News @ M-Media

Blog

  • အင်္ဂါနေ့ ဘောလုံးသတင်းများ

    အင်္ဂါနေ့ ဘောလုံးသတင်းများ

    မေ ၈၊ ၂၀၁၈
    M-Media

    ၁၉၉၄ ကမ္ဘာ့ဖလားကို အမေရိကန်တွင် ကျင်းပခဲ့စဉ်က

    လူမျိုးရေးခွဲခြားမှုအတွက် ရုရှားဘောလုံးအဖွဲ့ချုပ် ဒဏ်ရိုက်ခံရ
    ===========
    မတ်လအတွင်းက ပြင်သစ်နဲ့ ချစ်ကျည်ရေးပွဲတစ်ခုမှာ ပရိတ်သတ်တွေက လူမျိုးရေးခွဲခြားတဲ့ ကြွေးကြော်သံတွေကို ဟစ်အော်ခဲ့တဲ့အတွက် ဖီဖာက ရုရှားဘောလုံးအဖွဲ့ချုပ်ကို ပေါင် ၂၂၀၀၀ ဒဏ်ရိုက်လိုက်ပါတယ်။ ရုရှားမှာကစားခဲ့တဲ့ ဒီပွဲမှာ ပြင်သစ်က ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ပေါ့ဘာ၊ ဒမ်ဘီလီနဲ့ ကန်တီတို့ဟာ ရုရှားပရိတ်သတ်တွေရဲ့ လူမျိုးရေးခွဲခြားမှုကို ခံခဲ့ရတာပါ။ ဖီဖာကတော့ သူတို့အနေနဲ့ လူမျိုးရေးခွဲခြားမှုကို လုံးဝ သည်းခံမှာမဟုတ်ဘူးလို့ မနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြခဲ့ပါတယ်။

    အာဆင်နယ်နည်းပြသစ်အဖြစ် အလ်လီရီဂရီနှင့် အာတီတာတို့ ရေပန်းစား
    ===============
    အာဆင်နယ်အသင်းရဲ့ နည်းပြသစ်အဖြစ် ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီက ရေပန်းအစားဆုံးဖြစ်လာပြီး အာဆင်နယ် ကွင်းလယ်ကစားသမားဟောင်း အာတီတာလည်း ပစ်မှတ်စာရင်းမှာ ပါဝင်လာပါတယ်။ အလ်လီဂရီဟာ ပြီးခဲ့တဲ့ ၂ ပတ်က လန်ဒန်ကို ရောက်လာခဲ့ပြီး နိုင်ငံရပ်ခြားမှာ စိန်ခေါ်မှုအသစ် ရှာချင်နေတယ်လို့လည်း သတင်းတွေ ထွက်ထားပါတယ်။ အာတီတာကတော့ ၂၀၁၆ ခုနှစ် အာဆင်နယ်ကနေ အနားယူသွားပြီးတဲ့နောက်ပိုင်း မန်စီးတီးနည်းပြ ဂွာဒီယိုလာရဲ့ လက်ထောက်အဖြစ် ဆောက်ရွက်နေပါတယ်။

    ၂၀၂၆ ကမ္ဘာ့လားတွင် အမြတ် ၁၁ ဘီလီယံရမည်ဟု ဖီဖာခန့်မှန်း
    ============
    အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့ အိမ်ရှင်အဖြစ် စာရင်းပေးထားတဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အကျိုးအမြတ် ဒေါ်လာ ၁၁ ဘီလီယံလောက် ရရှိလိမ့်မယ်လို့ ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် ဖီဖာက ပြောကြားလိုက်ပါတယ်။ ၂၀၂၆ အတွက် မော်ရိုကိုကလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် တင်ထားပြီး ဇွန်လ ၁၃ ရက်နေ့ မော်စကိုမှာ အိမ်ရှင်ရွေးချယ်မှာပါ။ အမေရိကန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ကားလို့စ် ကော်ဒီရိုကတော့ သူတို့သာ ကျင်းပခွင့်ရရင် အအောင်မြင်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာမယ်လို့ ပြောကြားခဲ့ပါတယ်။

