News @ M-Media

Author: editor

  • မဟာ တမန်တော်နေ့ အထိမ်းအမှတ် ဘာသာကြီး(၄)ခု မှ ဆရာတော်ကြီးများ ဟောပြောခဲ့တဲ့ တရားပွဲ

    မဟာ တမန်တော်နေ့ အထိမ်းအမှတ် ဘာသာကြီး(၄)ခု မှ ဆရာတော်ကြီးများ ဟောပြောခဲ့တဲ့ တရားပွဲ

    ဖေဖော်ဝါရီ ၂ ၊ ၂၀၁၆
    M-Media
    သတင်း ဆောင်းပါး- ကိုဇင်
    3

    ၁၄၉ဝ ကြိမ်မြောက် မဟာတမန်တော်နေ့ အထိမ်းအမှတ် ဘာသာပေါင်းစုံချစ်ကြည်ရေး အခမ်းအနားနှင့် (၃၈)ကြိမ်မြောက် မဟာတမန်တော်မြတ်ကြီး နှင့် တကွ ထွက်ရပ်ပေါက်(ဝလီ) သူတော်စင်ကြီးများ အတွက် ဆုတောင်းမေတ္တာပို့ (အူရွတ်စ်) ပွဲတော် မဟာတမန်တော်နေ့ အထိမ်းအမှတ် ဘာသာပေါင်းစုံ ချစ်ကြည်ရေး ငြိမ်းချမ်းရေး မေတ္တာတရားပွဲ ကို ၃ဝ-၁-၂ဝ၁၆ နှင့် ၃၁-၁-၂ဝ၁၆ နေ့များက ရန်ကုန်တိုင်းဒေသကြီး၊ သာကေတ မြို့နယ်၊ အနော်မာအနောက်(၈)လမ်းတွင် ည ၈းဝဝ နာရီအချိန်မှ စတင် ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါ အခမ်းအနား ပထမညဖြစ်သော ၃ဝ-၁-၂ဝ၁၆(စနေနေ့)ညတွင် ကျင်းပသည့် “၁၄၉ဝ ကြိမ်မြောက် မဟာ တမန်တော်နေ့ အထိမ်းအမှတ် ဘာသာပေါင်းစုံချစ်ကြည်ရေးတရားပွဲ”တွင် ဆရာတော် ဘဒ္ဒန္တကုသလ (ဓမ္မာစရိယ) ၊  ဥက္ကဋ္ဌ ဆရာတော်၊ သာကေတမြို့နယ် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အောင်ဆုထူးပန်ကျောင်းတိုက်)၊  သိက္ခာတော်ရ ဆရာ ဦးတင်မင်းထွန်း  (ဓမ္မကထိက) (မြန်မာနိုင်ငံခရစ်ယာန်ဓမ္မတက္ကသိုလ်၊ အင်းစိန်)၊ အလ်ဟာဂ်ျဦးစိန်ဌေး  (စိန်ဌေးဟန်) – အီမာမသ်-အအ်ဝဟ်အကယ်ဒမီ၊  ဒု-ကျောင်းအုပ်၊ အလ်အဇ်ဟရ်အစ္စလာမ့်သိပ္ပံ(ရန်ကုန်)နှင့် ဦးအောင်နိုင်(ဟိန္ဒူပညာရှိ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဗဟိုအဖွဲ့)တို့အသီးသီးက သက်ဆိုင်ရာဘာသာ အလိုက် ချစ်ကြည်ငြိမ်းချမ်းရေး တရားများကို ဟောကြားခဲ့ကြပြီး ည ၁၂းဝဝ နာရီခန့်တွင် တမန်တော်မြတ် (ငြိမ်းချမ်းပါစေ)ထံသို့ မေတ္တာပို့သီကျူးသည့် ဓမ္မလင်္ကာများကို ရွတ်ဆိုခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြ ပါသည်။

    အခမ်းအနား ဒုတိယညဖြစ်သည့် ၃၁-၁-၂ဝ၁၆ (တနင်္ဂနွေနေ့)ညတွင် ကျင်းပသည့် နှစ်စဉ်ကျင်းပမြဲဖြစ်သော (၃၈)ကြိမ်မြောက်  “မဟာတမန်တော်မြတ်ကြီးနှင့် တကွ ထွက်ရပ်ပေါက် ဝလီ သူတော်စင်ကြီးများအတွက် ဆုတောင်းမေတ္တာပို့ (အူရွတ်စ်)ပွဲတော်နှင့် မဟာတမန်တော်နေ့ အထိမ်းအမှတ် ဘာသာပေါင်းစုံ ချစ်ကြည်ရေး ငြိမ်းချမ်းရေး မေတ္တာတရားပွဲ”ကို ဆက်လက်ကျင်းပခဲ့ရာ ယင်း အခမ်းအနားတွင် ဆရာတော် ဘဒ္ဒန္တသီလာစာရ ၊ ပဓာန နာယကဆရာတော်၊ သာသနာပြု နယ်လှည့်ဓမ္မကထိက (ဒု-ဥက္ကဋ္ဌ ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုး ဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့၊ အောင်သိဒ္ဓိကျောင်းတိုက်)၊ သိက္ခာတော်ရ ဆရာ ဦးမောင်မောင်ချစ် (သင်းအုပ်ဆရာတော်၊ သာကေတမြို့မနှစ်ခြင်းအသင်းတော်)၊ ခလီဖွါဟ် အလ်ဟာဂ်ျ ဆရာဦးအေးလွင် – ကာဒရီယာ အာလီယာ၊ အစ္စလာမ့် ဓမ္မဗိမာန် (ဦးဆောင်ဆော်သြရေးမှူး)တို့က ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးတရားများ ဟောကြားခဲ့ကြပါသည်။

