News @ M-Media
Blog
  • အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ
    အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ
    မေ ၁၅၊ ၂၀၁၈
    M-Media
    အစ္စရေးမှာ အကြမ်းဖက်တိုင်းပြည်ဟု အာဒိုဂန်ပြော
    ===============
    အစ္စရေးဟာ အကြမ်းဖက်တိုင်းပြည်ဖြစ်တယ်လို့ တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်ပြီး အမေရိကန်နဲ့ အစ္စရေး သံအမတ်တွေကိုလည်း တူရကီက ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။ အမေရိကန်သံရုံး ဂျေရုစလင်ကို ပြောင်းရွှေ့ခဲ့တဲ့ မနေ့က ဂါဇာမှာ အစ္စရေးလက်ချက်ကြောင့် လူ ၄၀ ကျော်လောက် သေဆုံးခဲ့ပြီးတဲ့နောက် အာဒိုဂန်က အခုလို ပြောကြားလိုက်တာပါ။ အိုအိုင်စီနဲ့ ကုလမှာ အရေးအပေါ်အစည်းအဝေးပြုလုပ်ဖို့အတွက်လည်း တူရကီက ဆော်သြခဲ့ပါတယ်။ ပါလက်စတိုင်းတွေကို အစ္စရေးက သတ်ဖြတ်နေတာကို ဆန့်ကျင်တဲ့အနေနဲ့ တောင်အာဖရိကနိုင်ငံကလည်း မနေ့မှာ အစ္စရေးဆိုင်ရာ သံအမတ်ကို ပြန်ခေါ်ခဲ့ပါတယ်။
    အမေရိကန်သံရုံး ဂျေရုစလင်ကိုရွှေ့မှု မလေးအစိုးရသစ် ကန့်ကွက်
    ===============
    အစ္စရေးက အမေရိကန်သံရုံး ဂျေရုစလင်ကို ရွှေ့ပြောင်းမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်တယ်လို့ ၀န်ကြီးချုပ် မဟာသီယာမိုဟာမက် ဦးဆောင်တဲ့ မလေးရှားအစိုးရသစ်က ပြောကြားလိုက်ပါတယ်။ ဂျေရုစလင်က အမေရိကန်သံရုံးဖွင့်ပွဲအခမ်းအနားကို မနေ့မှာ ပြုလုပ်ခဲ့တာပါ။ မလေးရှားအစိုးရသစ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပထမဆုံးကြေငြာချက်မှာ အမေရိကန်ရဲ့ ဒီဆောင်ရွက်ချက်က ပါလက်စတိုင်း-အစ္စရေးပြဿနာကို ပိုမိုဆိုးရွားစေမှာ ဖြစ်ပြီး ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေလိမ့်မယ်လို့ ဖော်ပြထားပါတယ်။
    အင်ဒိုနီးရှား ဒုတိယမြို့တော်ရှိ ရဲစခန်းတစ်ခု ဗုံးခွဲခံရ
    ==============
    တနင်္ဂနွေနေ့က ခရစ်ယာန်ဘုရားကျောင်း ၃ ခု ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမှာ မနေ့က ရဲဌာနချုပ်တစ်ခု အသေခံဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး IS ကတော့ သူတို့လက်ချက်ဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။ ကလေးငယ်တစ်ဦးပါဝင်တဲ့ မိသားစုတစ်စုက ဒီတိုက်ခိုက်မှုကို ပြုလုပ်တာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၄ ဦး အပါအ၀င် လူ ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဘုရားကျောင်းတွေကို ဗုံးခွဲတိုက်ခိုက်မှုမှာလည်း လူ ၆ ဦးပါဝင်တဲ့ မိသားစုတစ်စုက ဆောင်ရွက်တာဖြစ်တယ်လို့ အင်ဒိုရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ IS အကြမ်းဖက်အဖွဲ့ရဲ့ အဲဒီ ၂ ရက်တာ တိုကခိုက်မှုအတွင်း စစ်သွေးကြွလို့ ယူဆရသူ ၁၃ ဦး အပါအ၀င် ၂၅ ဦး သေဆုံးခဲ့ပါတယ်။
