News @ M-Media

စင်ကာပူမွတ်စလင်များအတွက် ၀န်ကြီးချုပ် လီရှန်လွန်း နှစ်သစ်ဆုမွန်ကောင်းတောင်း

အောက်တိုဘာ ၁၊ ၂၀၁၆
M-Media

lee

– ယနေ့မှာ စတင်ကျရောက်တဲ့ အစ္စလာမ့် ဟစ်ဂျရီနှစ်သစ်မှာ မွတ်စလင်တွေအတွက် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက နှစ်သစ်ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

နက္ခတ္တဗေဒ တွက်ချက်မှုတွေအရ ဒီကနေ့ဟာ ဟစ်ဂျရီလို့ခေါ်တဲ့ အစ္စလာမ့်ပြက္ခဒိန် ၁၄၃၈ နှစ်မြောက်ရဲ့ မုဟရမ်လ ၁ ရက် နှစ်သစ်ကူးနေ့ဖြစ်ပါတယ်။

ဝန်ကြီးချုပ် လီရှန်လွန်းက စင်ကာပူမွတစ်လင်တွေအနေနဲ့ အစ္စလာမ့် ဟစ်ဂျရီနှစ်သစ် ၁၄၃၈ ခုနှစ်ကို ယနေ့မှာ ကြိုဆိုကြပြီး၊ ပထမဆုံးလဖြစ်တဲ့ မုဟရမ်လဟာ အစ္စလာမ့်ပြက္ခဒိန်ရဲ့ မြင့်မြတ်တဲ့ လေးလထဲမှာ တစ်လဖြစ်တယ်လို့ သူ့ရဲ့ Facebook စာမျက်နှာမှာ လွှင့်တင်ထားတဲ့ အစ္စလာမ့်နှစ်ကူး ဆုမွန်ကောင်းတောင်းမှုမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

“မွတ်စလင်တွေအတွက် ဒီအချိန်ဟာ ၀တ်ပြုဆုတောင်းတဲ့၊ မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်တဲ့အချိန် ဖြစ်သလို၊ အကောင်းဆုံး နေထိုင်သွားမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုတွေကို အားသစ်လောင်းကြတဲ့ အချိန်လည်း ဖြစ်ပါတယ်” လို့ ၀န်ကြီးချုပ်က ရေးသားခဲ့ပါတယ်။

ပြီးတော့ မွတ်စလင်တွေအတွက် ပျော်ရွှင်စရာနှစ်သစ်ဖြစ်ဖို့လည်း ဆုမွန်ကောင်းတောင်းခဲ့ပါသေးတယ်။

“ကျွန်တော်တို့ရဲ့ မွတ်စလင်မိတ်ဆွေတွေအားလုံး ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်”

ဟစ်ဂျရီပြက္ခဒိန်ဟာ အစ္စလာမ်သာသနာကို စတင်ဟောကြားတဲ့ တမန်တော် မုဟမ္မဒ်သခင် မွေးရပ် မက္ကာဟ်ကနေ မဒီနာကို ပြောင်းရွှေ့သွားတဲ့ အချိန်ကနေစပြီး တွက်ချက်ဖြစ်ပါတယ်။ လကိုအခြေခံတဲ့ အဲဒီအစ္စလာမ့်ပြက္ခဒိန်ဟာ အခုဆိုရင် ၁၄၃၈ နှစ်ရှိပြီ ဖြစ်ပါတယ်။

 

Ref : FB page of Sg Prime Minister

Comments

Leave a Reply