News @ M-Media

Blog

  • ကွန်ဂိုတွင် ဥပဒေဘွဲ့မရဘဲ တရားသူကြီးလုပ်နေသူ ၂၀၀ ကျော်ကို ထုတ်ပယ်

    ကွန်ဂိုတွင် ဥပဒေဘွဲ့မရဘဲ တရားသူကြီးလုပ်နေသူ ၂၀၀ ကျော်ကို ထုတ်ပယ်

    ဧပြီ ၁၇၊ ၂၀၁၈
    M-Media

    ကွန်ဂိုသမ္မတ ဂျိုးဆက်ပ်

    – အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ ကွန်ဂိုမှာ ဥပဒေဘွဲ့မရသူ၊ ခြစားတယ်လို့ သတင်းထွက်နေသူ တရားသူကြီး ၂၅၀ ကျော်ကို ထုတ်ပယ်လိုက်ပါတယ်။

    တရားရေးဝန်ကြီး အလက်ဇစ် သမ်ဘွယ် မ၀မ်ဘာက သမ္မတ ဂျိုးဆက်ပ် ကာဘီလာဟာ တရားသူကြီးတွေမှာ ရှိရမယ့် အရည်အချင်း မရှိသူ ၂၀၀ လောက်ကို အရေးယူလိုက်တယ်လို့ မနေ့က ရုပ်သံမှာ ပြောကြားခဲ့ပါတယ်။

    ဒေသတွင်းမီဒီယာတွေက ရာထူးက ရပ်ဆိုင်းခံရတဲ့၊ ထုတ်ပယ်ခံရတဲ့ အရေအတွက်ဟဟာ ၂၅၆ ဦးလောက်ရှိပြီး၊ ရာထူးကနှုတ်ထွက်သူ ၂ ဦးနဲ့ အငြိမ်းစားယူသွားသူတွေလည်း ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ တရားရေးမဏ္ဍိုင် ချို့ယွင်းနေတဲ့ ကွန်ဂိုနိုင်ငံမှာ တရားသူကြီးပေါင်း ၄၀၀၀ လောက် ရှိနေတာပါ။

    မ၀ပ်ဘာက ငွေရှာဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တရားရေးလုပ်ငန်းထဲကို ၀င်ရောက်လို့မရကြောင်း၊ အခု ထုတ်ပယ်ခံလိုက်ရတဲ့ တရားသူကြီးတွေဟာ ဥပဒေဘွဲ့မရဘဲ ၀င်လာသူတွေ၊ လာဘ်လာဘမျှော်ကိုးလိုသူတွေ၊ အခွင့်အရေး ရလိုသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

    ကွန်ဂိုမှာ ၂၀၀၉ ခုနှစ်ကလည်း သမ္မတဂျိုးဆက်ပ်ဟာ ခြစားမှုစွဲချက်တွေနဲ့ တရားသူကြီး ၉၆ ဦးကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။

    မ၀မ်ဘာက တရားရေးစနစ် နှေးကွေးနေတာကို ဝေဖန်ခဲ့ပြီး သံသယရှိသူတွေဆီက ပိုင်ဆိုင်မှုတွေကို ရရှိဖို့အတွက် ဖမ်းဆီးထိန်းသိမ်းသိမ်းမှုကို ခြိမ်းခြောက်မှုအဖြစ် အသုံးပြုနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ကက်ရှ်မီးယားမိန်းကလေးငယ် အဓမ္မကျင့်သတ်ဖြတ်ခံရမှုအတွက် ဖမ်းထားသည့် လူ ၈ ဦးကို ပထမဆုံးကြားနာ

    ကက်ရှ်မီးယားမိန်းကလေးငယ် အဓမ္မကျင့်သတ်ဖြတ်ခံရမှုအတွက် ဖမ်းထားသည့် လူ ၈ ဦးကို ပထမဆုံးကြားနာ

    ဧပြီ ၁၆၊ ၂၀၁၈
    M-Media

    သေဆုံးသွားသည့် မိန်းကလးငယ်အတွက် ဆုတောင်းမှု

    – အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ အသက် ၈ နှစ်အရွယ် မွတ်စလင် မိန်းကလေးငယ်တစ်ဦးကို ပြန်ပေးဆွဲကာ အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့မှုအတွက် ဟိန္ဒူအမျိုးသား ၈ ဦးကို ဒီကနေ့ အထူးခုံရုံးက ပထမဆုံး ကြားနာခဲ့ပြီး သူတို့ကတော့ အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။

