News @ M-Media
Blog
  • ကလေးများ အဓမ္မကျင့်ခံရမှု၊ မုဒိမ်းကောင်များအား အမျိုးသားရေးသမားများက ကာကွယ်ပေးမှုကို ဆန့်ကျင့်သည့်အနေဖြင့် အိန္ဒိယပြည်သူများ ဆန္ဒပြ
    ကလေးများ အဓမ္မကျင့်ခံရမှု၊ မုဒိမ်းကောင်များအား အမျိုးသားရေးသမားများက ကာကွယ်ပေးမှုကို ဆန့်ကျင့်သည့်အနေဖြင့် အိန္ဒိယပြည်သူများ ဆန္ဒပြ
    ဧပြီ ၁၆၊ ၂၀၁၈
    M-Media
    ဂျာမူးတွင် အုပ်စုဖွဲ့ အဓမ္မကျင့် သတ်ဖြတ်ခံရသည့် အသက် ၈ နှစ်အရွယ် သမီးငယ် အာဆီဖာ
    – အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ပြန်ပေးဆွဲကာ အုပ်စုဖွဲ့ အဓမ္မကျင့် သတ်ဖြတ်မှုအပါအ၀င် နိုင်ငံအတွင်း ကလေးငယ်တွေကိုအပေါ် အဓမ္မကျင့်မှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ အိန္ဒိယပြည်သူတွေဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မနေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
    “အပြစ်ရှိသူကို အပြစ်ပေးပါ” ဆိုတဲ့ ခေါင်းစဉ်နဲ့ မနေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး မြို့တော် နယူးဒေလီ၊ မွမ်ဘိုင်း၊ ဘန်ဂလောနဲ့ အခြားမြို့ကြီးတွေမှာ ဆန္ဒပြခဲ့ကြတာပါ။
    အိန္ဒိယ ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားက ဂျာမူးဒေသအနီး ကာသူအာခရိုင်မှာ ဘာကာဝါလ် မွတ်စလင်လူ့အဖွဲ့အစည်းက အသက် ၈ နှစ်အရွယ် အာဆီဖာဘာနိုဟာ ဇန်န၀ါရီလအလယ်မှာ လူတစ်စုရဲ့ ပြန်ပေးဆွဲမှုကို ခံခဲ့ရပါတယ်။ အဲဒီလူတွေက ဒီကလေးငယ်ကို ဟိန္ဒူဘုရားကျောင်းထဲမှာ ချုပ်ထားပြီး မူးယစ်ဆေးတွေ တိုက်ကျွေးကာ ၄ရက်အတွင်း အနည်းဆုံး လူ ၃ ဦးက အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ကြတာပါ။
    နောက်ပိုင်းမှာ အာဆီဖာကို ရိုက်နှက်သတ်ဖြတ်ခဲ့ပြီး ဟိန္ဒူဘုရားကျောင်းအနီးက တောအုပ်ထဲမှာ အလောင်းကို စွန့်ပစ်ထားခဲ့ပါတယ်။
    ကျူးလွန်သူတွေထဲမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်းပါဝင်ပြီး သူတို့အုပ်စုကို တရားစွဲဖို့ ပြည်နယ်အစိုးရက ဆောင်ရွက်မှုကို ဟိန္ဒူရှေ့နေတွေက တားဆီးခဲ့တဲ့နောက်ပိုင်း ပြည်သူလူထုကြားထဲမှာ မကျေနပ်မှုတွေ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။
