News @ M-Media

အိန္ဒိယတွင် နွားချစ်သူများ၏ အကြမ်းဖက်သတ်ဖြတ်မှု တစ်ကျော့ပြန်ဖြစ်လာ

ဖေဖော်၀ါရီ ၁၉၊ ၂၀၂၃

M-Media 

-အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟာရ်ယာနာပြည်နယ်မှာ မွတ်စလင်အမျိုးသားနှစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရပြီး ရဲတပ်ဖွဲ့က နွားချစ်သူများအဖွဲ့ ခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးထားပါတယ်။ 

အသတ်ခံရသူနှစ်ဦးဟာ အိမ်နီးချင်း ရာဂျက်စသန်ပြည်နယ်ကဖြစ်ပြီး ပြီးခဲ့တဲ့သီတင်းပတ် အစောပိုင်းက ပျောက်သွားတာပါ။ ကားထဲမှာ မီးရှို့သတ်ခံထားရတဲ့ အလောင်းတွေကို ကြာသာပတေးနေ့က ဟာရ်ယာနာပြည်နယ်မှာ တွေ့ရှိခဲ့ရပါတယ်။ 

ဒီသတ်ဖြတ်မှုအတွက် ဟိန္ဒူလက်ယာစွန်းရောက် နွားချစ်သူများအဖွဲ့ Bajrang Dal က ခေါင်းဆောင်တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး၊ အခြား အဖွဲ့၀င် ၄ ဦးကိုလည်း ပြန်ပေးဆွဲမှု၊ လူသတ်မှုတို့နဲ့ အမှုဖွင့်ထားပါတယ်။ 

ဟိန္ဒူအမျိုးသားရေးပါတီ BJP အာဏာရတဲ့ ၂၀၁၄ ခုနှစ်နောက်ပိုင်း နွားချစ်သူအဖွဲ့တွေ ခေါင်းထောင်လာပြီး အမဲသားရောင်းတယ်၊ နွားတွေတင်ပို့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူတွေကို ပြန်ပေးဆွဲ သတ်ဖြတ်တာတွေ အဖြစ်များလာပါတယ်။ 

အထူးသဖြင့် ဟိန္ဒူဇာတ်နိမ့်တွေနဲ့ မွတ်စလင်တွေ ပစ်မှတ်ထားခံရတာပါ။

ရာဂျက်စသန်ပြည်နယ်နဲ့ ဟာရ်ယာနာပြည်နယ်တွေဟာ အမဲသား ပိတ်ပင်ထားတဲ့ ပြည်နယ်တွေဖြစ်ပြီး လိုင်စင်ရှိမှ ရောင်းခွင့်ရှိတာ ဖြစ်ပါတယ်။ 

ဒီဒေသတွေမှာ နွားချစ်သူတွေဟာ လိုင်စင်နဲ့ အမဲသားရောင်းသူတွေကို မကြာခဏ လိုက်လံနှောက်ယှက် တိုက်ခိုက်မှုတွေ ရှိနေပါတယ်။ 

Ref: AFP