News @ M-Media

Blog

  • ကမ္ဘာ့ပထမဆုံး Hyperloop စနစ်ကို ယူအေအီးတွင် အကောင်အထည်ဖော်မည်

    ကမ္ဘာ့ပထမဆုံး Hyperloop စနစ်ကို ယူအေအီးတွင် အကောင်အထည်ဖော်မည်

    ဧပြီ ၁၈၊ ၂၀၁၈
    M-Media

     


    – ကမ္ဘာ့နောက်ဆုံးပေါ် ပို့ဆောင်ရေးစနစ်ဖြစ်တဲ့ Hyperloop စနစ်ကို တည်ဆောက်နိုင်ဖို့အတွက် ယူအေအီးနိုင်ငံ အဘူဒါဘီအခြေစိုက် အိမ်ခြံမြေလုပ်ငန်း Aldar Properties PJSC နဲ့ ပြင်သစ်အခြေစိုက် Hyperloop နည်းပညာကုမ္ပဏီ HyperloopTT တို့အကြား သဘောတူစာချုပ်တစ်ခု ဒီကနေ့မှာ ချုပ်ဆိုလိုက်ပါတယ်။

    ယူအေအီးရဲ့ ဒီစီမံကိန်းမှာ အဘူဒါဘီနဲ့ ဒူဘိုင်းအကြား ပြေးဆွဲမယ့် ၁၀ ကီလိုမီတာအရှည် Hyperloop လမ်းကြောင်းအပြင် တီထွင်ဖန်တီးမှုစင်တာ XO Square Innovation Center၊ ဧည့်သည်တွေ လေ့လာနိုင်မယ့် Hyperloop Visitor Center တို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။

    ဒီ ၁၀ ကီလိုမီတာ စီးပွားဖြစ်လမ်းကြောင်း ၂၀၂၀ မှာ ပြီးစီးသွားရင် အဘူဒါဘီနဲ့ ဒူဘိုင်းမြို့ကို ၁၂ မိနစ်နဲ့ အရောက်သွားနိုင်မှာ ဖြစ်ပါတယ်။ နောက်ပိုင်း ယူအေအီးနိုင်ငံတစ်ဝှမ်းလုံးမှာ ဒီစနစ်ကို ထပ်မံတိုးချဲ့သွားဖို့လည်း ရှိနေပါတယ်။

    Hyperloop ဆိုတာ ကြီးမားတဲ့ လှိုင်ခေါင်းကြီးထဲမှာ ရထားတွဲလို အတွဲမျိုးကို သံလိုက်အားအသုံးပြုကာ မောင်းနှင်ပေးတဲ့စနစ်ဖြစ်ပြီး တစ်နာရီကို မိုင် ၇၅၀ လောက် သွားနိုင်မှာဖြစ်ပါတယ်။ ဒီနည်းပညာကို ၂၀၁၃ ခုနှစ်မှာ ဘီလီယံနာ အေလွန်မက်စ်က ချပြခဲ့တာပါ။

    HyperloopTT ဟာ အခုလအစောပိုင်းမှာ လူတင်ဆောင်နိုင်မယ့် ပထမဆုံး Hyperloop အတွဲကို စတင်တည်ဆောက်ခဲ့ပြီး ပြင်သစ်နိုင် တူးလော့စ်မြို့မှာ စမ်းသပ်ပြခဲ့ပါတယ်။ အခုနှစ်ကုန်ပိုင်းမှာတော့ လူတင်ပြီး စမ်းသပ်ဖို့ ရှိနေပါတယ်။ အဲဒီအတွဲတွေကို ယူအေအီးမပို့ခင် တူးလော့စ်မှာပဲ တည်ဆောက်မှာ ဖြစ်ပါတယ်။

    “ဒီသဘောတူညီချက်ဟာ ကမ္ဘာ့ပထမဆုံး Hyperloop စနစ် ယူအေအီးမှာ စတင်ဖို့ ဖောင်ဒေးရှင်းဖြစ်ပြီး တစ်ဖြည်းဖြည်းနဲ့ အဘူဒါဘီကနေ အလ်အိန်း၊ ဒူဘိုင်း၊ ဆော်ဒီက ရီယာ့ဒ်မြို့အထိ ဆက်သွယ်ဖို့ ရှိပါတယ်။ ပုံမှန် ပံ့ပိုးမှုနဲ့အတူ ပထမဆုံးလမ်းပိုင်းကို Expo 2020 အမီ ပြေးဆွဲနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” လို့ HyperloopTT ရဲ့ ဥက္ကဌ ဘီဘော့ပ် ဂရက်စ်တာက ပြောကြားခဲ့ပါတယ်။

