News @ M-Media
Blog
  • တစ်ခါသုံးပလက်စတစ်ပစ္စည်းများ ရောင်းချမှုပိတ်တော့မည်ဟု ဗြိတိန် ကြေငြာ
    တစ်ခါသုံးပလက်စတစ်ပစ္စည်းများ ရောင်းချမှုပိတ်တော့မည်ဟု ဗြိတိန် ကြေငြာ
    ဧပြီ ၁၉၊ ၂၀၁၈
    M-Media
    – အအေးသောက်ရာမှာ အသုံးပြုတဲ့ ပလက်စတစ်ပိုက်တွေနဲ့ တစ်ခြား တစ်ခါသုံးပစ္စည်းတွေ ရောင်းချတာကို ပိတ်ပင်သွားမယ်လို့ ဗြိတိန် ၀န်ကြီးချုပ်ရုံးက ဒီကနေ့မှာ ကြေငြာလိုက်ပြီး ပင်လယ်သမုဒ္ဒရာ ညစ်ညမ်းမှုကို ဟန့်တားဖို့ ရည်ရွယ်တဲ့ ဆောင်ရွက်မှု ဖြစ်ပါတယ်။
    “ပလက်စတစ် စွန့်ပစ်ပစ္စည်းတွေဟာ ကမ္ဘာကြီးက ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေထဲက တစ်ခုပါ။ ဒါ့ကြောင် အဏ္ဏ၀ါပတ်ဝန်းကျင်ကို ထိန်သိမ်းကာကွယ်ရေးဟာ ကျွန်မတို့ရဲ့ ဓနသဟာယအဖွဲ့ဝင်နိုင်ငံ အစိုးရအကြီးအကဲတွေရဲ့ အစည်းအဝေးမှာ အဓိကအကြောင်းအရာ ဖြစ်လာမှာပါ” လို့ ဒီကနေ့ စတင်ကျင်းပမယ့် ဓနသဟာယနိုင်ငံများ ထိပ်သီးအစည်းအဝေးမတိုင်ခင် ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ၀န်ကြီးချုပ် ထရီဇာမေက ပြောကြားခဲ့ပါတယ်။
    ရောင်းချမှုပိတ်ပင်မယ့် တစ်ခါသုံးပစ္စည်းတွေမှာ သစ်သီးဖျော်ရည်တွေကိုမွှေတဲ့ ပလက်စတစ်အတံတွေ၊ နားကြပ်တံတွေလည်း ပါဝင်မှာဖြစ်ပါတယ်။
    လာမယ့်နှစ် မတ်လ ဥရောပသမဂ္ဂကနေ မထွက်ခင် ဗြိတိန်ဟာ ကိုလိုနီနိုင်ငံဟောင်း အများစုအပါအ၀င် နိုင်ငံပေါင်း ၅၃ နိုင်ငံပါဝင်တဲ့ ဓနသဟာယအဖွဲ့နဲ့ ဆက်ဆံရေး ပိုမိုနက်ရှိုင်းအောင် ကြိုးစားနေပါတယ်။
    ပလက်စတစ် စွန့်ပစ်ပစ္စည်းတွေကို တိုက်ဖျက်ဖို့နဲ့ ဓနသဟာယနိုင်ငံတွေမှာ သမုဒ္ဒရာအတွင်း ရောက်ရှိမယ့် ပလက်စတစ် စွန့်ပစ်ပစ္စည်းအရေအတွက်ကို ကန့်သတ်ဖို့အတွက် ဒေါ်လာ ၈၇ သန်းလောက် အကုန်ခံမယ့်ကိစ္စကို ဗြိတိန်ဟာ အခု ဓနသဟာယအစည်းအဝေးမှာ တင်ပြဖို့ ရှိနေပါတယ်။
    ထရီဇာမေရဲ့ရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပလက်စပစ္စည်းတွေကို ပိတ်ပင်ဖို့အတွက် အကြံပြုဆွေးနွေးနိုင်ရေး အစီအစဉ်တစ်ခုကို အခုနှစ်နှောင်းပိုင်းမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး မီခေးလ် ဂိုဗီက ထုတ်ပြန်မယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် အသေးစိတ်ကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။
    ကမ္ဘာတစ်ဝှမ်းက နိုင်ငံတွေဟာ ပလက်စတစ် စွန့်ပစ်ပစ္စည်းတွေကို လျှော့ချဖို့ ကြိုးစားနေကြပြီး စကော့တလန်ဟာ ၂၀၁၉ ခုနှစ်မှာ အအေးသောက်တဲ့ ပလက်စတစ်ပိုက်တွေကို လုံးဝ ပိတ်ပင်သွားဖို့ စီစဉ်နေပါတယ်။
