အောက်တိုဘာ ၁၊ ၂၀၁၆
M-Media
– ဂျော်ဒန်တွင် အစ္စလာမ်သာသနာအား စော်ကားသည်ဟူသော စွဲချက်ဖြင့် တရားစွဲဆိုခံထားရသည့် ခရစ်ယာန် စာရေးဆရာတစ်ဦး အသတ်ခံမှုကို ဂျော်ဒန်ဘုရင်က ရှုတ်ချလိုက်ပြီး၊ ၎င်း၏ မိသားစုထံသို့လည်း သွားရောက် အားပေး နှစ်သိမ့်ခဲ့သည်ဟု သိရသည်။
နဟဒ် ဟတ္တာဆိုသူဖြစ်ပြီး ယခုတစ်ပတ်အစောပိုင်းက တရားရုံသို့ လာရောက်စဉ် တရားရုံးပြင်ပ၌ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။
အသက် ၅၆ နှစ်အရွယ်ရှိ ၎င်းမှာ ကာတွန်းတစ်ခုကို ဆိုရှယ်မီဒီယာ၌ ထပ်ဆင့်ဝေမျှခဲ့ပြီးနောက် အစ္စလာမ်သာသနာအား စော်ကားသည်ဟု စွပ်စွဲခံရခြင်းဖြစ်သည်။ သို့သော်လည်း ၎င်းကမူ မိမိအနေဖြင့် အကြမ်းဖက်ဝါဒအား မီးမောင်းထိုးပြခြင်းဖြစ်ပြီး အစ္စလာမ်ကို နစ်နာလိုစိတ်မရှိဟု ပြောကြားခဲ့ကာ အဆိုပါကာတွန်းကိုလည်း ဖျက်ပစ်ခဲ့သည်။
ကြာသာပတေးနေ့က ထုတ်ပြန်ခဲ့သည့် ဂျော်ဒန်ဘုရင့်နန်းတော်၏ ကြေငြာချက်တွင် ဘုရင် အဘ်ဒူလာက မိမိအနေဖြင့် ‘အဆိုပါ ရွံ့ရှာစရာ ရာဇ၀တ်မှုကို ရှုတ်ချပြီး’ ထိုလုပ်ရပ်မှာ ဂျော်ဒန်လူ့အဖွဲ့စည်း၏ ယဉ်ကျေးမှုနှင့်လည်း ကိုက်ညီခြင်းမရှိဟု ပြောကြားခဲ့သည်။
ထို့နောက် အဘ်ဒူလာမှာ မြို့တော် အမ်နန်၏ အနောက်မြောက်ဖက် ကီလိုမီတာ ၂၀ အကွာတွင်ရှိသည့် နဟဒ် ဟတ္တာ၏ ဇာတိရွာသို့ သွားရောက်ကာ ကျန်ရစ်သူမိသားစုများကို အားပေးနှစ်သိမ့်ခဲ့သည်။ ဘုရင်နှင့်အတူ လိုက်ပါသွားခဲ့သည့် ၀န်ကြီးချုပ် ဟာနီ အလ်-မာလ်ကီကမူ မိမိတို့နိုင်ငံအတွင်းရှိ မွတ်စလင်လူများစုနှင့် ခရစ်ယာန်လူနည်းစုမှာ ‘အစွန်းရောက်ဝါဒ၊ အကြမ်းဖက်မှုနှင့် အမုန်းတရားတို့ကို’ ပူးပေါင်း ဆန့်ကျင်သွားမည်ဟု ပြောကြားခဲ့သည်။
ဟတ္တာအား သေနတ်ဖြင့် ပစ်ခတ်သူကို အခင်းဖြစ်ပွားရာနေရာတွင်ပင် ဖမ်းဆီးနိုင်ခဲ့ပြီး ကြိုတင်ကြံစည်သတ်ဖြတ်မှု၊ အကြမ်းဖက်မှုနှင့် တရားမ၀င်လက်နက်ကိုင်ဆောင်မှုဖြင့် တရားစွဲဆိုထားကာ သေဒဏ်ကျခံရဖွယ် ရှိနေသည်။
Ref : Aljazeera
Leave a Reply
You must be logged in to post a comment.