    Ref: Khalej Times

  • လက်နက်ထုတ်လုပ်ရန် မည်သူ့ခွင့်ပြုချက်မှ စောင့်မနေဟု အီရန်ပြော

    လက်နက်ထုတ်လုပ်ရန် မည်သူ့ခွင့်ပြုချက်မှ စောင့်မနေဟု အီရန်ပြော

    ဧပြီ ၁၈၊ ၂၀၁၈
    M-Media

    စစ်ရေးပြအခမ်းအနားတွင် တွေ့ရှသည် ရူဟာနီ

    – နိုင်ငံကာကွယ်ရေး လိုအပ်သည့် လက်နက်များကို ထုတ်လုပ်ရန်အတွက် မည်သူ့ထံကမှ ခွင့်ပြုချက်ကို စောင့်နေမည်မဟုတ်ဟု အီရန်သမ္မတ ဟာဆန် ရူဟာနီက ယနေ့တွင် ကျင်းပပြုလုပ်သည့် အီရန်တပ်မတော်နေ့ အခမ်းအနား၌ ပြောကြားလိုက်သည်။

    “လိုအပ်တဲ့လက်နက်တွေ ရှိလာရင် ဖန်တီးတာ၊ ထုတ်လုပ်တာတွေ လုပ်သွားမှာပါ။ ကမ္ဘာကြီးရဲ့ခွင့်ပြုချက်ကို ကျွန်တော်တို့ စောင့်နေမှာ မဟုတ်ပါဘူး”

    ထို့ပြင် ပြည်တွင်းမှလုပ်နိုင်စွမ်းအပေါ် မှီခိုအားထားမှုသည်သာ တိုင်းပြည်၏ စစ်မှန်သော အချုပ်အခြာ အာဏာ၊ စစ်မှန်သောစွမ်းအားအဖြစ် ခံစားရသည်ဟုလည်း ရူဟာနီက ထည့်သွင်းပြောကြားခဲ့သည်။

    ၂၀၁၅ ခုနှစ်က အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့အကြား ရရှိခဲ့သည့် နျူသဘောတူညီချက်မှ အမေရိကန် ထွက်မသွားရေး ဆွဲဆောင်ရန်အတွက် အီရန်၏ တိုက်ချင်းပစ်ဒုံးကျည် စီမံကိန်းကို ပိတ်ဆို့တားဆီးရန် ဥရောပနိုင်ငံများက စဉ်းစားနေသည်ဟု ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

    အီရန်ကမူ ၎င်းတို့၏ ဒုံးကျည်စီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးမည်မဟုတ်ဟု ဆိုပြီး အဆိုပါစီမံကိန်းမှာ တိုင်းပြည်ကာကွယ်ရေးအတွက်ဖြစ်ကြောင်း၊ နျူထိပ်ဖူးသယ်ဆောင်ရန် မဟုတ်ကြောင်း ပြောကြားထားသည်။

    မြို့တော်တီဟီရန်၌ ယနေ့ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် အီရန်မှာ ပြည်တွင်းဖြစ်ဒုံးကျည် Kamin-2 ကို ပြသခဲ့သည်။ အဆိုပါဒုံးကျည်မှာ အနိမ့်ပျံဒရုန်းများကို ပစ်ချနိုင်ရန် ဖန်တီးထားခြင်းဖြစ်သည်။

    ထို့ပြင် အခြားဒုံးကျည်များ၊ ရေဒါစနစ်များ၊ တင့်ကားများ၊ စစ်သုံးယာဉ်များ၊ စနိုက်ပါရိုင်ဖယ်များကိုလည်း အီရန်က စစ်ရေးပြပွဲတွင် ပြသခဲ့သည်။

