News @ M-Media

Blog

  • အကျိုးမရှိလျှင် ကင်ဂျုံအန်နှင့်ဆွေးနွေးမှုကို ဖျက်ပစ်မည်ဟု ထရမ့်ပြော

    အကျိုးမရှိလျှင် ကင်ဂျုံအန်နှင့်ဆွေးနွေးမှုကို ဖျက်ပစ်မည်ဟု ထရမ့်ပြော

    ဧပြီ ၁၉၊ ၂၀၁၈
    M-Media

    ဂျပန်ဝန်ကြီးချုပ်နှင့် တွေ့ဆုံနေသည့် ထရမ့်

    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် ဆွေးနွေးမည့် အစီအစဉ်အတွင် အကျိုးမဖြစ်ထွန်းဟု ယူဆပါက ဆွေးနွေးပွဲကို ဖျက်ပစ်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်လိုက်သည်။

    အမေရိကန်သို့ ရောက်ရှိနေသည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ယမန်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထရမ့်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ထိုဆွေးနွေးမှုအတွက် အကောင်းမြင်သည်ဟုလည်း ဆိုသည်။

    “မြွေမသေ တုတ်မကျိုး ရှိနေတာကို ကျွန်တော် ကြိုက်ပါတယ်။ အခုလည်း ဒီလိုအခြေအနေမျိုးပါ”

    မြောက်ကိုရီးယားအနေဖြင့် နျူအစီအစဉ်ကို စွန့်လွှတ်သည်အထိ အမြင့်ဆုံး ဆက်လက်ဖိအားပေးသွားမည်ဟုလည်း ထရမ့်က ထည့်သွင်းပြောဆိုခဲ့သည်။

    ဂျပန်ဝန်ကြီးချုပ် အာဘေးက ဟန်ပြဆွေးနွေးပွဲအတွက် ကင်ဂျုံအန်ကို ဆုလာဘ်မပေးမိစေရန် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် အမေရိကန်တို့ကို တိုက်တွန်းခဲ့သည်။

    အမေရိကန် ထောက်လှမ်းရေးအကြီးအကဲ မိုက် ပွမ်ပီယိုမှာ အခုလအစောပိုင်းက မြောက်ကိုရီးယားသို့ သွားရောက်ကာ ကင်ဂျုံအန်နှင့် လျှို့ဝှက် တွေ့ဆုံခဲ့သည်ဆိုသည့် သတင်းကိုလည်း ထရမ့်က ယမန်နေ့တွင် အတည်ပြုခဲ့သည်။

    Ref: Aljazeera

  • လတ်တလောတိုက်ပွဲကြောင့် ပိတ်မိနေသည့် ကချင်ပြည်သူများ အစားအစာ၊ ဆေးဝါး မလုံမလောက်ဖြစ်နေ

    လတ်တလောတိုက်ပွဲကြောင့် ပိတ်မိနေသည့် ကချင်ပြည်သူများ အစားအစာ၊ ဆေးဝါး မလုံမလောက်ဖြစ်နေ

    ဧပြီ ၁၉၊ ၂၀၁၈
    M-Media

    ထွက်ပြေးတိမ်းရှောင်နေရသူများ

    – လတ်တလော ကချင်ပြည်နယ်မှာ အစိုးရတပ်နဲ့ ကချင်လက်နက်ကိုင်တွေအကြား ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကချင်ပြည်သူ ၂၀၀၀ လောက်ဟာ တောထဲမှာ ပိတ်မိနေပြီး အကူအညီတွေ အလျင်အမြန် လိုအပ်နေတယ်လို့ ဒေသတွင်းခေါင်းဆောင်တွေက ပြောကြားလိုက်ပါတယ်။

    တနိုင်းမှာဖြစ်နေတဲ့ တိုက်ခိုက်မှုတွေဟာ အခုလ အစောပိုင်းကတည်းက စတင်ခဲ့တာဖြစ်ပြီး ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်ရဖို့ KIA ရဲ့ တိုက်ခိုက်မှုတွေကို အစိုးရတပ်က လေကြောင်း တိုက်ခိုက်မှုတွေနဲ့ ပြန်လည်တုန့်ပြန်နေပါတယ်။

