပြည်သူတွေဟာ ချီးကျူးခဲ့ကြပါတယ်။

    “ကျွန်တော့်တာဝန်ကို ကျွန်တော် ထမ်းဆောင်တာပါ။ ယူနီဖောင်း မ၀တ်ထားရင်တောင် ကျွန်တော် ဒီအလုပ်ကို လုပ်သွားမှာပါ။ အိန္ဒိယနိုင်ငံသားတိုင်းဟာ ဒီလိုပဲ ပြုမူရမှာ ဖြစ်ပါတယ်” လို့ ဆင်းက ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် ဆင်းကို အာဏာရ BJP ပါတီက နိုင်ငံရေးသမားတစ်ချို့ အပါအ၀င် ဟိန္ဒူအစွန်းရောက်တွေက ဝေဖန်ခဲ့ကြပါတယ်။ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဆင်းဟာ အသက်အန္တရာယ်ခြိမ်းခြောက်ခံရတဲ့အတွက် လက်ရှိမှာ ခွင့်ယူထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: BBC

  • သြစတေးလျမှ ထင်ရှားသည့် မွတ်စလင်ပရဟိတသမား ကင်ဆာဖြင့် ကွယ်လွန်

    သြစတေးလျမှ ထင်ရှားသည့် မွတ်စလင်ပရဟိတသမား ကင်ဆာဖြင့် ကွယ်လွန်

    မေ ၃၀၊ ၂၀၁၈
    M-Media

    သြစတေးလျက ထင်ရှားတဲ့ မွတ်စလင် ပရဟိတသမား သန်းကြွယ်သူဌေး အလီ ဘာနတ်ဟာ မနေ့က ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

    – သြစတေးလျက ထင်ရှားတဲ့ မွတ်စလင် ပရဟိတသမား သန်းကြွယ်သူဌေး အလီ ဘာနတ်ဟာ မနေ့က ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

    ဆစ်ဒနီမှာ မွေးဖွားကြီးပြင်းခဲ့တဲ အလီဟာ အောင်မြင်တဲ့ စီးပွားရေးသမား လူချမ်းသာတစ်ယောက်ဖြစ်ပြီး စည်းစိမ်ဥစ္စာတွေကို အပြည့်အ၀ စံစားခဲ့သူလည်း ဖြစ်ပါတယ်။

    ဒါပေမယ့် လွန်ခဲ့တဲ့ ၃ နှစ်မှာ ကင်ဆာရောဂါခံစားနေရတာကို သိရှိပြီးခဲ့တဲ့နောက် သူ့ရဲ့ ကြွယ်ဝမှုတွေကို လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဆရာဝန်တွေက ကင်ဆာအဆင့် ၄ ဖြစ်နေတဲ့ အလီဟာ ၇ လသာ နေရတော့မယ်လို့ ပြောကြားခဲ့ပေမယ့် သူဟာ ၃ နှစ်အထိ အသက်ရှင်နေထိုင်သွားခဲ့ပါတယ်။

    ကင်ဆာရောဂါဟာ သူ့ရဲ့ဘ၀နေထိုင်မှုကို ပြောင်းလဲဖို့အတွက် ‘ဘုရားသခင်ကပေးတဲ့ လက်ဆောင်’ ဖြစ်တယ်လို့ အလီပြောကြားခဲ့တဲ့ ဗီဒီယိုဟာ နိုင်ငံတစ်ဝှမ်းမှာ ရေပန်းစားခဲ့ပါတယ်။ အဲဒီဗီဒီယိုမှာ သူရဲ့ တန်ဖိုးကြီးအသုံးအဆောင်ပစ္စည်းတွေကိုလည်း ပြသခဲ့ပါတယ်။

    “ကျန်းမာရေးကြောင့် လောကမှာ သိပ်ကြာကြာမနေရတော့ဘူးလို့ သိလိုက်ရတဲ့အချိန်မှာ နောက်ဆုံး ရွေးချယ်စရာက အလှူဒါနပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ နေ့စဉ်ဘ၀ကို အလှူရေစက် လက်နဲ့မကွာ နေထိုင်သွားရမှာပါ”

    အလီဟာ Muslims Around the World (MATW) ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့ပြီး တိုဂို၊ ဂါနာ၊ ဘာကီနာဖာဆို စတဲ့ အာဖရိကက ဆင်းရဲချို့တဲ့ ထောင်ပေါင်းများစွာသော ပြည်သူတွေကို ကူညီပေးခဲ့ပါတယ်။

    သူ့ရဲ့လှူဒါန်းမှုတွေဟာ လိုအပ်နေတဲ့သူတွေထံ ရာနှုန်းပြည့်ရောက်ဖို့အတွက်လည်း အလီဟာ အဲဒီနိုင်ငံတွေကို တကူးတကသွားပြီး ကြီးကြပ်လေ့ရှိပါတယ်။

