News @ M-Media

အီသီယိုးပီးယားတွင် ပျက်ကျသည့် လေယာဉ်အမျိုးအစားကို တရုတ်က ပျံသန်းခွင့်ပိတ်

မတ် ၁၁၊ ၂၀၁၉
M-Media

Boeing 737 MAX 8 လေယာဉ်တစ်စီး

– မနေ့က အီသီယိုးပီးယားနိုင်ငံမှာ ပျက်ကျခဲ့တဲ့ Boeing 737 MAX 8 အမျိုးအစား လေယာဉ်တွေကို ပျံသန်းခြင်းမပြုဖို့ တရုတ်နိုင်ငံက ပြည်တွင်းလေကြောင်းလိုင်းတွေကို အမိန့်ထုတ်လိုက်ပါတယ်။

Ethiopian လေကြောင်းလိုင်းက ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၁၅၇ ဦး လိုက်ပါသွားတဲ့ လေယာဉ်ဟာ ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ကနေ ပျံတက်ပြီး သိပ်မကြာခင်မှာ ပျက်ကျသွားခဲ့တာဖြစ်ပြီး လိုက်ပါသူအားလုံး သေဆုံးခဲ့ပါတယ်။ လေယာဉ်ဟာ Boeing 737 MAX 8 လေယာဉ်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ အင်ဒိုနီးရှားလေကြောင်းလိုင်း Lion Air က ပျက်ကျသွားတဲ့ လေယာဉ်နဲ့ အမျိုးအစား တူညီပါတယ်။

တရုတ် အရပ်ဖက်လေကြောင်းဌာနက ထုတ်ပြန်တဲ့ကြေငြာချက်မှာ ဒီအဖြစ်အပျက်နှစ်ခုက တူညီမှုတွေကို ထောက်ပြခဲ့ပြီး ပြည်တွင်းလေကြောင်လိုင်းတွေအနေနဲ့ မတ်လ ၁၁ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီ နောက်ဆုံးထားကာ လေယာဉ်တွေကို မြေပြင်ဆင်းသက် ရပ်နားထားဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

“ပျက်ကျမှုနှစ်ခုစလုံးမှာ ဘိုးအင်းက အသက်ချက်ချွတ်ပေးပို့ထားတဲ့ Boeing 737-8 လေယာဉ်တွေ ဖြစ်နေတာ၊ စတင်ပျံသန်းစဉ်မှာ ပျက်ကျတာတွေကြောင့် အဖြစ်အပျက်တွေက တူညီမှုတစ်ချို့ ရှိနေပါတယ်”

ဒီလို တားမြစ်ရတာဟာ ဘေးအန္တရာယ်ကျရောက်မှုအပေါ် လုံးဝ သည်းမခံတဲ့ ပေါ်လစီကြောင့်ဖြစ်ပြီး၊ အန္တရာယ်ကင်းရှင်းရေး ထိထိရောက်ရောက် ဆောက်ရွက်ထားတယ်လို့ သတင်းထုတ်ပြန်တဲ့အထိ အခုအမိန့်က အတည်ဖြစ်တယ်လို့လည်း ကြောငြာချက်က ဆိုပါတယ်။

တရုတ် အရပ်ဖက်လေကြောင်းဌာနဟာ အမေရိကန် ဗဟိုအရပ်ဖက်လေကြောင်းဌာန၊ ဘိုအင်းကုမ္ပဏီတို့နဲ့ ဆက်သွယ်ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။

တရုတ်နိုင်ငံဟာ ဘိုးအင်းကုမ္ပဏီအတွက် အဓိက ဈေးကွက်တစ်ခုဖြစ်ပြီး Boeing 737 MAX 8 ရောင်းချမှုရဲ့ ၅ ပုံ ၁ ပုံဟာ တရုတ်ကိုသွားတာ ဖြစ်ပါတယ်။ တရုတ်အစိုးရ ကုမ္ပဏီများဆိုင်ရာဌာနက နိုင်ငံအတွင်း အသုံးပြုနေတဲ့ Boeing 737 MAX 8 လေယာဉ် ၉၆ စင်းရှိတယ်လို့ Weibo မှာ ဖော်ပြထားပါတယ်။

Ref: Aljazeera