News @ M-Media

Blog

  • ယူအေအီး၏ အစ်ဖ်သာရ်အလှူကို ပါလက်စတိုင်းများ သပိတ်မှောက်

    ယူအေအီး၏ အစ်ဖ်သာရ်အလှူကို ပါလက်စတိုင်းများ သပိတ်မှောက်

    မေ ၁၉၊ ၂၀၁၈
    M-Media

    – ပါလက်စတိုင်းကိစ္စ ပင်လယ်ကွေ့နိုင်ငံတွေရဲ့ ရပ်တည်ချက်ကို ဆန့်ကျင်တဲ့အနေနဲ့ ယူအေအီးက စီစဉ်ပေးတဲ့ အစ်ဖ်သာရ်ဝါဖြေပွဲကို သပိတ်မှောက်ရေး ပါလက်စတိုင်းပြည်သူတွေက ဆိုရှယ်မီဒီယာကနေတစ်ဆင့် လှုံ့ဆော်မှုတွေ ပြုလုပ်နေပါတယ်။

    ရမ်ဇာန်ဥပုသ်လမှာ ဥပုသ်သီလ ဆောက်တည်ကြသူတွေ ၀ါဖြေစားသောက်ဖို့အတွက် ယူအေအီးဟာ နှစ်စဉ် ဂျေရုစလင်က အလ်အက္ကဆွာ ဗလီဝတ်ကျောင်းတော်မှာ စီစဉ်ပေးတာ ဖြစ်ပါတယ်။

    ဒါပေမယ့် ဒီနှစ်မှာတော့ ဂျေရုစလင်က တက်ကြွလှုပ်ရှားသူတွေဟာ ဒီအစီအစဉ်ကို လက်မခံဖို့ တိုက်တွန်းတဲ့အနေနဲ့ “We are not hungry” (ငါတို့မဆာဘူး) ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆိုရှယ်မီဒီယာမှာ လှုံ့ဆော် တိုက်တွန်းမှုတွေ ပြီးခဲ့တဲ့ရက်ပိုင်းမှာ လုပ်ဆောင်ခဲ့ကြပါတယ်။

    ဒီလိုလုပ်ဆောင်တာဟာ ယူအေအီး၊ ဘာရိန်းနဲ့ ဆော်ဒီအာရေဗျတို့ ပါလက်စတိုင်းကိစ္စကို လစ်လျူရှုထားပြီး အစ္စရေးအစိုးရနဲ့ တစ်ကြိတ်တည်းတစ်ဉာဏ်တည်း ဖြစ်တဲ့အတွက်ကြောင့်လို့ သူတို့က ပြောကြားခဲ့ကာ အစ္စရေးမှာ ကျင်းပနေတဲ့ 101st Giro d’Italia စက်ဘီးပြိုင်ပွဲမှာ ပင်လယ်ကွေ့နိုင်ငံတွေ ပါဝင်ယှဉ်ပြိုင်မှုကို ထောက်ပြခဲ့ပါတယ်။

    အဲဒီစက်ဘီးပြိုင်ပွဲဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ပါလက်စတိုင်း ၉၀ ကျော်လောက်ကို အစ္စရေးတပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်နဲ့ သိပ်မဝေးတဲ့နေရာမှာ ကျင်းပတာ ဖြစ်ပါတယ်။

    အခုလအစောပိုင်းမှာ ပါလက်စတိုင်း အိုလံပစ်ကော်မတီက ဒီပြိုင်ပွဲမှာ ဘာရိန်းနဲ့ ယူအေအီးတို့ ပါဝင်မှုဟာ ရှက်ဖွယ်ရာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ယူကေအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Amnesty International ကလည်း ပါလက်စတိုင်းတွေရဲ့ အိမ်တွေ ပုံမှန်လိုလို ဖြိုချဖျက်ဆီးခံရပြီး၊ အစ္စရေးရဲ့ တရားမ၀င်အခြေချအိမ်ယာတွေ ဆောက်ထားတဲ့၊ ပါလက်စတိုင်းတွေရဲ့ သွားလာမှုကို ကန့်သတ်ထားတဲ့ အရှေ့ဂျေရုစလင်နားမှာ ဒီလိုပြိုင်ပွဲ ကျင်းပမှုကို ရှုတ်ချခဲ့ပါတယ်။