    လီဗာပူးလ်နောက်ခံလူ ဒဏ်ရာကြောင့် ချန်ပီယံလိဂ်နှင့် ကမ္ဘာ့ဖလားပွဲ လွဲမည်
    ===============
    အင်္ဂလန်လက်ရွေးစင် လီဗာပူးလ်နောက်ခံလူတစ်ဦးဖြစ်တဲ့ ဂျိုး ဂိုးမက်ဇ်ဟာ ခြေချင်းဝတ် ခွဲစိပ်မှုကြောင့် မေလ ၂၆ ရက်နေ့မှာကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတို့ကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။ မတ်လက နိုင်ငံအသင်းအတွက် ချစ်ကျည်ရေးပွဲကစားချိန်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ လီဗာပူးလ်အတွက် ၂ ပွဲ ကစားပေးခဲ့ပါသေးတယ်။ ဂိုးမက်ဇ်ကတော့ အမြန်သက်သာလာအောင် လုပ်ဆောင်သွားမှာဖြစ်ပြီး ဘောလုံးရာသီရဲ့ ပြိုင်ပွဲကြီးနှစ်ခုကို အားပေးဖို့ အာရုံစိုက်ထားကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: BBC, Goal

  • နှစ်ဦးနှစ်ဖက်အကျိုးရှိအောင် ကမ္ဘာကြီးနှင့် ဆက်ဆံချင်သည်ဟု အီရန်သမ္မတပြော

    နှစ်ဦးနှစ်ဖက်အကျိုးရှိအောင် ကမ္ဘာကြီးနှင့် ဆက်ဆံချင်သည်ဟု အီရန်သမ္မတပြော

    မေ ၈၊ ၂၀၁၈
    M-Media

    အီရန်သမ္မတ ဟာဆန်ရူဟာနီ

    – အီရန်နိုင်ငံဟာ ကမ္ဘာကြီးနဲ့ အပြုသဘောဆောင်တဲ့၊ နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် ဆက်ဆံရေးမျိုး ရှိချင်တယ်လို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက ပြောကြားလိုက်ပါတယ်။

    ဒီနေ့ ရေနံဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှုအတွင်း ဒီလိုပြောကြားလိုက်တာဖြစ်ပြီး ဒေသတွင်းမှာ ခြွင်းချက်အနအထားတစ်ချို့၊ အထူးအခြေအနေတစ်ချို့ ရှိပေမယ့် သိပ်မကြာခင်မှာ ဒါတွေကို နောက်ချန်ထားနိုင်မယ်လို့လည်း ဆိုပါတယ်။

    ဒါဟာ မေလ ၁၂ ရက်နေ့မှာ နျူသဘောတူညီချက်နဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို ရည်ညွှန်းပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

    ၂၀၁၅ ခုနှစ်က အင်အားကြီး ၆ နိုင်ငံနဲ့ ရရှိထားတဲ့ အီရန်နျူသဘောတူညီချက်ကနေ နှုတ်ထွက်ဖို့နဲ့ အီရန်အပေါ် ပိတ်ဆို့မှုတွေ ပြန်လုပ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စီစဉ်နေပါတယ်။

    “ပိတ်ဆို့မှုတွေ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရမယ်ဆိုတဲ့ လမ်းကြောင်းအတိုင်း ကျွန်တော်တို့ ဆက်သွားမှာပါ။ ဒါဟာ လိုအပ်ချက်တစ်ခုပါ” လို့ ရူဟာနီက ပြောကြားခဲ့ပါတယ်။

    ကုလနဲ့ ဥရောပသမဂ္ဂအပါအ၀င် နျူသဘောတူညီချက်မှာ ပါဝင်လက်မှတ်ရေးထိုးထားသူတွေက ထရမ့်အနေနဲ့ မနှုတ်ထွက်ဖို့ ပြောကြားထားပါတယ်။

