6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၂၁ ၊ ၂၀၁၅
M-Media
.ကျော်မိုးအောင် ရေးသည်။
photo-wherefore-3
မာတင်လူသာကင်း၏ “I have a Dream” မိန့်ခွန်း ကမ္ဘာကျော်ခဲ့ပါသည်။ သူ့ကိုအားကျမိခြင်း ဆိုရမည်လားမသိ ကျွန်တော်လည်း အိပ်မက်တစ်ခု အတန်ကြာ မက်နေခဲ့ဖူးသည်။ ကျွန်တော့် စိတ်ကူးယဉ် အိပ်မက်ထဲက ကျောင်းကလေးအကြောင်း ဝေမျှချင်ပါသည်။

ထိုစိတ်ကူးအိပ်မက်က ထူးဆန်းလှသည်တော့ မဟုတ်။ လွယ်လွယ်ဖွင့်ဆိုရလျင် ငြိမ်းချမ်းသော အမုန်းမရှိသော ချစ်တတ်ကြသော မေတ္တာတရားကိုအခြေခံသော နားလည်ပေးတတ်ကြသော ကျောင်းလေးပင်။
အမေရိကန်ပြည်ထောင်စု Oregon ပြည်နယ်ရှိ Woodburn School District အမည်ရှိ ကျောင်းလေးသို့ လေ့လာရေးရောက်ခဲ့ဖူးသည်။ ထိုကျောင်းလေး၏ အဝင်ဝတွင်ရေးထားသော စာသားလေးအား မိမိအသက်ရှင်နေသရွေ့ မေ့နိုင်တော့မည်မထင်။ “There is no place for hate at our school.” “အမုန်းတရားအတွက် တို့ကျောင်းမှာ နေရာမရှိ” တဲ့။ ထိုသို့သော အမုန်းမရှိသည့်ကျောင်းများ မြန်မာပြည်အနှံ့ စိတ်ကူးယဉ် မြင်ယောင်မိသည်။

တကယ်တမ်းတော့ ထိုသို့သောကျောင်းများ မြန်မာပြည်တွင် အမြောက်အမြား ရှိခဲ့ဖူးသည်။ အသစ်အဆန်း မဟုတ်ပါ။

ဥပမာအနေဖြင့် ဖော်ပြရလျင် မြန်မာနိုင်ငံ ကိုလိုနီဘဝက ဖွင့်ခဲ့သည့် နေရှင်နယ်ကျောင်း ခေါ် အမျိုးသားကျောင်းပင်။ အထူးသဖြင့် မန္တလေးမြို့တွင် ဆရာကြီးဦးရာဇတ် တည်ထောင်အုပ်ချုပ်ခဲ့သော ယခင်က အမျိုးသားအထက်တန်းကျောင်း လက်ရှိ အမှတ် (၂) အထက။ မြန်မာပြည်တွင် ရဟန်းတော်များ ကိုယ်ရင်များ သင်္ကန်းဝတ်ဖြင့် ကျောင်းတက်ခွင့်ပြုခဲ့သော ပထမဆုံးသောကျောင်း။ ဗုဒ္ဓဘာသာဝင် ကျောင်းသားများ မနက်စောစော ဘုရားမရှိခိုးပါက မွတ်စလင်မ်ဆရာကြီးက ကြိမ်လုံးတစ်ချောင်းဖြင့် လိုက်ရိုက်တတ်သောကျောင်း။ မွတ်စလင်မ်ကျောင်းသားများ သောကြာနေ့လည်တွင် ဝတ်ပြုရန် ဗလီသွားခွင့်ပြုသောကျောင်း။ မြန်မာမှု အမျိုးသားရေးစိတ်ဓာတ်အတွက် မြန်မာစာသာမက ပါဠိစာပေပါ သင်ကြားပေးပြီး တစ်ဖက်ကလည်း အင်္ဂလိပ်ဘာသာစကားဖြင့် မပြောမနေရ သတ်မှတ်ကာ နိုင်ငံတကာနှင့် ရင်ဘောင်တန်းစေသောကျောင်း။ မျက်ကန်းမျိုးချစ်မဟုတ်ဘဲ မှန်မှန်ကန်ကန်ဖြင့် တိုင်းပြည်အပေါ် အကျိုးပြုသူများအား မွေးထုတ်ပေးသောကျောင်း။ ထိုကျောင်းမှထွက်သော လူမျိုးကွဲ ဘာသာကွဲ ကျောင်းသားကျောင်းသူများ က ညီရင်းအစ်ကို မောင်ရင်းနှမပမာ ရာသက်ပန် ချစ်ခင်ကြလျက် တစ်ဦးအပေါ်တစ်ဦး နားလည်မှုရှိ ယုံကြည်မှု တည်ဆောက်နိုင်ခဲ့ကြသည်။ မြန်မာ့အနာဂတ်အတွက် ထိုသို့သောကျောင်းများ မရှိမဖြစ် လိုအပ်နေသည်ဟု အခိုင်အမာ ယုံကြည်မိပါသည်။