    မိန်းကလေးငယ်ရဲ့ အလောင်းကို ဇန်န၀ါရီ ၁၇ ရက်နေ့မှာ ပြန်တွေ့ခဲ့ပြီး ရရှိထားတဲ့ ဒဏ်ရာတွေဟာ အလွန်ဆိုးရွားလွန်းတာကြောင့် အိန္ဒိယပြည်သူ တော်တော်များများက တုန်လှုပ်ခဲ့ကြပါတယ်။

    အခုတရားစွဲခံထားရတဲ့ လူ ၈ ဦး ဖမ်းဆီးခံရမှုကို မကျေနပ်တဲ့အတွက် ဟိန္ဒူအမျိုးသားရေး အုပ်စုတွေဟာ ပြီးခဲ့တဲ့တစ်ပတ်မှာ ဆန္ဒပြခဲ့ကြပြီး အာဏာရ BJP ပါတီက ပြည်နယ်ဝန်ကြီး ၂ ဦးလည်း ပါဝင်ခဲ့ပါတယ်။

    မုဒိမ်းကောင်တွေအပေါ် ဒီလို ကာကွယ်ပေးတာကို ပြည်သူတွေက ပြင်းပြင်းထန်ထန် ဝေဖန်ဆန့်ကျင်မှုတွေ လုပ်တဲ့အတွက် ၀န်ကြီးနှစ်ဦးဟာ နောက်ပိုင်းမှာ ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

    အခု တရားစွဲဆိုခံထားရသူတွေထဲမှာ အစိုးရအရာရှိဟောင်းတစ်ဦး၊ ရဲတပ်ဖွဲ့ဝင် ၄ ဦးနဲ့ အသက်မပြည့်သေးသူတစ်ဦး ပါဝင်ပါတယ်။

    ဒီအမှုအတွက် ဂျာမူးနဲ့ ကက်ရှ်မီးယားအစိုးရဟာ အထူးတရားသူကြီးနှစ်ဦးကို ခန့်အပ် တာဝန်ပေးခဲ့ပါတယ်။

    Ref: BBC

  • မလေးရှားတွင် IS နှင့်ဆက်နွယ်သူ ၄ ဦး ထွက်ပြေးနေပြီး အန္တရာယ်ရှိသည်ဟု အစိုးရက ကြေငြာထား

    မလေးရှားတွင် IS နှင့်ဆက်နွယ်သူ ၄ ဦး ထွက်ပြေးနေပြီး အန္တရာယ်ရှိသည်ဟု အစိုးရက ကြေငြာထား

    ဧပြီ ၁၆၊ ၂၀၁၈
    M-Media

    ထွက်ပြေးလွတ်မြောက်နေသူများ

    – ရဲတပ်ဖွဲ့ကို ပြန်ပေးဆွဲ သတ်ဖြတ်ဖို့နဲ့ မွတ်စလင်မဟုတ်သူတွေရဲ့ ၀တ်ပြုရာနေရာတွေကို တိုက်ခိုက်ဖို့ ကြံစည်မှုမှာ ပါဝင်ပြီး IS အကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ်သူ ၄ ဦးကို လိုက်ရှာနေတယ်လို့ မလေးရှားရဲတပ်ဖွဲ့က ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

    ဖေဖော်ဝါရီ ၂၇ ရက်နေ့ကနေ မတ်လ ၁ ရက်နေ့အတွင်း ဂျိုဟိုးပြည်နယ်က အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ဟာ IS အဖွဲ့ခွဲက လူ ၆ ဦးကို ဖမ်းဆီးနိုင်ခဲ့ပေမယ့် ၄ ဦးက ထွက်ပြေးလွတ်မြောက်နေပြီး အန္တရာယ်ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

