News @ M-Media

Twitter ကို ရရချင်း ဆောက်နဲ့ထွင်းလိုက်တဲ့ အီလွန်မက်စ်

အောက်တိုဘာ ၂၈၊ ၂၀၂၂

M-Media 

-ထိပ်တန်း ဆိုရှယ်မီဒီယာကုမ္ပဏီ Twitter ကို ၀ယ်ယူပြီးပြီးချင်းမှာပဲ အီလွန်မက်စ်ဟာ စီအီးအို ပရဂ် အဂ်ရာ၀ါလ်နဲ့ အခြား အမှုဆောင်အရာရှိ နှစ်ဦးကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ 

Twitter ကို ၀ယ်ဖို့ ဧပြီလမှာ အီလွန်မက်စ်က ကမ်းလှမ်းခဲ့ပြီး ကနဦး ဆွေးနွေးမှုတွေ လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဒီအရောင်းအ၀ယ် ပျက်သွားပြီဆိုတဲ့ သတင်းမျိုး ထွက်ပေါ်လာခဲ့ပြီး Twitter ဘက်က တရားစွဲဆိုမှုတွေတောင် လုပ်ခဲ့ပါတယ်။

အခုတော့ ကန်ဒေါ်လာ ၄၄ ဘီလီယံနဲ့ ၀ယ်ယူပြီးသွားပြီလို့ ဒီကိစ္စကို သိရှိသူတွေက မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

မနေ့က စီအီးအို အဂ်ရာ၀ါလ်နဲ့အတူ အထုတ်ခံလိုက်ရသူ နှစ်ဦးက ကုမ္ပဏီ ဘဏ္ဍာရေးဆိုင်ရာ အကြီးအကဲ နဒ်ဆီဂါလ်နဲ့ မူ၀ါဒရေးရာ အကြီးအကဲ ဗီဂျာယာ ဂဒ်ဒီတို့ ဖြစ်ပါတယ်။ 

လွတ်လပ်စွာပြောဆိုခွင့်ကို မြှင့်တင်နိုင်ဖို့အတွက် Twitter ရဲ့ ပို့စ်တင်မှုဆိုင်ရာ စည်းမျဥ်းစည်းကမ်းတွေကို ပြန်လည်သုံးသပ်မယ်လို့ အီလွန်မက်စ်က ပြောကြားဖူးပါတယ်။ 

ကုမ္ပဏီကို ပိုင်ဆိုင်ပြီးပြီးချင်းမှာ အရေးပါသူတွေကို ထုတ်ပယ်လိုက်မှုကြောင့် အီလွန်မက်စ်ရဲ့ Twitter နဲ့ပတ်သက်တဲ့ မူ၀ါဒတွေကို ကျွမ်းကျင်သူတွေက စောင့်ကြည့်လာကြပါတယ်။ 

Ref: CNN