    ထိုင်ဝမ်ကလည်း ပိုက်၊ ခွက်နဲ့ အိတ်တွေအပါဝအင် တစ်ခါသုံး ပလက်စတစ်ပစ္စည်းတွေကို ၂၀၃၀ ပြည့်နှစ်မှာ လုံးဝ ပိတ်ပင်သွားဖို့ အစီအစဉ်ရှိနေပါတယ်။
    Ref : CNA
  • မောင်းသူမဲ့ကားထုတ်လုပ်ရန် သုတေသနများစွာ လုပ်နေသည်ဟု ဂျက်မာအတည်ပြု
    မောင်းသူမဲ့ကားထုတ်လုပ်ရန် သုတေသနများစွာ လုပ်နေသည်ဟု ဂျက်မာအတည်ပြု
    ဧပြီ ၁၉၊ ၂၀၁၈
    M-Media
    – မောင်းသူမဲ့ကား ထုတ်လုပ်နိုင်ဖို့အတွက် စမ်းသပ်မှုတွေ တော်တော်များများလုပ်နေတယ်လို့ Alibaba ပိုင်ရှင် ဂျက်မာက ဒီကနေ့မှာ အတည်ပြုလိုက်ပါတယ်။
    ပြီးခဲ့တဲ့လ အမေရိကန်မှာ အမျိုးသမီးတစ်ဦးဟာ Uber ရဲ့ မောင်းသူမဲ့ကားတစ်စီး တိုက်မိမှုကြောင့် သေဆုံးခဲ့ပြီးတဲ့နောက် မောင်းသူမဲ့ကားတွေနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေပေမယ့် Google လို နည်းပညာ ထိပ်တန်းကုမ္ပဏီကြီးတွေဟာ ဒီလုပ်ငန်းမှာ ဒေါ်လာဘီလီယံချီ ရင်းနှီးမြှုပ်နှံမှုတွေ ရရှိဖို့အတွက် စွဲဆောင်မှုတွေ လုပ်နေပါတယ်။
    ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်ရှိတဲ့ တရုတ်နိုင်ငံမှာလည်း မောင်းသူမဲ့ကားတွေကို အပြိုင်အဆိုင်ထုတ်လုပ်နေကြပါတယ်။ အလီဘာဘာရဲ့ ပြိုင်ဘက်ဖြစ်ပြီး အင်တာနက်ကုမ္ပဏီလည်းဖြစ်တဲ့ Baidu က နောက်ထပ် ၃ နှစ်ကနေ ၅ နှစ်အတွင်း တရုတ်နိုင်ငံမှာ မောင်းသူမဲ့ကားတွေ အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမယ်လို့ မကြာသေးခင်က ကြေငြာခဲ့ပါတယ်။
    Baidu နဲ့ တရုတ်နည်းပညာ ကုမ္ပဏီကြီး Tencent တို့ဟာ မောင်းသူမဲ့ကားနယ်ပယ်မှာ အလီဘာဘာရဲ့ပြိုင်ဘက် ဖြစ်ပါတယ်။
    “ကျွန်တော်တို့ဟာ မောင်းသူမဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီး သုတေသနတွေ အများကြီး လုပ်နေပါတယ်။ ကျွန်တော်တို့လုပ်ချင်တာက ကားတွေ ပိုပြီး အော်တိုမက်တစ်ဖြစ်ဖို့၊ အသုံးပြုရလွယ်ကူဖို့၊ မောင်းနှင်စရာထက် လူသားတွေရဲ့ မိတ်ဖက်တစ်မျိုးဖြစ်ဖို့ ဘယ်လိုလုပ်လို့ရမလဲ ဆိုတာပါ” လို့ ဂျက်မာက ဒီနေ့ ဘန်ကောက်ခရီးစဉ်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
    ဂျက်မာဟာ ထိုင်းအစိုးရနဲ့ ကန်ဒေါ်လာ သန်း ၃၀၀ ကျော် တန်ကြေးရှိတဲ့ စာချုပ်တစ်ခုကို ချုပ်ဆိုခဲ့ပြီး ထိုင်းနိုင်ငံအရှေ့ပိုင်းမှာ ဒေသတွင်းဈေးကွက်တွေကို ဆက်စပ်ပေးမယ့် ဒစ်ဂျစ်တယ်ဌာနကြီးတစ်ခု တည်ထောင်ဖို့ ဖြစ်ပါတယ်။