    ရူဟာနီက အီရန်စစ်တပ်မှာ ဒေသတွင်းနှင့် ကမ္ဘာတစ်ဝှမ်းတွင် မည်သည့်အခါကမှ လွှမ်းမိုးခဲ့ခြင်း မရှိကြောင်း၊ အနောက်နိုင်ငံများက အရှေ့အလယ်ပိုင်းသို့ လက်နက်များ ပိုမို ပေးပို့ကာ ပဋိပက္ခဖြစ်အောင် ဖန်တီးနေကြောင်း၊ ဒေသတွင်း ငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသောလမ်းကြောင်းမှာ သံတမန်နှင့် ငြိမ်းချမ်းသော နည်းလမ်းများသာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Aljazeera

  • အမေရိကန်ထောက်လှမ်းရေးအကြီးအကဲ မြောက်ကိုရီးယားခေါင်းဆောင်နှင့် လျှို့ဝှက်တွေ့ဆုံ

    အမေရိကန်ထောက်လှမ်းရေးအကြီးအကဲ မြောက်ကိုရီးယားခေါင်းဆောင်နှင့် လျှို့ဝှက်တွေ့ဆုံ

    ဧပြီ ၁၈၊ ၂၀၁၈
    M-Media

    ပွမ်ပီယို၊ ကင်ဂျုံအန်နှင့် ထရမ့် (၀ဲမှယာ)

    – အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA အကြီးအကဲ မိုက် ပွမ်ပီယိုဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ လျှို့ဝှက်တွေ့ဆုံဖို့အတွက် ပြုံးယမ်ကို သွားရောက်ခဲ့တယ်လို့ အမေရိကန်မီဒီယာတွေက ဖော်ပြပါတယ်။

    ဧပြီ ၁ ရက်နေ့က အဲဒီတွေ့ဆုံမှုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ကင်ဂျုံအန်တို့ တိုက်ရိုက်ဆွေးနွေးမှုအတွက် ပြင်ဆင်ဖို့ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ထရမ့်ကလည်း မြောက်ကို ရီးယားနဲ့ အဆင့်မြင့် တိုက်ရိုက်တွေ့ဆုံမှု လုပ်ခဲ့တယ်လို့ စောစောပိုင်းမှာ အတည်ပြုထားပါတယ်။

    အခုလို ပွမ်ပီယို လျှို့ဝှက်သွားရောက်မှုဟာ ၂၀၀၀ ခုနှစ်နောက်ပိုင်း မြောက်ကိုရီးယားနဲ့ အမေရိကန်တို့အကြား အဆင့်အမြင့်ဆုံး ဆက်သွယ်မှု ဖြစ်ပါတယ်။

    “ကျွန်တော်တို့ တိုက်ရိုက်ဆွေးနွေးမှုလုပ်ခဲ့တယ်။ တကယ့်ကို အဆင့်မြင့်ပုဂ္ဂိုလ်အဆင့်ပါ” လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကို ဖလော်ရီဒါမှာ လက်ခံတွေ့ဆုံဖို့ရှိနေတဲ့ ထရမ့်က ပြောကြားခဲ့ပါတယ်။

    ၁၉၅၀-၁၉၅၃ ခု ကိုရီးယားစစ်ပွဲ တရားဝင်အဆုံးသတ်ပြီး ငြိမ်းချမ်းရေး သဘောတူညီချက်ရရေး ကိုရီးယားနှစ်နိုင်ငံအကြား ဆွေးနွေးဖို့ စကားပါးခဲ့တယ်လို့လည်း ထရမ့်က ပြောပါတယ်။

    တောင်ကိုရီးယားကလည်း ဒီပဋိပိက္ခပြေလည်ရေး ဆောင်ရွက်သွားမယ်ဆိုပြီး ပြောကြားထားပါတယ်။

    တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်နဲ့ ကင်ဂျုံအမ်တို့ဟာ လာမယ့်တစ်ပတ်မှာ တွေ့ဆုံဖို့ရှိနေပြီး ဒီတွေ့ဆုံမှု တစ်စိတ်တစ်ပိုင်းကို တိုက်ရိုက်ထုတ်လွှင့်ဖို့ သဘောတူထားပါတယ်။