    12592328_940367039386296_8877315680862740390_n

    ၎င်းပြင် အဆိုပါ တနင်္ဂနွေနေ့၊ နံနက် (၁ဝးဝဝ)နာရီတွင် ပွဲအထိမ်းအမှတ်အနေဖြင့် လူမျိုး/ဘာသာမရွေး အန္တရာယ်ကင်း စတုဒိသာ ထမင်းဖြင့် တည်ခင်း ဧည့်ခံကျွေးမွေးခဲ့ကြပါသည်။

    မြန်မာနိုင်ငံတွင် ယခုကဲ့သို့ တမန်တော်နေ့အထိမ်းအမှတ် အခမ်းအနားများနှင့် အစ္စလာမ်ဘာသာဝင် ထွက်ရပ်ပေါက်(ဝလီ) သူတော်စင်ကြီးများ၏ အထိမ်းအမှတ် အခမ်းအနားများကို ရှေးမဆွကပင် ကျင်းပလေ့ရှိခဲ့ကြပြီး အခမ်းအနားသို့ကြွရောက်လာကြသော ဆရာတော် သံဃာတော်များကို နေ့လည် ဆွမ်း ဆက်ကပ်ခြင်းနှင့် ပရိသတ်ကြီးကိုလည်း လူမျိုး/ဘာသာ မခွဲခြားဘဲ စတုဒိသာထမင်းဖြင့် တည်ခင်းဧည့်ခံလေ့ရှိကြပါသည်။ ဤသည်မှာ မြန်မာ-မွတ်စလင်မ် တို့၏ မိမိတို့ ကိုးကွယ်ရာ ဘာသာတရားကို ရိုသေကိုင်းရှိုင်းမှု၊ တမန်တော်များ/သူတော်စင်များကို ရိုသေလေးစားမှု၊ မိမိတို့ကိုးကွယ်ရာ ဘာသာတရား အပြင် အခြားဘာသာမှ ဆရာတော်/သံဃာတော် များကိုလည်း ရိုသေလေးစားမှု၊ လူမျိုး/ဘာသာမခွဲခြားဘဲ ရက်ရောစွာ လှူဒါန်းပေးကမ်းမှုနှင့် မြန်မာနိုင်ငံတွင်းရှိ အခြားသော ဘာသာဝင်များနှင့်လည်း သင့်တင့်လျောက်ပတ်စွာ ပေါင်းသင်းနေထိုင်မှု  အစရှိသည့် မြန်မာမွတ်စလင်မ်တို့၏ ပုံရိပ်မှန်ကိုဖော်ပြသည့် ဖော်ပြချက်များတွင် အပါအဝင်ဖြစ်ပါသည်။
    IMG_6621
    သာကေတမြို့နယ် အမျိုးဘာသာသာသနာစောင့်ရှောက်ရေး အဖွဲ့ ဥက္ကဋ္ဌဆရာတော် ကလည်း “ဘာဘာကြီး ထမင်းကျွေးတာ ဘုန်းကြီးစားဖူးကြောင်း၊ တစ်လုပ်စားဖူး သူ့ကျေးဇူးဆိုသလို ဘာဘာကြီးရဲ့ ကျေးဇူး ဘုန်းကြီးမှာရှိကြောင်း၊ သို့ဖြစ်ပါသောကြောင့် ယခု ဘုန်းကြီးကျေးဇူးလာဆပ်ခြင်းဖြစ်ကြောင်း၊ ကျေးဇူးရှိတဲ့ လူကို ကျေးဇူးဆပ်ရမှာ ဘုန်းကြီးတို့ရဲ့မင်္ဂလာတရားတော်ဖြစ်ကြောင်း” အစရှိသည်ဖြင့် ထည့်သွင်းဟော ကြားသွားခဲ့သလို ရန်ကုန်တိုင်းဒေသကြီး အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့၊      ဒု-ဥက္ကဋ္ဌ ဆရာတော်ကလည်း “မြန်မာနိုင်ငံမှာကိုးကွယ်နေကြသော ဘာသာကြီး ၄ ခုသည် မြန်မာပြည်တွင် တည်ထောင်ခဲ့ခြင်း မဟုတ်ကြောင်း၊ မည်သည့်ဘာသာကမျှ Made in Burma လုပ်၍မရကြောင်း၊ မိမိကိုးကွယ်ရာ ဘာသာ၏ အဆုံးအမများကို လေးလေးစားစားဖြင့် သေချာစွာ လိုက်နာ ကျင့်သုံးရန် လိုသလို အခြားဘာသာများကိုလည်း လေ့လာရန်လို အပ်ကြောင်း၊ ထိုသို့လေ့လာ ပါမှ တစ်ဘာသာနှင့် တစ်ဘာသာကြားတွင် လေးစား စာနာစိတ်များပေါ်ပေါက်လာမည်ဖြစ်ကြောင်း” ဖြင့် ထည့်သွင်းဟောကြား သွားခဲ့ပါသည်။

