အောက်တိုဘာ ၄၊ ၂၀၂၄
M-Media
-အစ္စရေးဟာ အရှေ့အလယ်ပိုင်းနိုင်ငံတွေကို ကျူးကျော် တိုက်ခိုက်လာနိုင်တာကြောင့် ဒေသတွင်းနိုင်ငံတွေ ညီညွတ်ကြဖို့ အီရန်အဓိပတိ အယာတိုလာ အလီ ခါမေနီက တိုက်တွန်း ပြောကြားလိုက်ပါတယ်။
ခါမေနီဟာ တီဟီရန်မြို့လယ်ကောင်က Imam Khomeini ဗလီမှာ သောကြာနေ့ မိန့်ခွန်းပြောခဲ့ပြီး၊ ၀တ်ပြုမှုကိုလည်း ဦးဆောင်ခဲ့ပါတယ်။ ဒါဟာ ၄ နှစ်ကျော်အတွင်း အများပြည်သူ ၀တ်ပြုဆုတောင်းမှုမှာ ပထမဆုံး ဦးဆောင်တာဖြစ်ပါတယ်။
အာဖဂန်ကနေ ယီမင်၊ အီရန်ကနေ ဂါဇာ၊ လက်ဘနွန်အထိ မွတ်စလင်နိုင်ငံတွေဟာ အစ္စရေးရဲ့ စီးပွားရေး၊ စစ်ရေးနဲ့ စိတ်ဓာတ်ရေးရာ ရန်ပြုမှုကို ခံနေရပြီး ဒါကိုတွန်းလှန်ဖို့အတွက် ညီညွတ်ရမှာဖြစ်ကြောင်း၊ အစ္စရေးဟာ တစ်နိုင်ငံကို ကျူးကျော်သိမ်းပိုက်ပြီးရင်၊ နောက်တစ်နိုင်ငံကိုလည်း ထပ်မံ ကျူးကျော်သိမ်းပိုက်မှာ ဖြစ်ကြောင်း ခါမေနီက သတိပေးခဲ့ပါတယ်။
ပါလက်စတိုင်းတွေရဲ့ လွတ်မြောက်ရေးလှုပ်ရှားမှုဟာ တရားသောလုပ်ဆောင်ချက်ဖြစ်ပြီး၊ အစ္စရေးကို တိုက်ခိုက်တဲ့ မည်သည့်လုပ်ရပ်မဆို ဒေသတွင်း ပြည်သူ၊ ကမ္ဘ့ာပြည်သူလူထုနဲ့ လူသား၀ါဒကို အလုပ်အကျွေးပြုတာလို့လည်း ခါမေနီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဟစ်ဇ်ဘိုလာနဲ့ အီရန် ထိပ်တန်းခေါင်းဆောင်တွေကို သတ်ဖြတ်မှုအတွက် ဒုံးကျည် ၂၀၀ ခန့်နဲ့ အစ္စရေးကို အီရန်က လက်တုန့်ပြန်ပြီး ရက်ပိုင်းအကြာမှာပဲ ခါမေနီက လူမြင်ကွင်းကိုထွက်ကာ အခုလို မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
Ref: Aljazeera
Comments