    မူးယစ်မှောင်ခိုသမား ၁၇၀၀ ကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
    ===================
    ပြီးခဲ့တဲ့တစ်ပတ်မှာ ပြုလုပ်ခဲ့တဲ့ မူးယစ်နှိမ်နှင်းမှု စစ်ဆင်ရေးအတွင်းမှာ မူးယစ်မှောင်ခိုသမား ၁၇၀၀ လောက်ကို ဖမ်းဆီးခဲ့တဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်က ကြေငြာပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ နယ်စပ်ဒေသ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့နေစပ်မှာ မူးယစ်ပြဿနာ ကြီးထွားလာမှုကို ရင်ဆိုင်နေရတာပါ။ ဖမ်းဆီးခဲ့တဲ့ ၁၇၀၀ က ၁၄၀၀ ကို တရားစွဲဆိုထားပြီး နယ်စပ်မှာရှိနေတဲ့သူတွေအနေနဲ့ မူးယစ်ကိစ္စတွေနဲ့ ကင်းကင်းရှင်းရှင်းနေကြဖို့လည်း အစိုးရက သတိပေးထားပါတယ်။
    Ref: CNA, Aljazeera
  • မလေးဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ် ခြစားမှုများဖြင့် အတိုင်ခံရ
    မလေးဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ် ခြစားမှုများဖြင့် အတိုင်ခံရ
    မေ ၁၄၊ ၂၀၁၈
    M-Meida
    – မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ် ခြစားမှုနဲ့ပတ်သက်ပြီး တိုင်ကြားချက်နှစ်ခုကို ယခင် အစိုးရတာဝန်ရှိသူဟောင်းတစ်ဦးက ခြစားမှုတိုက်ဖျက်ရေးကော်မရှင် (MACC) ထံ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
    နာဂျစ်ဟာ ၀န်ကြီးချုပ်ဆိုတဲ့ရာထူးကို အသုံးချကာ ခြစားမှုတွေ လုပ်ခဲ့ကြောင်း၊ နောက်ကြောင်းလိုက်လို့မရတဲ့ ပိုင်ဆိုင်မှုတွေ ရှိနေကြောင်း ဒီတိုင်ကြားချက်နှစ်ခုမှာ ဖော်ပြထားပါတယ်။
    “ခြစားမှုတိုက်ဖျက်ရေးကော်မရှင် (MACC) က အလျင်အမြန် အရေးယူလို့ရအောင် ကျွန်တော့်အနေနဲ့ ဒီလို တိုင်ကြားချက်တွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်” လို့ MACC အကြီးတန်းတာဝန်ရှိသူဟောင်း အဘ်ဒူလ် ရာဇတ် အီဒရစ်က ပြောကြားခဲ့ပါတယ်။
    နာဂျစ်နဲ့ပတ်သက်ပြီး နောက်ထပ် တိုင်ကြားချက်တစ်ခုကို MACC ဒါမှမဟုတ် ရဲတပ်ဖွဲ့ကို ပေးပို့ဖို့ ရှိနေတယ်လို့လည်း သူက ဆိုပါတယ်။