    ဂျာမူးနဲ့ ကက်ရှ်မီးယားအစိုးရအဖွဲ့က ၀န်ကြီး ၂ ဦးအပါအ၀င် အာဏရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ခေါင်းဆောင်တွေဟာ ကျူးလွန်သူတွေကို ကာကွယ်ပေးတဲ့ ချီတက်မှုတစ်ခုကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ ပြည်သူတွေရဲ့ ဝေဖန်မှု အကြီးအကျယ်ပေါ်ထွက်လာတာကြောင့် အဲဒီဝန်ကြီးနှစ်ဦးဟာ စနေနေ့မှာ နှုတ်ထွက်သွားခဲ့ပါတယ်။
    အာဆီဖာကို ကျူးလွန်သူတွေဟာ ဟိန္ဒူအစွန်းရောက်ဝါဒ လွှမ်းမိုးပြီး ဘာသာရေး မုန်းတီးမှုကို အခြေခံကာ ဒီလို ပြုမူဆောင်ရွက်ခဲ့ကြတာဖြစ်ပြီး အစ္စလာမ်ဘာသာဝင်တွေကို ကြောက်လန့်စေဖို့၊ ဒေသကနေ ထွက်ခွာသွားဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
    BJP အစိုးရ အုပ်စိုးတဲ့ အူတာပရာဒက်ရှ်ပြည်နယ်မှာ BJP ပါတီဝင် လွှတ်တော်အမတ် အသက် ၅၀ အရွယ် ကူလ်ဒီပ် ဆင်း ဆန်ဂါဟာ အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ပြီးခဲ့တဲ့နှစ် ဇွန်လမှာ အဓမ္မကျင့်ခဲ့ပြီး ပြီးခဲ့တဲ့ စနေနေ့မှာ ဖမ်းဆီးခံခဲ့ရပါတယ်။
    ဆန်ဂါရဲ့ ကိစ္စမှာလည်း ရဲတွေနဲ့ အစိုးရတာဝန်ရှိသူတွေက တစ်နှစ်နီးပါးကြာ ကာကွယ်ပေးခဲ့ကြပြီး ကျူးလွန်ခံရတဲ့ အမျိုးသမီးငယ်ရဲ့အဖေဟာ အမှုဖွင့်ဖို့ကြိုးစားရင်း ဖမ်းဆီးခံခဲ့ရကာ ဆန်ဂါရဲ့ညီက အချုပ်ခန်းအတွင်း လာရောက်ရိုက်နှက်မှုကြောင့် ပြီးခဲ့တဲ့တစ်ပတ်မှာ သေဆုံးသွားခဲ့ပါတယ်။
    ကျူးလွန်ခံရတဲ့ မိန်းကလေးငယ်ဟာ လူမြင်ကွင်းမှာ သူ့ကိုယ်သူ သတ်သေဖို့ ကြိုးစားခဲ့တဲ့အတွက် လူတွေက ဒီကိစ္စကို အာရုံစိုက်လာကာ ဆန္ဒပြမှုတွေလုပ်ခဲ့တာကြောင့် နောက်ဆုံးမှာ ဆန်ဂါကို ရဲတပ်ဖွဲ့က အမှုဖွင့် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
    “မိန်းကလေးငယ်လေးတွေဟာ နေ့စဉ်လိုလို အဓမ္မကျင့်ခံနေရတယ်။ ဒီလိုဖြစ်နေတာကို ထောက်ခံပြီး မုဒိမ်းကောင်တွေကို လမ်းပေါ်ထွက် ကာကွယ်ပေးသူတွေလည်း ရှိနေပါတယ်။ ဒါဟာ ပုံစံအသစ်ဖြစ်ပြီး ကျွန်တော်တို့ ဒီကိစ္စကို သတိပေးဖို့ အချိန်ကျနေပါပြီ” လို့ နယူးဒေလီ ဆန္ဒပြမှုမှာ ပါဝင်ခဲ့သူ ဗဒ် အမ်ရီတာက ပြောကြားခဲ့ပါတယ်။
    နိုင်ငံမြောက်ပိုင်း ချန်ဒီဂါမြို့ ဆန္ဒပြမှုမှာ ပါဝင်ခဲ့တဲ့ အိန္ဒိယ အဆိုတော်နဲ့ တေးရေးဆရာ ဗီရှာလ် ဒဒ်လာနီက “မုဒိမ်းကောင်တွေကို ကာကွယ်ပေးတဲ့သူတွေ အာဏာရနေသမျှ ဒါတွေက ဆက်ဖြစ်နေအုံးမှာပါ” လို့ ပြောကြားခဲ့ပါတ