အများသိကြသည့်အတိုင်း မကြာသေးမိကာလများက မြန်မာပြည်သူပြည်သား မောင်နှမများအကြား မလိုလားအပ်ဘွယ် ပဋိပက္ခများ ဖြစ်ခဲ့ကြရသည်။ အိမ်ကြက်ခြင်း အိုးမည်းသုတ်ခံရသည့်အတွက် နားလည်မှုလွဲမှားကာ အချင်းချင်း အမုန်းပွားကြစရာများ ကြုံခဲ့ကြရသည်မှာ ဝမ်းနည်းစရာကောင်းလှသည်။ တိုင်းပြည်တွင်းရှိ မတူကွဲပြားသောသူတို့အချင်းချင်း လက်ချင်းယှက်ကာ အတူရှေ့ဆက်ကြရမည်က မရှိမဖြစ်လိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။ မည်သည့်နည်းဖြင့်မျှ အမုန်းဖြင့် ရေရှည် ရှေ့ဆက်နိုင်ကြမည် မဟုတ်။ တစ်ဦးနှင့်တစ်ဦး တစ်သက်လုံး သူစိမ်းပြင်ပြင် ရန်သူသဖွယ် ဆက်ဆံကြဖို့ဆိုသည်ကလည်း မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်။ မတည့်အတူနေကြရန် မဖြစ်သင့်သည့် တိုင်းသူပြည်သားအချင်းချင်း မတူဘဲ တည့်အောင် ထိမ်းကြောင်း ပေးနိုင်သည်က စာသင်ကျောင်းများကပင်။

မတည့်သည့်အနေအထား ဖြစ်နေရခြင်း၏ အဓိကအကြောင်းရင်းသည် တစ်ယောက်အကြောင်း တစ်ယောက် အမှန်မသိကြဘဲ နားလည်မှု လွဲနေကြခြင်းကြောင့်သာ။ တစ်ဦးအပေါ်တစ်ဦး နားလည်ဖေးမပြီး ယုံကြည်မှု ရှိကြရန် လိုအပ်လှသည်။ ထိုအချက်ကို ဖြည့်ဆည့်ပေးကြရမည်က ကျောင်းများ၏ တာဝန်တစ်ရပ်ပင်။ ကျောင်းများတွင် မတူကွဲပြားကြသူအချင်းချင်း ငယ်စဉ်ကတည်းက လက်ပွန်တတီး ချစ်ချစ်ခင်ခင် နေတတ်သည့်အလေ့အကျင့် ကျောင်းများက ရနိုင်ပါသည်။