    ဒီလိုတိုင်ကြားမှုလုပ်ဖို့အတွက် ‘အကြီးအကဲဟောင်း’ က တိုက်တွန်းခဲ့တာဖြစ်ကြောင်း၊ အရင်အစိုးရလက်ထက်မှာ တိုင်ကြားမှုတွေ မလုပ်တာဟာ အလုပ်မဖြစ်မှန်းသိတဲ့အတွက်ဖြစ်ကြောင်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ သူ့ကို တိုက်တွန်းသူ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ မထုတ်ဖော်ခဲ့ပါဘူး။
    မလေးရှား ခြစားမှုတိုက်ဖျက်ရေးကော်မရှင် MACC အကြီးအကဲ ဇွလ်ကီဖလီ အဟ်မဒ်ဟာ ဒီကနေ့မနက်မှာ အစိုးရထံ နှုတ်ထွက်စာတင်ကာ နှုတ်ထွက်သွားခဲ့ပါတယ်။
    Ref: Aljazeera
  • ဂါဇာတွင် အစ္စရေးလက်ချက်ကြောင့် အနည်းဆုံး ပါလက်စတိုင်း ၄၁ ဦး သေဆုံး
    ဂါဇာတွင် အစ္စရေးလက်ချက်ကြောင့် အနည်းဆုံး ပါလက်စတိုင်း ၄၁ ဦး သေဆုံး
    မေ ၁၄၊ ၂၀၁၈
    M-Media
    – အစ္စရေးကပိတ်ဆို့ထားတဲ့ ပါလက်စတိုင်းပိုင် ဂါဇာနယ်စပ်မှာ ဒီကနေ့ဆန္ဒပြမှုအတွင်း အစ္စရေးစစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် အနည်းဆုံး ပါလက်စတိုင်း ၄၁ ဦး သေဆုံးခဲ့ပြီး ၁၉၀၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။
    အဲဒီဆန္ဒပြမှုဟာ ၁၉၄၈ ခုနှစ် ပါလက်စတိုင်းပိုက်နက်တွေကို အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုအတွင်း နေရပ်စွန့်ခွာခဲ့ရတဲ့ ပါလက်စတိုင်းတွေ အိမ်ပြန်နိုင်ရေး ရည်ရွယ်ကာ မတ်လ ၃၀ ရက်နေ့က ဂါဇာမှာ စတင်ခဲ့တဲ့ ဆန္ဒပြမှု တစ်စိတ်တစ်ပိုင်း ဖြစ်သလို၊ ဒီကနေ့ ဂျေရုစလင်မှာပြုလုပ်တဲ့ အမေရိကန်သံရုံး ဖွင့်ပွဲအခမ်းအနားကိုလည်း ဆန့်ကျင်ဖို့ ရည်ရွယ်ပါတယ်။
    မတ်လ ၃၀ ရက်နေ့ကတည်း စတင်တဲ့ ဆန္ဒပြမှုတွေမှာ အစ္စရေးလက်ချက်ကြောင့် သေဆုံးသူ ပါလက်စတိုင်းအရေအတွက်ဟာ အနည်းဆုံး ၉၀ လောက်ရှိနေပြီ၊ ဒဏ်ရာရသူတွေကတော့ ၁၀၅၀၀ လောက် ရှိနေပါပြီ။
    ဂါဇာလူဦးရေ ၂ သန်းရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာ ၁၉၄၈ ခုနှစ် အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်းတွေရဲ့ မျိုးဆက်တွေဖြစ်ပါတယ်။
    ပါလက်စတိုင်းတွေဟာ မေလ ၁၅ ရက်နေ့မှာ အလ်နက္ကဘာလို့ခေါ်တဲ့ အခမ်းအနားတစ်ခုကိုလည်း ကျင်းပဖို့ရှိနေပြီး ဇိုင်ယွန်ဝါဒီတွေကြောင့် နိုင်ငံပျောက်ခဲ့ရမှု အောက်မေ့ဖွယ် ဖြစ်ပါတယ်။
    ဂါဇာက ဒီကနေ့ဆန္ဒပြမှုအတွင်း သေဆုံးသူ ၄၁ ဦးထဲမှာ အမျိုးသမီးတစ်ဦးအပါအ၀င် အသက် ၁၈ နှစ်အောက် အနည်းဆုံး ၆ ဦ ပါဝင်တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒဏ်ရာရသူ ၁၉၆၀ ဦးမှာတော့ အနည်းဆုံး ၂၀၀ လောက်ဟာ ၁၈ နှစ်အောက်တွေ ဖြစ်ကြပြီး၊ အမျိုးသမီး ၇၈ ဦးနဲ့ ဂျာနယ်လစ် ၁၁ ဦး ပါဝင်ပါတယ်။
    Ref: Aljazeera
  • တနင်္ဂနွေနေ့ ဘောလုံးသတင်းများ