    စီအိုင်အေအကြီးအကဲ ပွမ်ပီယို မြောက်ကိုရီးယားကို လျှို့ဝှက်သွားရောက်ခဲ့တယ်ဆိုတဲ့သတင်းကို ၀ါရှင်တန်ပို့စ် သတင်းဌာနက ပထမဆုံး ဖော်ပြခဲ့တာပါ။

    နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်နေရာမှာ အစားထိုးဖို့အတွက် ပွမ်ပီယိုကို ထရမ့်က အမည်စာရင်းတင်သွင်းပြီး မကြာခင်မှာပဲ ဒီခရီးစဉ် သွားရောက်ခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်နှစ်ခုက ၀ါရှန်ပို့စ်ကို ပြောကြားခဲ့ပါတယ်။

    နောက်ပိုင်းမှာ ဒီသတင်းကို အမေရိကန်အစိုးရရဲ့ အကြီးတန်းတာဝန်ရှိသူနှစ်ဦးက အတည်ပြုကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အိမ်ဖြူတော်ကတော့ ဒီကိစ္စအတွက် မှတ်ချက်မပေးသေးပါဘူး။

    Ref: BBC

  • ရိုဟင်ဂျာကိစ္စ မြန်မာကို ဖိအားပေးရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က နိုင်ငံတကာကို တိုက်တွန်း

    ရိုဟင်ဂျာကိစ္စ မြန်မာကို ဖိအားပေးရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က နိုင်ငံတကာကို တိုက်တွန်း

    ဧပြီ ၁၈၊ ၂၀၁၈
    M-Media

    ပြီးခဲ့သည့်နှစ် ကုလတွင် မိန့်ခွန်းပြောနေသည့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ် ဟာဆီနာ

    – ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက မြန်မာနိုင်ငံအပေါ် ဖိအားပေးဖို့ လိုအပ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာက မနေ့မှာ ပြောကြားလိုက်ပြီး လူ ၅ ဦးပါတဲ့ မိသားတစ်စုကို ပြန်လက်ခံတယ်ဆိုတဲ့ မြန်မာအစိုးရရဲ့ ပြောကြားမှုကိုလည်း ပယ်ချလိုက်ပါတယ်။

    “မြန်မာနိုင်ငံဟာ သူတို့နိုင်ငံသားတွေကို ပြန်ခေါ်ရေး၊ အဲဒီလူတွေ လုံခြုံရေးအတွက် တာဝန်ယူရေး နိုင်ငံတကာအသိုင်းအ၀ိုင်းက ဖိအားပိုပေးဖို့ လိုအပ်ပါတယ်။ မြန်မာက သူတို့ဟာ ရိုဟင်ဂျာတွေကို ပြန်ခေါ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောတယ်၊ ဒါပေမယ့် သူတို့ဟာ ကနဦးလုပ်ငန်းစဉ်တွေတောင် မလုပ်သေးပါဘူး” လို့ ဟာဆီနာက လန်ဒန်မှာ ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် သြဂုတ်လနှောင်ပိုင်းမှာ ရိုဟင်ဂျာလက်နက်ကိုင်တွေက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်တပ်ကပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်း အစုလိုအပြုံလိုက် သတ်ဖြတ်မှုတွေ၊ အဓမ္မကျင့်မှုတွေ၊ ရွာလုံးကျွတ်မီးရှို့မှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပြီး မြန်မာအစိုးရနဲ့ စစ်တပ်တို့ကတော့ ဒီသတင်းတွေကို ငြင်းဆိုထားပါတယ်။