စင်္ကာပူနိုင်ငံ သင်ရိုးစာအုပ်များကို လေ့လာကြည့်မိရင်း အင်မတန် အားကျအတုယူစရာသင်ခန်းစာများ တွေ့မိပါသည်။ မူလတန်းအရွယ် ကလေးများအတွက် လူမှုရေး Social Studies ဖတ်စာပါ အကြောင်းအရာက “ကျွန်တော့်တို့ အိမ်နီးခြင်းကောင်းများ Our Neighbours” ဟူသည့်အကြောင်းအရာ။ ထိုစာစဉ်၏ သင်ခန်းစာများက ကျောင်းသားများအား အခြား ယဉ်ကျေးမှုတို့နှင့် နီးစပ်ခွင့် ပေးခြင်း ဖြစ်သည်။ နည်းစပ်ခွင့်ပေးခြင်း ဆိုသည်ကို နားလည်မှု မလွဲစေရန် အလွန်အရေးကြီးလှသည်။ အခြားဘာသာသို့ ကူးပြောင်းစေရန် သာသနာပြုခြင်းမဟုတ် သူတို့ဘာလုပ်ကြသလဲ အပြန်အလှန် သိစေရန်သာ သွန်သင်ပြခြင်းဖြစ်သည်။ ဥပမာအားဖြင့် ဆိုရလျင် အိမ်နီးခြင်းတစ်ဦးက ဟိန္ဒူဘာသာဝင် ဖြစ်ပြီး သူတို့၏ ဒီပါဝလီပွဲတော်သို့ သွားလည်ကြပုံ ဟိန္ဒူမိသားစု၏ ဓလေ့ထုံးစံများကို လေ့လာခွင့် ရပုံ သူတို့ ကျွေးမွေးဧည့်ခံသော အချိုမုန့်များ စားကြလျက် မီးအတူ ထွန်းကြပုံ စသည်တို့ကို ဇာတ်လမ်းသဖွယ် သရုပ်ဖော်ထားသည်။ ထိုနည်းတူစွာပင် ခရစ်ယာန်အိမ်နီးခြင်းတို့၏ ခရစ်စမတ်ပွဲတော်အကြောင်း မွတ်စလင်မ်တို့၏ ရမ္မဇာန် ဥပုသ်လနှင့် ဝါကျွတ် အီးဒ်ပွဲတော်အကြောင်း တရုတ်နှစ်သစ်ကူး အကြောင်း ဇာတ်လမ်းသဖွယ် ပုံဖော်ရင်း မတူညီမှုအလှတရားကို အိမ်နီးခြင်းကောင်းတို့ အဖြစ်  သွန်သင်သွားသည်က ပညာသား ပါလှသည်။ အမုန်းတရား ဖြစ်စေစရာကို အမြစ်မှ တွန်းလှန်ပေးထားသည် ဆိုနိုင်ပါသည်။

ကျွန်တော်တို့နိုင်ငံတွင်လည်း ထိုသို့သွန်သင်မည့်ကျောင်းများ မဖြစ်မနေ လိုအပ်နေပါသည်။ ကျောင်းများတွင် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ချစ်ချစ်ခင်ခင် စုပေါင်းနေတတ်ကြပုံကို (implicitly and explicitly) မသိမသာ ကျွဲကူးရေပါ သင်ရုံမျှမက သိသိသာသာလည်း သွန်သင်ပေးသင့်ပါသည်။ တစ်ဦးနှင့်တစ်သီး သူစိမ်းပြင်ပြင် တစ်ယောက်အကြောင်းတစ်ယောက်မသိသည့် အနေအထားဖြင့် ကြီးပြင်းလာကြလျင် ပတ်ဝန်းကျင်က ကြားသိသမျှဖြင့်သာ တစ်ဦးအပေါ်တစ်ဦး အမြင်လွဲမှားကြနိုင်ပါသည်။

