News @ M-Media

ဆီးရီးယားရှိ IS ၏ နောက်ဆုံးခြေကုပ်စခန်းကို ချေမှုန်းမှု ပြန်လည်စတင်

မတ် ၁၁၊ ၂၀၁၉
M-Media

– IS အကြမ်းဖက်အဖွဲ့ရဲ့ နောက်ဆုံးခြေကုပ်စခန်းဖြစ်တဲ့ ဆီးရီးယားနိုင်ငံအရှေ့ပိုင်းက ဘဂ်ဟုဇ်ရွာကို အမေရိကန် ကျောထောက်နောက်ခံပြုပြီး ကာ့ဒ်တပ်ဖွဲ့က ဦဆောင်တဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ SDF က မနေ့မှာ ထိုးစစ်ဆင်မှု ပြန်လည်စတင်လိုက်ပါတယ်။

လက်နက်ချဖို့ ပေးထားတဲ့အချိန် ပြည့်သွားပြီးတဲ့နောက် ထိုးစစ်ပြန်စတာဖြစ်ပြီး SDF တပ်မှူးတစ်ဦးဖြစ်တဲ့ ရုစ်တမ် ဟာဆာကီက တပ်ဖွဲ့ဝင်တွေဟာ IS ရဲ့ မြေအောက်လှိုဏ်ခေါင်းတွေကို ဖျက်ဆီးကာ ရှေ့ဆက်တက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

“သူတို့လက်ထဲကနေ နေရာတော်တော်များများကို လွတ်မြောက်အောင် လုပ်ပေးထားနိုင်ပါတယ်။ နိုင်ငံတကာ မဟာမိတ်အဖွဲ့တွေရဲ့ လေကြောင်းနဲ့ ကြည်းကြောင်းက ပံ့ပိုးကူညီမှုနဲ့အတူ ကျွန်တော်တို့ ရှေ့ကို ဆက်ပြီး တက်နိုင်နေပါတယ်”

SDF တပ်ဖွဲ့ဟာ ဘဂ်ဟုဇ်ရွာကို ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းကတည်းက ၀ိုင်းထားနိုင်ခဲ့ပေမယ့် အရပ်သားတွေကို ကယ်ထုတ်မှုကြောင့် ထိုးစစ်တပ်ကို ရပ်ဆိုင်းထားခဲ့ရပါတယ်။

SDF ပြန်ကြားရေးဌာန အကြီးအကဲ မွတ်စ်တာဖာ ဘာလီက စနေနေ့ကတည်းကနေစပြီး ရွာထဲကနေ အရပ်သားတွေ ထပ်မထွက်လာတော့ဘဲ၊ သူတို့အဖွဲ့ရဲ့
စုံစမ်းမှုအရ အရပ်သားတွေ ထပ်မရှိတော့ဘူးဆိုတာ သိရတဲ့အတွက် ထိုးစစ်ဆင်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ IS အဖွဲ့တွေကို လက်နက်ချဖို့အတွက် အချိန်ပေးခဲ့ပြီး၊ အဲဒီအချိန် ကျော်လွန်သွားပြီလို့လည်း သူက ဆိုပါတယ်။

ပြီးခဲ့တဲ့လအတွင်း IS အဖွဲ့ဝင် ၄ ထောင်ကျော်လောက် SDF ထံ လက်နက်ချခဲ့ပါတယ်။

Ref: Aljazeera