News @ M-Media

Blog

  • တနင်္ဂနွေနေ့ ဘောလုံးသတင်းများ

    တနင်္ဂနွေနေ့ ဘောလုံးသတင်းများ

    မေ ၆၊ ၂၀၁၈
    M-Media

    မန်ယူနည်းပြဟောင်း ဖာဂူဆန်

    ဖာဂူဆန်ကို အထူးကြပ်မတ်ကုသနေရဆဲဟု မန်ယူထုတ်ပြန်
    ============
    မနေ့က ဦးနှောက်သွေးခဲမှုကြောင့် အရေးပေါ်ခွဲစိပ်မှု ပြုလုပ်ခဲ့ရတဲ့ မန်ယူနည်းပြဟောင်း ဆာ အဲလက်စ် ဖာဂူဆန်ဟာ ခွဲစိပ်မှု အောင်မြင်ခဲ့ပေမယ့် အထူးကြပ်မတ်ကုသဆောင်မှာပဲ ရှိနေပါသေးတယ်။ မန်ယူက နောက်ဆုံး ထုတ်ပြန်တဲ့ကြေငြာချက်မှာ ဆောင်ရွက်ချက်တွေဟာ တော်တော်လေးကို ကောင်းမွန်တယ်လို့ ဖော်ပြထားပေမယ့် အသက် ၇၆ နှစ်အရွယ် ဖာဂူဆန်ရဲ့ အခြေအနေကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ ဖာဂူဆန်ရဲ့ မိသားစုကလည်း ကျန်းမာရေးအခြေနေကို မထုတ်ပြန်ဖို့ မေတ္တာရပ်ခံထားပါတယ်။

    နေးမာ ရီးယဲလ်ကိုပြောင်းချင်သည်ဟု သတင်းထွက်
    ================

    ပီအက်စ်ဂျီအသင်းရဲ့ ဘရာဇီးလ်တိုက်စစ်မှူး နေးမာဟာ ရီးယဲလ်မက်ဒရစ်မှာ ကစားချင်နေတယ်လို့ စပိန်အားကစားသတင်းစာ Marca က ဖော်ပြပါတယ်။ အခုနှစ်အစပိုင်းက ဘာစီလိုနာကနေ ပြောင်းရွှေ့လာတဲ့ နေးမာဟာ ရာသီကုန်ရင် အသင်းကထွက်တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာပါ။ ရီးယဲလ်ကလည်း နေးမာကို ခေါ်ယူမယ်ဆိုရင် အသင်းမှာရှိနေတဲ့ ရော်နယ်ဒိုကိုပါ လခတိုးပေးသွားဖို့ ပြင်ဆင်နေတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

    ပေါ်တူဂီအမှတ်ပေးဖလားကို ပေါ်တိုအသင်း ဆွတ်ခူး
    =============
    ပေါ်တူဂီ အမှတ်ပေးဖလား ဘောလုံးပြိုင်ပွဲမှာ ပေါ်တိုအသင်းက ဗိုလ်စွဲသွားခဲ့ပြီး ၂၀၁၃ ခုနှစ်နောက်ပိုင်း ပထမဆုံး ဗိုလ်စွဲမှုဖြစ်ပါတယ်။ ရာသီကုန်ဖို့ တစ်ပွဲသာလိုတော့တဲ့အချိန်မှာ လက်ရှိချန်ပီယံ ဘင်ဖီကာအသင်းက မနေ့ကပွဲမှာ ဂိုးမရှိသရေကျသွားခဲ့တဲ့အတွက် တစ်ပွဲလျော့ပေါ်တိုနဲ့ ၄ မှတ်ကွာဟသွားပြီး ပေါ်တိုကို ဗိုလ်စွဲစေခဲ့တာ ဖြစ်ပါတယ်။ ပေါ်တိုဂိုးသမား အီကာကာဆီးလက်စ်ဟာ ၂၀၁၅ ခုနှစ် ရီးယဲလ်ကနေ ထွက်ခွာခဲ့ပြီးတဲ့နောက် ပထမဆုံး ဖလားကိုင်မြှောင်နိုင်တာလည်း ဖြစ်ပါတယ်။

