News @ M-Media
Blog
  • ကြာသာပတေးနေ့ ဘောလုံးသတင်းများ
    ကြာသာပတေးနေ့ ဘောလုံးသတင်းများ
    မေ ၁၀၊ ၂၀၁၈
    M-Media
    ရာသီကုန်လျှင် အမေရိကန်ပြောင်းတော့မည့် ရူနီ
    စံချိန်တင် အမှတ် ၁၀၀ ရရန် မန်စီးတီးပစ်မှတ်ထား
    ===============
    ဒီနှစ်ဘောလုံးရာသီကို စံချိန်တင် အမှတ် ၁၀၀ နဲ့ သိမ်းချင်တယ်လို့ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။ မနေ့က အိမ်ကွင်းမှာ ဘရိုက်တန်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံ မန်စီးတီးဟာ ၃၇ ပွဲကစား ရမှတ် ၉၇ မှတ်ရရှိထားပြီ ၂၀၀၄-၀၅ မှာ မော်ရင်ဟိုရဲ့ ချယ်ဆီးအသင်း တင်ထားတဲ့ တစ်ရာသီ အမှတ်အများဆုံးစံချိန် ၉၅ မှတ်ကို ကျော်ဖြတ်ခဲ့ပါတယ်။ ဂွါဒီယိုလာက ဂိုးတွေ၊ နိုင်ပွဲတွေ အများအပြားရပြီး ၉၇ မှတ် ရရှိခဲ့တာဟာ မိမိတို့ လုပ်နိုင်စွမ်းရှိတယ်ဆိုတာကို ပြသခဲ့တာဖြစ်ကြောင်း အမှတ် ၁၀၀ သာရမယ်ဆိုရင် ပြီးပြည့်စုံတဲ့ ဘောလုံးရာသီတစ်ခု ဖြစ်လာမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
    အဲဗာတန်တိုက်စစ်မှူးရူနီ မေဂျာလိဂ်သို့ ပြောင်းမည်
    ========================
    အဲဗာတန်အသင်းရဲ့တိုက်စစ်မှူး ၀ိန်းရူနီဟာ အမေရိကန် မေဂျာလိဂ်ကလပ် DC United အသင်းကို ကန်ဒေါ်လာ ၁၂.၅ သန်းနဲ့ ရာသီကုန်ရင် ပြောင်းရွှေ့ဖို့အတွက် သဘောတူညီချက် ရရှိသွားပါတယ်။ မန်ယူတိုက်စစ်မှူးဟောင်း အသက် ၃၂ နှစ်အရွယ် ၀ိန်းရူနီဟာ သူ့ရဲ့ ကစားသမားဘ၀စတင်ရာ အဲဗာတန်အသင်းကို ၂၀၁၇ ခုနှစ်မှာ ပြန်လည်ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ရူနီရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အမေရိကန်ကို ရောက်ရှိနေပြီး ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ အဲဗာတန်နည်းပြ ဆမ်အလာဒိုက်က ရူနီကို အဲဗာတန်မှာပဲ ဆက်ရှိနေစေချင်နေပါတယ်။
    လာမည့်နှစ်တွင် ပရီးမီးယားလိဂ်ကို အာဆင်နယ်စိန်ခေါ်နိုင်မည်
    =================
    လာမယ့်နှစ်မှာ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်တဲ့အသင်း ဖြစ်လာမယ်လို့ ရာသီကုန်ရင် အသင်းကထွက်တော့မယ့် နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ မနေ့က လက်စတာကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ရာသီပြီးဆုံးဖို့ တစ်ပွဲသာလိုတော့တဲ့အချိန် အဆင့် ၆ နေရာမှာ ရပ်တည်နေကာ ချန်ပီယံ မန်စီးတီးနဲ့ ၃၇ မှတ်အထိ ကွာဟနေပါတယ်။ ၀င်းဂါးကတော့ သူ့ကို ဆက်ခံသူဟာ အပြောင်းအလဲတစ်ချို့လုပ်ပြီး ပရီးမီးယားလိဂ်ကို စိန်ခေါ်သူဖြစ်လာနိုင်ကြောင်း၊ အသင်းမှာ ထူးခြားတဲ့စွမ်းရည်ရှိပြီး လာမယ့်နှစ်မှာ ဒါကို မြင်တွေ့ရမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
