News @ M-Media

ယီမင်ပြည်သူထက်ဝက်ခန့် အငတ်ဘေးဆိုက်မည့်အန္တရာယ် ရှိနေ

ဒီဇင်ဘာ ၅၊ ၂၀၁၅
M-Media

yemen

– ပဋိပက္ခများ ဖြစ်ပွားနေသည့် ယီမင်နိုင်ငံအတွင်း စားနပ်ရိက္ခာထောက်ပံ့မှုမှာ အလျင်အမြန် ဆိုးရွားလာနေပြီး အငတ်ဘေးဆိုက်မည့် အန္တရာယ်မျိုး ရှိနေသည်ဟု ကုလသမဂ္ဂ စားနိပ်ရိက္ခာအစီအစဉ် WFP က သတိပေးလိုက်သည်။

နိုင်ငံ၏ ဒေသ ၂၂ ခုတွင် ၁၀ ခုမှာ စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသော “အရေးပေါ်” ဒေသများအဖြစ် သတ်မှတ်ခံထားရပြီး၊ အငတ်ဘေးဆိုက်ရောက်ရန် တစ်ဆင့်သာလိုသည့် အခြေအနေမျိုးဖြစ်သည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

“ရှင်းရှင်းပြောရရင် ယီမင်နိုင်ငံဟာ လုံခြုံရေးအရ စိုးရိမ်ရမှုတွေ ကြီးကြီးမားမားရှိနေပြီး နိုင်ငံတစ်ဝှမ်း တိုက်ခိုက်မှုတွေ အကြမ်းဖက်မှုတွေမြင့်တက်နေတဲ့အတွက် ကမ္ဘာပေါ်မှာ အလုပ်လုပ်ရအခက်ဆုံး တိုင်းပြည်တစ်ခု ဖြစ်နေပါတယ်” ဟု WFP ၏ နိုင်ငံလုံးဆိုင်ရာ လက်ထောက်ဒါရိုက်တာဖြစ်သူ မက်သယူး ဟိုလင်ဝေါ့သ်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ကောင်းကောင်းဆောင်ရွက်နေပါတယ်။ အစားအသောက် ဖြန့်ဝေမှုမှာလည်း တိုးတက်အောင် ဆောင်ရွက်နေပါတယ်။ လတိုင်း လူတွေဆီ ပိုမိုရောက်ရှိဖို့ပါ။ ဒါပေမယ့် တိုင်းပြည်က လူတစ်ဝက်လောက်က အငတ်ဘေးနဲ့ ရင်ဖိုင်ဆို့ ခြေတစ်လှမ်းလောက်ပဲ လိုတော့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ ကျွန်တော်တို့နောက်မှာရပ်တည်ပြီး ကူညီထောက်ပံ့ပေးဖို့ လိုအပ်နေပါတယ်။ အထူးသဖြင့် နောက်ထပ် လအနည်းငယ်အတွင်းမှာပါ”

နိုဝင်ဘာလက ထုတ်ပြန်ခဲ့သည့် ကုလ၏ ၂၀၁၆ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်မှု သုံးသပ်ချက်တွင် ယီမင်နိုင်ငံ၏ ၂၃ သန်းသော လူဦးရေမှ ၁၄.၄ သန်းမှာ အစားအစာ မလုံလောက်မှုနှင့် ကြုံတွေ့နေရပြီး ကျန်းမာသောဘ၀အတွက် လုံလောက်သော အစားအစာကို ရရှိရန် ရုန်းကန်နေရသည်ဟု ဖော်ပြထားသည်။

ထိုအထဲမှ ၇.၆ သန်း၏ အစားသောက်လိုအပ်ချက်မှာ အလွန်အမင်း ဆိုးရွားနေသည်ဟု ဆိုသည်။

“(ယီမင်ဟာ) နောက်ထပ် ဘယ်လိုတုန်လှုပ်စရာမျိုးမှ ဖြစ်လို့မရတဲ့ တိုင်းပြည်ပါ။ တော်တော်လေး အခြေအနေဆိုးရွားနေပါတယ်” ဟု WFP ၏ အရှေ့အလယ်ပိုင်းဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ အဘီရန် အီတီဖာက ပြောကြားခဲ့သည်။

Ref: Aljazeera

Comments

Leave a Reply