    ပရီးမီးယားလိဂ်သို့ ၀ုလ်ဗာဟက်တန်နှင့် ကာဒစ်ဖ်တို့ တန်းတက်ခွင့်ရ
    ====================
    အင်္ဂလန် ပထမတန်း ချန်ပီယံရှစ်က ကာဒစ်ဖ်အသင်းဟာ ပရီးမီးယားလိဂ်ကို ၀ုလ်ဗာဟက်တန်နဲ့အတူ အလိုအလျောက် တက်ရောက်ခွင့်ရခဲ့ပါတယ်။ မနေ့က နောက်ဆုံးပွဲစဉ် ရီးဒင်းနဲ့ပွဲမှာ ကာဒစ်ဖ်ဟာ ဂိုးမရှိသရေကျခဲ့ပေမယ့် တတိယနေရာက ဖူလ်ဟမ်အသင်း အဝေးကွင်းမှာ ရှုံးသွားတာကြောင့် ဒုတိယနေရာ ရရှိခဲ့တာပါ။
    ချန်ပီယံရှစ်မှာ ဗိုလ်စွဲတဲ့အသင်းက ၀ုလ်ဗာဟက်တန်ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကို ချန်ပီယံရှစ်က ၃ သင်း တက်ရောက်ခွင့်ရမှာဖြစ်ပြီး အဆင့် ၃ ကနေ အဆင့် ၆ အသင်းတွေဟာ နောက်ဆုံးတစ်နေရာအတွက် ရှုံးထွက်ပွဲတွေ ကစားရမှာ ဖြစ်ပါတယ်။

    Ref: BBC, Goal

  • နိုင်ငံခြားသားအလုပ်သမားများကို အစားအသောက် ပုံမှန်ဝေမည့် အစီအစဉ်တစ်ခု ဒူဘိုင်းစတင်

    နိုင်ငံခြားသားအလုပ်သမားများကို အစားအသောက် ပုံမှန်ဝေမည့် အစီအစဉ်တစ်ခု ဒူဘိုင်းစတင်

    မေ ၆၊ ၂၀၁၈
    M-Media

    – နိုင်ငံအတွင်းမှာ ရှိနေသူတွေအားလုံး ပျော်ရွှင်ဖို့အတွက် ဒူဘိုင်းအခြေစိုက် အကူအညီပေးရေးအဖွဲ့ Dar Al Ber Society ဟာ နိုင်ငံတစ်ဝှမ်း ကားနဲ့ အစားအသောက်လိုက်ဝေတဲ့ အစီအစဉ်တစ်ခုကို စတင်လိုက်ပါတယ်။

    ယမန်နေ့နေ့လည် ၁၂ နာရီက စတင်ခဲ့တဲ့ အဲဒီအစီအစဉ်ကို Zayed Happiness Van (ပျော်ရွှင်စရာ ဇေယဒ်ဗန်ကား) လို့ အမည်ပေးထားပြီး ယူအေအီးရဲ့ Year of Zayed (ဇေယဒ်နှစ်) စီမံကိန်း၊ နိုင်ငံတည်ထောင်သူ ရှိခ် ဇေယဒ် ဘင် ဆူလ်တန် အလ် နဟ်ယန်ရဲ့မွေးနေ့တွေကို ဂုဏ်ပြုဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

    တစ်နှစ်တာကြာမြင့်မယ့် ဒီအစဉ်အစဉ်မှာ သီတင်းပတ်တိုင်း Dar Al Ber Society ဟာ ဒူဘိုင်းက နွမ်းပါးတဲ့နေရာတွေကို သွားရောက်ကာ အစားအသောက်တွေ ဝေငှမှာ ဖြစ်ပါတယ်။

    နိုင်ငံခြားသား အလုပ်သမားတွေနေထိုင်ရာနေရာတွေ၊ စက်မှုဇုန်တွေကို အဓိကထား သွားရောက်မှာဖြစ်ပြီး အစားအသောက်တွေအပြင် အခြားလိုအပ်တဲ့ပစ္စည်းတွေ၊ လက်ဆောင်တွေကိုလည်း ဝေငှဖို့ ရှိနေပါတယ်။

