News @ M-Media

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်ပွဲတော်များ ရန်ကုန်နှင့် မန္တလေးတွင် ပြုလုပ်မည်

စက်တင်ဘာ ၂၀၊ ၂၀၁၃
M-Media
အမ်တူးအေ

1012516_209189402574797_928579015_n

ရန်ကုန်  ။           ။        စက်တင်ဘာလ ၂၁-ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုပွဲတော်ကို ယခင်နှစ် နည်းတူ ယခုနှစ်တွင်လည်း ဆက်လက်ကျင်းပမည်ဖြစ်ပြီး အာဏာပိုင်ထံ ခွင့်ပြုမိန့်တောင်းခံရာတွင် ကျင်းပခွင့်လည်း ရရှိခဲ့ပြီဖြစ်ကြောင်းသိရသည်။

ယခုနှစ်အတွက် “တစ်နိုင်ငံလုံး ပြန်လည်သင့်မြတ်” “လွတ်လပ်ငြိမ်းချမ်း မျှတလမ်းသို့ မတူလက်များ တွဲကြစို့”ဟူသော ဆောင်ပုဒ်များထွက်ပေါ်လာပြီး လူထုလှုပ်ရှားမှုပွဲတော်ကို နိုင်ငံတ၀န်းလုံးတွင် စစ်ပွဲများ၊ ဖိနှိပ်မှုများ၊ အကြမ်းဖက်မှုများ ပပျောက်စေရေး၊ ပြည်သူများအကြားတွင် ငြိမ်းချမ်းရေးအနှစ်သာရများ ပြန့်ပွားစေရေးနှင့် ငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင် အားလုံးပူးပေါင်း ပါဝင်လာစေရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးတို့အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ရန်ကုန်မြို့တွင် ကျင်းပမည် ငြိမ်းချမ်းရေးနေ့ ပွဲတော်ကို ပြည်သူ့ရင်ပြင်တွင် မနက် ၉-နာရီမှ ညနေ ၆-နာရီအထိ ပြုလုပ်မည်ဖြစ်ပြီး အရပ်ဘက် လူမှုအဖွဲ့အစည်း ၆၀-ကျော်မှ ပူးပေါင်းပြုလုပ်ကြမည်ဖြစ်သည်။ အဆိုပါပွဲတော်တွင် ငြိမ်းချမ်းရေးပြခန်းများ၊ ငြိမ်းချမ်းရေးပညာရေးဖျော်ပြေတင်ဆက်မှုများ၊ စင်တင်တေးဂီတ ဖျော်ဖြေပွဲများများနှင့် ငြိမ်းချမ်းရေးဆုတောင်းပွဲကို ပြုလုပ်မည်ဖြစ်သည်။

ဓါတ်ပုံကို International Day of Peace, Myanmar Page မှ ကူးယူဖော်ပြပါသည်။

မန္တလေးမြို့တွင် မန္တလေးမြို့တော်ခန်းမ၌ နေ့လည် ၁၂-နာရီမှ ည ၉-နာရီအထိ ပြုလုပ်မည်ဖြစ်ပြီး ကျောင်းသားကျောင်းသူများ၏ ကျပန်းစကားပြောပြိုင်ပွဲ၊ စာရေး ဆရာများ၏ ငြိမ်းချမ်းရေးစကားသံများ၊ တိုင်းရင်းသားရိုးရာအကများ၊ မျက်လှည့်၊ ပြဇာတ်နှင့် ငြိမ်းချမ်းရေးတေးဂီတ ဖျော်ဖြေမှုများအပါအ၀င် ဘာသာ ၅-ခုမှ ဆရာတော်များ ဦးဆောင်၍ ငြိမ်းချမ်းရေးဆုတောင်း လက်ဆင့်ကမ်း မီးထွန်းပွဲတို့ကို ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်နှင့် မန္တလေးတွင် ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် လမ်းလျှောက်ကြမည့် အစီအစဉ်တွင်လည်း ပြည်သူလူထုမှ အတူပါဝင်ကြရန် ဖိတ်ခေါ်ကြောင်းနှင့် ၎င်းအခမ်းအနားများအတွက် မည်သည့်ဝင်ကြေးမျှ မပါရှိပဲ ငြိမ်းချမ်းရေးကို လိုလားသူ မည်သူမဆို ပူးပေါင်း ပါဝင်နိုင်ကြောင်းလည်း ထပ်မံ သိရှိရသည်။
>> ဓါတ်ပုံကို International Day of Peace, Myanmar Page မှ ကူးယူဖော်ပြပါသည်။

Comments

Leave a Reply