News @ M-Media

အစ္စရေးကို ဟူသီအဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်

ဇူလိုင် ၁၉၊ ၂၀၂၄
M-Media

-အစ္စရေးရဲ့ တယ်အဗီးမြို့မှာ ဇူလိုင် ၁၉ ရက်နေ့ မနက်အစောပိုင်းက ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁ ဦး သေဆုံးခဲ့ပါတယ်။

ယီမင်လက်နက်ကိုင်အဖွဲ့ ဟူသီက ဒီတိုက်ခိုက်မှုကို သူတို့လုပ်တာဖြစ်ပြီး ဂါဇာမှာ အစ္စရေးရဲ့ အကြမ်းဖက်မှုတွေကို တုန့်ပြန်တာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ကမ္ဘာတစ်၀ှမ်းက ချီးကျူးပြောဆိုကြတဲ့ အစ္စရေးရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ ဟူသီဒရုန်း ၀င်ရောက်လာတာကို သိရှိခဲ့ခြင်း မရှိပါဘူး။

ဟူသီရဲ့ နိုင်ငံရေးပေါ်လစ်ဗျူရိုအဖွဲ့၀င် ဟမ်ဇာ အလ်-အာဆတ်က ဒီတိုက်ခိုက်မှုဟာ အစ္စရေးက မြို့ကြီးတွေကို ပစ်မှတ်ထားမယ့် စစ်ဆင်ရေးသစ်ရဲ့အစ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီမဟာဗျူဟာမြောက် စစ်ဆင်ရေးသစ်မှာ လက်ဘနွန်၊ အီရတ်နဲ့ သိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေတွေက လက်နက်ကိုင်အဖွဲ့တွေလည်း ပူးပေါင်းပါ၀င်သွားမယ်လို့ အလ်-အာဆတ်က ပြောပါတယ်။

တိုက်ခိုက်မှုမှာ အသုံးပြုတဲ့ဒရုန်းဟာ အီရန်ထုတ်ဒရုန်းဖြစ်ပြီး ဒီအတွက် လက်တုန့်ပြန်သွားမယ်လို့ အစ္စရေးဖက်က ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲမှာ အသတ်ခံရသူ အရေအတွက်ဟာ ၃၉၀၀၀ နီးပါး ရှိလာပြီဖြစ်ပြီး အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။

Ref: Aljazeera