    ချန်ပီယံလိဂ်ဝင်ခွင့်ကို ဖလားရသည်ထက် စပါးက ပိုမိုဂုဏ်ယူ
    ===============
    နောက်နှစ် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိတာကို ဖလားရရှိတာထက် ပိုပြီး ဂုဏ်ယူမိတယ်လို့ စပါးအသင်းခေါင်းဆောင် ဟူဂို အလ်လိုရစ်က ပြောကြားလိုက်ပါတယ်။ မနေ့က နယူးကာဆယ်နဲ့ပွဲမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ရာသီပြီးဆုံးဖို့ တစ်ပွဲသာလိုတော့တဲ့အချိန် တတိယနေရာမှာ ရှိနေကာ လာမယ့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့် သေချာခဲ့ပါတယ်။ ဒါဟာ ၃ နှစ်ဆက်တိုက် ချန်ပီယံလိဂ်ဝင်ခွင့်ရတာလည်း ဖြစ်ပါတယ်။ ဂိုးသမား အလ်လိုရစ်က ချယ်ဆီးနဲ့ အာဆင်နယ်တို့ရဲ့အထက်နဲ့ ရာသီသိမ်းရတာဟာ အလွန်အဓိပ္ပါယ်ရှိကြောင်း၊ လူတွေက မိမိတို့ကို ဒီလိုလုပ်နိုင်မယ်လို့ မထင်ပေမယ့် တောင့်တင်းတဲ့ အသင်းတစ်ခုအဖြစ် ပြသနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
    Ref: BBC, Goal
  • မလေးရှားဝန်ကြီးချုပ်သစ်အဖြစ် မဟာသီယာ မိုဟာမက် ကျမ်းသစ္စာကျိန်ဆို
    မလေးရှားဝန်ကြီးချုပ်သစ်အဖြစ် မဟာသီယာ မိုဟာမက် ကျမ်းသစ္စာကျိန်ဆို
    မေ ၁၀၊ ၂၀၁၈
    M-Media
    ကျမ်းသစ္စာ ကျိန်ဆိုနေသည့် မဟာသီယာ မိုဟာမက်
    – မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ဟာ ဒီကနေ့မှာ နိုင်ငံရဲ့ ၇ ဦးမြောက် ၀န်ကြီးချုပ်အဖြစ် ဘုရင့်နန်းတော်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။
    မဟာသီဦးဆောင်တဲ့ နိုင်ငံရေးမဟာမိတ်အဖွဲ့ PH ဟာ မနေ့ကပြုလုပ်တဲ့ အထွေထွေရွေးကောက်ပွဲမှာ အမတ်နေရာ ၁၁၃ နေရာ ရရှိခဲ့ပြီး အစိုးရသစ်ဖွဲ့နိုင်ရေး လိုအပ်တဲ့ ၁၁၂ ထက် ကျော်လွန်ခဲ့ပါတယ်။ ၀န်ကြီးချုပ် နာဂျစ်ရဲ့ BN ပါတီကတော့ ၇၉ နေရာပဲ ရရှိခဲ့ပါတယ်။
    ရွေးကောက်ပွဲ ခန့်မှန်းသူတွေက နာဂျစ်ရဲ့ BN ပါတီကပဲ အောင်ပွဲခံလိမ့်မယ်လို့ ခန့်မှန်းထားကြပေမယ့် မဟာသီရဲ့ညွန့်ပေါင်းအဖွဲ့က အံ့ဖွယ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
    အသက် ၉၂ နှစ်အရွယ် BN ပါတီဝင်အဖြစ်နဲ့ ၂၂ နှစ်ကြာ မလေးရှားဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ နိုင်ငံရေးလောကကနေ အနားယူခဲ့ပါတယ်။
    ဒါပေမယ့် ၀န်ကြီးချုပ်နာဂျစ်ရဲ့ ခြစားမှုသတင်းတွေ ထွက်လာခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ်မှာ နိုင်ငံရေးလောကထဲ ပြန်ဝင်လာခဲ့ပြီး BN ပါတီကနေ နှုတ်ထွက်ကာ အတိုက်အခံတွေနဲ့ ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။