    ဗုဒ္ဓဘာသာဝင်စာရေးဆရာတစ်ဦးဖြစ်သူ မှော်ဝန်းကြည်မြတ် (မြန်မာနိုင်ငံစာရေးဆရာအသင်း ဗဟိုအလုပ်အမှုဆောင်) ကလည်း ရှေးမြန်မာဘုရင်များလက်ထက်ကတည်းက မြန်မာနိုင်ငံတွင် မှီတင်းနေထိုင် လာခဲ့ကြပြီး တိုင်းပြည်နှင့်လူမျိုးအပေါ် သစ္စာစောင့်သိရိုသေခဲ့ကြသော၊ မြန်မာပြည်လွတ်လပ်ရေး ကြိးပမ်းရာတွင် လည်း အခြားတိုင်းရင်းသားများနည်းတူ ရွပ်ရွပ်ချွံချွံပါဝင်ဆောင်ရွက်ခဲ့ကြသော၊ မြန်မာစာပေနှင့် မြန်မာသမိုင်းတွင် ထင်ရှား ကျော်ကြားခဲ့ကြသော  မြန်မာ မွတ်စလင်မ်ကြီးများ၏ သမိုင်းကြောင်းကိုလည်း အမည်နှင့်အထောက်အထား ခိုင်လုံစွာဖြင့် ဂုဏ်ပြုမုဒိတာစကားပြောကြားခဲ့ပြီး ၎င်းတို့သည် မြန်မာပြည်မှာနေခဲ့သော သမိုင်းကြောင်းကောင်းခဲ့ကြသည့် ပုဂ္ဂိုလ်များဖြစ်ကြသည့်အတွက် ၎င်းတို့အယူဝါဒကို လက်မခံလျှင်တောင်မှ ၎င်းတို့ကို မြန်မာလူမျိုးတွေလိုပဲ တိုင်းရင်းသားအဖြစ် ဆက်ဆံသင့်ကြောင်းဖြင့် ဟောပြောတင်ပြခဲ့ပါသည်။

    ၎င်းပြင် ကြွရောက်တော်မူလာကြသော အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူ ဘာသာအသီးသီးမှ ဆရာတော်များ ကလည်း ဘာသာပေါင်းစုံငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး တရားတော်များကို အသီးသီးဟောကြားတော်မူခဲ့ကြကြောင်း သတင်းရရှိပါသည်။ ။

  • မြန်မာမွတ်စလင် လူ့အဖွဲ့အစည်းပေါ်မှ ၀န်ထုပ်ဝန်ပိုးများ

    မြန်မာမွတ်စလင် လူ့အဖွဲ့အစည်းပေါ်မှ ၀န်ထုပ်ဝန်ပိုးများ

    Friday Time
    ကျော်နေမင်း (မြို့ပြ) ရေးသည်။

    လေးစားအပ်ပါသော စာဖတ်ပရိသတ်ကြီးခင်ဗျား

    ယခုတင်ပြမည့်အကြောင်းအရာများဟာ သတင်းဆောင်းပါးတစ်ပုဒ်ထက် “လူထုအခြေပြုလူမှုမှတ်တမ်း” များဆိုရင် ပိုမှန်ပါလိမ့်မယ်(၂၀၀၀)ပြည့်နှစ်က အစပြုလို့ ယခု၂၀၁၆ခုနှစ်တိုင်အောင် မြန်မာနိုင်ငံတ၀ှမ်း မှာရှိတဲ့မြို့ရွာဒေသပေါင်း (၁၀၀)ကျော်ကို ခြေဆန့်ပြီးရလာခဲ့တဲ့ အခြေခံအချက်အလက်တွေအပေါ် မူတည် ပြီး ရေးသားခဲ့ခြင်းသာ ဖြစ်ပါတယ်။

    အမှန်တကယ်တော့ ပြည်ထောင်စုမြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားအစ္စလာမ်ဘာသာဝင် အများစုကြီးဟာ၊ အခြားနိုင်ငံသားအများစုနည်းတူ ဆင်းရဲသားလူတန်းစားများသာဖြစ်ပါတယ်။ အချို့သောအဖွဲ့အစည်းများ၊ အဆိုးမြင်မီဒီယာ တချို့နှင့် ရန်လိုနေသော ပုဂ္ဂိုလ် တချို့စွပ်စွဲသလို “ဘာသာခြားတွေချမ်းသာနေကြတယ်”ဆိုတဲ့ မဟုတ်မှန်စွပ်စွဲချက်တွေကို ယခုဆောင်းပါးအားဖြင့် အမှန် ပကတိအခြေအနေကို သိမြင်လာကြစေရန်နှင့် မြန်မာမွတ်စလင် လူ့အဖွဲ့အစည်းအပေါ် တင်ရှိနေသော ၀န်ထုတ်ဝန်ပိုးများ ခံစားနေကြရသော ဒုက္ခ၊ သုခများနှင့် တွေ့ကြုံနေရသော လက်တွေ့အခြေအနေများကို အနာဂတ်တိုင်းပြည်ကိုခေါင်းဆောင်မည့် ပုဂ္ဂိုလ်များနှင့် နိုင်ငံသားများထံသို့ အသိပေးလိုသော ရည်ရွယ်ချက်များ ဖြစ်ပါတယ်။ သတင်းဆောင်းပါး အတွက် ပါဝင်ကူညီပေးခဲ့သော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအားလည်း အထူးကျေးဇူးတင်ရှိပါတယ်။