    Ref: Press TV

  • စနေနေ့မနက် နိုင်ငံတကာသတင်းများ

    စနေနေ့မနက် နိုင်ငံတကာသတင်းများ

    မေ ၁၉၊ ၂၀၁၈
    M-Media

    တက္ကဆက် အထက်တန်းကျောင်း သေနတ်ပစ်ခတ်မှုအပြီး မြင်ကွင်း

    အမေရိကန်အထက်တန်းကျောင်းတွင် ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ဦးသေဆုံး
    =================
    အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်မြို့ပြင်မှာရှိတဲ့ Santa Fe အထက်တန်းကျောင်းတစ်ခုကို အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးက တစ်လုံးထိုးသေနတ်၊ ခြောက်လုံးပြူးသေနတ်တွေနဲ့ ၀င်ရောက်ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၀ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၁၀ ဦး ရှိခဲ့ပါတယ်။ အဲဒီလူငယ်ဟာ ဒီမီထရီယော့စ် ပါဂါဇစ်ဆိုသူဖြစ်ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကာ လူသတ်မှုနဲ့ တရားစွဲဆိုထားပါတယ်။ သေနတ်သမားဟာ သူ့အိမ်နဲ့ ကားတွေမှာ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေ ဆင်ထားတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက်ဂ်ျ အက်ဘော့က ဒီဖြစ်ရပ်ဟာ တက္ကဆက်ပြည်နယ်က ပညာရေးသမိုင်းမှာ စက်ဆုပ်ဖွယ်အကောင်းဆုံးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကျူးဘားတွင် ခရီးသည်တင်လေယာဉ်ပျက်ကျမှု လူ ၁၀၀ ကျော် သေဆုံး
    =============
    ကျူးဘားမြို့တော် ဟာဗားနားက ဟိုဆေး မာတီလေဆိပ်မှာ လူ ၁၁၃ ဦးကို တင်ဆောင်သွားတဲ့ Boeing 737 ခရီးသည်တင်လေယာဉ်တစ်စီးဟာ ပျံတက်ပြီး သိပ်မကြာခင်မှာ ပျက်ကျခဲ့တဲ့အတွက် လူ ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။ နိုင်ငံအရှေ့ပိုင်းက မြို့တစ်မြို့ကို ပျံသန်းစဉ်မှာ ပျက်ကျခဲ့တာပါ။ အသက်ရှင်သူ အနည်းဆုံး ၃ ဦးလောက်ရှိပေမယ့် ဆေးရုံမှာ စိုးရိမ်ရတဲ့အနေအထား ရှိနေတယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ကျူးဘားမှာ စစ်လေယာဉ်တစ်စင်း ပျက်ကျခဲ့တဲ့အတွက် လူ ၈ ဦးသေဆုံးခဲ့ပါတယ်။

    ပါလက်စတိုင်းကိစ္စတွင် မွတ်စလင်နိုင်ငံများ ညီညွတ်ရန် အာဒိုဂန် တိုက်တွန်း
    ================
    ပါလက်စတိုင်းပြည်သူတွေအပေါ် အစ္စရေးရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို တွန်းလှန်ရေးအတွက် မွတ်စလင်နိုင်ငံတွေ ညီညွတ်ဖို့လိုပြီလို့ အစ္စတန်ဘူလ်မှာ မနေ့ကပြုလုပ်တဲ့ OIC အစည်းအဝေးမှာ တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ အစ္စရေးက ဂါဇာမှာ ပါလက်စတိုင်း ၆၀ ကျော်ကို သတ်ဖြတ်ခဲ့မှုအတွက် နိုင်ငံတကာက ဆန့်ကျင် ရှုတ်ချမှုတွေ လုပ်ခဲ့ပါတယ်။ အာဒိုဂန်က အစ္စရေးရဲ့ ဒီအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို အရေးယူခြင်းအားဖြင့် ကမ္ဘာကြီးမှာ လူသားဝါဒ မသေဆုံးသေးဘူးဆိုတာ ပြသဖို့လိုကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    မလေးဝန်ကြီးချုပ်ဟောင်းကို ခြစားမှုတိုက်ဖျက်ရေးကော်မရှင်က ဆင့်ခေါ်ထား
    ==============
    နိုင်ငံပိုင် 1MDB လုပ်ငန်းကနေ ဒေါ်လာသန်းချီ ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုမှာ လာရောက်ထွက်ဆိုဖို့အတွက် မလေးရှား ခြစားမှုတိုက်ဖျက်ရေးကော်မရှင် (MACC) က ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ကို ဆင့်ခေါ်ထားပါတယ်။ စုံစမ်းစစ်ဆေးမှု တစ်စိတ်တစ်ပိုင်းအဖြစ် ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းမှာ နာဂျစ်နဲ့ ဆက်နွယ်နေတဲ့ နေရာ ၆ ခုကို ၀င်ရောက်ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အမှုတွဲကို လေ့လာနေတဲ့ ကော်မရှင် တာဝန်ရှိသူတစ်ဦးက 1MDB ကနေ ကန်ဒေါ်လာ ၁၀.၆ သန်းလောက်ဟာ နာဂျစ်ရဲ့ ဘဏ်အကောင့်ထဲကို ရောက်နေတယ်ဆိုတာ တွေ့ခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။ မနေ့က ကော်မရှင်တာဝန်ရှိသူတွေဟာ ကွာလာလမ်ပူက နာဂျစ်အိမ်ကို သွားရောက်ခဲ့ပြီး အင်္ဂါနေ့မှာ ကော်မရှင်ထံ လာရောက်အစစ်ဆေးခံဖို့ ပြောကြားခဲ့ပါတယ်။