    ဒါပမယ့် ဒီသတင်းတွေကို နန်းတော်က ငြင်းဆိုခဲ့ပြီး မလေးရှားစံတော်ချိန် ည ၉ နာရီခွဲမှာ ကျမ်းကျိန်ဖို့အတွက် ရွေးကောက်ပွဲအနိုင်ရသူတွေကို ဘုရင်က ဖိတ်ခေါ်ခဲ့ပါတယ်။
    Ref: CNA
  • ကင်ဂျုံအွန်နှင့် စင်ကာပူတွင်တွေ့မည်ဟု ထရမ့်ကြေငြာ
    ကင်ဂျုံအွန်နှင့် စင်ကာပူတွင်တွေ့မည်ဟု ထရမ့်ကြေငြာ
    မေ ၁၀၊ ၂၀၁၈
    M-Media
    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ ဇွန်လ ၁၂ ရက်နေ့ စင်ကာပူမှာ တွေ့ဆုံမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေငြာလိုက်ပါတယ်။
    မြောက်ကိုရီးယားနိုင်ငံက လွတ်မြောက်လာတဲ့ အမေရိကန်နိုင်ငံသား ၃ ယောက်ကို ဒီကနေ့ သွားကြိုပြီးတဲ့နောက် နာရီပိုင်းအကြာ Twitter စာမျက်နှာမှာ ထရမ့်က ဒီလိုကြေငြာလိုက်တာ ဖြစ်ပါတယ်။
    ထရမ့်နဲ့ ကင်တို့ရဲ့ တွေ့ဆုံမှုဟာ မြောက်ကိုရီးယားနဲ့ အမေရိကန်အကြား ခေါင်းဆောင်တွေ ပထမဆုံး တွေ့ဆုံမှု ဖြစ်ပါတယ်။ ကိုရီးယားနှစ်နိုင်ငံ နယ်ခြားက စစ်မဲ့ဇုန်မှာ တွေ့ဆုံမယ်လို့ စောစောပိုင်းက သတင်းထွက်ခဲ့ပေမယ့် နောက်ပိုင်းမှာ စင်ကာပူက အတည်ဖြစ်လာခဲ့ပါတယ်။
    ဆွေးနွေးပွဲမှာ ထရမ့်ဟာ မြောက်ကိုရီးယားအနေနဲ့ နျူလက်နက် စွန့်လွှတ်ရေး တောင်းဆိုဖို့ ရှိနေပါတယ်။
    Trump က Twitter စာမျက်နှာ၌ ရေးသားမှု
    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုဟာ အခုသီတင်းပတ်အတွင်း မြောက်ကိုရီးယားကို လာရောက်ခဲ့ပြီး ဒါဟာ ၆ ပတ်အတွင်း ဒုတိယအကြိမ်မြောက် လာရောက်မှု ဖြစ်ပါတယ်။ မြောက်ကိုရီးယားက သူတို့ ဖမ်းဆီးထားတဲ့ ကိုရီးယားနွယ်ဖွား အမေရိကန်နိုင်ငံသား ၃ ဦးကို ပွမ်ပီယိုနဲ့ ပြန်ထည့်ပေးခဲ့ပါတယ်။
    Ref: Aljazeera
  • ဆီးရီးယားရှိ အီရန်ပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးထုတ်ပြန်
    ဆီးရီးယားရှိ အီရန်ပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးထုတ်ပြန်
    မေ ၁၀၊ ၂၀၁၈
    M-Media
    ဂိုလန်တောင်ကုန်းရှိ အစ္စရေးတပ်ဖွဲ့
    – ဆီးရီးယားနိုင်ငံအတွင်းက အီရန်အခြေစိုက်စခန်းတွေကို မနေ့က အကြီးစားတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ အစ္စရေးက ဒီနေ့မှာ ပြောကြားလိုက်ပြီး အီရန်က ဂိုလန်တောင်ကုန်းမှာရှိတဲ့ သူတို့တပ်ဖွဲ့တွေအပေါ် ဒုံးကျည်နဲ့ တိုက်ခိုက်မှုကို တုန့်ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။