ထို့ကြောင့် ကျွန်တော့် စိတ်ကူးယဉ်အိပ်မက် ကျောင်းကလေးတွင် ငြိမ်းချမ်းမှုကိုလိုလားသော မေတ္တာတရားထွန်းကားစေလိုသော လူမျိုးဘာသာ အသီးသီးမှ အနာဂတ်ခေါင်းဆောင်များအား မေတ္တာတရားအကြောင်း အချစ်အကြောင်း ဟန်ပြမဟုတ်ဘဲ စံပြအဖြစ် သွန်သင်ပေးနေမိပါသည်။ ထိုကျောင်းလေးတွင် ဘာသာစုံ လူမျိုးစုံမှ ကျောင်းသားလေးများ တစ်ယောက်အကြောင်းတစ်ယောက် သိစေရန် ဘာသာစုံ လူမျိုးစုံတို့၏ ပွဲတော်များ ဓလေ့ထုံးတမ်းများကို အားလုံးပါဝင် ပျော်ပျော်ရွှင်ရွှင်ဖြင့် စိတ်ကူးယဉ် ကျင်းပပေးနေမိသည်။ ထိုကျောင်းလေးတွင် မည်သည့်ဘာသာတရားတစ်ခုခု၏ လွှမ်းမိုးမှုမှမရှိ သို့သော် အားလုံးသောသူတို့ ကိုယ့်ဘာသာတရားအတွက်ကိုယ် ဂုဏ်ယူ ပျော်ရွှင်တတ်စေရန် ခွင့်ပြုပေးထားသည်။ ကျောင်းစာကြည့်တိုက်တွင်လည်း ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ၏ ချစ်စရာ့ အလှတရားများကို ဖော်ညွှန်းထားသည့် စာအဆိပ်မသင့်မည့် စာကောင်းပေမွန်များ ထားပေးထားချင်သည် တစ်ချိန်ချိန် ဦးဆောင်သူများ ဖြစ်လာကြသည့်အခါ ချစ်ချစ်ခင်ခင် နားလည်မှုရှိရှိ ရွှေလက်တွဲလျက် တိုင်းပြည်ကို ထူထောင်သူများ ဖြစ်စေရန် မတူညီခြင်းကို ပြသနာအဖြစ် မရှုမြင်ဘဲ မတူကွဲပြားခြင်း၏အားကို အသုံးချတတ်သူများ ဖြစ်စေရန် သွန်သင်ပေးချင်လှပါသည်။ ဘာသာစုံ လူမျိုးစုံမှ ဆရာများကလည်း စံနမူနာလက်တွဲကာ ငြိမ်းချမ်းခြင်း အလှတရားကို ဖော်ဆောင်ပေးနေသည့် စံပြကျောင်းလေးကို စိတ်ကူးယဉ် အကောင်အထည် ဖော်နေမိသည်။

“There is no place for hate in our school အမုန်းတရားအတွက် တို့ကျောင်းမှာ နေရာမရှိ”ဆိုသည်မှ နောက်တဆင့်တက်ကာ “There is no place for hate in our society အမုန်းတရားအတွက် တို့အသိုင်းအဝိုင်းမှာ နေရာမရှိ” “There is no place for hate in our country အမုန်းတရားအတွက် တို့နိုင်ငံမှာ နေရာမရှိ” “There is no place for hate in our world အမုန်းတရားအတွက် တိုကမ္ဘာမှာ နေရာမရှိ”ဆိုသည့် အဆင့်ဆင့် တက်လှမ်းချင်မိသည်။

ကလေးများနှင့်နေရသော ကျောင်းဆရာတစ်ဦး၊ ရင်သွေးငယ်ရှိသော ဖခင်တစ်ဦး၏     စိတ်ကူးယဉ် အိပ်မက် ဖြစ်ပါသည်။ ကလေးကလားဆန်သည် ဆိုချင်ဆိုနိုင်ပါသည်။ လက်တွေ့ ဖြစ်လာဖို့ကတော့ “ပြိုင်တူ တွန်းလျင် ရွေ့နိုင်ပါသည်” ဟူ၍သာ။

Leave a Reply