    မနေ့က ပထမဆုံး အစီအစဉ်မှာတော့ Dar Al Ber Society အဖွဲ့က ဆောင်ရွက်တဲ့ ဒီလှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်၊ အလှူဒါနပြုမှုဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်ပြီး အသိပညာပေးတာ၊ မေးခွန်းတွေမေးမြန်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဖြေမှန်ကန်တဲ့သူတွေဟာ စားသောက်ဆိုင်မှာ စားသောက်နိုင်မယ့် ဘောက်ချာတွေကို ဆုအဖြစ်ရခဲ့ပြီး၊ ကံကောင်းသူတစ်ဦးကတော့ မိခင်နိုင်ငံကို ပြန်လို့ရမယ့် လေယာဉ်တစ်ကြောင်းစာလက်မှတ် အခမဲ့ရရှိခဲ့ပါတယ်။

    “ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ရှိခ် ဇေယဒ်ရဲ့ မွေးနေ့ဟာ ကျွန်တော့်အတွက်တော့ ကံကောင်းခြင်းလက်ဆောင်ပါ။ လေယာဉ်လက်မှတ် မဲပေါက်ခဲ့ပြီး အိန္ဒိယက ကျွန်တော့်မိသားစုဆီ သွားလည်ဖို့အတွက် အရမ်းကို စိတ်အားထက်သန်နေပါတယ်။ ဒီလို အံ့သြစရာကိစ္စအတွက် ကျွန်တော် အရမ်း စိတ်လှုပ်ရှား ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့ရဲ့ ဘ၀တွေ တိုးတက်ကောင်းမွန်ဖို့နဲ့ ကျွန်တော်တို့ ပြုံးပျော်နိုင်ဖို့အတွက် အမြဲတမ်း နည်းလမ်းရှာ ဆောင်ရွက်ပေးတဲ့ Dar Al Ber Society ကိုလည်း ကျွန်တော် ကျေးဇူးတင်ပါတယ်” လို့ အိန္ဒိယရွှေ့ပြောင်းလုပ်သား လီယိုနယ် တီရန့်စ်က ပြောကြားခဲ့ပါတယ်။

    မနေ့ကအစီအစဉ်မှာ ပိတ်စ ကိုက် ၂၀၊ ဖိနစ်အသစ်တစ်ရံနဲ့ ကျောပိုးအိတ်တစ်လုံးကိုလည်း လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။ အစားအသောက်တွေမှာတော့ ဒန်ပေါက်၊ ရေခဲမုန့်၊ ကွတ်ကီး၊ သစ်သီး၊ ဖျော်ရည် စတာတွေ ပါဝင်ပါတယ်။

    “Zayed Happiness Van ဟာ ကျွန်တော်တို့ရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ခေါင်းဆောင်ကြီး ရှိခ် ဇေယဒ် အလ် နဟ်ယန်ရဲ့ စိတ်ဓာတ်နဲ့ ရည်ရွယ်ချက်တွေကို ဂုဏ်ပြုဖို့ဖြစ်ပါတယ်” လို့ Dar Al Ber Society ရဲ့ စီအီးအိုဖြစ်သူ အဘ်ဒူလာ အလီ ဘင် ဇေယဒ် အလ် ဖာလာစီက ပြောကြားခဲ့ပါတယ်။

    Ref: Khaleej Times

  • အမေရိကန်၏သဘောထားက ကိုရီးယားကျွန်းဆွယ်ကို ခြိမ်းခြောက်နေဟု ကင်ဂျုံအွန်ပြော

    အမေရိကန်၏သဘောထားက ကိုရီးယားကျွန်းဆွယ်ကို ခြိမ်းခြောက်နေဟု ကင်ဂျုံအွန်ပြော

    မေ ၆၊ ၂၀၁၈
    M-Media

    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်

    – နျူလက်နက်စွန့်မှ ပိတ်ဆို့မှုတွေ ဖယ်ရှားမယ်ဆိုတဲ့စကားဟာ ကိုရီးယားနှစ်နိုင်ငံ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတာဖြစ်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ကင်ဂျုံအွန်တို့ဟာ လာမယ့် သီတင်းပတ်အနည်းငယ်မှာ တွေ့ဆုံဖို့ရှိနေပြီးသမိုင်းတစ်လျှောက် နှစ်နိုင်ငံခေါင်းဆောင်တွေ ပထမဆုံး တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