    အဲဒီထဲက နှစ်ယောက်ဟာ ကလန်တန်းပြည်နယ်က မလေးရှားနိုင်ငံသား အသက် ၂၉ နှစ်အရွယ် မိုဟာမက် ဖိုက်ဇဲလ် မိုဟာမက် ဟန်နဖီနဲ့ သူ့ရဲ့ဖခင် အသက် ၅၁ နှစ်အရွယ် မိုဟာမက် ဟန်နဖီ ယာဟ် ဆိုသူတွေ ဖြစ်ပါတယ်။ နောက်တစ်ယောက် အသက် ၃၁ နှစ်အရွယ် မလေးရှားနိုင်ငံသား နူရ် ဖာရ်ခန်း မိုဟာမက် အီဆာ ဖြစ်ပြီး ဂျိုးဟိုးကဖြစ်တယ်လို့ ဆိုပါတယ်။

    စတုတ္ထမြောက်တစ်ယောက် ထိုင်နိုင်ငံသား အသက် ၃၇ နှစ်အရွယ် အဝေ ဝေအီယာဆိုသူ ဖြစ်ပါတယ်။

    ရဲတပ်ဖွဲ့က ဒီ လူတွေကို တွေ့ရှိရင် နီးစပ်ရာ ရဲစခန်းကို သတင်းပေးဖို့ ပြည်သူလူထုကို အသိပေးထားပြီး၊ သူတို့ကို ကူညီတာ၊ ဖွက်ပေးထားတာမျိုး လုပ်မယ်ဆိုရင်တော့ ၇ နှစ်ကနေ နှစ် ၃၀ အထိ ထောင်ချခံရမယ်လို့ ဆိုပါတယ်။

    Ref: CNA

  • တနင်္လာနေ့ ဘောလုံးသတင်းတို

    တနင်္လာနေ့ ဘောလုံးသတင်းတို

    ဧပြီ ၁၆၊ ၂၀၁၈
    M-Media

    – မိမိအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်တော့မယ်ဆိုတာ စက်တင်ဘာလကတည်းက သိခဲ့တယ်လို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ပြောကြားလိုက်ပြီး၊ ပရီးမီးယားလိဂ်မှာ သူ့အသင်းဟာ လာမယ့်နှစ်တွေကို ဆက်လက် မင်းမူထားနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။ မန်စီးတီးဟာ ရာသီပြီးဆုံးဖို့ ၅ ပွဲအလို မနေ့ညက ချန်ပီယံ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

    – ပြင်သစ်လိဂ်ဝမ်းမှာ ပီအက်စ်ဂျီအသင်းဟာ မနေ့က အိမ်ကွင်းမှာ လက်ရှိချန်ပီယံ မိုနာကိုအသင်းကို ၇ ဂိုး ၁ ဂိုးနဲ့ အနိုင်ရကာ ရာသီပြီးဆုံးဖို့ ၅ ပွဲအလိုမှာပဲ ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။ အသင်းသမိုင်းတစ်လျှောက် ဈေးအကြီးဆုံး ကစားသမားတစ်ဦးဖြစ်တဲ့ ဘရာဇီးလ်တိုက်စစ်မှူး နေးမာက အသင်းကို ချီးကျူးခဲ့ပြီး ပရိတ်သတ်နဲ့ ပိုမိုနီးကပ်ချင်ကြောင်း Instagram စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    – မန်ယူဟာ ရီးယဲလ်တောင်ပံကစားသမား ဂါရသ်ဘေးလ်ကို ရရှိဖို့အတွက် ကွင်းလယ်လူ ပေါ့ဘာကို အလိုက်ပေးပြီး ကြိုးစားဖို့ ရှိနေတယ်လို့ သတင်းထွက်လာပါတယ်။ ဘေးလ်ဟာ အခုနှစ်နွေရာသီမှာ ရီးယဲလ်ကထွက်ဖို့ ရှိနေပြီး မန်ယူနည်းပြ မော်ရင်ဟိုက ခေါ်ဖို့ ကြိုးစားနေတာပါ။ ရီးယဲလ်အသင်း ဥက္ကဌကတော့ ဘေးလ်နဲ့ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်တို့ကို လဲချင်နေပါတယ်။

