ဇန်န၀ါရီ ၆၊ ၂၀၁၇
M-Media
– လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်က သုံးစွဲခဲ့တဲ့ ခွဲစိပ်ကိရိယာတွေကို ယူလာပြရင် ဒီနေ့ခတ် အသုံးပြုနေတဲ့ ကိရိယာတွေနဲ့ သိပ်မကွဲပြားဘူးဆိုတာ တွေ့ရမှာပါ။
၁၀ ရာစု စပိန်နိုင်ငံတောင်ပိုင်းကို ပြန်သွားကြည့်မယ်ဆိုရင်တော့ အဘူလ် ကာစင်မ် ခါလက်ဖ် အစ်ဗနေ့ အလ်-အဘတ်စ် အလ်-ဇဟ်ရာဝီ (Abul Qasim Khalaf ibn al-Abbas al-Zahrawi) လို့ခေါ်တဲ့ ခွဲစိတ်ကု ဆရာဝန်ကြီးရဲ့ ကျော်ကြားမှုကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အနောက်တိုင်းမှာတော့ သူ့ကို အဘူလ်ကာစစ် (Abulcasis) လို့ သိကြပါတယ်။
အလ်-ဇဟ်ရာဝီဟာ အလ်-တက်စ်ရစ်ဖ် (Al-Tasrif) လို့ ခေါ်တဲ့ ဆေးပညာ စွယ်စုံကျမ်းတွဲကို ရေးသားပြုစုခဲ့သူဖြစ်ပြီး အဲဒီအထဲမှာ On Surgery အမည်နဲ့ ခွဲစိပ်ကုသမှုနဲ့ပတ်သက်တဲ့ ကျမ်းတစ်စောင်လည်း ပါဝင်ကာ ခွဲစိတ်ကိရိယာပေါင်း ၂၀၀ ကျော်လောက်ကို ပုံနဲ့တကွ ဖော်ပြထားပါတယ်။ ရှေးဟောင်း အီဂျစ်ဂူတွေက ရခဲ့တဲ့ ကိရိယာပုံကြမ်းတွေကို ဖယ်လိုက်ရင် အလ်-ဇဟ်ရာဝီရဲ့ On Surgery ကျမ်းဟာ ဆေးပညာသမိုင်းမှာ ခွဲစိပ်ကိရိယာတွေကို ဖော်ပြထားတဲ့ ပထမဆုံးကျမ်း ဖြစ်ပါတယ်။ ဒီကိရိယာတွေဟာ တော်တော်လေးကို အသုံးဝင်ပြီး ထောင်စုနှစ်တစ်ခု ကြာညောင်းခဲ့တဲ့တိုင်အောင် အပြောင်းအလဲသိပ်မရှိခဲ့ပါဘူး။ ဥရောပ ဆေးလောကရဲ့ ခွဲစိပ်ကုသမှုကဏ္ဍကို အလ်-ဇဟ်ရာဝီရဲ့ ဒီကျမ်းနဲ့ပဲ အုတ်မြစ်ချခဲ့တာဖြစ်ပါတယ်။
ခွဲစိပ်ကိရိယာ တစ်ခုစီတိုင်းကို အလ်-ဇဟ်ရာဝီက လက်ရေးနဲ့ ထင်ထင်ရှားရှား ရေးဆွဲကာ ဘယ်အချိန်မှာ ဘယ်လိုအသုံးပြုရမလဲဆိုတဲ့ အသေးစိတ်ကိုပါ ရေးသားခဲ့ပါတယ်။ ဥပမာအားဖြင့် ဒဏ်ရာမရင်းအောင် သံပူကပ် ကုသနည်နဲ့ပတ်သက်ပြီး အောက်ပါအတိုင်း ဖော်ပြခဲ့ပါတယ်။
“စောစောပိုင်း (သမားတော်တွေရဲ့) အဆိုအရ သံပူကပ်ကုသမှုမှာ သံကိုသုံးတာထက် ရွှေကိုသုံးတာက ပိုပြီး ကောင်းတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သံကိုအသုံးပြုတာက အနာကို မြန်မြန်ကျက်ပြီး ပိုမှန်တယ်လို့ ကျွန်တော်တို့ တွေ့ပါတယ်”
