သြဂုတ် ၁၄၊ ၂၀၁၄
M-Media
လမင်း
ရန်ကုန် ။ ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း သြဂုတ်လ ပထမပတ်အတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုနှုန်းမှာ အမှုပေါင်း ၄၀ ကျော်ထိဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ထုတ်ပြန်သော သတင်းများအရ သိရသည်။
သြဂုတ်လ ပထမပတ်အတွင်း အမှုပေါင်း ၄၀ ကျော်ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ နောက်ဆုံးအပတ်ထက် ယာဉ်မတော်တဆဖြစ်ပွားမှု ၈-မှု လျော့နည်းခဲ့ကြောင်း သိရသည်။
ယာဉ်မတော်တဆမှုတွေ လျော့နည်းသွားအောင်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့တွေကလည်း အင်အားတွေ တိုးမြှင့်ပြီး လုပ်ဆောင်နေပါပြီး ညဘက်ပိုင်းတွေမှာ ယာဉ်မတော်တဆဖြစ်တာတွေကများနေသောကြောင့် စည်းကမ်းမဲ့ယာဉ်တွေကိုလည်း ထိရောက်စွာ အရေးယူဆောင်ရွက်နေပါတယ် ဟု ဒုရဲမှူးကြီး လင်းထွဋ်က ရှုင်းလင်းပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်းကမ်းမဲ့ယာဉ်များကို အထူးတပ်ဖွဲ့ ၁၀ဖွဲ့ဖြင့် လှည့်လည်ဖမ်းဆီးလျက်ရှိပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်သည့် ယာဉ်မောင်းလိုင်စင်များအား ဥပဒေနှင့်အညီ ပြစ်မှုအမျိုးအစားအလိုက်ရုပ်သိမ်း (ပိတ်သိမ်း) ကာလတွင် လိုင်စင်ပိတ်သိမ်းခံရမှုမှာ ၅၉ မှုကျော် ရှိနေပြီဖြစ်ကြောင်း ထုတ်ပြန်ထားသော သတင်းများအရ သိရသည်။
ထို့အပြင် စည်းကမ်းမဲ့ယာဉ်များကို ယာဉ်ထိန်းရဲဌာနမှ ဖွင့်လှစ်ထားသော လူမှုကွန်ယက် စာမျက်နှာပေါ်တွင်လည်း တိုင်ကြားနိုင်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ လိုင်စင်ပိတ်သိမ်းခြင်း၊ ဒဏ်ငွေပေးဆောင်ခြင်းတို့ကို ပြုလုပ်လျက်ရှိသည်။
Leave a Reply
You must be logged in to post a comment.