News @ M-Media

ဘောလီး၀ုဒ်ရုပ်ရှင် Kashmir Files ကို စင်ကာပူက ဘာ့ကြောင့် ပိတ်တာလဲ

မေ ၁၂၊ ၂၀၂၂

M-Media 


-အငြင်းပွားမှုတွေရှိနေတဲ့ ဘောလီး၀ုဒ်ရုပ်ရှင် Kashmir Files ကို ပြသခွင့်မပြုဘူးလို့ စင်ကာပူအစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။ 

မတ်လအတွင်းက အိန္ဒိယမှာ ရုံတင်ခဲ့တဲ့ အဲဒီရုပ်ရှင်ဟာ အိန္ဒိယအစိုးရရဲ့ ဖိနှိပ်ညှင်းပမ်းမှုဒဏ်ကို ခံနေရတဲ့ မွတ်စလင်အများစုရှိရာ ကက်ရှ်မီးယားဒေသကို အခြေခံ ရိုက်ကူးထာတာပါ။ 

၁၉၈၉-၁၉၉၀ ကက်ရှ်မီးယားက အဓိကရုဏ်းအတွင်း မိဘနှစ်ပါး အသတ်ခံရတာကို ဟိန္ဒူတက္ကသိုလ်ကျောင်းသားတစ်ဦး သိရှိသွားတဲ့ စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်ပါတယ်။ 

အဲဒီဇာတ်လမ်းထဲမှာ ကက်ရှ်မီးယားက ဟိန္ဒူတွေ အစုလိုက်အပြုံလိုက် အသတ်ခံရတာ၊ မောင်းထုတ်ခံရတာကို အသားပေး ဖော်ပြထားပါတယ်။ 

ကက်ရှ်မီယားဒေသခံတွေက ဒီရုပ်ရှင်ဟာ မခိုင်မာတဲ့အချက်အလက်တွေနဲ့ မွတ်စလင်ဆန့်ကျင်ရေး သဘောထားကို လှုံ့ဆော်တဲ့ ရုပ်ရှင်ဖြစ်တယ်လို့ ၀ေဖန်ထားပါတယ်။ 

စင်ကာပူ မီဒီယာ အာဏာပိုင်အဖွဲ့၊ ယဥ်ကျေးမှု၀န်ကြီးဌာနနဲ့ ပြည်ထဲရေး၀န်ကြီးဌာနက ပူးတွဲထုတ်ပြန်တဲ့ ကြေငြာချက်မှာ Kashmir Files ရုပ်ရှင်ဟာ စင်ကာပူက သတ်မှတ်ထားတဲ့ ရုပ်ရှင်ဆိုင်ရာ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘူးလို့ ပြောကြားထားပါတယ်။

လက်ရှိ ဆက်ဖြစ်နေဆဲ ကက်ရှ်မီးယားပြဿနာမှာ ဟိန္ဒူတွေက ဖိနှိပ်ညှင်းပမ်းမှု ခံနေရတဲ့ပုံစံမျိုး၊ မွတ်စလင်တွေနဲ့ပတ်သက်ပြီး ရန်လိုတဲ့ တစ်ဖတ်သတ်ဖော်ပြချက်မျိုး ရုပ်ရှင်မှာ ပါ၀င်နေပြီး ဒါဟာ မတူညီတဲ့ လူ့အဖွဲ့အစည်းတွေအကြား ရန်လိုမှုဖြစ်နိုင်ကာ စင်ကာပူရဲ့ လူမျိုးစုံ ဘာသာစုံအသိုက်အ၀န်းမှာ လူမှုရေး၊ ဘာသာရေး သဟဇာတဖြစ်မှုကို ထိခိုက်စေနိုင်တယ်လို့ ကြေငြာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။ 

Ref: CNA