မဂ်ျရဒ် (majrad) လို့ခေါ်တဲ့ တံစည်းအသေးနဲ့ အဲဒီကိရိယာကို နှာခေါင်းထဲက အသားပိုကို ကုသတဲ့အခါမှာ အသုံးပြုပုံနဲ့ ပတ်သက်ပြီး “ဆရာဝန်တွေက အသားပို (fistula) လို့ခေါ်ပြီး အရပ်သားတွေကတော့ ငန်းတောင် (quill) လို့ ခေါ်ပါတယ်။ ဒီရောဂါကို အရင်ကရှိခဲ့တဲ့နည်းအတိုင်း အပူပေးတဲ့ နည်းတွေနဲ့ ကုသမယ်ဆိုရင် ဒီအနာက ကျက်မှာမဟုတ်ပါဘူး။ အဖုရင့်မှည့်သွားတဲ့အခါ ဖြတ်ထုတ်ပြီး၊ အရိုးမြင်ရတဲ့အထိတိုင်အောင် အထဲက မန်းရည်၊ ပြည်ရေတွေအားလုံးကို ထုတ်တဲ့နည်းကလွဲလို့ အခြားကုသနည်း မရှိပါဘူး။ အရိုးအထိရောက်ရင်တော့ ဆဲလ်တွေသေမှု (အရောင်မည်းမည်းတွေ) ကို မြင်ရမှာဖြစ်ပါတယ်။ အဲဒါကို အခု ဒီပုံမှာပြထားတဲ့ ကိရိယာနဲ့ ခြစ်ထုတ်ပါ။ ဒါကိရိယာကို တံစည်း လို့ခေါ်ပြီး အိန္ဒိယကသံနဲ့ ပြုလုပ်ထားတာပါ။ ခေါင်းက ကြယ်သီးလိုပဲ လုံးဝန်းတယ်။ ဒါပေမယ့် ကျားလျှာလိုမျိုး အမြှောင်းလေးတွေထွင်းထားပါတယ်။ ဒါကို လှိုက်စားနေတဲ့ အရိုးပေါ်မှာတင်ပြီး မည်းနေတဲ့အရာတွေ ကုန်စင်တဲ့အထိ လက်နဲ့လှည့်ကာ တိုက်စားပေးပါ။ တိုက်စားမှုကို အကြိမ်များစွာပြုလုပ်ပါ။ ပြီးရင် အဲဒီနေရာကို သွေးတိတ်အောင်လုပ်ပါ။ ဒဏ်ရာကျက်သွားပြီး အသားတက်လာမယ်၊ မန်းရေတွေထွက်နေတာလည်း ရပ်သွားမယ်၊ ရက် ၄၀ ကြာပြီးနောက်ပိုင်းမှာ ပြန်မဖြစ်တော့ဘူး၊ အနာပေါက်ကျယ်တာမရှိဘူး၊ ဘာမှ ထပ်ထွက်မလာတော့ဘူးဆိုရင် ဒီအနာ လုံးဝကျက်သွားပြီလို့ မှတ်ယူနိုင်ပါတယ်”
ဆီးလမ်းကြောင်း ကျောက်တည်တဲ့ ရောဂါနဲ့ပတ်သက်ပြီး အလ်-ဇဟ်ရာဝီရဲ့ ဒီ On Surgery ကျမ်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားပါတယ်။ ဒီရောဂါအတွက် အလ်-မစ္စဟဘ် (al-mishab) လို့ခေါ်တဲ့ ကျောက်ချေ ကိရိယာကို အလ်-ဇဟ်ရာဝီက တီထွင်ခဲ့ပါတယ်။