    ယ်။
    အဓမ္မကျင့်မှုနဲ့ပတ်သက်ပြီး မြန်မြန်ဆန်ဆန် စစ်ဆေးပေးမယ့် တရားရုံးတွေ ဖွဲ့စည်းပေးဖို့လည်း သူက ဆော်သြခဲ့ပါတယ်။
    ဧပြီလ ၉ ရက်နေ့က ဂူဂျာရတ်ပြည်နယ် ဆူရတ်မြို့မှာ အဓမ္မပြုကျင့် သတ်ဖြတ်ခံထားရတဲ့ မိန်းကလေးငယ်တစ်ဦးရဲ့အလောင်းကို တွေ့ရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့က သေဆုံးသူမှာ ဒဏ်ရာပေါင်း ၈၆ ချက်ကို တွေ့ရပြီး
    ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို မဖော်ထုတ်နိုင်သေးဘူးလို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။
    အိန္ဒိယမှာ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေ အဓမ္မကျင့် သတ်ဖြတ်ခံရမှုဟာ ပုံမှန်လိုလိုဖြစ်နေပြီး အစိုးရက ပြုပြောင်းလဲမှုတစ်ချို့ ပြုလုပ်ထားပေမယ့် ဒီအဖြစ်အပျက်တွေ လျှော့ကျသွားတာမျိုး မရှိသေးပါဘူး။
    Ref: Aljazeera
  • ပါလက်စတိုင်းမသန်စွမ်းတစ်ဦး ဧ၀ရက်တောင်တက်ကာ စာသင်ကျောင်းအတွက် ရန်ပုံငွေရှာမည်
    ပါလက်စတိုင်းမသန်စွမ်းတစ်ဦး ဧ၀ရက်တောင်တက်ကာ စာသင်ကျောင်းအတွက် ရန်ပုံငွေရှာမည်
    ဧပြီ ၁၄၊ ၂၀၁၈
    M-Media
    – ဒုက္ခသည်တွေစာသင်နိုင်ဖို့ ဂျော်ဒန်မှာ ကုလက ဖွင့်လှစ်ပေးထားတဲ့ စာသင်ကျောင်းအတွက် ရန်ပုံငွေရရှိရေး ရည်ရွယ်ပြီး ပါလက်စတိုင်း မသန်စွမ်းသူတစ်ယောက်ဟာ ဧ၀ရက်တောင်ကို တက်မယ်လို့ သိရပါတယ်။
    အသက် ၂၂ နှစ်အရွယ် ဂျာရာဟ် အလ်-ဟာဝမ်ဒါဆိုတဲ့ အမျိုးသားဖြစ်ပြီး သူဟာ အရိုးကင်ဆာကြောင့် ခြေထောက်တစ်ဖက် ဖြတ်ထားရသူ ဖြစ်ပါတယ်။
    အလ်-ဟာဝမ်ဒါဟာ ပါလက်စတိုင်းဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ကုလရဲ့ UNRWA အဖွဲ့က ဂျော်ဒန်မှာ ဖွင့်လှစ်ထားတဲ့ အလ်-ဂျူဖီကျောင်းမှာ ပညာဆည်းပူးနေသူဖြစ်ပြီး အဲဒီကျောင်းဟာ လက်ရှိမှာ ငွေကြေးပြတ်လတ်မှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