    Ref : Aljazeera, CNA

  • သောကြာနေ့ ဘောလုံးသတင်းများ

    သောကြာနေ့ ဘောလုံးသတင်းများ

    မေ ၁၈၊ ၂၀၁၈
    M-Media

    အာဆင်နယ်ကိုကိုင်တွယ်ရန် ကွင်းလယ်လူဟောင်း အာတီတာ သဘောတူ
    ================
    အာဆင်နယ်အသင်းကို ကိုင်တွယ်ဖို့အတွက် ကွင်းလယ်လူဟောင်း အာတီတာဟာ မူအရ သဘောတူလိုက်ပါတယ်။ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာရဲ့ လက်ထောက်အဖြစ် ဆောင်ရွက်နေတဲ့ အာတီတာဟာ ၀င်းဂါးနေရာကို အစားထိုးဖို့အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ရေပန်းစားလာခဲ့ပြီး ၀င်းဂါးကိုယ်တိုင်ကလည်း အာတီတာကို ထောက်ခံထားပါတယ်။ အာဆင်နယ်နဲ့ အာတီတာတို့ မူအရ သဘောတူညီချက်ရခဲ့ပေမယ့် လက်မှတ်ရေးထိုးတာ မရှိသေးဘဲ လာမယ့်ရက်ပိုင်းမှာ တရားဝင်ကြေငြာဖို့ ရှိနေပါတယ်။ အာတီတာကို အာဆင်နယ်အသင်းက ၀န်ထမ်းတွေကလည်း ထောက်ခံထားပါတယ်။

    အသင်းအခြေအနေကို FA ဖလားဗိုလ်ပွဲနှင့် သုံးသပ်၍မရဟု မော်ရင်ဟိုပြော
    =================
    မန်ယူအသင်းရဲ့ အခုနှစ်ဘောလုံးရာသီ စွမ်းဆောင်ရည်ကို မနက်ဖြန်ကစားမယ့် FA ဖလား ဗိုလ်လုပွဲရလဒ်နဲ့ ဆုံးဖြတ်လို့မရဘူးလို့ နည်းပြ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။ မန်ယူဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၂ နဲ့ ရာသီသိမ်းခဲ့ပြီး ၂၀၁၂-၁၃ နောက်ပိုင်း အမြင့်ဆုံးအဆင့်လည်း ဖြစ်ပါတယ်။ မနက်ဖြန်မှာကစားမယ့် ချယ်ဆီးနဲ့ FA ဖလားဗိုလ်လုပွဲမှာ ရှုံးနိမ့်မယ်ဆိုရင် မန်ယူဟာ ဆုဖလားလက်မဲ့နဲ့ ရာသီသိမ်းမှာပါ။ မော်ရင်ဟိုကတော့ တစ်ပွဲတည်းနဲ့ သူ့အသင်းအခြေအနေကို သုံးသပ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