    လူတန်းစားအဆင့်အတန်း
    —————————
    နိုင်ငံသားအစ္စလာမ်များရဲ့ ၄ရာခိုင်နှုန်းက ကြွယ်ဝ ချမ်းသာကြပါတယ်။ ဒါပေမယ့်ဒီနေ့ မြန်မာပြည်မှာခေတ်စားနေတဲ့ ဘီလီယံနာခရိုနီ စာရင်းဝင်တစ်ဦးမှ မရှိပါဘူး။ ချမ်းသာတယ် ဆိုပေမဲ့လည်း တရုတ်နွယ်ဖွား သူဌေးတွေရဲ့ ချမ်းသာမှုမျိုးတောင် မရှိနိုင်ပါဘူး။ အချမ်းသာဆုံး သူဌေးဟာ ကိုးကန့်သူဌေး အလယ်အလတ်တန်းစားတစ်ဦးရဲ့ အဆင့်နဲ့ပဲညီမျှနိုင်ပါတယ်။ ပင်မငွေပင်ငွေရင်းနည်းပါးတာကြောင့် လူမှုအကူအညီပေးရေးFoundation မျိုးတွေထူထောင်ထားခြင်းမရှိပါဘူး။ သိပ်ချမ်းသာတဲ့ တစ်ဦးတစ်လေရှိကောင်း ရှိနိုင်သော်လည်း၊ လူမှုအကူအညီပေးတဲ့လုပ်ငန်းတွေကို စိတ်မ၀င်စားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အသင့်အတင့်နေထိုင်နိုင်သော အလယ်လတ်တန်းစား လူတန်းစား(၁၂)ရာခိုင်နှုန်းရှိပါတယ်။ ဒါပေမယ့်ဝမ်းနည်း စရာကောင်းတဲ့ အချက်က သူတို့တတွေ အထဲက ၁ ရာခိုင်နှုန်းလောက်ကသာ လူမှုအကူအညီပေးရေးလုပ်ငန်းတွေကို စိတ်ဝင်စားကြပါတယ်။ များသောအားဖြင့် ကြုံကြိုက်လာတဲ့ အခြေအနေပေါ်မှာ ၀င်ရောက် ကူညီပေးလေ့ရှိကြပြီး၊ တစိုက်မတ်မတ်ပါဝင်ဆောင်ရွက်လေ့မရှိကြပါဘူး။

    နိုင်ငံသားအစ္စလာမ်တွေရဲ့ (၇၅)ရာခိုင်နှုန်းက လက်လုပ်လက်စား ဆင်းရဲသားအများစုကြီးပါ။ ရရာအလုပ်တွေ နေ့တဓူဝ ကိစ္စတွေကိုဖြေရှင်းနေကြရတာပါ။ လယ်သမား၊ အလုပ်သမား၊ ဈေးသည်များနဲ့လက်လီ အရောင်းအ၀ယ်လေးတွေကို လုပ်ကိုင်နေကြရပါတယ်။ ထူးခြားမှု တစ်ခုကတော့ လုပ်ခစားအလုပ်ဝင်ရောက်လုပ်သူနည်းပါးလာပြီး၊ တနိုင်တပိုင်လမ်းဘေး အရောင်းအ၀ယ်၊ ပွဲစားလုပ်ငန်းများနှင့် ၀န်ဆောင်မှု လုပ်ငန်းတွေမှာ အများစုကို တွေ့မြင်ရပါတယ်။ အလုပ်လက်မဲ့အဖြစ် မနေကြဘဲ ရရာအလုပ်ကိုလုပ်ကိုင်ကြတဲ့ စိတ်ဓာတ်မျိုးတွေ ရှိနေကြတာဟာ ထူးခြားချက်တစ်ခုပါ။

    ဥပမာအားဖြင့် ရန်ကုန်မြို့ရဲ့ယခင်မဂိုလမ်း ယခုရွှေဘုံသာလမ်းနေရာမှာ ပစ္စည်းအဟောင်းအရောင်းအ၀ယ် လုပ်နေသူအများစုကိုကြည့်ရင် အစ္စလာမ်အများစုကိုတွေ့ရမှာဖြစ်ပြီး၊ နံနက်ပိုင်းမှာရပ်ကွက်တကာ၊ လမ်းတကာမှာအော်ဟစ်ပြီးပစ္စည်းအဟောင်းလိုက်ဝယ်ပြီး၊ ညနေခင်းမှာအဟောင်းတန်းကိုလာပြီး ၀ယ်ယူသူတွေကိုရောင်းချပေးလေ့ရှိပါတယ်။ အလုပ်မဲ့အကိုင်မဲ့၊ အိုးမဲ့အိမ်မဲ့ အခြေတကျမရှိသူ(၅)ရာခိုင်နှုန်းလောက်ရှိပြီး၊ ယခုအခါနိုင်ငံရဲ့ တချို့ဒေသမှာရှိတဲ့ ဒုက္ခသည် စခန်းက အစ္စလာမ်ဘာသာဝင်လူဦးရေ စာရင်းကိုပါ ထည့်တွက်ရင် ၈ရာခိုင်နှုန်းအထိတိုးပွားသွားနိုင်ပါတယ်။ ဒါဟာ တကယ်တော့ရင်လေးစရာပါ။ အလုပ်လုပ်နိုင်တဲ့အရွယ်ကောင်းတွေဟာ ဒုက္ခသည်စခန်းမှာ ချောင်ပိတ်မိနေနိုင်ပြီး၊ တိုင်းပြည်ရဲ့လူသားအရင်းအမြစ်တွေဆုံးရှုံးနေရခြင်းပါ။ တဆက်တည်းမှာပဲ မြန်မာမွတ်စလင် လူ့အဖွဲ့အစည်းအတွက် ၀န်ထုပ်ဝန်ပိုးတစ်ခုသဖွယ် တည်ရှိလို့နေပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဖြစ်ပေါ်လာမယ့် NLD ဦးဆောင်တဲ့အစိုးရလက်ထက်မှာတိုင်းပြည်နိုင်ငံတ၀ှမ်းက ဒုက္ခသည်တွေ အားလုံးရဲ့ ပြဿနာပြေလည် သွားနိုင်မယ်လို့မျှော်လင့်မိပါတယ်။ အိမ်နီးချင်းနိုင်ငံတွေက ဒုက္ခသည် စခန်းမှာလည်း နိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေဒုနဲ့ဒေးပါ။

