News @ M-Media

ရိုဟင်ဂျာများကို နေရပ်ပြန်ခေါ်ရန်ခေါင်းစဥ်ဖြင့် စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်သွားရောက်

မေ ၂၅၊ ၂၀၂၃

M-Media


-ရိုဟင်ဂျာတွေကို နေရပ်ပြန်ခေါ်ရေး စီစဥ်ဖို့ဆိုတဲ့ ခေါင်းစဥ်နဲ့ အာဏာသိမ်းစစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိလာပါတယ်။ 

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဟာ ၁၉၇၀ လောက်ကစပြီး မြန်မာစစ်တပ်ရဲ့ ညှင်းပမ်းနှိပ်စက်မှု၊ နေရပ်က အဓမ္မမောင်းထုတ်မှုတွေကို ခံခဲ့ရတာပါ။ 

၂၀၁၇ ခုနှစ် ရိုဟင်ဂျာတွေ အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခံရမှု၊ မောင်းထုတ်ခံရမှုကို ကမ္ဘာက ပိုမိုအာရုံစိုက်လာပါတယ်။ လက်ရှိ ဘင်္ဂလားဒေ့ရှ်မှာ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည် ၁ သန်းကျော် ခိုလှုံနေရပါတယ်။ 

စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ သွားရောက်မှုဟာ ရှေ့ပြေးအနေနဲ့ ရိုဟင်ဂျာ ၁၂၀၀ လောက်ကို နေရပ်ပြန်ခေါ်ဖို့ ဖြစ်ပါတယ်။ 

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ဆိုင်ရာ လက်ထောက်ကော်မရှင်နာ ရှမ်စ် အွဒ် ဒူဇာက အဖွဲ့၀င် ၁၄ ဦးပါတဲ့ ကိုယ်စားလှယ်အဖွဲ့ရဲ့ ဒီခရီးစဥ်ဟာ ယုံကြည်မှုတည်ဆောက်ရေးအတွက်ဖြစ်ပြီး ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ 

နိုင်ငံတကာရဲ့ ၀ေဖန်ပြစ်တင်မှုကို လျှော့ချလိုတဲ့အတွက် အဆက်ဆက် မြန်မာအစိုးရနဲ့ စစ်တပ်တို့ဟာ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်ခေါ်ဖို့ ကြိုးစားပေမယ့် မူလ ပိုင်ဆိုင်ခဲ့တဲ့ နေရပ်ကို ပြန်ပို့တာမျိုးမဟုတ်ဘဲ ဒုက္ခသည်စခန်းတည်ဆောက်ကာ ထားရှိတာ ဖြစ်ပါတယ်။ 

Ref: CNA