    “ကျွန်တော်တို့ရဲ့ သားမြေးတွေဟာ တစ်ရက်ကို ၄ နာရီ၊ တစ်ပတ်ကို ၄ ရက်၊ ဒါမှမဟုတ် ၃ ရက်သာ အလုပ်လုပ်ရမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမယ့် သူတို့က အရမ်းအလုပ်များနေပြီလို့ ပြောကြလိမ့်မယ့် ဘာ့ကြောင့်အလုပ်များနေတာလဲလို့မေးရင် သူတို့ ကားထဲမှာ ထိုင်နေရတာကို အလုပ်များတယ်လို့ ပြောကြမှာ”
    အလီဘာဘာရဲ့ မောင်းသူမဲ့ကားနဲ့ပတ်သက်တဲ့ အစီအစဉ်အကြောင်း ဂျက်မာက အသေးစိတ်မပြောပြခဲ့ပေမယ့် Tencent၊ Baidu တိုနဲ့ ပြိုင်ဆိုင်ဖို့မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
    Ref: CNA
  • ရိုဟင်ဂျာများကို အမြန်ဆုံး ပြန်ခေါ်သွားမည်ဟု လူကယ်ပြန်ဝန်ကြီး ပြော
    ရိုဟင်ဂျာများကို အမြန်ဆုံး ပြန်ခေါ်သွားမည်ဟု လူကယ်ပြန်ဝန်ကြီး ပြော
    ဧပြီ ၁၉၊ ၂၀၁၈
    M-Media
    လူကယ်ပြန်ဝန်ကြီး ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်ခဲ့စဉ်က
    – ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာတွေဟာ အင်မတန်ဆိုးရွားတဲ့ အခြေအနေမျိုးမှာ နေထိုင်နေရပြီး မိုးရာသီလာတော့မှာ ဖြစ်တာကြောင့် ဒီလူတွေကို ပြန်လက်ခံရေး တတ်နိုင်သမျှ မြန်မြန်ဆောင်ရွက်သွားမယ်လို့ မြန်မာအစိုးရရဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားလိုက်ပါတယ်။
    “မြင်မှပဲယုံမှာပါ။ ဒုက္ခသည်စခန်းက လူတွေအားလုံးဟာ တော်တော်လေး ဆိုးရွားတဲ့အခြေအနေမှာ နေထိုင်နေရပါတယ်။ မိုးရာသီက သိပ်ပြီးနီးနေပြီဖြစ်တာကြောင့် ကျွန်တော်တို့ အဓိကလုပ်ရမှာက ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို တတ်နိုင်သမျှမြန်မြန် စတင်ဖို့ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဖက်ကို ရောက်သွားသူတွေအတွက် ကျွန်တော်တို့ တော်တော်လေး စိုးရိမ်ပါတယ်”
    ပြီးခဲ့တဲ့နှစ် သြဂုတ်လနှောင်းပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ မတည်ငြိမ်မှုတွေကြောင့် ရိုဟင်ဂျာ ၇ သိန်းနီးပါးလောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပြီး သူတို့တွေ နေရပ်ပြန်လာဖို့အတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့အကြား သဘောတူထားပေမယ့် လက်တွေ့ အကောင်အထည်ဖော်တာမျိုး မရှိသေးပါဘူး။
    မြန်မာအစိုးရက ရိုဟင်ဂျာမိသားစုတစ်စု ပြန်လည်ဝင်ရောက်လာတယ်လို့ စနေနေ့မှာ ကြေငြာခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ်နဲ့ ကုလ UNHCR တို့ကတော့ ဒီကိစ္စကို သူတို့ မသိဘူးလို့ ပြောပါတယ်။
