News @ M-Media

ကလစ်ရှ်ကို ကို အနိုင်ယူပြီး ဗြိတိန်မှ ဖျူရီ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်လာ

နိုဝင်ဘာ ၂၉၊ ၂၀၁၅
M-Media

tyson

– စိန်ခေါ်သူ ဗြိတိန်လက်ဝှေ့ကျော် တိုင်ဆန် ဖျူရီမှာ ယူကရိန်းနိုင်ငံသား ကမ္ဘာ့ဟဲဗီးဝိတ်ချိန်ပီယံ ၀လာဒီမီရ် ကလစ်ရှ်ကိုအား အမှတ်ဖြင့်အနိုင်ယူကာ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံသစ် ဖြစ်လာခဲ့သည်။

ကမ္ဘာချန်ပီယံဘွဲ့ကို ဆယ်စုနှစ်တစ်ခုကျော်ကြာ သိမ်းပိုက်ထားသည့် ကလစ်ရှ်ကိုနှင့် ဖျူရီတို့မှာ ယမန်နေ့ညပိုင်းက ဂျာမနီနိုင်ငံ ဒက်ဆဲလ်ဒေါ့ဖ်တွင် ထိုးသတ်ခဲ့ခြင်းဖြစ်ပြီး အသက်အရွယ်ငယ်ရွယ်ကာ အရပ်အမောင်းနှင့် ခန္ဓာကိုယ်အလေးချိန်သာသည့် ဖျူရီက အသာရခဲ့သည်။

နောက်ဆုံးတွင် ဒိုင်လူကြီးများ၏ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက်ဖြင့် ဖျူရီက အနိုင်ရခဲ့ကာ ယှဉ်ပြိုင်ထိုးသတ်ခြင်း မပြုခင် အနိုင်ရမည်ဟု ၎င်းကြုံးဝါးထားသည့် စကားများမှာလည်း အကောင်အထည် ပေါ်လာခဲ့သည်။

ထိုပွဲအတွက် ၎င်းတို့နှစ်ဦး၏ စာချုပ်တွင် ပြန်လည်ထိုးသတ်ရန် အပိုဒ် ၁ ပိုဒ်ပါဝင်သည်ဟု ယုံကြည်ရပြီး အသက် ၃၉ နှစ်အရွယ်ရှိ ကလစ်ရှ်ကိုမှာ လက်ဝှေ့လောကမှ အနားယူမည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

ယခုပွဲအနိုင်ကြောင့် ဖျူရီမှာ WBA, IBF နှင့် WBO ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်လာခဲ့ပြီး WBC ချန်ပီယံဖြစ်သည့် အမေရိကန်နိုင်ငံသား ဒီယွန်တေ ၀ိုင်လ်ဒါနှင့် ထိုးသတ်ရန် အခြေအနေကောင်းသွားပြီဖြစ်သည်။

Ref: Dailymail

Comments

Leave a Reply