    တောင်းရမ်းသူတို့စစ်တမ်း
    —————————
    သောကြာနေ့ ၀တ်ပြုပြီးချိန်ဆိုရင် တောင်းရမ်းသူတွေ တသီတတန်း ၀တ်ကျောင်းတော်ရှိတဲ့ နေရာ အတော်များများမှာ မြင်နိုင် ပါတယ်။ ထူးခြားချက် အများစုဟာရေသာခို အချောင်လိုက်ကြတဲ့ သူတွေဖြစ်နေတာပါ။ နာမကျန်းသူတွေ သက်ကြီးရွယ်အိုတွေ ကိုယ်လက် အင်္ဂါချို့တဲ့သူတွေကို ပေးကမ်းကြရင်းနဲ့ အတုတွေဟာများပြားလာပါတယ်။ မျက်မမြင်အတွက်၊ လမ်းမလျောက်နိုင်သူအတွက် အကြောင်းပြချက်နဲ့လူကောင်း တွေက အဖော်ပြုပြီးတောင်းရမ်းနေကြတာပါ။ မြန်မာ့ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာနဲ့ သဒ္ဓါတရား အားကောင်းတဲ့မြန်မာရဲ့အကျင့်စရိုက် အတိုင်း မြန်မာ မွတ်စလင်တွေက ပေးကမ်းနေကြတော့၊ သူတောင်းစားတွေ ဘ၀လည်း ပျက်သထက် ပျက်လာပါတော့တယ်။ တဖြည်းဖြည်းနဲ့ ရပ်ကွက်လမ်းတွေပေါ်မှာ၊ ကားတန်းကြီးတွေကြားထဲမှာပါ တောင်းရမ်းသူတွေ များပြားလာခြင်းပါ။ ချိုင်းထောက် အတုတွေနဲ့ လူတွေကို အလွယ်တကူမြင်တွေ့နိုင်ပါတယ်။ ဆိုးဝါးလှတဲ့ အချက်ကတော့ တောင်းရမ်းသူတွေဟာ ဘာသာရေး အဆောင်အယောင်တွေ ၀တ်စား ဆင်ယင်ထားခြင်းပါ။ အမျိုးသမီးတွေက ခေါင်းပုဝါတွေခြုံ၊ အကာအကွယ် ၀တ်ရုံ(ဗုရခါ)တွေဝတ်ပြီး တချို့တောင်းရမ်းနေသလို၊ အမျိုးသားတွေက ဦးထုပ်တွေဆောင်း၊ အဖြူရောင် ၀တ်ရုံရှည်ကြီးတွေဝတ်ပြီး၊ မြင်တွေ့ရသူအပေါင်းကို အထင်မှတ်မှားစေတာပါ။ တကယ်တော့တောင်းရမ်းသူတွေ
    ဆီက ဒီလို အယောင်ဆောင်မှုတွေကို ခွာချလိုက်သင့်တာပါ။

    ဒီကြားထဲအယောင်ဆောင်တချို့က အမည်ခံ မိဘမဲ့ကျောင်းတွေကိုအကြောင်းခံပြီး လုပ်စားကြသူတွေလည်းရှိပါတယ်။ စစ်တမ်းက အံ့ဩစရာ မွတ်စလင်တောင်းရမ်းသူ ၈၀ရာခိုင်နှုန်းဟာ အတုတွေ ရေသာခိုသမားတွေပါတဲ့၊ ဒီကြားထဲအစ္စလာမ် မဟုတ်ဘဲ အယောင်ဆောင်ဝတ်စား ဆင်ယင်သူက ထက်ဝက်နီးပါး(၃၅)ရာခိုင်နှုန်းရှိပါသတဲ့၊ (၁၈)ရာခိုင်နှုန်းကတော့ တကယ် မရှိတာရယ်၊ ကျန်းမာရေး အခက်အခဲတွေကြောင့် အမှန်တကယ် တောင်းစားနေကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

    ဒါပေမယ့် သူတောင်းစားတွေရဲ့ ၇၈ရာခိုင်နှုန်းက အိုးအိမ် အတည်အကျမရှိသူတွေနဲ့ လမ်းဘေးမှာဖြစ်သလိုနေတဲ့ သူတွေပါ။ အကယ်၍များ အလုပ်အကိုင်တစ်ခုခုရှိရင် ဒီအလုပ်စွန့်မလားဆိုတဲ့မေးခွန်းကို ၃၀ရာခိုင်နှုန်းလောက်သာ စွန့်မယ်လို့ဖြေပြီး၊ ကျန်တဲ့လူတွေက ဒီအလုပ်ကိုနှစ်သက်ပါသတဲ့။ လွယ်ကူတဲ့ ရပေါက်ရလမ်းတွေရှိနေတော့ အလုပ်လုပ်ဖို့ပျင်းရိကုန်ကြပါပြီ။ ၀မ်းနည်းစရာကောင်းတဲ့ အချက်က သူတို့နဲ့အတူ လူမမယ်ကလေးတွေ၊ ကျောင်းနေအရွယ်ကလေးတွေ ပညာမသင်ရခြင်းပါ။ ကလေးတွေကိုခုတုံးလုပ်ပြီးတောင်းစားနေတဲ့သူတွေက ၄၀ ရာခိုင်နှုန်း ရှိနေပါတယ်။ ကလေးတွေကို ကျောင်း တက်မလားဆိုတဲ့မေးခွန်းကို ၁၀ ယောက်မှာ ၉ယောက်ဖြစ်တဲ့ ၉၀ရာခိုင်နှုန်းက ကျောင်းဝတ်စုံ ၀တ်ထားတဲ့ ကလေးတွေကိုကြည့်ပြီး တက်ချင်တယ်လို့ဖြေခဲ့တာဟာဖြင့် ကျွန်တော့်ကို မျက်ရည်စို့စေခဲ့ပါတယ်။ သူတို့ရဲ့အနာဂတ်ကိုသိလို့ မဟုတ်ဘဲ ၊ကလေးတွေရဲ့ပင်ကိုယ်စိတ်နဲ့ဖြေခဲ့တာပါ။ ဒီလို မသမာတဲ့တောင်းရမ်းသူတွေကြောင့် ကလေးတွေ အနာဂတ်ပျောက်နေကြရပါပြီ။ အသက်အရွယ်ကြီးရင့်ပြီးတောင်းစားနေသူရဲ့ ၆၅ ရာခိုင်နှုန်းက ခိုလှုံဖို့တစ်နေရာ အလိုရှိပြီး၊၂၀ရာခိုင်နှုန်းက စည်းကမ်း ချုပ်ချယ်တဲ့ ရိပ်သာအစား လွတ်လွတ်လပ်လပ်ပဲနေချင်ပါသတဲ့။