    မကြာခင်က မြန်မာနိုင်ငံကို ရာက်ရှိလာတဲ့ ကုလ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ရိုဟင်ဂျာတွေကို ပြန်လက်ခံဖို့အတွက် မြန်မာနိုင်ငံက အဆင်သင့်မဖြစ်သေးဘူးလို့ ပြောကြားခဲ့ပါတယ်။
    ဒေါက်တာဝင်းမြတ်အေးက ပြန်လာတဲ့သူတွေအနေနဲ့ NVC ကဒ်ကို ကိုင်ဆောင်ရမှာဖြစ်ပြီး အဲဒီနောက်ပိုင်း ၅ လအတွင်း နိုင်ငံသား လျှောက်ထားနိုင်မှာဖြစ်ကာ ဥပဒရေ စီစစ်သွားမှာဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။
    “နိုင်ငံသားဖြစ်ခွင့်ရှိတဲ့သူတွေဟာ နိုင်ငံသားဖြစ်လာမှာဖြစ်ပါတယ်”
    Ref: Reuters
  • အကျိုးမရှိလျှင် ကင်ဂျုံအန်နှင့်ဆွေးနွေးမှုကို ဖျက်ပစ်မည်ဟု ထရမ့်ပြော
    အကျိုးမရှိလျှင် ကင်ဂျုံအန်နှင့်ဆွေးနွေးမှုကို ဖျက်ပစ်မည်ဟု ထရမ့်ပြော
    ဧပြီ ၁၉၊ ၂၀၁၈
    M-Media
    ဂျပန်ဝန်ကြီးချုပ်နှင့် တွေ့ဆုံနေသည့် ထရမ့်
    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် ဆွေးနွေးမည့် အစီအစဉ်အတွင် အကျိုးမဖြစ်ထွန်းဟု ယူဆပါက ဆွေးနွေးပွဲကို ဖျက်ပစ်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်လိုက်သည်။
    အမေရိကန်သို့ ရောက်ရှိနေသည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ယမန်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထရမ့်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ထိုဆွေးနွေးမှုအတွက် အကောင်းမြင်သည်ဟုလည်း ဆိုသည်။
    “မြွေမသေ တုတ်မကျိုး ရှိနေတာကို ကျွန်တော် ကြိုက်ပါတယ်။ အခုလည်း ဒီလိုအခြေအနေမျိုးပါ”
    မြောက်ကိုရီးယားအနေဖြင့် နျူအစီအစဉ်ကို စွန့်လွှတ်သည်အထိ အမြင့်ဆုံး ဆက်လက်ဖိအားပေးသွားမည်ဟုလည်း ထရမ့်က ထည့်သွင်းပြောဆိုခဲ့သည်။
    ဂျပန်ဝန်ကြီးချုပ် အာဘေးက ဟန်ပြဆွေးနွေးပွဲအတွက် ကင်ဂျုံအန်ကို ဆုလာဘ်မပေးမိစေရန် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် အမေရိကန်တို့ကို တိုက်တွန်းခဲ့သည်။
    အမေရိကန် ထောက်လှမ်းရေးအကြီးအကဲ မိုက် ပွမ်ပီယိုမှာ အခုလအစောပိုင်းက မြောက်ကိုရီးယားသို့ သွားရောက်ကာ ကင်ဂျုံအန်နှင့် လျှို့ဝှက် တွေ့ဆုံခဲ့သည်ဆိုသည့် သတင်းကိုလည်း ထရမ့်က ယမန်နေ့တွင် အတည်ပြုခဲ့သည်။
    Ref: Aljazeera
  • လတ်တလောတိုက်ပွဲကြောင့် ပိတ်မိနေသည့် ကချင်ပြည်သူများ အစားအစာ၊ ဆေးဝါး မလုံမလောက်ဖြစ်နေ