    – လီဗာပူးလ်တိုက်စစ်မှူး ဆာလာဟာ မနေ့က ဘုန်းမောက်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၃၀ မြောက်ကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒ့ါကြောင့် ဆာလာဟ်ဟာ ပရီးမီးယားလိဂ်မှာ တစ်ရာသီအတွင်း ဂိုး ၃၀ သွင်းနိုင်တဲ့ ပထမဆုံး အာဖရိက ကစားသမားဖြစ်လာပြီး၊ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်မှာလည်း ဒီလို သွင်းနိုင်တဲ့ ၈ ယောက်မြောက်ကစားသမား ဖြစ်သွားပါတယ်။

    Ref: Goal, BBC

  • ကမ္ဘာနှင့်တူသော ဂြိုဟ်အမြောက်များရှာဖွေရန် နာဆာက ဂြိုဟ်တုတစ်စင်း တနင်္လာနေ့တွင် လွှတ်မည်

    ကမ္ဘာနှင့်တူသော ဂြိုဟ်အမြောက်များရှာဖွေရန် နာဆာက ဂြိုဟ်တုတစ်စင်း တနင်္လာနေ့တွင် လွှတ်မည်

    ဧပြီ ၁၆၊ ၂၀၁၈
    M-Media

    – အမေရိကန်အာကာသအေဂျင်စီ နာဆာဟာ ကြယ်ပတ်ဂြိုဟ် (Exoplanet) တွေကို ရှာဖွေဖော်ထုတ်ပေးနိုင်မယ့် ဂြိုဟ်တု TESS ကို တနင်္လာနေ့မှာ လွှတ်တင်ဖို့ ရှိနေပြီး သက်ရှိသတ္တ၀ါတွေ နေထိုင်နိုင်မယ့် ဂြိုဟ်တွေ ရှာဖွေရေး စာမျက်နှာသစ်တစ်ခု ဖွင့်လှစ်လိုက်တာလည်း ဖြစ်ပါတယ်။

    ဒီစီမံကိန်းမှာ TESS ဂြိုဟ်တုဟာ ကမ္ဘာနဲ့ အနီးအနားမှာရှိတဲ့ ထောင်နဲ့ချီတဲ့ ကြယ်တွေမှာ ပတ်နေတဲ့ ဂြိုဟ်တွေကို ရှာဖွေသွားမှာဖြစ်ပါတယ်။

    နာဆာကတော့ သိပ္ပံပညာရှင်တွေဟာ ကမ္ဘာအရွယ် ဂြိုဟ် အလုံး ၅၀ လောက်၊ ကမ္ဘာတည်ရှိရာ နေအဖွဲ့အစည်းမှာ စတုတ္ထမြောက်အကြီးဆုံးဖြစ်တဲ့ နက်ပကျွန်းဂြိုဟ်ထက် ကြီးမယ့် အခြား Exoplanet နှစ်သောင်းလောက် ရှာဖွေတွေ့ရှိမယ်လို့ မျှော်လင့်ထားကြောင်း ထုတ်ပြန်ပါတယ်။

    Exoplanet ဆိုတာဟာ နေထက် ကြယ်တွေကို လှည့်ပတ်နေတဲ့ ဂြိုဟ်တွေဖြစ်ပါတယ်။

    TESS ဂြိုဟ်တုကို Space X ရဲ့ Falcon 9 ဒုံးပျံနဲ့ ဖလော်ရီဒါကနေ တနင်္လာနေ့မှာ လွှတ်တင်မှာပါ။

    သတ်မှတ်ထားတဲ့ ပတ်လမ်းကြောင်း ဂြိုဟ်တုရောက်ဖို့အတွက် ၂ ပတ်လောက် ကြာမြင့်မှာဖြစ်ပြီး နောက်ဆုံးမှာနဲ့ နီးကပ်သွားမှာ ဖြစ်ပါတယ်။

    စမ်းသပ်ကာလ ၂ လပြီးတဲ့နောက် ၂ နှစ်တာကြာမြင့်မယ့် စီမံကိန်းကာလမှာ TESS ဟာ Exoplanet တွေကို ရှာဖွေဖို့အတွက် ကြယ်ပေါင်း ၂ သိန်းလောက်ကို သုတေသန လုပ်သွားမှာ ဖြစ်ပါတယ်။

    Ref: Aljazeera