    သူက လက်ရှိ ပါလက်စတိုင်း ဒုက္ခသည် ၇၅၀ လောက်ကို ပညာသင်ပေးနေတဲ့ အလ်-ဂျူဖီကျောင်းအတွက် ရန်ပုံငွေရရှိရေး ရည်ရွယ်ကာ ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက်တောင်ကို တက်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “ပါလက်စတိုင်းဒုက္ခသည်တွေဟာ သူတို့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ခွင့် ရှိပါတယ်။ ခြေထောက်တစ်ချောင်းတည်းနဲ့ ဘာမဆိုဖြစ်နိုင်တယ်ဆိုတာ ကျွန်တော် သက်သေပြသွားမှာပါ။ ဒီလိုသတင်းစကားမျိုး ပေးတာအပြင် ကျွန်တော့်ကို ပညာသင်ပေးနေတဲ့ ကျောင်းအတွက် ကန်ဒေါ်လာ ၁ သန်းလောက် ရန်ပုံငွေရှာဖွေဖို့လည်း ကျွန်တော် မျှော်လင့်ပါတယ်”
    ချိုင်းထောက်တစ်ဖက် အားပြုရတဲ့ အလ်-ဟာဝမ်ဒါဟာ လက်ရှိမှာ နီပေါလ်-တရုတ် နယ်စပ်မှာရှိတဲ့ တောင်တွေကို တက်နေပြီး အမြင့် ၈၈၄၈ မီတာအထိ ရောက်ရှိခဲ့ပြီး ဖြစ်တယ်။
    ဧ၀ရတ်တောင်ကိုလည်း မီတာ ၅၁၀၀ အထိရောက်ရှိအောင် တက်ထားပြီး မကြာခင် အခြေစိုက်စခန်းကို ရောက်ဖို့ ရှိနေပါတယ်။
    ဂျော်ဒန်မြို့တော် အမ်နန်က ဒုက္ခသည်စခန်းမှာ ကြီးပြင်းလာတဲ့ အလ်-ဟာဝမ်ဒါဟာ တောင်တက်လိုင်စင်ရထားတဲ့ ပထမဆုံး ပါလက်စတိုင်းလူမျိုး မသန်းစွမ်းသူတစ်ဦး ဖြစ်ပါတယ်။
    ပြီးခဲ့တဲ့နှစ်က သူဟာ အာဖရိက ကီလီမန်ဂျာရိုတောင်ကို တက်ခဲ့ပြီး ကင်ဆာဝေဒနာရှင်တွေအတွက် ရန်ပုံငွေ ရှာဖွေပေးခဲ့ပါတယ်။
    Ref: Aljazeera
  • ကလေးငယ်တစ်ဦးကို အဓမ္မကျင့်မှုဖြင့် ဟိန္ဒူအမျိုးသားရေး လွှတ်တော်အမတ်ကို အိန္ဒိယဖမ်းဆီး
    ကလေးငယ်တစ်ဦးကို အဓမ္မကျင့်မှုဖြင့် ဟိန္ဒူအမျိုးသားရေး လွှတ်တော်အမတ်ကို အိန္ဒိယဖမ်းဆီး
    ဧပြီ ၁၅၊ ၂၀၁၈
    M-Media
    အဓမ္မကျင့်သည်ဟု စွပ်စွဲခံရသည့် လွှတ်တော်အမတ် ဆန်ဂါ
    – လွန်ခဲသည့်တစ်နှစ်က ဆယ်ကျော်သက် မိန်းကလေးငယ်တစ်ဦးကို ပြန်ပေးဆွဲမှု၊ အဓမ္မကျင့်မှုတို့ဖြင့် အာဏာရပါတီ BJP မှ အမတ်တစ်ဦးကို ဖမ်းဆီးလိုက်သည်ဟု အိန္ဒိယရဲတပ်ဖွဲ့က ထုတ်ပြန်ကြေငြာခဲ့သည်။
    အူတာပရာဒက်ရှ်ပြည်နယ် လွှတ်တော်အမတ် အသက် ၅၀ အရွယ် ကူလ် ဒီပ် ဆင်း ဆန်ဂါဆိုသူဖြစ်ပြီး ပြီးခဲ့သည့်နှစ် ဇွန်လတွင် အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မကျင့်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။ ၎င်းကမူ ထိုကိစ္စကို ငြင်းဆိုခဲ့ကာ နိုင်ငံရေးတိုက်ခိုက်မှုဖြစ်သည်ဟု တုန့်ပြန်ပြောကြားခဲ့သည်။
    ပြည်နယ်ရဲတပ်ဖွဲ့ အကြီးအကဲ အိုပီ ဆင်းက ဆန်ဂါကို သောကြာနေ့က ဖမ်းဆီးခဲ့ပြီး စစ်ဆေးမေးမြန်းမှု ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။