    ရူဟာနီက ဒီနှစ်မှာကျရောက်မယ့် နှစ် ၄၀ ပြည့် အစ္စလာမ့်တော်လှန်ရေးအောင်ပွဲ အခမ်းအနားကို အရင်ကထက် ပိုမိုထွန်းတောက်တဲ့ အနေအထားနဲ့ ကျင်းပသွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ဘုရားသခင်ရဲ့ ဂုဏ်ကျေးဇူးတော်နဲ့ အီရန်ပြည်သူတွေဟာ လွတ်လပ်ရေး၊ လွတ်မြောက်မှု၊ အစ္စလာမ်အပေါ် သက်ဝင်မှုနဲ့ ပြည်သူ့အစိုးရစနစ်၊ ဒီမိုကရေစီစနစ်တွေနဲ့အတူ နှစ်ပေါင်းများစွာ၊ ရာစုပေါင်းများစွာ ရှေ့ဆက်လျှောက်လှမ်းသွားမှာ ဖြစ်ပါတယ်။ ဒါဟာ ပြည်သူတွေ ရွေးချယ်ခဲ့တဲ့ လမ်းကြောင်းလည်း ဖြစ်ပါတယ်”

    Ref : Press TV

  • ဇမ်ဇမ် (သို့မဟုတ်) မက္ကာက နတ်ရေစင် (မြန်မာစာတမ်းထိုး)

    ဇမ်ဇမ် (သို့မဟုတ်) မက္ကာက နတ်ရေစင် (မြန်မာစာတမ်းထိုး)

    မေ ၈၊ ၂၀၁၈
    M-Media

    – ဤမှတ်တမ်းရုပ်ရှင်တွင် ဇမ်ဇမ်ရေ၏ သမိုင်းကြောင်း၊ ဂုဏ်သတ္တိတွေနဲ့ ဖြန့်ဝေပေးမှုတွေအကြောင်း ရှုစားရမှာ ဖြစ်ပါတယ်။

  • မြန်မာမိန်းကလေးများဖြင့် ၀န်ဆောင်မှုပေးနေသည့် ကန်ပြည့်တန်ဆာခေါင်းကို ထိုင်းဖမ်းဆီး

    မြန်မာမိန်းကလေးများဖြင့် ၀န်ဆောင်မှုပေးနေသည့် ကန်ပြည့်တန်ဆာခေါင်းကို ထိုင်းဖမ်းဆီး

    မေ ၈၊ ၂၀၁၈
    M-Media

    – ကာမဆန္ဒ ဖြည့်ဆည်းချင်သူတွေကို မြန်မာအမျိုးသမီးတွေနဲ့ ချိတ်ပေးတဲ့ ပြည့်တန်ဆာခေါင်း အမေရိကန်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    အသက် ၆၆ နှစ်အရွယ် ဗစ်ဂို အလ်ဘာ့တ်ဆန်ဆိုတဲ့ အဲဒီအမျိုးသားဟာ Chiang Rai ပြည်နယ်မှာ အငြိမ်းစားဗီဇာနဲ့ နေထိုင်နေတာဖြစ်ပြီး Burmese Border Chicks for Hire ဆိုတဲ့ ၀ဘ်ဆိုက်နဲ့ Facebook စာမျက်နှာတွေကို လွှင့်တင်ထားကာ ဘတ် ၆၅၀၀ နဲ့ မြန်မာအမျိုးသမီးတွေနဲ့ ပျော်ပါးနိုင်အောင် စီစဉ်ပေးတာဖြစ်ပါတယ်။

    အလ်ဘာ့ဆန်ဟာ သူ့ဖောက်သည်တွေကို မယ်ဆိုင်မှာ မြန်မာမိန်းကလေးတွေနဲ့တွေ့ဖို့ စီစဉ်ပေးသလို၊ မြန်မာနိုင်ငံထဲ ၀င်ရောက်ပျော်ပါးနိုင်အောင်လည်း ပြုလုပ်ပေးတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။

    “သူ ဒီအလုပ်လုပ်နေတာ အနည်းဆုံး ၁၀ နှစ်လောက်ရှိပါပြီ” လို့ ထိုင်း ရာဇ၀တ်မှုနှိမ်နှင်းရေးဌာနက ဒုတိယအကြီးအကဲ ကာနယ် Jirabhob Bhuridej က ပြောကြားခဲ့ပါတယ်။