    ဒေသတွင်း ခရစ်ယာန် နှစ်ခြင်းအသင်းတော် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မွန်ဒန်က ထွက်ပြေးရသူတွေဟာ ဆေးဝါး၊ အစားအသောက် လုံလောက်မှုမရှိဘဲ ပိတ်မိနေတယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။

    အဲဒီ ပိတ်မိနေသူတွေထဲမှာ ကိုယ်ဝန်ဆောင် ၅ ဦး၊ အသက် ၉၃ နှစ်အရွယ် တစ်ဦးနဲ့ မော်တာကျည်ကြောင့် ဒဏ်ရာရထားသူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

    “ဒီနေ့ဆိုရင် ကျွန်တော်တို့ဒေသမှာ တစ်နေ့လုံး မိုးရွာနေပြီး ခိုစရာမရှိတဲ့သူတွေ ရှိနေပါတယ်။ သူတို့တွေဟာ နေမကောင်းလည်း ဖြစ်နေပါတယ်”

    ကချင်ပြည်နယ် အမျိုးသမီးကွန်ယက် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Awng Ja က အရပ်သားတွေကို ကူညီဖို့ သူတို့အဖွဲ့ရဲ့ ပန်ကြားမှုကို အစိုးရဖက်က ခွင့်မပြုဘူးလို့ ပြောကြားခဲ့ပါတယ်။

    “တောထဲမှာပိတ်မိနေတဲ့သူတွေကို ကယ်တင်ရေး ခွင့်ပေးဖို့အတွက် ကျွန်မတို့ ခွင့်ပြုချက်တောင်းနေပါတယ်။ သူတို့တွေဟာ တော်တော်ဆိုးဆိုးဝါးဝါးအခြေအနေမှာ ရှိနေပေမယ့် စစ်တပ်က ခွင့်ပြုမှသာ အရပ်သားတွေကို ကယ်ထုတ်လို့ရမယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်”

    တနိုင်းနှစ်ခြင်းအသင်းတော် တာဝန်ရှိသူတစ်ဦးကလည်း အရပ်သား တော်တော်များများဟာ ထွက်သွားလို့မရဖြစ်တယ်လို့ ပြောပါတယ်။

    “ပယင်းကျောက်တွင်းကနေ လူတော်တော်များများ ထွက်လို့မရပါဘူး။ တနိုင်းကိုရောက်လာတဲ့သူတွေဟာ မှောင်ခိုလမ်းကြောင်းတွေကနေ ရောက်လာတာ ဖြစ်ပါတယ်”

    Ref: Aljazeera

  • ဘဏ္ဍာရေးထုတ်ပြန်မှုတွင် ဒေါ်လာအစား ယူရိုကို အစားထိုးမည်ဟု အီရန်ကြေငြာ

    ဘဏ္ဍာရေးထုတ်ပြန်မှုတွင် ဒေါ်လာအစား ယူရိုကို အစားထိုးမည်ဟု အီရန်ကြေငြာ

    ဧပြီ ၁၉၊ ၂၀၁၈
    M-Media

    – နိုင်ငံအတွင်း တရားဝင်ထုတ်ပြန်သည့် ဘဏ္ဍာရေးဆိုင်ရာ ကြေငြာချက်များတွင် အမေရိကန်ဒေါ်လာအစား ယူရိုဖြင့် အစားထိုးဖော်ပြသွားမည်ဟု အီရန်အစိုးရက ယမန်နေ့တွင် ကြေငြာလိုက်သည်။

    ယခုဆောင်ရွက်မှုမှာ အမေရိကန်နှင့် တင်းမာမှုများ မြင့်တက်လာပြီး အမေရိကန်ဒေါ်လာအား သုံးစွဲခွင့် ကန့်သတ်ခံလာရမှုကို ကျော်လွှားရန်၊ အီရန်ရီယဲလ်နှင့် အမေရိကန်ဒေါ်လာအကြား ငွေလဲနှုန်း အတက်အကျပြင်းမှုကြောင့် ဈေးကွက်အတွင်း မတည်ငြိမ်မှုကို တားဆီးရန် အီရန်အစိုးရ၏ ဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။