    အင်္ဂလန်အသင်းမှ ချန်လှပ်ခံရမှုအတွက် ဂျိုးဟတ် မကျေနပ်
    =============
    လာမယ့်လ ကမ္ဘာ့ဖလားအတွက် အင်္ဂလန်အသင်းကနေ ချန်လှပ်ခံရမှုကို လက်ခံဖို့ ခက်ခဲတယ်လို့ ၀က်စ်ဟမ်းဂိုးသမား ဂျိုးဟတ်က ပြောကြားလိုက်ပါတယ်။ အသက် ၃၁ နှစ်အရွယ် ဂျိုးဟတ်ဟာ အင်္ဂလန်အသင်းအတွက် ၇၁ ပွဲ ကစားပေးထားပြီး ပြီးခဲ့တဲ့ အဓိကပြိုင်တွေမှာ ဆက်တိုက် ပါဝင်ကစားခွင့် ရခဲ့တာပါ။ ဒါပေမယ့် အခုတစ်ပါတ်အတွင်း ထွက်လာတဲ့ နည်းပြဆောက်ဂိတ်ရဲ့ ၂၃ ဦးလူစာရင်းမှာတော့ ချန်လှပ်ခံခဲ့ရပါတယ်။ ဂျိုးဟတ်က ဒီအတွက် မကျေနပ်ဘဲ အသင်းကို သူဘာတွေပေးဆပ်ခဲ့သလဲဆိုတာ သူသာအသိဆုံးလို့ ဆိုပါတယ်။

    ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် ရော်နယ်ဒို အကောင်းဆုံးအနေအထားတွင် ရှိနေ
    =================
    မေလ ၂၆ ရက်နေ့မှာကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပါဝင်နိုင်ရေး တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ကြံ့ခိုင်မှုဟာ ၁၂၀ ရာခိုင်နှုန်း ရှိတယ်လို့ ရီးယဲလ်နည်းပြ ဇီဒိန်းက ပြောကြားလိုက်ပါတယ်။ အခုလအစောပိုင်း ဘာစီလိုနာနဲ့ သရေကျခဲ့တဲ့ လာလီဂါပွဲမှာ ရော်နယ်ဒိုဟာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲကို လွဲချော်ဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ခဲ့တာပါ။ ဇီဒိန်းကတော့ မနက်ဖြန်ကစားမယ့် ဗီလာရီးယဲလ်နဲ့ လာလီဂါနောက်ဆုံးပွဲမှာပါ ရော်နယ်ဒို ပါဝင်နိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: BBC, Goal

  • ဂါဇာတွင် အစ္စရေး၏သတ်ဖြတ်မှုများအား စစ်ရာဇ၀တ်မှုအဖြစ် နိုင်ငံတကာက စုံစမ်းမည်

    ဂါဇာတွင် အစ္စရေး၏သတ်ဖြတ်မှုများအား စစ်ရာဇ၀တ်မှုအဖြစ် နိုင်ငံတကာက စုံစမ်းမည်

    မေ ၁၈၊ ၂၀၁၈
    M-Media

    – ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်က ဆန္ဒပြသူတွေကို အစ္စရေးတပ်ဖွဲ့တွေက ပစ်ခတ်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး စစ်ဆေးနိုင်ရေးအတွက် စစ်ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခု စေလွှတ်ဖို့ ကုလ လူ့အခွင့်အရေးကောင်စီက ဒီကနေ့မှာ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။

    လုံခြုံရေးကောင်စီက အတည်ပြုခဲ့တဲ့ အဲဒီ ဆုံးဖြတ်ချက်မူကြမ်းမှာ ‘လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းရေးကော်မရှင်တစ်ခု အမြန်ဆုံးစေလွှတ်ဖို့’ တိုက်တွန်းထားပါတယ်။ ဆုံးဖြတ်ချက်ကို အဖွဲ့ဝင်နိုင်ငံ ၂၉ နိုင်ငံက ထောက်ခံမဲပေးခဲ့ပြီး ၁၄ နိုင်ငံက ကြားနေခဲ့တာ၊ ၂ နိုင်ငံက ကန့်ကွက်ခဲ့ပါတယ်။

    စုံစမ်းစစ်ဆေးသူတွေအနေနဲ့ ‘၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက်နေ့က စတင်ခဲ့တဲ့ အရပ်သားတွေရဲ့ ဆန္ဒပြမှုကို စစ်ဆင်ရေးနည်းလမ်းနဲ့ နှိမ်နှင်းမှုအတွင်း ချိုးဖောက်မှုတွေ၊ ကျူးလွန်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ ကိစ္စအတွက် စုံစမ်းစစ်ဆေးမှု’ ပြုလုပ်ရမယ်လို့လည်း ဆုံးဖြတ်ချက်မူကြမ်းမှာ ဖော်ပြထားပါတယ်။

    ဒီကနေ့မနက်အစောပိုင်းကလည်း လူ့အခွင့်အရေးကောင်စီအကြီးအကဲ ဇိုက် ရာအဒ် အလ် ဟူစိန်က ဂါဇာကိစ္စမှာ နိုင်ငံတကာစုံစမ်းစစ်ဆေးမှုလုပ်ရေး တိုက်တွန်းမှုတွေကို ထောက်ခံခဲ့ပါတယ်။