    အဓမ္မကျင့်ခံရသည်ဆိုသည့် အမျိုးသမီးငယ်မှာ ပြီးခဲ့သည့်နှစ် သြဂုတ်လကတည်းက အမှုဖွင့်ရန် ကြိုးစားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ဖခင်ဖြစ်သူမှာ ဖမ်းဆီးခံခဲ့ရကာ ဆန်ဂါ၏ ညီဖြစ်သူက အချုပ်ထဲတွင် လာရောက်ရိုက်နှက်သောကြောင့် တနင်္လာနေ့တွင် သေဆုံးခဲ့သည်။
    မိန်းကလေးငယ်မှာ အမှုဖွင့်၍ မရသောကြောင့် ဧပြီလ ၈ ရက်နေ့တွင် လူမြင်ကွင်း၌ သေကြောင်းကြံစည်ခဲ့ပြီးသည့်နောက် ပြည်သူများမှာ ထိုကိစ္စအပေါ် အာရုံစိုက်လာကြပြီး ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။
    ထို့နောက်တွင်မှ ရဲတပ်ဖွဲ့မှာ ဆန်ဂါအပေါ် အမှုဖွင့်ခဲ့ပြီး အဓမ္မကျင့်ခံရသည့် မိန်းကလေးငယ်၏ ပြောကြားချက်များမှာ ရှေ့နောက်မညီသောကြောင့် စောစောပိုင်းတွင် အမှုမဖွင့်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ပြောကြားခဲ့သည်။
    လက်ရှိတွင် ထိုကိစ္စကို အိန္ဒိယ၏ ထိပ်တန်း စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြစ်သည့် ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုက ကိုင်တွယ်နေသည်။
    Ref : Aljazeera
  • စနေနေ့ ဘောလုံးသတင်းတိုများ
    စနေနေ့ ဘောလုံးသတင်းတိုများ
    ဧပြီ ၁၄၊ ၂၀၁၈
    M-Media
    – PFA ရဲ့ တစ်နှစ်တာ ပရီးမီးယားလိဂ် အကောင်းဆုံး ဘောလုံးသမားဆု စကာတင်စာရင်း ဒီကနေ့မှာ ထွက်ပေါ်လာခဲ့ပြီး လီဗာပူးလ်ဂိုးသွင်းစက် မိုဟာမက် ဆာလာ၊ မန်စီးတီးကစားသမားတွေဖြစ်တဲ့ ဒီဘရူနီ၊  လီရွိုင်း ဆာနေးနဲ့ ဒေးဗစ်ဆေးလ်ဗား၊ စပါးတိုက်စစ်မှူး ဟယ်ရီကိန်း၊ မန်ယူဂိုးသမား ဒေးဗစ်ဒီဂီယာတို့ ပါဝင်လာပါတယ်။
    – ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ ရီးယဲလ်ဟာ ဂျူဗင်တပ်စ်ထံကနေ အနိုင်ရလဒ်ကို ဓားမြတိုက်ယူခဲ့တယ်ဆိုတဲ့ ပြောကြားမှုတွေကို နည်းပြ ဇီဒိန်းက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ရီးယဲလ်ဆန့်ကျင်ရေးသမားတွေအနေနဲ့ ရီးယဲလ်ဟာ ကမ္ဘာ့ အကြီးအကျယ်ဆုံး အသင်းဖြစ်တယ်ဆိုတဲ့ သမိုင်းမှတ်တမ်းကို ဘယ်တော့မှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။