    ကင်ဟာ ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်နဲ့ တွေ့ဆုံခဲ့ပြီး ဒေသတွင်း နျူလက်နက်ဖျက်သိမ်းရေးကို သဘောတူခဲ့ကြပါတယ်။

    မြောက်ကိုရီးယားအနေနဲ့ နျူလက်နက်ကို လုံးဝ စွန့်လွှတ်မှသာ ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးမယ်လို့ အမေရိကန်ကပြောကြားခဲ့တာပါ။ မြောက်ကိုရီးယား နိုင်ငံခြားရေးတာဝန်ရှိသူတစ်ဦးက အမေရိကန်ဟာ မြာက်ကိုရီးယားအပေါ် တမင် ရန်စနတာဖြစ်ပြီး၊ ပိတ်ဆို့မှုတွေလုပ်မှ၊ အခြား ဖိအားတွေလုပ်မှ နျူလက်နက်ဖျက်သိမ်းရေး ကတိက၀တ် ရမယ်ဆိုပြီး ပြည်သူတွေ အတွေးမှားအောင် ပြုလုပ်နေတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    အမေရိကန်ကို မြောက်ကိုရီးယားက ပုံမှန်လိုလို ပြစ်တင်ပြောဆိုခဲ့ပေမယ့် ထိပ်သီးအစည်းအဝေးလုပ်ဖို့ စီစဉ်နေတဲ့အချိန် ပြီးခဲ့တဲ့သီတင်းပတ်တွေမှာတော့ ဒီလိုပြောဆိုမှုတွေ မရှိခဲ့ပါဘူး။

    ဒါပေမယ့် ဒီကနေ့ပေါ်ထွက်လာတဲ့ မြောက်ကိုရီးယားရဲ့ဝေဖန်မှုကြောင့် လတ်တလော တိုးတက်မှုတွေကို စောင့်ကြည့်ရလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

    Ref: BBC

  • နျူသဘောတူညီချက်မှ နှုတ်ထွက်လျှင် သမိုင်းဝင်နောင်တရမည်ဟု ကန်ကို အီရန်သတိပေး

    နျူသဘောတူညီချက်မှ နှုတ်ထွက်လျှင် သမိုင်းဝင်နောင်တရမည်ဟု ကန်ကို အီရန်သတိပေး

    မေ ၆၊ ၂၀၁၈
    M-Media

    အီရန်သမ္မတ ဟာဆန်ရူဟာနီ

    – နျူသဘောတူညီချက်ကနေ ထွက်မယ်ဆိုရင် အမေရိကန်ဟာ သမိုင်းဝင်နှောင်တ ရသွားမယ်လို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက ပြောကြားလိုက်ပါတယ်။

    မနေ့က နိုင်ငံပိုင်သတင်းဌာနကနေ ပြောကြားတဲ့မိန့်ခွန်းမှာ ရူဟာနီက ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်နဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုမဆို ရင်ဆိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

    အမေရိကန်အပါအ၀င် အင်အားကြီး ၆ နိုင်ငံနဲ့ ရရှိထားတဲ့ ဒီသဘောတူညီချက်မှာ ဆက်ရှိနေမလားဆိုတာ ထရမ့်က ၁၂ ရက်နေ့မှာ ဆုံးဖြတ်မှာဖြစ်ပြီး၊ ထွက်ဖို့များနေတယ်လို့ သတင်းထွက်နေပါတယ်။

    “သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ အီရန်အနုမြူအဖွဲ့တို့ကို လိုအပ်တဲ့ ညွှန်ကြားချက်တွေ ပေးပြီးပါပြီ။ အမေရိကန်က နျူသဘောတူညီချက်ကနေ ထွက်မယ်ဆိုရင် သူတို့အတွက် သမိုင်းဝင်နောင်တ ဖြစ်ပွားမှာပါ”