    လန်ဒန်က အခြားအခမ်းအနာတစ်ခုမှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ် ဂျွန်ဆင်နဲ့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး ခရစ္စတီယာ ဖရီးလန်းတို့က ဒီလို စက်ဆုပ်ဖွယ်ရာတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ ကိစ္စအတွက် အဓိပ္ပါယ်ရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    “ရိုဟင်ဂျာတွေ အန္တရာယ်ကင်းဖို့နဲ့ လုံခြုံစေဖို့အတွက် လိုလိုချင်ချင်ရှိတယ်ဆိုတာကို မြန်မာအာဏာပိုင်တွေက ပြသဖို့ လိုပါတယ်” လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က သူတို့ဟာ မြန်မာနိုင်ငံကို နေရပ်ပြန်လည်ပို့ဆောင်ဖို့ ရိုဟင်ဂျာမိသားစု ၈၀၀၀ ရဲ့ အမည်တွေ ပေးပို့ထားပေမယ့် မြန်မာဖက်က ဒီလူတွေကို ပြန်ခေါ်ဖို့ ငြင်းဆိုခဲ့တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ဟာ ရိုဟင်ဂျာတွေ ၂ နှစ်အတွင်း နေရပ်ပြန်နိုင်ရေးအတွက် ပြီးခဲ့တဲ့ ဇန်န၀ါရီလမှာ သဘောတူထားတာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်မှာ လူ ၅ ဦးပါဝင်တဲ့ ရိုဟင်ဂျာမိသားစုတစ်စု နေရပ်ပြန်လည်ဝင်ရောက်လာတယ်ဆိုတဲ့ မြန်မာအစိုးရရဲ့ ထုတ်ပြန်ချက်ကိုလည်း ဟာဆီနာက ပယ်ချခဲ့ပြီး ဒီလူတွေဟာ နှစ်နိုင်ငံနယ်ခြားက no man’s land မှာ နေထိုင်သူတွေဖြစ်တယ်လို့ ပြောပါတယ်။

    “သူတို့တွေဟာ နယ်ခြားမှာ နေထိုင်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ မိသားစုဝင်အချို့ကတော့ ဒုက္ခသည်စခန်းမှာ ရှိပါတယ်။ သူတို့ ဒုက္ခသည်တွေကို ပြန်ခေါ်နေတယ်ဆိုတာကို မြန်မာဖက်က ကမ္ဘာကို ပြချင်တာဖြစ်မှာပါ။ ဒါဟာ ကောင်းတဲ့လက္ခဏာပါ။ တကယ်လို့ သူတို့ ဒီလို ပြချင်တယ်ဆိုရင် မိသားစုတစ်စုထဲ ဘာ့ကြောင့်ခေါ်တာလဲ။ ကျွန်မတို့ မိသားစု ၈၀၀၀ ရဲ့စာရင်းတွေ ပေးထားပြီးပြီ။ သူတို့တွေကို ကျတော့ ပြန်မခေါ်သေးဘူး”

    ရိုဟင်ဂျာဒုက္ခသည် တစ်သိန်းလောက်ကို ဘင်္ဂလားပင်လယ်အော်အတွင်းက ကျွန်းတစ်ကျွန်းဆီ ပို့ဆောင်မယ့် အစီအစဉ်ကိုလည်း ၀န်ကြီးချုပ် ဟာဆီနာက အတည်ပြုခဲ့ပြီး ရေကြီးမယ့်ကျွန်းဖြစ်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကိုလည်း ပယ်ချခဲ့ပါတယ်။

    “ဒီထက်ဆိုးတဲ့နေရာမှာ ရှိနေတဲ့သူတွေကို ဒီကျွန်းဆီ ပြောင်းရွှေ့ဖို့ ကျွန်မတို့ စီစဉ်နေတာပါ။ ဘင်္ဂလားဒေ့ရှ်ဟာ အမြဲတမ်း ရေကြီးတတ်ပြီး ကြီးလည်းကြီးနေပါတယ်။ ဒုက္ခသည်စခန်းတွေက တော်တော်လေးကို ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ ဒီထက်ပိုကောင်းတဲ့နေရာမှာ သူတို့နေထိုင်ဖို့ ကျွန်မတို့ စီစဉ်နေပြီး အဲဒီမှာ အိမ်တွေ၊ နေထိုင်စရာတွေရှိမယ့်အပြင် အလုပ်လုပ်လို့လည်း ရပါလိမ့်မယ်။ မိုးရာသီလာနေပြီ၊ အခု သူတို့နေတဲ့နေရာက ရေတိုက်စားမှုတွေ ရှိနိုင်တယ်၊ မတော်တဆမှုတွေလည်း ဖြစ်လာနိုင်ပါတယ်”