“ထိပ်ချွန်တဲ့ သံချောင်းအသေးတစ်ချောင်းကိုယူပါ။ အဲဒီ သံချောင်းကို ပြန်ထုတ်ဖို့အတွက် ဆီးလမ်းကြောင်းက ကျောက်အထိရောက်တဲ့ သံကြိုးနဲ့ဆက်ပါ။ ပြီးရင် ဒီကိရိယာကို ကျောက်ကို ထိတဲ့အတွက် သွင်းပြီး ဟိုဘက်ဒီဘက်လှည့်ကာ ကျောက်ကို အပေါက်ဖောက်ပါ။ အဲဒီအချိန်မှာ ဆီးတွေ ထွက်ကျလာမှာဖြစ်ပြီး ကိရိယာကို အထဲကကျောက်ပေါ်မှာဖိထားပြီး ထိုးချေပါ။ ကျောက်က ကျေသွားပြီး ဆီးနဲ့အတူ ထွက်လာမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်တာ အဆင်မပြေဘူးဆိုရင်တော့ ခွဲပြီးထုတ်ပါ”
ဒါဟာ သူတီထွင်ခဲ့တဲ့ ကျောက်ချေကိရိယာနဲ့ပတ်သက်ပြီး အသေးစိတ် ရှင်းပြထားတာ ဖြစ်ပါတယ်။ အလ်-ဇဟ်ရာဝီရဲ့ စာအုပ်တွေကို သိပ်မကြာခင်ကမှ ဘာသာပြန်ဆိုခဲ့ကြတဲ့ ဂျီယိုဖရေး လူးဝစ် (Geoffrey Lewis) နဲ့ မာတင် စပင့် (Martin Spink) တို့ဟာ ဒီတီထွင်မှုကို ချီးကျူးခဲ့ပြီး ခေတ်သစ် ဆီးကျောက်ချေ ကိရိယာအတွက် ရှေ့ပြေးဖော်ထုတ်မှုလည်းဖြစ်တယ်လို့ အောက်ပါအတိုင်း ရေးသားခဲ့ပါတယ်။
“အဘူလ်ကာစစ်ရဲ့ ဒီကိရိယာဟာ ရာစုနှစ်ပေါင်းမျာစွာအရင်က လီသိုထရစ်ပတာ (lithotripter) ပါပဲ။ ဒါကို အလယ်ခေတ် ခွဲစိတ်ဆရာဝန်ကြီးတွေဖြစ်တဲ့ ဖရန်ကို (Franco)၊ ပါရေး (Pareဲ) နဲ့ ဆီးလမ်းကြောင်း ရောဂါဆိုင်ရာ ဂုရုကြီး ဖရေရီ ကိုမေသီ (Freဲre Comethe) တို့က လုံးဝလစ်လျူရှုထားပြီး ဖော်တောင် မဖော်ပြခဲ့ပါဘူး”
(lithotripter မှာ ယနေ့ခေတ် ဆီးကျောက်ခြေရာတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေသည့် ကိရိယာဖြစ်သည်)
၁၂ ရာစု ဆီးဗီးလ် (Seville) က သမားတော် အစ်ဗနေ့ ဇူဟာရ် (Ibn Zuhr) က ဇဟ်ရာဝီရဲ့ ဒီ ဆီးကျောက်ခြေကိရိယာရဲ့ ထိပ်ဆုံးမှာ စိန်ပွင့်ကိုထည့်ပြီး မွမ်းမံခဲ့ပါတယ်။ အလ်-ဇဟ်ရာဝီဟာ ခွဲစိတ်မှုသုံး လွန်တွေအပြင်၊ ဆီးအိမ်၊ ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်တွေမှာ တည်တတ်တဲ့ ကျောက်တွေကို ခွဲထုတ်ရမှာ အသုံးပြုတဲ့ ဓားတွေကိုလည်း တီထွင်ခဲ့ပါသေးတယ်။
On Surgery ကျမ်းက အလ်-ဇဟ်ရာဝီ နောက်ထပ်ဖော်ပြထားတဲ့ ခွဲစိပ်ကိရိယာတွေထဲမှာ တစ်ရှူးတွေကို မီးရှို့ဖြတ်ထုတ်တဲ့ပစ္စည်း (cauterization tool) အမျိုးမျိုး၊ ခွဲစိပ်ခန်းသုံးဓားငယ် အမျိုးမျိုး၊ သွေးကြောထဲကနေ သွေးခဲတွေကို ဆွဲထုတ်ရာမှာ အသုံးပြုတဲ့ အသွားတုံး ချိတ်အမျိုးမျိုး၊ အသွားချွန် ချိတ်တွေ၊ ဇာဂနာအမျိုးမျိုး၊ ညှပ်အမျိုးမျိုး၊ မိခင်ရဲ့ သားအိမ်ထဲကနေ သန္ဓေသားကို ဆွဲထုတ်ဖို့အတွက် ယနေ့အထိ အသုံးပြုနေတဲ့ ညှပ်အရှင်တွေလည်း ပါဝင်ပါတယ်။