    ဒီသဘောတူညီချက်ကနေ အမေရိကန်နှုတ်ထွက်မယ်လို့ ထရမ့်ဟာ ဇန်န၀ါရီလကတည်းက အကြိမ်ကြိမ်ပြောကြားခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုတွေ ထပ်လုပ်မယ်လို့လည်း ဆိုပါတယ်။

    အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်ကလည်း သူတို့တိုင်းပြည်အပေါ် အနိုင်ကျင့်လို့မရဘူးလို့ ကြာသာပတေးနေ့မှာ ပြောကြားခဲ့ပြီး နျူသဘောတူညီချက်အတွက် ပြန်လည်ညှိနှိုင်းတာမျိုး လက်ခံမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

    Ref: Aljazeera

  • ကမ္ဘာ့အထင်ရှားဆုံး ရေပေါ်ဗလီဝတ်ကျောင်းတော်များ

    ကမ္ဘာ့အထင်ရှားဆုံး ရေပေါ်ဗလီဝတ်ကျောင်းတော်များ

    မေ ၆၊ ၂၀၁၈
    M-Media

    – ကမ္ဘာပေါ်က ထင်ရှားတဲ့ ရေပေါ်ဗလီဝတ်ကျောင်းတော်တွေကို စုစည်းဖော်ပြလိုက်ပါတယ်။

    ၁။ အိုမာအလီ ဆိုင်ဖူဒင် ဗလီ – ဘရူးနိုင်း

    ဘရူးနိုင်းရဲ့ ၂၈ ယောက်မြောက် ဘုရင်ရဲ့အမည်ကို ဂုဏ်ပြုမှည့်ခေါ်ထားတဲ့ ဒီ ဗလီဝတ်ကျောင်းတော်ဟာ မြို့တော် ဘန်ဒါ ဆရီ ဘဂ်ဝမ်ရဲ့ အချက်အခြာနေရာမှာ တည်ရှိပါတယ်။ ဗလီကြီးရဲ့ အဓိကအမိုးခုံးဟာ မြို့ရဲ့မြင်ကွင်းကို လွှမ်းမိုးထားပြီး ဘယ်နေရာကနေကြည့်ကြည့် မြင်နိုင်ပါတယ်။

    ၁၉၅၈ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံရဲ့ အထင်ကရ အမှတ်သညာတစ်ခုအဖြစ် မှတ်ယူခံရပါတယ်။ ၀တ်ပြုရာနေရာအပြင် ကမ္ဘာလှည့်ခရီးသွားတွေကို စွဲဆောင်ရာနေရာလည်းဖြစ်ပြီး အရှေ့တောင်အာရှက ထင်ရှားတဲ့ ဗလီဝတ်ကျောင်းတော်တွေထဲက တစ်လုံး ဖြစ်ပါတယ်။

    ၂။ ဟာဆန် ၂ ဗလီ – မော်ရိုကို

    ဟာဆန် ၂ ဗလီဝတ်ကျောင်းတော်ဟာ မော်ရိုကိုမှာ အကြီးဆုံးဝတ်ကျောင်းတော်ဖြစ်ပြီး ကမ္ဘာ့ အထင်အကရ ဗလီဝတ်ကျောင်းတော်တွေစာရင်းမှာလည်း ပါဝင်ပါတယ်။ မြို့တော် ကာဆာဘလန်ကာမှာရှိတဲ့ ဒီဗလီဝတ်ကျောင်းတော်ကို ၁၉၉၃ ခုနှစ်က စတင်အသုံးပြုခဲ့ပြီး တစ်ကြိမ်တည်းမှာ လူပေါင်း ၁၀၅၀၀၀ ဦးလောက် ၀တ်ပြုနိုင်ပါတယ်။ ဗလီကြီးရဲ့ မင်နာရတ်မျှော်စင်ဟာ မီတာ ၂၁၀ ရှည်လျားပြီး ကမ္ဘာ့အမြင့်ဆုံး မင်နာရတ်ဖြစ်ပါတယ်။