    လတ်တလောတိုက်ပွဲကြောင့် ပိတ်မိနေသည့် ကချင်ပြည်သူများ အစားအစာ၊ ဆေးဝါး မလုံမလောက်ဖြစ်နေ
    ဧပြီ ၁၉၊ ၂၀၁၈
    M-Media
    ထွက်ပြေးတိမ်းရှောင်နေရသူများ
    – လတ်တလော ကချင်ပြည်နယ်မှာ အစိုးရတပ်နဲ့ ကချင်လက်နက်ကိုင်တွေအကြား ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကချင်ပြည်သူ ၂၀၀၀ လောက်ဟာ တောထဲမှာ ပိတ်မိနေပြီး အကူအညီတွေ အလျင်အမြန် လိုအပ်နေတယ်လို့ ဒေသတွင်းခေါင်းဆောင်တွေက ပြောကြားလိုက်ပါတယ်။
    တနိုင်းမှာဖြစ်နေတဲ့ တိုက်ခိုက်မှုတွေဟာ အခုလ အစောပိုင်းကတည်းက စတင်ခဲ့တာဖြစ်ပြီး ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်ရဖို့ KIA ရဲ့ တိုက်ခိုက်မှုတွေကို အစိုးရတပ်က လေကြောင်း တိုက်ခိုက်မှုတွေနဲ့ ပြန်လည်တုန့်ပြန်နေပါတယ်။
    ဒေသတွင်း ခရစ်ယာန် နှစ်ခြင်းအသင်းတော် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မွန်ဒန်က ထွက်ပြေးရသူတွေဟာ ဆေးဝါး၊ အစားအသောက် လုံလောက်မှုမရှိဘဲ ပိတ်မိနေတယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။
    အဲဒီ ပိတ်မိနေသူတွေထဲမှာ ကိုယ်ဝန်ဆောင် ၅ ဦး၊ အသက် ၉၃ နှစ်အရွယ် တစ်ဦးနဲ့ မော်တာကျည်ကြောင့် ဒဏ်ရာရထားသူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
    “ဒီနေ့ဆိုရင် ကျွန်တော်တို့ဒေသမှာ တစ်နေ့လုံး မိုးရွာနေပြီး ခိုစရာမရှိတဲ့သူတွေ ရှိနေပါတယ်။ သူတို့တွေဟာ နေမကောင်းလည်း ဖြစ်နေပါတယ်”
    ကချင်ပြည်နယ် အမျိုးသမီးကွန်ယက် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Awng Ja က အရပ်သားတွေကို ကူညီဖို့ သူတို့အဖွဲ့ရဲ့ ပန်ကြားမှုကို အစိုးရဖက်က ခွင့်မပြုဘူးလို့ ပြောကြားခဲ့ပါတယ်။
    “တောထဲမှာပိတ်မိနေတဲ့သူတွေကို ကယ်တင်ရေး ခွင့်ပေးဖို့အတွက် ကျွန်မတို့ ခွင့်ပြုချက်တောင်းနေပါတယ်။ သူတို့တွေဟာ တော်တော်ဆိုးဆိုးဝါးဝါးအခြေအနေမှာ ရှိနေပေမယ့် စစ်တပ်က ခွင့်ပြုမှသာ အရပ်သားတွေကို ကယ်ထုတ်လို့ရမယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်”
    တနိုင်းနှစ်ခြင်းအသင်းတော် တာဝန်ရှိသူတစ်ဦးကလည်း အရပ်သား တော်တော်များများဟာ ထွက်သွားလို့မရဖြစ်တယ်လို့ ပြောပါတယ်။
    “ပယင်းကျောက်တွင်းကနေ လူတော်တော်များများ ထွက်လို့မရပါဘူး။ တနိုင်းကိုရောက်လာတဲ့သူတွေဟာ မှောင်ခိုလမ်းကြောင်းတွေကနေ ရောက်လာတာ ဖြစ်ပါတယ်”
    Ref: Aljazeera