    ဒီလူတွေအားလုံး နီးပါးဖြေကြတာက အစ္စလာမ်ဘာသာဝင် အသက်အရွယ်ကြီးရင့်သူတွေ အတွက် ဘိုးဘွားရိပ်သာတွေက လုံလောက်မှု မရှိဘူးဆိုတာပါဘဲ အဖွဲ့တစ်ဖွဲ့က”သူတောင်းစား ပပျောက်ရေးနဲ့ အလုပ်အကိုင် နေရာချထားရေး” အတွက်ကြိုးစားခဲ့ပေမယ့် ထုထည် ပမာဏကြီးလွန်းတာရယ်၊တောင်းရမ်းသူတွေကကို၌က စိတ်မ၀င်စားတာရယ်ကြောင့် လက်လျှော့ခဲ့ရပါတယ်။ အရင်တုန်းက စီမံချက်နဲ့တောင်းရမ်းသူတွေကို ဖမ်းဆီးတဲ့အခါ မှာ စခန်းတရားရုံးကို အပေးအယူလုပ် လိုက်ဖြေရှင်းပေးတဲ့ ငွေကြေးရှင်(ငွေတိုးချေးစားသူ) တွေရှိပြီး၊အမှုပြီးရင် ကြီးမားတဲ့ အတိုးနှုန်းနဲ့ ပြန်ဆပ် ရပါတယ်။ဝမ်းနည်းစရာကောင်းတဲ့ အချက်က မြန်မာမွတ်စလင် အများစုဟာ ကောင်းရောင်း၊ ကောင်းဝယ် လုပ်စားနေသူတွေကို၊ ထိုက်တန်တဲ့အခကြေးငွေပေးဖို့ တွန့်တိုတတ်ကြပေမယ့် တောင်းရမ်းသူတွေကိုတော့ အကျိုးစ၀ပ် (ကုသိုလ်)ကိုမျှော်ကိုးပြီး တလွှဲဆံပင်ကောင်း လှူဒါန်းလေ့ရှိပါတယ်။

    လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ
    ———————————–
    နိုင်ငံသားအစ္စလာမ်တို့ဟာ ခေတ်အဆက်ဆက်အခွင့်အရေးတွေ လျစ်လျူရှုခံရပြီး၊ အထူးသဖြင့်ဦးနေ၀င်းရဲ့ ဆိုရှယ်လစ်အစိုးရ လက်ထက်မှာ စခဲ့ပါတယ်။ မလွတ်လပ်ခင်နဲ့လွတ်လပ်ရေးရပြီးဦးနုရဲ့ ဒီမိုကရေစီအစိုးရအထိ တိုင်းရင်းသားအစ္စလာမ်တို့ဟာ ၀န်ကြီးရာထူးများ အထိတက်လှမ်း နိုင်ခဲ့ကြပါတယ်။ ထိုက်တန်သူများရှိသော်လည်းဦးနေ၀င်းရဲ့ အစိုးရလက်ထက် မှာ တဖြည်းဖြည်း ဖယ်ရှားခံခဲ့ရပါတယ်။ စစ်အစိုးရကနေ ယခုအစိုးရ လက်ထက်တိုင်အောင်၊ နိုင်ငံသားအစ္စလာမ်တွေ အနေနဲ့ဝန်ထမ်း အကြီးအကဲတွေ ဖြစ်လာဖို့ခဲယဉ်းသွားခဲ့ရတာပါ။ ဒါဟာစနစ်တကျနဲ့ဖယ်ရှားခဲ့တာပါ။ သာမန်နိုင်ငံသား အစ္စလာမ်တွေအဖို့ နိုင်ငံသားစီစစ်ရေး ကဒ်ပြားဟာ မလွယ်ကူတဲ့ကိစ္စပါ။ အမျိုးမျိုးသောကဒ်တွေကို ထုတ်ပေးခဲ့ပြီး၊နိုင်ငံသား အဖြစ်မရရှိအောင်ခွဲခြား ခံခဲ့ရတာဟာ စိတ်မကောင်းဖွယ်ရာပါ။ နိုင်ငံသားစီစစ်ရေးကဒ် မရှိတဲ့အတွက် ခရီးသွားလာခွင့် ပညာသင်ကြား ခွင့်နဲ့ သင်ကြားမှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များရရှိဖို့ ငြင်းဆန်ခြင်းခံခဲ့ရပါတယ်။