    မော်ရိုကိုကထွက်တဲ့ ပစ္စည်းတွေနဲ့သာ တည်ဆောက်ထားတာဖြစ်ပြီး ၀တ်ပြုဆောင်ရဲ့ အစိတ်အပိုင်းတွေကို မှန်နဲ့ လုပ်ထားတာကြောင့် ၀တ်ပြုသူတွေဟာ ပင်လယ်ကို အတိုင်းသားမြင်နေရပါတယ်။

    ၃။ ကိုတာ ကင်ဘာလူ ဗလီ – မလေးရှား

    ကိုတာကင်ဘာလူ ဗလီဝတ်ကျောင်းတော်ရဲ့ ဗိသုကာလက်ရာ၊ အပြာရောင်နဲ့ ရွှေရောင် ရောစပ်ထားတဲ့ အမိုးခုံးတွေဟာ မဒီနာမြို့က တမန်တော်မြတ် ဗလီဝတ်ကျောင်းတော်ကို အတုယူ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အဲဒီရေပေါ်ဗလီကို ၀ိုင်းရံထားတဲ့ ရေထဲမှာ လူတွေဟာ လှေငယ်လေးတွေစီးတာ၊ အပန်းဖြေတာ၊ ဓာတ်ပုံရိုက်တာတွေ လုပ်နိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။ ဒီဗလီဝတ်ကျောင်းတော်ကြီးဟာ မလေးရှားက ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားရာနေရာလည်း ဖြစ်ပါတယ်။

    ၂၀၀၀ ခုနှစ်မှာ ဗလီဝတ်ကျောင်းတော်ကို ဖွင့်လှစ်ခဲ့ပြီး တစ်ကြိမ်တည်း လူပေါင်း ၁၂၀၀၀ လောက် ၀တ်ပြုနိုင်ပါတယ်။

    ၄။ မလကာရေလက်ကြား ဗလီ – မလေးရှား

    ကမ်းရိုးတန်းမြို့ မလာကာက လူလုပ်ထားတဲ့ကျွန်းအနီးမှာ တည်ရှိတဲ့ ဒီဗလီဝတ်ကျောင်းတော်ကို အရှေ့အလယ်ပိုင်းနဲ့ မလေးရိုးရာ လက်မှုပညာတို့ ပေါင်းစပ်တည်ဆောက်ထားတာ ဖြစ်ပါတယ်။

    ၂၀၀၆ ခုနှစ်မှာ ၀တ်ပြုသူတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒီရေတက်လာတဲ့အခါ ဗလီဟာ ရေပေါ်မှာ ပေါလောမျောနေတဲ့ပုံစံဖြစ်အောင် ဖန်တီးထားပါတယ်။

    ၅။ တန်ဂျုန် ဘွန်းငါး ရေပေါ်ဗလီ – မလေးရှား

    မလေးရှားနိုင်ငံ ပီနန်မြို့မှာ တည်ရှိပြီး မလေးရှားက ပင်လယ်ပြင်မှာ ပထမဆုံး တည်ဆောက်ထားတဲ့ ဗလီဝတ်ကျောင်းတော် ဖြစ်ပါတယ်။

    ပီနန်ရဲ့ အထင်ရှားဆုံး နေရာတစ်ခုဖြစ်ပြီး လူပေါင်း ၁၅၀၀၀ လောက် တစ်ပြိုင်တည်း ၀တ်ပြုနိုင်ပါတယ်။

    ၆။ ခရစ္စတယ်ဗလီ – မလေးရှား

    ကမ္ဘာ့အကြီးဆုံး ဗလီဝတ်ကျောင်းတော်စာရင်းမှာ ပါဝင်ပြီး မလေးရှားရဲ့ အထင်ရှားဆုံးဖြစ်တဲ့ ဒီ ခရစ္စတယ်ဗလီဟာ ကွာလာ တရန်ဂါနူပြည်နယ်အနီးက ၀မ်မန်ကျွန်းမှာ တည်ရှိပါတယ်။ ၂၀၀၈ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး လူပေါင်း ၁၅၀၀၀ လောက် တစ်ချိန်တည်း ၀တ်ပြုနိုင်ပါတယ်။