    MATW အဖွဲ့ဟာ အာဖရိကက မုဆိုးမ ၂၀၀ အတွက် ရွာတစ်ရွာ၊ ဗလီဝတ်ကျောင်းတော်တစ်လုံး၊ မိဘမဲ့ ၆၀၀ ပညာသင်ကြားနိုင်မယ့် စာသင်ကျောင်းတစ်ခု၊ ဆေးရုံအသေးစားတစ်ခု ဒေသခံတွေ အကျိုးဖြစ်ထွန်းမယ့် စီးပွားရေးလုပ်ငန်းတစ်ခု တည်ထောင်ဖို့အတွက်လည်း ရည်ရွယ်ထားပါတယ်။

    “၀မ်းနည်းကြေကွဲရပါတယ်။ အလီဘာနတ်ကို ဆရာဝန်တွေက ၇ လပဲ အသက်ရှင်မယ်ပြောတယ်။ အလ္လာဟ်အရှင်မြတ်က သူ့ကို ၃ နှစ်ရှင်စေခဲ့ပြီး ဂျဟန္နမ်အပါယ်တံခါးတွေပိတ်ထားတဲ့ မြင့်မြတ်တဲ့ ရမ်ဇာန်ဥပုသ်လမှာပဲ သူ့ကို ခေါ်ယူလိုက်တယ်။ ကြက်သီးမွေးညှင်းထရပါတယ်” လို့ Twitter အသုံးပြုသူတစ်ဦးက ရေးသားခဲ့ပါတယ်။

    YouTube မှာ နာမည်ကြီးနေတဲ့ အဒမ် ဆာလေဟ်ကလည်း အလီဟာ သူ့အတွက် အတုယူစရာဖြစ်တယ်လို့ Twitter ကနေ ချီးကျူးခဲ့ပါတယ်။

    “ကျွန်တော်အပါအ၀င် လူတော်တော်များများအတွက်ကတော့ ကင်ဆာရောဂါဆိုတာ ခြောက်ခြားစရာပါ။ ဒါပေမယ့် ကျွန်တော့်ညီအကို အလီ ဘာနတ်အတွက် ဒါဟာ အောင်မြင်စရာ ဖြစ်ခဲ့ပါတယ်။ လူတော်တော်များများက လေးစားအတုယူရမယ့် ကိစ္စပါ။ အလ္လာဟ်အရှင်မြတ်သခင်အနေနဲ့ သူ့ကို ဂျန္နသ်နိဗ္ဗာန်ရဲ့ အမြင့်ဆုံးအဆင့်ကို ချီးမြှင့်ပေးသနားတော် မူပါစေ”

    အလီကွယ်လွန်တဲ့သွားပြီးတဲ့နောက် မနေ့က တစ်နေ့တည်းမှာပဲ သူ့ရဲ့ MATW ဖောင်ဒေးရှင်းကို လှူဒါန်းလာတဲ့ ငွေပမာဏဟာ သြဇီဒေါ်လာ တစ်သန်းကျော် ရှိခဲ့ပါတယ်။

    သူ့ကိုချစ်ခင်သူတွေက အလီရဲ့ ပရဟိတအလုပ်တွေကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရေး ဆိုရှယ်မီဒီယာကနေတစ်ဆင့် တိုက်တွန်းမှုတွေ လုပ်နေပါတယ်။

    Ref: Metro

  • သြစတေးလျရှိ လိင်စော်ကားခံရသူများကို ကူညီရေးအစီအစဉ်တွင် ကက်သလစ်အသင်းတော် ပါဝင်မည်

    သြစတေးလျရှိ လိင်စော်ကားခံရသူများကို ကူညီရေးအစီအစဉ်တွင် ကက်သလစ်အသင်းတော် ပါဝင်မည်

    မေ ၃၀၊ ၂၀၁၈
    M-Media

    – နိုင်ငံတစ်ဝှမ်း ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ အားကစားကလပ်တွေမှာ လိင်စော်ကားမှုကို ခံခဲ့ရသူတွေကို နှစ်သိမ့်ကူညီရေး အစိုးရရဲ့ အစီအစဉ်မှာ ပါဝင်သွားမယ်လို့ သြစတေးလျ ခရစ်ယာန်ကက်သလစ်အသင်းတော်က ပြောကြားလိုက်ပါတယ်။

    နိုင်ငံအတွင်းက အသင်းအဖွဲ့တွေမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ပတ်သက်ပြီး တော်ဝင်ကော်မရှင်က ဦးဆောင်ကာ ၅ နှစ်တာ ပြုလုပ်ခဲ့တဲ့ စုံစမ်းဖော်ထုတ်မှုမှာ ကက်သလစ်အသင်းတော်က ဘုန်းကြီးတွေရဲ့ ၇ ရာခိုင်နှုန်းလောက်ဟာ ၁၉၅၀ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း ကလေးငယ်တွေအပေါ် လိင်စော်ကားမှုတွေ ရှိခဲ့တယ်ဆိုတာ တွေ့ခဲ့ရပါတယ်။

    ထိခိုက်ခံစားရသူတွေကို နှစ်သိမ့်ကူညီကာ နစ်နာကြေးပေးရေး ဆောင်ရွက်ဖို့အတွက် အစိုးရနဲ့ အသင်းအဖွဲ့တွေကို ကော်မရှင်က ဖိအားပေးခဲ့ပါတယ်။