    ၁၉၄၇၊၁၉၇၄၊၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတိုင်းမှာ လွတ်လပ်စွာ ကိုးကွယ်ခွင့်နဲ့စပ်လျဉ်းပြီး အတိအလင်းဖော်ပြထား ခဲ့ပေမယ့်၊ တကယ် ပကတိအခြေအနေမှာ မရရှိခဲ့ပါဘူး။ ၀တ်ကျောင်းတော်များ တားဆီး ပိတ်ပင်ခံရမှု၊ ပြန်လည်ပြုပြင် တည်ဆောက်ခွင့်ရရှိခဲ့တာဟာ လက်ချိုးရေတွက်လို့ရပါတယ်။ ထို့အတူ ဘာသာရေးစာသင်ကြားမှုတွေကိုလည်း မတူညီတဲ့ဒေသအလိုက် ဟန့်တားခြင်းခံခဲ့ရပါတယ်။ ဒါ့အပြင် တရားစီရင်ရေးနဲ့ပတ်သက်ပြီး ကိုးကွယ်ရာ ဘာသာတရားတွေ၊ ကွဲပြားတဲ့လူမျိုးတွေကို အကြောင်းပြုပြီးခွဲခြားဆက်ဆံခြင်း ခံခဲ့ရပါတယ်။ စွပ်စွဲမှု အမျိုးမျိုးနဲ့ခေါင်းစဉ်တွေအောက်မှာ မတရားတဲ့ တရားစီရင်မှုတွေ ရှိနေခဲ့ရပါတယ်။ တချို့ဆိုရင် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်တာတွေအထိ ခွဲခြားခဲ့ပါတယ်လို့ ဆိုကြပါတယ်။

    ဒါကြောင့် အစ္စလာမ်ဘာသာဝင်အများစုနေထိုင်ရာဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးနဲ့ဒေသဖွံ့ဖြိုးရေးတို့ဟာ တချို့သော ပြည်နယ်တွေလိုပဲ နိမ့်ကျနေခဲ့ပါတယ်။ နိုင်ငံနဲ့အ၀ှမ်းမှာပေါ်ပေါက်ခဲ့တဲ့အကြမ်းဖက်မှုပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အစိုးရအနေနဲ့ ထိရောက်စွာကိုင်တွယ်မှု မရှိဘဲ ပဋိပက္ခဖန်တီးနေတဲ့
    အင်းအားစုတွေကို အရေးယူခြင်း မရှိခဲ့ဘူးလို့ ယုံကြည်နေခဲ့ကြပါတယ်။ ယခင်စစ်ခေါင်းဆောင်တွေ ကိုယ်တိုင်ပြောကြားခဲ့တဲ့၊ ခွဲခြားမှုများ၊ မိန့်ကြားချက်တွေဟာ ယခုအခါမှာပေါ်ထွက်လာခဲ့ပြီး၊ နိုင်ငံနှင့်အ၀ှမ်း အမုန်းတရားဟောပြောဖြန့်ချီတဲ့သူတွေကို အရေးမယူခြင်းဟာ၊ အစိုးရအပေါ်မှာ လုံးလုံးလျှားလျှားတာဝန် ရှိခဲ့ပါတယ်။

    ဒါကြောင့်တိုင်းနှင့်ပြည်နယ်နေရာဒေသ၉ခုက လူပေါင်း တစ်ထောင်ခန့်ကို မေးမြန်းထားတဲ့ စစ်တမ်းတစ်ခုအရ ၂၀၁၀ပြည့်နှစ်က နိုင်ငံသား အစ္စလာမ်တွေကို ခွဲခြားမှုနဲ့ စပ်လျဉ်းလို့ လူဦးရေရဲ့ ၆၀ရာခိုင်နှုန်းက နိုင်ငံသားစိစစ်ရေးနဲ့ ဘာသာရေးကိစ္စမှအပ တန်းတူရည်တူ ဆက်ဆံခြင်းခံရပါတယ်လို့ ဖြေဆိုပြီး၊ ၃၀ရာခိုင်နှုန်းကလုံးဝခွဲခြားခံရပါတယ်လို့ ယူဆကြပါတယ်။ ကျန် ၁၀ ရာခိုင်နှုန်းက ဖြေဖို့စိုးရိမ်ကြပါတယ်။ ယခု ၂၀၁၅မှာ ဒီစစ်တမ်းလေးကို ပြန်လည်မေးမြန်းကြည့်တဲ့ အခါမှာ မေးမြန်းခံရသူရဲ့ ၉၃ရာခိုင်နှုန်းကလုံးဝခွဲခြားခြင်းခံရပါတယ်လို့ ဖြေဆိုကြ ပါတယ်။

    ဒီလိုမယုံကြည်မှုတွေ လွှမ်းမိုးခံနေရတဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ကို ယုံကြည်မှုတွေပြန်လည် တည်ဆောက်ဖို့အတွက် “ဒီမိုကရေစီ အစိုးရသစ်” မှာ တာဝန်ရှိသလို၊ တန်းတူရည်မျှတဲ့ဆက်ဆံရေးတွေ လျင်မြန်စွာ အသက်ဝင်လာမယ် လို့လဲမျှော်လင့်မိပါတယ်။ တစ်ဦး ချင်းအနေနဲ့ ခွဲခြားဆက်ဆံမှုခံရတာတွေဟာ အပုံအပင်ပါ၊ ထိုနည်းတူစွာနိုင်ငံသား အစ္စလာမ်တွေအနေနဲ့ လည်းဘာသာမတူ လူမျိုးမတူဆိုတဲ့ အခြေအနေတွေအောက်မှာ သူစိမ်းပြင်ပြင်လို သဘောထားပြီးဆက် ဆံမှုဟာ၊ မြန်မာမွတ်စလင် လူ့အဖွဲ့အစည်းဟာ ပိုပြီးဝေးသထက်ဝေးလာတာကိုတွေ့နေရပါတယ်။ ယခု နောက်ဆုံးပေါ် ခွဲခြားဆက်ဆံခံရမှုကတော့၊ မြန်မာတို့ရဲ့အစဉ်အလာ ဓလေ့ထုံးစံတွေအရကျင်းပပြုလုပ်တဲ့ ပွဲလမ်းသဘင်တွေမှာ လမ်းဘေးဈေးရောင်းကြတဲ့အစ္စလာမ်တွေကို အဟန့်အတားပြုလုပ်နေကြခြင်းဟာ အတော့်ကိုဆိုးဝါးလှပါတယ်။