    မယ်ဆိုင် ဟိုတယ်တစ်ခုမှာ ဖောက်သည်အဖြစ် ဟန်ဆောင်ထားတဲ့ ထိုင်းရဲတပ်ဖွဲ့က အသွင်ယူရဲသားတွေကို မြန်မာနိုင်ငံက အသက် ၂၅ နှစ်နဲ့ ၁၈ နှစ်အရွယ်ရှိတဲ့ မိန်းကလေးနှစ်ယောက်နဲ့ တွေ့ဆုံဖို့ စီစဉ်ပေးခဲ့ပြီးတဲ့နောက် အလ်ဘာ့တ်ဆန်ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

    အလ်ဘာတ်ဆန်အပြင် အဲဒီ မြန်မာမိန်းကလေးနှစ်ဦး၊ ကူညီပေးခဲ့တဲ့ မြန်မာပွဲစား အမျိုးသမီးတစ်ဦးတို့ကိုလည်း ပြည့်တန်ဆာဆိုင်ရာ ဥပဒေနဲ့ တရားစွဲဆိုထားပါတယ်။

    ထိုင်းနိုင်ငံမှာ တွင်ကျယ်နေတဲ့ လိင်ဖျော်ဖြေရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ ဝေဖန်မှုတွေ ကျယ်လောင်လာခဲ့ပြီးတဲ့နောက် ဒီလို ဖမ်းဆီးမှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    ထိုင်းနိုင်ငံက လိင်လုပ်ငန်းအတွက် အိမ်နီးချင်းမြန်မာနိုင်ငံက မိန်းကလေးတွေဟာ လူကုန်ကူးမှုသားကောင် ဖြစ်နေရပါတယ်။

    Ref: Straits Times

  • အမျိုးသမီးများ ကားမောင်းနိုင်မည့် ရက်အတိအကျကို ဆော်ဒီထုတ်ပြန်

    အမျိုးသမီးများ ကားမောင်းနိုင်မည့် ရက်အတိအကျကို ဆော်ဒီထုတ်ပြန်

    မေ ၈၊ ၂၀၁၈
    M-Media

    – ဆော်ဒီအမျိုးသမီးတွေဟာ ဇွန်လ ၂၄ ရက်နေ့ကနေစပြီး ကားမောင်းနိုင်ပြီလို့ ဆော်ဒီ မော်တော်ယာဉ်ဆိုင်ရာဌာနက ညွှန်ကြားရေးမှူး မိုဟာမက် အလ်-ဘက်ဆာမီက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    “အမျိုးသမီးတွေ စတင်ကားမောင်းနိုင်ဖို့အတွက် လိုအပ်တာအားလုံးကို လုပ်ဆောင်ပြီးပါပြီ” လို့ အစိုးရရဲ့ ထုတ်ပြန်ကြေငြာချက်မှာ ဘက်ဆာမီက ဆိုပါတယ်။

    ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ ဆော်ဒီဘုရင်က အမိန့်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အမျိုးသမီးတွေ ကားမောင်းမှု ပိတ်ပင်ထားတာကို ဖယ်ရှားလိုက်တယ်လို့ ကြေငြာခဲ့ပါတယ်။

    အသက် ၁၈ နှစ်နဲ့အထက် အမျိုးသမီးတွေ လိုင်စင်လျှောက်ထားနိုင်ဖို့အတွက် ဆော်ဒီက စီစဉ်ပေးခဲ့ပြီး နိုင်ငံတစ်ဝှမ်း မြို့ကြီးတွေမှာ အမျိုးသမီးတွေအတွက် ကားမောင်းသင်တန်းကျောင်းတွေကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

    နိုင်ငံရပ်ခြားမှာ ကားမောင်းလိုင်စင်ရထားတဲ့ အမျိုးသမီးတွေအနေနဲ့လည်း ဒေသတွင်းလိုင်စင်ကို ပြန်လည်လျှောက်ထားဖို့လိုတယ်လို့ ဆိုပါတယ်။

    အမျိုးသမီးတွေ ကားမောင်းခွင့်ပိတ်ပင်ထားတာကို ဖယ်ရှားတဲ့အစီအစဉ်မှာ အသက် ၃၂ နှစ်အရွယ် မိုဟာမက် ဘင် ဆလ်မန်က အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုတွေရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

    Ref: Alarabiya