    အစိုးရအဖွဲ့ အစည်းအဝေးတွင် ၀န်ကြီးဌာနအားလုံး၊ နိုင်ငံပိုင်အဖွဲ့အစည်းများနှင့် ကုမ္ပဏီများမှာ ယူရို-ရီယဲလ် ငွေလဲနှုန်းကို အခြေခံကာ ကြေငြာချက်များ ထုတ်ပြန်ရမည်ဟု ဆုံးဖြတ်ခဲ့ပြီး အီရန်ဗဟိုဘဏ်ကလည်း ထိုကိစ္စအတွက် မကြာခဏ စစ်ဆေးမှု ပြုလုပ်သွားမည်ဟု ဆိုသည်။

    သို့သော်လည်း အဆိုပါဆုံးဖြတ်ချက် မည်သည့်အချိန်တွင် အသက်ဝင်မည်ဆိုသည်နှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

    အီရန် ဗဟိုဘဏ်အကြီးအကဲ ဗာလီအိုလာ စအစ်ဖ်က အမေရိကန်ဒေါ်လာ အပေါ် ပိတ်ဆို့မှုများ ပြုလုပ်ထားပြီး အီရန်၏ ကုန်သွယ်ရေးအကျိုးအမြတ်ကို များသောအားဖြင့် ယူရိုငွေကြေးနှင့်သာ ရရှိသောကြောင့် ဘဏ္ဍာရေးထုတ်ပြန်ချက်များတွင် ဒေါ်လာကို အသုံးပြုမှုမှာ ကျိုးကြောင်း သင့်လျော်မှုမရှိဟု စောစောပိုင်းတွင် ပြောကြားထားသည်။

    ၂၀၁၅ ခုနှစ် အင်အားကြီးနိုင်ငံများနှင့် နျူကိစ္စ သဘောတူညီမှု ရရှိခဲ့ပြီးနောက် အီရန်အပေါ် စီးပွားရေးပိတ်ဆို့မှုများကို ကမ္ဘာ့နိုင်ငံများက ဖယ်ရှားခဲ့သော်လည်း အမေရိကန်နှင့် တင်းမာမှု ဆက်လက်မြင့်တက်နေသည့်အတွက် အီရန်၏ အမေရိကန်ဒေါ်လာ သုံးစွဲမှုတွင် အကန့်အသတ်များ ရှိနေသည်။

    ပြီးခဲ့သည့် လများအတွင်း အီရန်ရီယဲလ်မှာ အမေရိကန်ဒေါ်လာနှင့် ယှဉ်ပါက သိသိသာသာ ကျဆင်းမှုကိုလည်း ကြုံတွေ့ခဲ့ရသည်။

    Ref: Aljazeera

  • ဆော်ဒီရောက် ထိပ်တန်းကာဒီနယ်နှင့် ဘုရင်ဆလ်မန်တို့ တွေ့ဆုံ

    ဆော်ဒီရောက် ထိပ်တန်းကာဒီနယ်နှင့် ဘုရင်ဆလ်မန်တို့ တွေ့ဆုံ

    ဧပြီ ၁၉၊ ၂၀၁၈
    M-Media

    – ဆော်ဒီအာရေဗျကို သမိုင်းဝင်ခရီးအဖြစ် ရောက်ရှိနေတဲ့ ဗာတီကန်က ထိပ်တန်း ကာဒီနယ် ဂျီယန် လူးဝစ် တူရန်ဟာ မနေ့က ဘုရင် ဆလ်မန်နဲ့ တွေ့ဆုံခဲ့တယ်လို့ ဆော်ဒီ နိုင်ငံပိုင်သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။

    ပြီးခဲ့လတွေအတွင်း ဆော်ဒီအာဏာပိုင်တွေနဲ့ ဒေသတွင်း ခရစ်ယာန်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေဟာ ခပ်စိပ်စိပ်တွေ့ဆုံခဲ့ကြပါတယ်။

    ဆော်ဒီဟာ အစ္စလာမ်သာသနာရဲ့ အမြင့်မြတ်ဆုံး နေရာတွေ တည်ရှိရာနိုင်ငံ ဖြစ်ပေမယ့် ဆော်ဒီအစိုးရဟာ အခြားသော အယူဝါဒတွေကို လူသိရှင်ကြား လိုက်နာကျင့်သုံးခွင့်ကို ပိတ်ပင်ထားပါတယ်။