    တနင်္ဂနွေနေ့ ဘောလုံးသတင်းများ
    မေ ၁၃၊ ၂၀၁၈
    M-Media
    လီဗာပူးလ်တိုက်စစ်မှူးဆာလာဟ် ပရီးမီးယားလိဂ်တွင် သမိုင်းသစ်ရေးထိုး
    =============
    ဘရိုက်တန်ကို ၄ ဂိုး ဂိုးမရှိနဲ့နိုင်တဲ့ ဒီနေ့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲမှာ ၁ ဂိုးသွင်းယူပေးခဲ့တဲ့ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ဟာ ၃၈ ပွဲကစားတဲ့ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဒီဂိုးနဲ့ဆိုရင် ဆာလာဟ်ရဲ့ အခုရာသီ ပရီးမီးယားလိဂ်သွင်းဂိုးဟာ ၃၂ ဂိုး ရှိလာပြီး ရှီးယားရား၊ ရော်နယ်ဒိုနဲ့ ဆွာရက်ဇ်တို့တင်ထားတဲ့ ၃၁ ဂိုး စံချိန်ကို ကျော်နိုင်ခဲ့တာ ဖြစ်ပါတယ်။
    ပရီးမီးယားလိဂ် ဂိုးအများဆုံးသွင်းထားတဲ့ စာရင်းမှာလည်း စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ၃ ဂိုးဖြတ်ကာ ဦဆောင်ထားတာကြောင့် ဆာလာဟ်ဟာ ရွှေဖိနပ်ဆုကိုလည်း ရရှိခဲ့ပါတယ်။ သူဟာ ပရီးမီးယားလိဂ် တစ်နှတာ အကောင်းဆုံးကစားသမားအဖြစ် ဒီကနေ့မှာ ပူပူနွေးနွေး ရွေးချယ်ခံထားရပါတယ်။
    ပရီးမီးယားလိဂ် ရာသီသိမ်းပြီ
    ==============
    ပရီးမီးယားလိဂ် ရာသီနောက်ဆုံးပွဲတွေကို ဒီနေ့မှာ ကစားခဲ့ပြီး ချယ်ဆီးအသင်းဟာ အဆင့် ၅ သာ ရရှိတာကြာင့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ကာ ယူရိုပါလိဂ်သာ မျှော်လင့်နိုင်တော့မှာ ဖြစ်ပါတယ်။ ချယ်ဆီးတို့ အဝေးကွင်းမှာ နယူးကာဆယ်ကို ၃ ဂိုးပြတ်နဲ့ရှုံးတဲ့အချိန် လီဗာပူးလ်က နိုင်ပွဲရခဲ့တာကြောင့် မန်စီးတီး၊ မန်ယူ၊ စပါးနဲ့ လီဗာပူးလ်တို့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ပါတယ်။ ဆွမ်ဆီး၊ စတုတ်နဲ့ ၀က်စ်ဘရွန်းတို့ကတော့ တန်းဆင်းသွားပါတယ်။
    ဒဏ်ရာကြောင့် ဘရာဇီးလ်နောက်ခံလူ အဲလ်ဗက်စ် ကမ္ဘာ့ဖလား လွဲချော်မည်
    ===============
    လာမယ့်လ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ရမယ်လို့ သိလိုက်ရတဲ့အချိန်မှာ ခန္ဓာကိုယ်ထဲက ၀ိဉာဉ်ထွက်သွားသလိုမျိုး ခံစားလိုက်ရတယ်လို့ ဘရာဇီးလ်နောက်ခံလူ ဒန်နီ အဲလ်ဗက်စ်က ပြောကြားလိုက်ပါတယ်။ အဲလက်စ်ဟာ ပီအက်စ်ဂျီက အနိုင်ရဗိုလ်စွဲခဲ့တဲ့ ပြင်သစ် ရှုံးထွက်ဖလား ဗိုလ်လုပွဲမှာ ဒူးဒဏ်ရာ ဆိုးဆိုးရွားရွား ရရှိခဲ့တာဖြစ်ပါတယ်။ သူကတော့ ပြိုင်ပွဲမှာ ၀င်မကစားရပေမယ့် ဘရာဇီးလ်ကို အားပေးသွားမှာဖြစ်ကြောင်း၊ ပါရမီရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဘရာဇီးလ်ဟာ ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်မှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    ဘွန်ဒစ်လီဂါမှ ဟမ်းဘတ်အသင်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တန်းဆင်း