ဒီနေ့သုံးနေတဲ့ ခွဲစိပ်ခန်းသုံးကိရိယာတွေကို ကြည့်မယ်ဆိုရင် အလယ်ခေတ် မွတ်စလင်သမားတော်ကြီးတွေ တီထွင်ဖန်တီးခဲ့တဲ့ ကိရိယာတွေကို သိပ်မကွာတာကို တွေ့မြင်ရမှာဖြစ်ပြီး ကမ္ဘာ့လူ့အဖွဲ့အစည်းအပေါ် မွတ်စလင်တွေရဲ့ အကျိုးပြုမှုကို ဖော်ပြနေတဲ့ အကောင်းဆုံး သက်သေတွေပဲ ဖြစ်ပါတယ်။
“အလ်-ဇဟ်ရာဝီဟာ ခန္ဓာဗေဒအသိပညာကို အခြေခံပြီး ခွဲစိပ်ကုသမှုနယ်ပယ်ကို သီးခြားပညာရပ်တစ်ခုအဖြစ် ခွဲထုတ်ပေးလိုက်တဲ့ ထိပ်တန်း ပုဂ္ဂိုလ်ကျော်ကြီးတစ်ဦး ဖြစ်ပါတယ်။ အလ်-ဇဟ်ရာဝီရဲ့ ခွဲစိပ်ကိရိယာ ပုံတွေ၊ ဖော်ပြချက်တွေဟာ ဒီနယ်ပယ်မှာ သူ့ရဲ့ကြိုးပမ်းအားထုတ်မှုကို ရှင်သန်နေစေတဲ့၊ သူ့နောက်ပိုင်း ပေါ်ထွက်လာခဲ့တဲ့ ပညာရှင်တွေအပေါ် သူ့ရဲ့ သြဇာလွှမ်းမိုးမှုကို မီးမောင်းထိုးပြနေတဲ့ စွန့်ဦးတီထွင်မှုလည်း ဖြစ်ပါတယ်”
အလ် လီကလာ့က် (L. Leclerc – ၁၉ ရာစု ဆေးပညာဆိုင်ရာ သမိုင်းပညာရှင်)
အလ်-ဇဟ်ရာဝီ
ဓားငယ်တွေ၊ လွှငယ်လေးတွေ၊ လွန်တွေ၊ ဇာဂနာတွေကြောင့် ခွဲစိပ်ကုသူမှုကဏ္ဍဟာ လွန်ခဲ့တဲ့ နှစ်ထောင်ချီအရင်ကတည်းက လုံးဝ ပြောင်းလဲခဲ့ပါတယ်။ စပိန်နိုင်ငံမှာ မွတ်စလင်တွေရဲ့ အုပ်စိုးမှု နေလိုလလို ထွန်းတောက်ခဲ့တဲ့အချိန် ကျောကြားခဲ့တဲ့ ခွဲစိပ်သမားတော်ကြီး အလ်-ဇဟ်ရာဝီရဲ့ မှတ်တမ်းတွေကို ကြည့်ခြင်းအားဖြင့် သူဟာ ဆေးဘက်ဆိုင်ရာ ကိရိယာပေါင်း ၂၀၀ ကျော်လောက်ကို တီထွင်ဖန်တီး အသုံးပြုခဲ့တယ်ဆိုတာ သိရှိရပါတယ်။ အဲဒီ ကိရိယာတွေထဲက အများစုကို ဒီနေ့ခေတ်အထိ ပစ်ပယ်လို့ မရသးပါဘူး။
သက္ကရာဇ် ၉၃၆ ခုနှစ်မှာ ကော်ဒိုဘာမှာမွေးခဲ့တဲ့ အလ်-ဇဟ်ရာဝီကို အနောက်တိုင်းကတော့ အဘူလ်ကာစစ်လို့ သိကြပါတယ်။ သမားတော်တစ်ယောက်ဖြစ်တဲ့သူဟာ ဘ၀သက်တမ်းတစ်လျှောက်လုံးမှာ ခွဲစိပ်ကုသမှုပေါင်း ရာနဲ့ချီ ပြုလုပ်ခဲ့သူပါ။ ခွဲစိတ်နည်းတွေနဲ့ ကုသမှုနည်းလမ်းတွေကိုလည်း အလ်-ဇဟ်ရာဝီက ဖွံ့ဖြိုးအောင် လုပ်ဆောင်ခဲ့တာကြောင့် သူ့ရဲ့ လူနာတွေဟာ အကျိုးကျေးဇူးမြောက်များစွာ ခံစားခဲ့ရပါတယ်။
သူနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဆောင်ရွက်ခဲ့ကြတဲ့ ဆေးဘက်ဆိုင်ရာ လုပ်ငန်းတွေကို အလ်-တက်စ်ရစ်ဖ် (Al-Tasrif) ဆိုတဲ့ ကျမ်းကြီးမှာ မှတ်တမ်းတင်ခဲ့ပြီး အဲဒီကျမ်းကြီးကတော့ အတွဲပေါင်း ၃၀ ရှိပါတယ်။ ဒီကျမ်းကြီးထဲမှာ တွင်းထွက်ပစ္စည်းတွေ၊ ဆေးဖက်ဝင်အပင်တွေ၊ တိရစ္ဆာန်ထွက် ပစ္စည်းတွေကနေ ဆေးဝါးဖော်စပ်မှုတွေအကြောင်းလည်း ပါဝင်ပါတယ်။
ပြီးတော့ ခွဲစိပ်ကိရိယာတွေကိုလည်း ပုံတွေ၊ ရှင်းလင်းချက်တွေနဲ့ အသေးစိတ်ဖော်ပြထားပြီး ဆေးဘက်ဆိုင်ရာသမိုင်းမှာ ခွဲစိပ်ပညာရပ်နဲ့ပတ်သက်ပြီး ပထမဆုံးဖော်ပြမှုလည်း ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ခွဲစိပ်ကုသမှုဟာ အလွန်အန္တရာယ်ရှိပြီး၊ နာကျင်မှုဝေဒနာကို ဆိုးဆိုးဝါးဝါး ခံစားရလေ့ရှိပေမယ့် အလ်-ဇဟ်ရာဝီရဲ့ ဒီကိရိယာတွေကြောင့် အရိုးရောဂါ၊ အဖုအကျိတ်၊ ဆီးအိမ်မှာ ကျောက်တည်တာ၊ ဒဏ်ရာအနတရဖြစ်တာတွေကို ကုသတဲ့နေရာမှာ တော်တော်လေးကို အထောက်အကူ ဖြစ်စေခဲ့ကာ ကလေးမွေးဖွားမှုကိုလည်း လွယ်ကူစေခဲ့ပါတယ်။
အလ်-ဇဟ်ရာဝီရဲ့ ဒီကျမ်းကြီးထဲမှာ ခွဲစိပ်ခန်းသုံး ဓားငယ်တွေ၊ ချိတ်တွေ၊ ညှပ်တွေ၊ လွှငယ်လေးတွေကို ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။ အများစုကိုတော့ ဒီနေ့အချိန်အထိ သုံးစွဲနေကြရတုန်းဖြစ်ပြီး၊ အလ်-ဇဟ်ရာဝီရဲ့ ဒီကိရိယာတွကို အခြေခံကာ ပိုမိုအသုံးဝင်အောင် ပြုပြင်ဖန်တီးမှုတွေလည်း ရှိခဲ့ပါတယ်။ ၁၂ ရာစုမှာ ဆီးဗီးလ်မြို့က သမားတော်တစ်ဦးဖြစ်တဲ့ ဇူဟာရ်ဟာ အလ်-ဇဟ်ရာဝီရဲ့ ကိရိယာတစ်ခုကို စိန်ပွင့်တပ်ပြီး ပြုပြင် မွမ်းမံခဲ့ပါတယ်။
အလ်-တက်စ်ရစ်ဖ် ကျမ်းကြီးထဲမှာ အလ်-ဇဟ်ရာဝီဟာ ပုခုံးအဆစ်လွဲမှု ကုသနည်း၊ ကျောက်ပတ်တီးစီးကာ အရိုးပြန်ဆက်နည်း၊ သွားတုစိုက်နည်းတွေနဲ့ ကင်ဆာကုသဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့မှုတွေကိုပါ ဖော်ပြထားပါတယ်။ သူ့ရဲ့အသိပညာကြွယ်ဝမှုကလည်း လူနာပေါင်းစုံရဲ့ ယုံကြည်ကိုးစားမှုကို ရရှိစေခဲ့ပါတယ်။
