News @ M-Media

ကင်ဂျုံအွန်နှင့် စင်ကာပူတွင်တွေ့မည်ဟု ထရမ့်ကြေငြာ

မေ ၁၀၊ ၂၀၁၈
M-Media

– မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ ဇွန်လ ၁၂ ရက်နေ့ စင်ကာပူမှာ တွေ့ဆုံမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေငြာလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက လွတ်မြောက်လာတဲ့ အမေရိကန်နိုင်ငံသား ၃ ယောက်ကို ဒီကနေ့ သွားကြိုပြီးတဲ့နောက် နာရီပိုင်းအကြာ Twitter စာမျက်နှာမှာ ထရမ့်က ဒီလိုကြေငြာလိုက်တာ ဖြစ်ပါတယ်။

ထရမ့်နဲ့ ကင်တို့ရဲ့ တွေ့ဆုံမှုဟာ မြောက်ကိုရီးယားနဲ့ အမေရိကန်အကြား ခေါင်းဆောင်တွေ ပထမဆုံး တွေ့ဆုံမှု ဖြစ်ပါတယ်။ ကိုရီးယားနှစ်နိုင်ငံ နယ်ခြားက စစ်မဲ့ဇုန်မှာ တွေ့ဆုံမယ်လို့ စောစောပိုင်းက သတင်းထွက်ခဲ့ပေမယ့် နောက်ပိုင်းမှာ စင်ကာပူက အတည်ဖြစ်လာခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ ထရမ့်ဟာ မြောက်ကိုရီးယားအနေနဲ့ နျူလက်နက် စွန့်လွှတ်ရေး တောင်းဆိုဖို့ ရှိနေပါတယ်။

Trump က Twitter စာမျက်နှာ၌ ရေးသားမှု

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုဟာ အခုသီတင်းပတ်အတွင်း မြောက်ကိုရီးယားကို လာရောက်ခဲ့ပြီး ဒါဟာ ၆ ပတ်အတွင်း ဒုတိယအကြိမ်မြောက် လာရောက်မှု ဖြစ်ပါတယ်။ မြောက်ကိုရီးယားက သူတို့ ဖမ်းဆီးထားတဲ့ ကိုရီးယားနွယ်ဖွား အမေရိကန်နိုင်ငံသား ၃ ဦးကို ပွမ်ပီယိုနဲ့ ပြန်ထည့်ပေးခဲ့ပါတယ်။

Ref: Aljazeera