News @ M-Media

လူ ၂ သောင်းခွဲကျော်ကို အလုပ်ပေးနိုင်မယ့် မလေးရှားက ဒေါ်လာ ၂ ဘီလီယံတန် ဂူးဂဲလ် ဒေတာစင်တာ

မေ ၃၀၊ ၂၀၂၄

M-Media 


(ဓာတ်ပုံ – မလေးရှားတွင် တည်ဆောက်မည့် ဂူးဂဲလ်၏ ဒေတာစင်တာ)

-အရှေ့တောင်အာရှရဲ့ ပထမဆုံး ဒေတာစင်တာနဲ့ Cloud Region မလေးရှားမှာ တည်ဆောက်ဖို့အတွက် Google ဟာ ကန်ဒေါ်လာ သန်းပေါင်း ၂ ထောင် အသုံးပြုသွားမယ်လို့ သိရပါတယ်။ 

မြို့တော် ကွာလာလမ်ပူမှာ တည်ဆောက်မှာဖြစ်ပြီး နယ်ပယ်အသီးသီးအတွက် အလုပ်အကိုင်ပေါင်း ၂၆၅၀၀ လောက် ဖန်တီးပေးနိုင်မယ်လို့ မလေးရှား ရင်းနှီးမြှုပ်နှံမှု ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။ 

ဒီဒေတာစင်တာဟာ မလေးရှားစီးပွားရေးကို ကန်ဒေါ်လာ သန်းသုံးထောင်ဖိုးလောက် သက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။

ဂူးဂဲလ်ရဲ့ လုပ်ဆောင်ချက်တွေဖြစ်တဲ့ Search၊ Maps၊ နဲ့ Workspace တို့အတွက် ဒေတာစင်တာက ၀န်ဆောင်မှု ပေးနိုင်မှာဖြစ်ပြီး မလေးရှားနိုင်ငံတစ်၀ှမ်းက ဉာဏ်ရည်တု အသုံးပြုသူတွေလည်း အကျိုးကျေးဇူး ရရှိလိမ့်မယ်လို့ ရင်းနှီးမြှုပ်နှံမှု ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တည်ဆောက်ပြီးစီးသွားရင် မလေးရှားဟာ ကမ္ဘာတစ်၀ှမ်းက ဂူးဂဲလ်အသုံးပြုသူတွေကို ၀န်ဆောင်မှုပေးနေတဲ့ ဒေတာစင်တာရှိရာ ၁၁ ခုမြောက်နိုင်ငံ ဖြစ်လာမှာ ဖြစ်ပါတယ်။

လက်ရှိ မလေးရှားအစိုးရရဲ့ Madani 

စီမံကိန်းအရ ဒစ်ဂျစ်တယ်စီးပွားရေးနယ်ပယ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ရှာဖွေနိုင်ရေးပါ၀င်ပြီး ဂူးဂဲလ်ရဲ့ ရင်းနှီးမြှုပ်နှံမှုက စီမံကိန်း တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

Ref: The Star