News @ M-Media

ငွေသားအမြောက်အများနှင့် နိုင်ငံခြားလုပ်ငန်းရှင်တစ်ဦးကို မလေးရှားဖမ်းဆီး


ဇူလိုင် ၁၊ ၂၀၂၄

M-Media 


– မလေးရှားရင်းဂစ်နဲ့ စင်ကာပူဒေါ်လာ ငွေသား ၆ သိန်းကျော် ယူဆောင်လာတဲ့ အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ် KLIA မှာ အကောက်ခွန်ဌာနက ဖမ်းဆီးလိုက်ကြောင်း မလေးရှား ပြည်တွင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

အဲဒီအမျိုးသားဟာ နိုင်ငံခြားကုမ္ပဏီတစ်ခုက ဒါရိုက်တာဖြစ်ပြီး အရှေ့အလယ်ပိုင်း နိုင်ငံတစ်ခုကို ထွက်ခွာမယ့် သူဖြစ်တယ်လို့ အကောက်ခွန်ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ငွေသား မလေးရှားရင်းဂစ် ၅၇၂၅၇၃၊ စင်ကာပူဒေါ်လာ ၂၄၅၀၀ တို့ကို ခရီးဆောင်အိတ်ထဲမှာ ထည့်ယူလာတာပါ။ 

ငွေသားအမြောက်အများ ယူဆောင်လာတာကို သက်ဆိုင်ရာအဖွဲ့အစည်းတွေထံ အသိမပေးခဲ့တဲ့အတွက် အဲဒီသူကို ဖမ်းဆီးကာ ငွေကြေးခ၀ါချမှု၊ အအကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေတွေနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ အကောက်ခွန် အာဏာပိုင်တွေက ပြောပါတယ်။ 

မလေးရှားဥပဒေအရ အမေရိကန်ဒေါ်လာ ၁ သောင်း တန်ဖိုးထက်ပိုတဲ့ ငွေသားတွေ ယူဆောင်မယ်ဆိုရင် အကောက်ခွန်ဖောင် (No. 7 Customs Form) ကို ဖြည့်သွင်းပြီး အာဏာပိုင်တွေကို အသိပေးရကာ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်ရမှ နိုင်ငံရပ်ခြားကို သယ်ဆောင်ခွင့်ရှိပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း ကွာလာလမ်ပူလေဆိပ်မှာ ငွေသားအမြောက်အများ ယူဆောင်ဖို့ ကြိုးစားမှု ၂ ခုကို မလေးရှားအကောက်ခွန်ဌာနက ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ 

Ref: The Star