    ဒုံးကျည်ပစ်ခတ်တဲ့နေရာတွေ၊ ထောက်လှမ်းရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ သိုလှောင်ရေးနေရာတွေနဲ့ ယာဉ်တွေကို ပစ်မှတ်ထားခဲ့တယ်လို့ အစ္စရေးစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျိုနသန် ကွန်ရီကက်စ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
    စစ်ဆင်ရေးအတွင်း ဆီရီးယားစစ်တပ်ရဲ့ ပစ်မှတ်တွေကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
    ဆီးရီးယားနိုင်ငံပိုင်သတင်းဌာနက ဆီးရီးယားရဲ့ ရေဒါစနစ်တစ်ခု ဖျက်ဆီးခံလိုက်ရကြောင်း ဖော်ပြခဲ့ပါတယ်။
    ဂိုလန်တောင်ကုန်းဟာ ဆီးရီးယားပိုင်ဒေသဖြစ်ပြီး အစ္စရေးက ၁၉၆၇ ခုနှစ်စစ်ပွဲအပြီးမှာ ကျူးကျော်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
    အစ္စရေးဟာ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ဆီးရီးယားပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ကာ တိုက်ခိုက်မှုပေါင်း တစ်ဒါဇင်ကျော်လောက် ပြုလုပ်ခဲ့ပြီး ဧပြီလကလည်း ဟုမ်းစ်ပြည်နယ်အနီးက လေတပ်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ပါတယ်။
    ဖေဖော်ဝါရီလအတွင်းမှာ အစ္စရေး F-16 တိုက်လေယာဉ်တစ်စီးဟာ တိုက်ခိုက်ဖို့အတွက် ဆီးရီးယားကို ၀င်လာစဉ်မှာ ဆီးရီးယားတပ်ဖွဲ့က ပစ်ချနိုင်ခဲ့ပါတယ်။ အစ္စရေးကတော့ ဂိုလန်တောင်ကုန်းကို အီရန်က ဒရုန်းတစ်စင်း လွှတ်မှုအတွက် တုန့်ပြန်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    မနေ့ညပိုင်းက တိုက်ခိုက်မှုအတွင်းမှာ အစ္စရေး တိုက်လေယာဉ် အစီး ၂၀ လောက်ပါဝင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်း အစ္စရေးရဲ့ အကြီးမားဆုံး စစ်ရေးလှုပ်ရှားမှုလည်း ဖြစ်ပါတယ်။
    ကွန်ရီကက်စ်က တိုက်ခိုက်မှုလုပ်ခင်မှာ ရုရှားကို အကြောင်းကြားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera
  • ကြာသာပတေးနေ့မနက် နိုင်ငံတကာ သတင်းများ
    ကြာသာပတေးနေ့မနက် နိုင်ငံတကာ သတင်းများ
    မေ ၁၀၊ ၂၀၁၈
    M-Media
    အင်ဒို ထောင်ဆူမှု မြင်ကွင်း
    မလေးရှားရွေးကောက်ပွဲ အတိုက်အခံများ အနိုင်ရ
    ==============
    မလေးရှားမှာ မနေ့ကကျင်းပခဲ့တဲ့ ၁၄ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲမှာ ၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက် ဦးဆောင်တဲ့ အတိုက်အခံတွက အစိုးရသစ်ဖွဲ့နိုင်မယ့် အမတ်အရေအတွက်ကို ရရှိသွားခဲ့ပါတယ်။ ၀န်ကြီးချုပ် နာဂျစ်ရဲ့ BN ပါတီက ရွေးကောက်ပွဲနိုင်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ထားခဲ့ကြပေမယ့် ထင်သလိုဖြစ်မလာခဲ့ဘဲ BN ရဲ့ ဆယ်စုနှစ်ချီ တိုင်းပြည်ကို စိုးမိုးမှုလည်း အဆုံးသတ်သွားပါတယ်။ မဟာသီယာ မိုဟာမက်ကတော့ သူတို့အနေနဲ့ အရေးပါတဲ့ အောင်ပွဲတစ်ခု ရခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီကနေ့မှာ မလေးရှားအစိုးရသစ် ကျမ်းကျိန်ဖို့ ရှိနေပါတယ်။