လူနာတွေ ကြောက်ရွံ့မှု မရှိအောင်လို့ ဓာသွားမမြင်ရတဲ့ ဓားကိုလည်း အလ်-ဇဟ်ရာဝီက တီထွင်ခဲ့ပြီး ဒီလို ထောင့်စေ့အောင် တွေးခေါ်မြော်မြင်တတ်မှုကို နည်းသစ်လမ်းသစ်ဖော်ထုတ်မှုတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ အလ်-ဇဟ်ရာဝီဟာ စပိန်ကိုအုပ်စိုးတဲ့ ဘုရင့်နန်းတွင်းက လက်စွဲ သမားတော်ကြီး ဖြစ်လာခဲ့ပါတယ်။
အလ်-ဇဟ်ရာဝီရဲ့ လက်ဗျားခါလောက်တဲ့ တီထွင်မှုတွေထဲက တစ်ခုကတော့ ခွဲစိပ်ကုသမှုအပြီး အတွင်းသားကို ချုပ်တဲ့အခါမှာ တိရစ္ဆာန်အူကနေလုပ်တဲ့ကြိုး (catgut) ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒီနည်းစနစ်ကို ဒီနေ့အချိန်အထိ အသုံးပြုနေကြဆဲပါ။
တကယ်တော့ ဒီနေ့ခေတ် ကျန်းမာရေးကဏ္ဍနဲ့ ကုသမှုတွေဟာ အတိတ်ကာလနဲ့ တစ်နည်းမဟုတ်တစ်နည်း စက်ဆက်နေပါတယ်။ အစောပိုင်း မွတ်စလင်လူ့အဖွဲ့အစည်းမှာ ဖွံ့ဖြိုးတိုးတက်ခဲ့တဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာ ခွဲစိပ်ကုသမှု၊ ဆေးရုံက ကျန်းမာရေး ၀န်ဆောင်မှု ကဏ္ဍတွေကို အရှေ့ရောက်စေခဲ့ပြီး၊ နည်းလမ်းဟောင်းတွေ၊ နည်းလမ်းအသစ်တွေကနေ ဆေးသစ်ဝါးသစ် ထုတ်လုပ်မှုလည်း မြင့်တက်ခဲ့ပါတယ်။
အလ်-တက်စ်ရစ်ဖ်ကျမ်းကြီးကို ခရီမိုနာမြို့က ဂျရတ် (Gerard of Cremona) ဆိုသူက လက်တင်ဘာသာကို ပြန်ဆိုပြီး နောက်ပိုင်းမှာတော့ အလ်-ဇဟ်ရာဝီရဲ့ တီထွင်ဆန်းသစ်မှုတွေ၊ လေ့လာဖော်ထုတ်မှုတွေဟာ ဥရောပတစ်ဝှမ်း ပြန့်နှံ့သွားခဲ့သလို ဉာဏ်သစ်လောင်းကာလ (Renaissnace) အထိ ဥရောပရဲ့ဆေးပညာကဏ္ဍမှာ လွှမ်းမိုးခဲ့ပါတယ်။ အစောပိုင်း မွတ်စလင်ကမ္ဘာက ဆေးကျမ်းတွေနဲ့အတူ အလ်-တက်စ်ရစ်ဖ်ကျမ်းဟာ ဆေးကျောင်းတွေမှာ ရာစုနှစ်ပေါင်းများစွာကြာထဲ့အထိ ပြဌာန်းစာအုပ် ဖြစ်ခဲ့ပါတော့တယ်။
(ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)
(ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။
Comments