    Ref: Reuters

  • ဥရောပတွင် အာဏာရှင်ကြိုက်ဝါဒ မြင့်တက်လာမှုကို ပြင်သစ်သမ္မတ သတိပေး

    ဥရောပတွင် အာဏာရှင်ကြိုက်ဝါဒ မြင့်တက်လာမှုကို ပြင်သစ်သမ္မတ သတိပေး

    ဧပြီ ၁၈၊ ၂၀၁၈
    M-Media

    ပြင်သစ်သမ္မတ မာခရွန်

    – ဥရောပတစ်ဝှမ်းမှာ အမျိုးသားရေးဝါဒ မြင့်တက်လာမှုကို ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်က သတိပေးလိုက်ပြီး ဥရောပမှာ အာဏာရှင်ကြိုက်ဝါဒနဲ့ လစ်ဘရယ်ဒီမိုကရေစီအကြား ပွတ်တိုက်မှုဟာ ပြည်တွင်းစစ်ပုံစံမျိုး ဖြစ်နေတယ်လို့ ပြောကြားလိုက်ပါတယ်။

    ပြင်သစ်နိုင်ငံ စထရာဘော့ဂ်မြို့မှာ မနေ့ကကျင်းပခဲ့တဲ့ ဥရောပလွှတ်တော်မှာ မာခရွန်က ဒီလို ပြောကြားလိုက်တာဖြစ်ပြီး ဒီမိုကရေစီကတိက၀တ်ကို ဆက်လက်ဆန်းသစ်ဖို့လည်း ဥရောပခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။

    “အတိတ်ကိုမေ့ပြီး စမ်းတ၀ါးဝါးလျှောက်နေတဲ့ မျိုးဆက်မှာ ကျွန်တော် မပါဝင်လိုပါဘူး”

    အမျိုးသားရေးအမည်ခံ လူပြိန်းကြိုက်ဝါဒဟာ လတ်တလော ဥရောပတစ်ဝှမ်းက ရွေးကောက်ပွဲတွေမှာ လွှမ်းမိုးလာခဲ့ပြီး ဟန်ဂေရီနဲ့ အီတလီနိုင်ငံတွေမှာ ဒါကို ထင်ထင်ရှားရှား မြင်နေရပါတယ်။ ဥရောပက ကြုံတွေ့နေရတဲ့ ပြောင်းရွှေ့အခြေချမှုပြဿနာက ဒီအမျိုးသားရေးဝါဒကို မီးထိုးပေးတာ ဖြစ်ပါတယ်။

    အခုလအစောပိုင်း ဟန်ဂေရီရွေးကောက်ပွဲမှာ လက်ယာစွန်းဝန်ကြီးချုပ် ဗစ်တာ အော်ရ်ဘန်က သောင်ပြိုကမ်းပြို အနိုင်ရကာ အာဏာရခဲ့ပြီး မတ်လက အီတလီမှာလည်း ဥရောပပေါင်းစည်းရေးကို လိုလားတဲ့ နိုင်ငံရေးပါတီတွေ အထိနာခဲ့ပါတယ်။

    မာခရွန်နဲ့ သူ့ရဲ့ LREM ပါတီဟာ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာ ဥရောပ မပြိုကွဲရေး ရပ်တည်ချက်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြင်သစ်ရွေးကောက်ပွဲမှာ မဲမပေးသူတွေ တော်တော်များများ ရှိခဲ့ပါတယ်။

    မနေ့က မိန့်ခွန်းမှာ မာခရွန် လစ်ဘရယ်ဆန့်ကျင်ရေးဝါဒကို ကြိုက်နှစ်သက်မှု မြင့်တက်လာပြီး ဥရောပပြည်သူတွေအကြား သဘောထားကွဲလွဲမှုဟာ ပြည်တွင်းစစ်လို ဖြစ်နေတယ်လို့လည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    “ကျွန်တော်တို့ တိုက်ပွဲဝင်ပြီး ရရှိလာတဲ့ ဥရောပရဲ့ အချုပ်အခြာကို ကာကွယ်သွားမယ့် မျိုးဆက်ထဲမှာ ကျွန်တော် ပါဝင်ချင်ပါတယ်။ အာဏာရှင်ဝါဒနဲ့ ပတ်သက်တဲ့ ဘယ်လိုသဘောထားမျိုးမှာမှ ကျွန်တော် ပါဝင်မှာ မဟုတ်ပါဘူး”

    Ref: BBC

    http://www.bbc.com/news/world-europe-43794856