    ==========
    ဂျာမန်ဘွန်ဒစ်လီဂါက အသင်းတစ်သင်းဖြစ်တဲ့ ဟမ်းဘတ်ဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တန်းဆင်းခဲ့ရတဲ့အတွက် ပရိတ်သတ်တွေက ကွင်းအတွင်း ဆူပူမှုတွေ လုပ်ခဲ့ကြပါတယ်။ ဟမ်းဘတ်ဟာ ၁၉၆၃ ခုနှစ် ဂျာမန်ဘွန်ဒစ်လီဂါ စတင်ကတည်းက တန်းမဆင်းရဘဲ ရှိနေတဲ့ တစ်ခုတည်းသော အသင်းဖြစ်ပြီး ဒိုင်နိုဆောလို့တောင် ခေါ်ဆိုခံခဲ့ရကာ ဘွန်ဒစ်လီဂါဖလား ၆ ကြိမ်နဲ့ ၁၉၈၃ ခုနှစ်မှာ ဥရောပချန်ပီယံတစ်ကြိမ်ဖြစ်ခဲ့ပါတယ်။ စနေနေ့ပွဲအပြီးမှာ ပရိတ်သတ်တွေက အသင်းတန်းဆင်းရမှုကို မကျေနပ်တဲ့အတွက် မီးရှူးမီးပန်းတွေ ပစ်ဖောက်တာတွေ၊ ဆူပူတာတွေ လုပ်ခဲ့ကြပါတယ်။
    Ref: BBC, Goal
  • နာဂျစ်လက်ထက် မတရားအခွန်ကောက်ထားမှုများကို ပြန်ပေးမည်ဟု မဟာသီပြော
    နာဂျစ်လက်ထက် မတရားအခွန်ကောက်ထားမှုများကို ပြန်ပေးမည်ဟု မဟာသီပြော
    မေ ၁၃၊ ၂၀၁၈
    M-Media
    – နာဂျစ်အစိုးရလက်ထက်မှာ လူတစ်ဦးချင်းစီနဲ့ စီးပွားရေးလုပ်ငန်းတွေဆီကနေ တရားမ၀င် ကောက်ခံထားတဲ့ အခွန်တွေကို ပြန်ပေးဖို့ ကြိုးစားသွားမယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က ပြောကြားလိုက်ပါတယ်။
    “ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ ပြည်သူတွေဟာ ပုံစံအမှားတွေနဲ့ ဖိအားပေးခံခဲ့ရပါတယ်။ ဥပမာအားဖြင့် ဥပဒေက သတ်မှတ်ထားတာထက်ပိုတဲ့ အခွန်အခတွေ ပေးရတာမျိုးပါ။ ဒီလိုအခွန်တွေ ပေးခဲ့ရတဲ့သူတွေဟာ ဘယ်သူတွေလဲဆိုတာနဲ့ ဘယ်လောက်တောင် ပေးခဲ့ရလဲဆိုတာတွေကို ကျွန်တော်တို့သိချင်ပါတယ်။ ဒီလို တရားမ၀င်ယူထားတဲ့ ငွေတွေကို ပြန်ပေးဖို့ ကြိုးစားသွားပါမယ်”
    ဒီကနေ့ နိုင်ငံပိုင်ရုပ်သံ RTM1 နဲ့ မေးမြန်းမှုမှာ မဟာသီက ဒီလိုပြောကြားခဲ့တာဖြစ်ပါတယ်။
    ပြည်တွင်းအခွန်အခများဘုတ်အဖွဲ့ (IRB) အနေနဲ့ သူတို့ကောက်ထားတဲ့ငွေတွေကို ပြန်ပေးဖို့အတွက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
    “သူတို့မပေးဘူးဆိုရင်၊ အပြစ်ပေးမယ်၊ အမည်ပျက်စာရင်းသွင်းမယ်၊ တိုင်းပြည်ကနေ ပြည်ပထွက်ခွင့်မရအောင် လုပ်မယ်။ တစ်ချို့တွေရဲ့ ပတ်စ်ပို့တွေကို ပယ်ဖျက်မယ်။ ဘဏ်ငွေစာရင်းစာအုပ်တွေကိုလည်း သိမ်းပါမယ်။ ဒါဆိုရင် စီးပွားရေးကို ထိခိုက်သွားမှာပါ။ ကျွန်တော်တို့ဟာ ဒီလို စီးပွားရေးထိခိုက်အောင် မလုပ်ချင်ပါဘူး”
    Ref: Malaysia Kini