    ဗာတီကန်ရဲ့ ဘာသာပေါင်းစုံဆွေးနွေးရေးကောင်စီ အကြီးအကဲ တူရန်နဲ့ ဘုရင်ဆလ်မန်တို့ရဲ့ အခုတွေ့ဆုံမှုဟာ ကက်သလစ်အာဏာပိုင်တစ်ဦးနဲ့ အာဏာရှိ ဆော်ဒီဘုရင်တစ်ဦးအကြား ပထမဆုံး တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ လက်ဘနွန်က မာရိုနိုက် ခရစ်ယာန် ဂိုဏ်းအုပ်ဘုန်းတော်ကြီး ဘက်စ်ဟာရာ အလ်-ရာအီဟာ ဆော်ဒီကို လာရောက်လည်ပတ်ခဲ့ပါတယ်။ လက်ဘနွန်၊ ဆီးရီးယားနဲ့ ဆိုက်ပရက်စ်နိုင်ငံတို့မှာ ရှိနေတဲ့ မာရိုနိုက် ခရစ်ယာန်ဂိုဏ်းဟာ ရိုမန်ကက်သလစ်အသင်းတော်ရဲ့ အရှေ့တိုင်း ဓလေ့ကို ကျင့်သုံးတဲ့အဖွဲ့ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့လ ဗြိတိန်ခရီးစဉ်အတွင်း အင်ဂလီကန်အသင်းတော် အကြီးအကဲ ဘုန်းတော်ကြီးနဲ့ တွေ့ဆုံရာမှာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြည်တွင်းပြုပြင်ပြောင်းလဲရေးလုပ်ငန်း တစ်စိတ်တစ်ပိုင်းအဖြစ် ဘာသာပေါင်းစုံချစ်ကျည်မှုကို မြှင့်တင်ပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

    မင်းသားဟာ လက်ရှိမှာ နိုင်ငံအတွင်း လူမှုရေးဆိုင်ရာ ကန့်သတ်မှုတစ်ချို့ကို ဖြေလျှော့ပေးတာတွေ လုပ်ဆောင်ထားပါတယ်။

    Ref: Aljazeera

  • ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းတို

    ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းတို

    ဧပြီ ၁၈၊ ၂၀၁၈
    M-Media

    PFA ၏ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမား စာရင်း

    – PFA ရဲ့ ဒီနှစ် ပရီမီးယားလိဂ် အကောင်းဆုံးကစားသမား ၁၁ ယောက်စာရင်း ပေါ်ထွက်လာခဲ့ပြီး ချန်ပီယံ မန်စီးတီးက ၅ ယောက်၊ စပါးအသင်းက ၃ ယောက်၊ မန်ယူ၊ လီဗာပူးလ်နဲ့ ချယ်ဆီးတို့က တစ်ယောက်စီ ပါဝင်ခဲ့ပါတယ်။

    – လာမယ့် နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ရောင်းထုတ်ခံရမယ်ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် မန်ယူအလယ်အတန်းလူ ပေါ့ဘာက အသင်းမှာပဲ ဆက်ရှိနေချင်တယ်လို့ ပြောကြားလိုက်ပါတယ်။ မော်ရင်ဟိုလက်အောက်မှာ ပေါ့ဘာဟာ ပုံမှန်ကစားခွင့်မရဘဲ ဖြစ်နေပြီး ပီအက်စ်ဂျီနဲ့ ရီးယဲလ်တို့က ခေါ်ယူဖို့ ကြိုးစား
    နေကြပါတယ်။

    – ယူအီးအက်ဖ်အေရဲ့ ချန်ပီယံလိဂ် တစ်ပတ်တာအကောင်းဆုံးဂိုး (Champions League Goal of the Week) ဆုကို လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာဟ်က ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုကို ကျော်ဖြတ်ကာ ရရှိသွားခဲ့ပါတယ်။ ဆာလာဟ်ဟာ မန်စီးတီးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ အနီးကပ် ကန်သွင်းယူခဲ့တဲ့ဂိုးနဲ့ ဒီဆုကို ရရှိတာ ဖြစ်ပါတယ်။

    – အခုနှစ်ချန်ပီယံ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ကို လွှမ်းမိုးဖို့ ခြေလှမ်းစတင်လိုက်ပြီလို့ ချယ်ဆီးနည်းပြ အန်တိုနီယို ကွန်တီက ၀န်ခံလိုက်ပြီး သူ့အနေနဲ့ ဒီရာသီမှာ ပံ့ပိုးမှု အပြည့်အ၀ မရခဲ့ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။

    Ref : Goal