    ကြမ်းတမ်းသည့်နည်းလမ်းများ ပြန်မသုံးဟု CIA အကြီးအကဲ ကတိပြု
    ============
    CIA အကြီးအကဲအဖြစ် သမ္မတဒေါ်နယ်ထရမ့်ရဲ့ အမည်စာရင်းတင်သွင်းမှုကို ခံထားရတဲ့ ဂီနာ ဟက်စ်ပဲလ်က သူ့ရဲ့ ဦးဆောင်မှုအတွင်းမှာ CIA ဟာ ကြမ်းတမ်းတဲ့ စစ်ကြောမေးမြန်းမှု နည်းလမ်းတွေကို ဘယ်တော့မှ ပြန်လည်အသုံးပြုမှာ မဟုတ်ဘူးလို့ မနေ့က အထက်လွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုပြီးတဲ့နောက်ပိုင်း အမေရိကန်ထောက်လှမ်းရေးအဖွဲ့ CIA ဟာ ဖမ်ဆီးထားသူတွေအပေါ် ညှင်းပမ်းနှိပ်စက်မှုတွေ လုပ်ခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ဟက်စ်ပဲလ်ကတော့ အမေရိကန်ဥပဒေအရ ဒီလို ကြမ်းကြုတ်တဲ့နည်းလမ်းတွေကို တားမြစ်ပိတ်ပင်ထားပြီး ဖမ်းဆီးထားသူတွေဟာ ဥပဒေကပေးထားတဲ့ အခွင့်အရေးတွေ ရရှိရမယ်လို့လည်း ပြောကြားခဲ့ပါတယ်။
    ထရမ့်မှာ အရှက်အကြောက်ကင်းသူဟု အီရန်အဓိပတိ ဝေဖန်
    ===================
    အမေရိကန်ဟာ နျူသဘောတူညီမှုကနေ နှုတ်ထွက်ကြောင့် သမ္မတထရမ့်ရဲ့ ကြေငြာမှုကို အီရန်အဓိအတိ အယာတိုလာ အလီခါမေနီက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး အရှက်အကြောက်ကင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ထရမ့်က နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း အင်္ဂါနေ့မှာ ပြောကြားခဲ့တာဖြစ်ပြီး လက်မှတ်ထိုးထားတဲ့ အခြား နိုင်ငံကြီးတွေက သဘောတူညီချက်ကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ခါမေနီက အမေရိကန်ဟာ အီရန်အပေါ် လွှမ်းမိုးဖို့အတွက် နျူကိစ္စကို အကြောင်းပြချက်အဖြစ် သုံးနေတာဖြစ်ပြီး ၂၀၁၅ ခုနှစ် သဘောတူညီချက်ကလည်း သူတို့ကို အီရန်က ခြေထောက်ကိုင်လာအောင် လုပ်တာသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    အင်ဒိုနီးရှားထောင်ဆူမှု ရဲ ၅ ဦး သေဆုံး
    ============
    အင်ဒိုနီးရှားနိုင်ငံ မြိုတော် ဂျကာတာမြို့ပြင်က လုံခြုံရေးအဆင့်မြင့် ထောင်တစ်ခုမှာ အကျဉ်းသားတွေက ထောင်လုံခြုံရေးတွေကို ဓားစာခံအဖြစ်ဖမ်းဆီကာ ထောင်ဖောက်ဖို့ ကြိုးစားရကနေ ဆူပူမှုဖြစ်တဲ့အတွက် လူ ၆ ဦး သေဆုံးခဲ့ပါတယ်။ IS အဖွဲ့ဝင် အကျဉ်းသားတွေက သူတို့ရဲ့ ခေါင်းဆောင်ကို တွေ့ချင်ကြောင်း ပြောကြားရာကနေ ပြဿနာဖြစ်ပွားတာဖြစ်ပြီး သေဆုံးသူ ၅ ဦးဟာ သေသေချာချာလေ့ကျင့်ပေးထားတဲ့ အကြမ်းဖက်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။
    Ref: Aljazeera