    ဗလီဝတ်ကျောင်းတော်ရဲ့ အပြင်ပိုင်းကို စတီး၊ မှန်၊ ခရစ္စတယ်တွေနဲ့ ချယ်မှုန်းထားပြီး ပျိုးပျိုးပြက်ပြက် တောက်ပနေပါတယ်။ မင်နာရတ်မျှော်စင်ကိုတော့ ခရစ္စတယ်အကြည်နဲ့ ပြုလုပ်ထားပါတယ်။

    ၇။ ပူထရာဂျာယာဗလီ – မလေးရှား

    ပန်းရောင် နှမ်းဖတ်ကျောက်နဲ့ ဆောက်လုပ်ထားတဲ့ ဒီဗလီဝတ်ကျောင်းတော်ဟာ လူလုပ် ပူထရာဂျာယာ ကန်ကြီးကို လွှမ်းမိုးထားပြီး နိုင်ငံရဲ့ အထင်ရှားဆုံး အမှတ်သညာတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

    ဗလီဒီဇိုင်းကို ပါရှန်နဲ့ မလေး ဗိသုကာလက်ရာတွေ ပေါင်းစပ်ကို တည်ဆောက်ထားပါတယ်။ ၁၉၉၉ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ ဒီဗလီဟာ လူပေါင်း ၁၅၀၀၀ လောက် ၀တ်ပြုနိုင်ပါတယ်။

    ၈။ တန်ကူ တန်ဂါ ဇဟာရာ ဗလီ – မလေးရှား

    သေးငယ်ပေမယ့် နာမည်ကျော်ဗလီတစ်ခုဖြစ်ပြီး ကွာလာ အီဘိုင်မြစ်အနီး ကွာလာ အီဘိုင်း အပန်းဖြေကမ်းခြေမှာ တည်ရှိပါတယ်။ ဒီဗလီဟာ မလေးရှားမှာ ပထမဆုံးတည်ဆောက်ခဲ့တဲ့ ဗလီတစ်လုံးလည်း ဖြစ်ပါတယ်။

    ၁၉၉၅ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး တစ်ကြိမ်တည်း လူပေါင်း ၂၀၀၀ ၀တ်ပြုနိုင်ပါတယ်။ ဒီဇိုင်းကို မူးရ်လူမျိုးတွေရဲ့ ဗိသုကာနဲ့ တည်ဆောက်ထားပြီး နေထွက်ချိန်၊ နေ၀င်ချိန်တွေမှာ အလှပဆုံးပါပဲ။

    ၉။ မတ်စ်ဂျဒ်စ် အလ်-ဆလမ် – မလေးရှား

    ပူချွန်ပဒါနာမြို့မှာ တည်ရှိတဲ့ ဒီဗလီဝတ်ကျောင်းဟာ တည်ငြိမ်တဲ့ရေပြင်ကို လွှမ်းမိုးထားပြီး လက်ရောက်မြောက်တဲ့ ဗိသုကာ၊ ရွှေရောင်အမိုးခုံးတွေကြောင့် ထင်ရှားပါတယ်။ ၂၀၀၆ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး လူပေါင်း ၄၀၀၀ လောက် တစ်ကြိမ်တည်း ၀တ်ပြုနိုင်ပါတယ်။

    ၁၀။ အရ်-ရဟ်မန်း ဗလီ – ဆော်ဒီအာရေဗျ

    အလ်-ရဟ်မာနဲ့ ဖာတီမာ အလ် ဇဟ်ရာလို့ အမည်နှစ်ခုတွင်တဲ့ ဒီဗလီဟာ ဆော်ဒီရဲ့ ကမ်းရိုးတန်းမြို့ ဂျစ်ဒါက နာမည်ကျော်လူကြိုက်များတဲ့ အထင်ကရနေရာတွေထဲက တစ်ခု ဖြစ်ပါတယ်။ ပင်လယ်နီကို မိုးထားပြီး ရေပြင်ပမာဏ မြင့်တက်လာတဲ့အခါ ရေပေါ်ပေါ်နေသယောင် မြင်တွေ့ရပါတယ်။

    ဆော်ဒီက တစ်ခုတည်းသော ရေပေါ်ဗလီဖြစ်ပြီး ၁၉၈၅ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။

    Ref: Step Feed