    – ပီအက်စ်ဂျီမှာ မပျော်တော့ဘူးလို့ သတင်းထွက်နေတဲ့ ဘရာဇီးလ်တိုက်စစ်မှူး နေးမာဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ မန်ယူကို ယူရိုသန်း ၄၀၀ နဲ့ ရောက်လာမယ်လို့ သတင်းတွေ ထွက်လာပါတယ်။ နေးမာဟာ ရီးယဲလ်က အလိုရှိနေတဲ့ နံပါတ်တစ် ဦးစားပေး ကစားသမားလည်း ဖြစ်နေပါတယ်။
    – ယူရိုပါလိဂ် ဆီးမီးဖိုင်နယ်မှာ တွေ့ဆုံရမယ့် အာဆင်နယ်အသင်းဟာ အင်မတန်မှ တောင့်တင်းတဲ့ ပြိုင်ဘက်ဖြစ်ပြီး မိမိရဲ့ မန်နေဂျာအရည်အသွေး နောက်ထပ် အစမ်းသပ်ခံရမယ့် ပွဲတစ်ခုဖြစ်တယ်လို့လည်း အက်သလက်တီကိုမက်ဒရစ်နည်းပြ ဆီမြွန်နီက ပြောကြားလိုက်ပါတယ်။
    Ref : Goal
  • ရေတပ် စီမံခန့်ခွဲမှုစနစ် ပူးတွဲဖော်ဆောင်ရေး ဆော်ဒီနှင့် စပိန်တို့ လက်မှတ်ရေးထိုး
    ရေတပ် စီမံခန့်ခွဲမှုစနစ် ပူးတွဲဖော်ဆောင်ရေး ဆော်ဒီနှင့် စပိန်တို့ လက်မှတ်ရေးထိုး
    ဧပြီ ၁၄၊ ၂၀၁၈
    M-Media
    – ဆော်ဒီအာရေဗျရဲ့ စစ်လက်နက်ပစ္စည်း ထုတ်လုပ်မှုစက်ရုံ SAMI နဲ့ စပိန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Navantia တို့ဟာ ရေတပ် တိုက်ပွဲဝင် စီမံခန့်ခွဲမှု စနစ်တစ်ခု ပူးတွဲဖော်ဆောင်ဖို့အတွက် ကြာသာပတေးနေ့မှာ နားလည်မှုစာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုးလိုက်ပါတယ်။
    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် မက်ဒရစ်ကို တရားဝင် လည်ပတ်မှုအတွင်း လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
    SAMI ရဲ့ ဥက္ကဌ အဟ်မဒ် အလ် ခါတီဘ်နဲ့ Navantia ကုမ္ပဏီအကြီးအကဲ အက်စတီဘန် ဂါစီယာ ဗီလာဆန်းချက်တို့ လက်မှတ်ရေးထိုးတဲ့ အခမ်းအနားမှာ မင်းသား ဆလ်မန်နဲ့ စပိန်ဝန်ကြီးချုပ် မာရီယာနို ရာယွိုင်းတို့ တက်ရောက်ခဲ့ကြပါတယ်။
    နားလည်မှုစာချွန်လွှာမှာ စစ်ရေယာဉ်တွေ တည်ဆောက်ရေး၊ တိုက်ပွဲ စီမံခန့်ခွဲမှုဆိုင်ရာ စနစ်ပူးပေါင်းဖန်တီးရေးတို့ ပါဝင်ပြီး အလ်-ခါတစ်ဘ်က ဒီသဘောတူညီချက်ဟာ ဆော်ဒီရဲ့ vision 2030 စီမံကိန်း တစိတ်တစ်ပိုင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ကလည်း ဆော်ဒီဟာ ၂၀၃၀ ခုနှစ်ရောက်ရင် နိုင်ငံကာကွယ်ရေးရဲ့ လိုအပ်တဲ့ စစ်လက်နက်ပစ္စည်း ၅၀ ရာခိုင်နှုန်းကို ပြည်တွင်းမှာပဲ ထုတ်လုပ်ဖို့ ရည်မှန်းထားတယ်လို့ ပြောကြားထားပါတယ်။
    Ref : Alarabiya