    တနင်္လာနေ့တုန်းက ဂါဇာမှာ ဆန္ဒပြလူအုပ်ကို အစ္စရေး စနိုက်ပါသမားတွေက ပစ်ခတ်မှုကြောင့် အနည်းဆုံး ပါလက်စတိုင်း ၆၂ ဦး သေဆုံးခဲ့ပါတယ်။

    Ref: Aljazeera

  • ခရစ်ယာန်ဘုရားကျောင်းကို တိုက်ခိုက်သည့် အစွန်းရောက်အဖွဲ့ခေါင်းဆောင်ကို အင်ဒိုက သေဒဏ်ပေးရန် စီစဉ်

    ခရစ်ယာန်ဘုရားကျောင်းကို တိုက်ခိုက်သည့် အစွန်းရောက်အဖွဲ့ခေါင်းဆောင်ကို အင်ဒိုက သေဒဏ်ပေးရန် စီစဉ်

    မေ ၁၈၊ ၂၀၁၈
    M-Media

    အစ္စလာမ်ဘာသာရေးခေါင်းဆောင် အေမန် အဘ်ဒူရဟ်မန်

    – ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ဆူရာဘာယာက ခရစ်ယာန်ဘုရားကျောင်းတွေကို တိုက်ခိုက်ခဲ့တဲ့ စစ်သွေးကြွးအဖွဲ့ Jemaah Ansharut Daulah (JAD) က ခေါင်းဆောင်လို့ ယူဆရသူကို သေဒဏ်ပေးဖို့အတွက် အင်ဒိုနီးရှား အစိုးရရှေ့နေတွေက တောင်းဆိုလိုက်ပါတယ်။

    အစ္စလာမ်ဘာသာရေးခေါင်းဆောင် အေမန် အဘ်ဒူရဟ်မန်ဆိုသူဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်မှု၊ လှုံ့ဆော်မှုတွေအတွက် လက်ရှိမှာ တရားရင်ဆိုင်နေရပါတယ်။

    အစိုးရရှေ့နေ အေနီတာ ဒီဝါယာနီက အဘ်ဒူရဟ်မန်ဟာ ပြည်သူတွေကြားထဲမှာ အကြမ်းဖက်ရပ်ဝန်းတစ်ခု ဖန်တီးသူဖြစ်တဲ့အတွက် သေဒဏ်ပေးဖို့ ဂျကာတာတောင်ပိုင်း ခရိုင်တရားရုံးက တရားသူကြီးတွေကို ဒီကနေ့ ကြားနာမှုမှာ တောင်းဆိုခဲ့ပါတယ်။

    အာဏာပိုင်တွေက အဘ်ဒူရဟ်မန်ဟာ IS အကြမ်းဖက်အဖွဲ့အပေါ် သစ္စာခံတဲ့ အင်ဒိုနီးရှား အစွန်းရောက်အဖွဲ့ Jemaah Ansharut Daulah (JAD) ရဲ့ အဓိကခေါင်းဆောင်ဖြစ်မယ်လို့ ယုံကြည်နေပါတယ်။ အဲဒီအဖွဲ့ဟာ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့မှာ ဒုတိယမြို့တော် ဆူရာဘယာက ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ရဲဌာနချုပ်တို့ကို တိုက်ခိုက်မှုပြုလုပ်တယ်လို့ ပြစ်တင်ခံထားရပါတယ်။

    အဲဒီတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၂၆ ဦး သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။

    ၂၀၁၆ ခုနှစ် ဇန်န၀ါရီလကလည်း ဗုံးခွဲသမားနဲ့ သေနတ်သမား စုစုပေါင်း ၄ ဦးဟာ ဂျကာတာက ဈေးဝယ်ဒေသတစ်ခုမှာ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး တိုက်ခိုက်သူတွေအပါအ၀င် လူ ၈ ဦး သေဆုံးခဲ့ပါတယ်။

    အဲဒီအချိန်ကတည်းက အဘ်ဒူရဟ်မန်ကို ဖမ်းဆီး အချုပ်ချခဲ့တာဖြစ်ပါတယ်။ သူဟာ အကျဉ်းထောင်ထဲကနေပြီး တိုက်ခိုက်မှုတွေကို ကြိုးကိုင်နေတယ်လို့လည်း စွပ်စွဲခံထားရပါတယ်။

    Ref: Press TV