    “ဓနသဟာယအစိုးရက ဦးစီးပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နှစ်သိမ့်ကူညီရေးအစီအစဉ် ဆောင်ရွက်ဖို့ တော်ဝင်ကော်မရှင်ရဲ့အကြံပြုချက်ကို ကျွန်တော်တို့ ထောက်ခံပါတယ်။ ဒီအစီအစဉ်မှာလည်း ပါဝင်ဖို့ ဆန္ဒရှိပါတယ်” လို့ သြစတေးလျ ကက်သလစ်ဂိုဏ်းချုပ်ဘုန်းတော်ကြီးများအသင်းရဲ့ ဥက္ကဌ ဆရာတော် မာ့ခ် ကိုလီရစ်ဂ်ျက ပြောကြားခဲ့ပါတယ်။

    “ထိခိုက်ခံစားရသူတွေဟာ တရားမျှတမှု၊ နှစ်သိမ့်အားပေးမှုတွေနဲ့ ထိုက်တန်ပြီး တော်တော်များများဟာ သတ္တိမွေးကာ သူတို့ရဲ့အကြောင်းတွေကို ထုတ်ပြောခဲ့ရတာ ဖြစ်ပါတယ်”

    အဲဒီ လျော်ကြေးပေးတဲ့အစီအစဉ်ကို သြစတေးလျအစိုးရက ဦးဆောင်မှာဖြစ်ပြီး ကက်သလစ်အသင်းတော်ဟာ ဒီကိစ္စမှာပါဝင်တဲ့ ပထမဆုံး အစိုးရမဟုတ်တဲ့အဖွဲ့အစည်း ဖြစ်လာမှာ ဖြစ်ပါတယ်။

    သြစတေးလျရဲ့ အမြင့်ဆုံး စုံစမ်းစစ်ဆေးရေးအဖွဲ့အစည်းဖြစ်တဲ့ တော်ဝင်ကော်မရှင်ဟာ ခရစ်ယာန်ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ အားကစားကလပ်တွေမှာ ဖြစ်ပွားခဲ့တဲ့ လိင်စော်ကားမှုပေါင်း ၈၀၀၀ လောက်ကို ကြားနာခဲ့ပါတယ်။

    ထိခိုက်ခံစားရသူတွေအတွက် နစ်နာကြေးပမာဏကိုတော့ အစိုးရနဲ့ အအခြားအသင်းအဖွဲ့တွေ ပါဝင်မှုအပေါ်လိုက်ကာ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

    Ref: BBC

  • အိန္ဒိယတွင် မိုးကြိုးနှင့် လေပြင်းကြောင့် လူ ၅၀ သေဆုံး

    အိန္ဒိယတွင် မိုးကြိုးနှင့် လေပြင်းကြောင့် လူ ၅၀ သေဆုံး

    မေ ၃၀၊ ၂၀၁၈
    M-Media

    – အိန္ဒိယနိုင်ငံတစ်ဝှမ်း မိုးကြိုးပစ်တာနဲ့ လေပြင်းတိုက်ခတ်မှုတွေကြောင့် အနည်းဆုံး လူ ၅၀ လောက် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက မနေ့မှာ ပြောကြားခဲ့ပါတယ်။

    ဘီဟာရ်ပြည်နယ်က ဒီဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရပြီး မိုးကြိုးပစ်မှုကြောင့် သေဆုံးသူဟာ ၂၀ လောက် ရှိခဲ့ပါတယ်။ အူတာပရာဒက်ရှ်ပြည်နယ်မှာ သေဆုံးသူ ၁၅ ဦး၊ ဂျာ့ခ်ဟန်းပြည်နယ်မှာ သေဆုံးသူ အနည်းဆုံး ၁၂ ဦး ရှိခဲ့ပါတယ်။ သေဆုံးသူအများစုဟာ အိပ်ပျော်နေတဲ့အချိန်မှာ ဒီလိုခြေအနေမျိုးကို ကြုံတွေ့ခဲ့ရတာပါ။

    လေပြင်းတိုက်ခတ်မှုတွေကြောင့် အိုးအိမ်တွေပျက်ဆီးတာ၊ အဆောက်အဦးပြိုကျတာတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

    မိုးရာသီ မိုးကြိုးပစ်မှုဟာ အိန္ဒိယမှာ ပုံမှန်လိုလို ဖြစ်ပွားလေ့ရှိပြီး မိုးကြိုးပစ်ခံမှုကြောင့် သေဆုံးသူဟာ ၂၀၀၅ ခုနှစ်ကစလို့ တစ်နှစ်ကို အနည်းဆုံး ၂၀၀၀ လောက် ရှိနေပါတယ်။

    ပြီးခဲ့တဲ့သီတင်းပတ်အနည်းငယ်ကလည်း နိုင်ငံမြောက်ပိုင်းမှာ သဲမုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။

    Ref: BBC