    ဆောင်ရွက်ရန်နည်းလမ်းများ
    —————————-
    ဒီပြဿနာရပ်တွေဖြေရှင်းရေးအတွက် အပိုင်း၂ ပိုင်းရှိပါတယ်။ အစိုးရရဲ့တာဝန်ရှိမှုနဲ့မြန်မာ-မွတ်စလင်လူ့အဖွဲ့အစည်းကိုယ်၌က တာဝန်ခံမှုဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ရှည်လုပ်ယူရမယ့် Longtime Plan မျိုးဖြစ်ပါ တယ်။ အစိုးရအနေနဲ့ ဘာတွေလုပ်ပေးနိုင်ပါသလဲ၊ ကြည့်ရအောင်ပါ။ပြည်သူပြည်သားတွေ အားလုံးခွဲခြားရေးအမြင်တွေ၊စိတ်ဓာတ်တွေ၊ အမုန်းတရားတွေပြေပျောက်ဖို့အတွက် အမှန်တကယ်ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှု အစီအစဉ်တွေကိုအောက်ခြေက စတင်ရပါမယ်။အခုလက်ရှိအစိုးရလုပ်သလို ဟန်ပြလုပ်ငန်း မျိုးမဖြစ်စေရပါဘူး။ လုပ်နေတဲ့ လူတွေက ကြိုးစားနေပေမယ့် အစိုးရက ထင်သလောက်အားမပေးပါဘူး။

    ကလေးသူငယ်တွေရဲ့ပညာသင်ရိုးညွှန်းတမ်းတွေမှာ Religious Study ဆိုတဲ့ ဘာသာတရားများ လေ့လာမှု အစီအစဉ်ထည့်သွင်းပြီး၊ငယ်စဉ်ကတည်းက အမြင်မသွေလွဲအောင်ကြိုးပမ်းရပါမယ်။ လွတ်လပ်စွာ ၀တ်ပြုကိုးကွယ်ခွင့်၊ ပညာသင်ကြားခွင့်၊ တရားဥပဒေရဲ့စောင့်ရှောက်မှုရယူခွင့်၊ အမှုထမ်းခွင့်၊ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်းခံရခွင့်၊ စီးပွားရေးတွင်တရားမျှတစွာပါဝင်ယှဉ်ပြိုင်နိုင်ခွင့် စသည့်ဆုံးရှုံးခဲ့မှုများကို ပြန်လည် ကုစားပေးသင့်ပါသည်။

    မြန်မာ-မွတ်စလင်လူ့အဖွဲ့အစည်းအနေနဲ့လည်းဒီနိုင်ငံရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစား တန်ဖိုးထားရပါမယ်။ ဘာသာရေးအရ အစွန်းရောက်မှုတွေကို ရှောင်ရှားပြီး၊ တရားမျှတဲ့လူ့အဖွဲ့အစည်းကို တည်ဆောက်ရပါမယ်။ရေသာခိုအချောင်သမားများကို အားမပေးဘဲ၊ချို့တဲ့သူများ၏ ဘ၀များကိုတောင်းရမ်းမှုမှသည် အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးရပါမယ် အတတ်ပညာအသိပညာ များဖြင့် အနာဂတ်မျိုးဆက်ကို လက်ဆင့်ကမ်းရပါမယ်။

    မိမိတို့၏ရင်သွေးများကိုနိုင်ငံကျေးဇူး သိတတ်သော၊ နိုင်ငံသစ္စာ ခံယူတတ်သော အလေ့အထများမွေးမြူစေ ရပါမယ်။ နိုင်ငံဝန်ထမ်းများတွင်ပါဝင်လုပ်ကိုင်စေ ရပါမယ်။ ရှေးမှုမပျက်ချစ်ကြည်ရင်းနှီးခဲ့သော အစဉ်အလာများအတိုင်း အနာဂတ်နိုင်ငံ၏ ဦးဆောင်မှုကဏ္ဍ၊ တိုင်းပြည်ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင်၊ အုတ်တစ်ချပ် သဲတစ်ပွင့်ဆိုသလို ပါဝင်ကူညီရပါ မယ်။ တိုင်းနိုင်ငံတစ်ဝှမ်း မြန်မာ-မွတ်စလင်လူ့အဖွဲ့အစည်းကို ကိုယ်စားပြုသော “မီဒီယာများ”ပေါ်ထွန်းလာ ရေးကို ကူညီပေးသင့်ပါတယ်။သို့မှသာ မှန်ကန်သောသတင်းဖြစ်ရပ်များ အချိန်နှင့် တပြေးညီထုတ် ပြန်နိုင်မှာဖြစ်ပါတယ်။

    နိဂုံးချုပ်အနေနဲ့ ဒီစစ်တမ်းလေးရဲ့တွေရှိချက်တွေကို သုံးသပ်အကြံပြုတင်ပြချက်တွေကို ပေါ်ပေါက်လာမယ့် “ဒီမိုကရေစီအစိုးရသစ်” တစ်ရပ်အနေနဲ့ ဆောင်ရွက်ပေးပါလို့မေတ္တာရပ်ခံရင်းနဲ့ တစ်ပြိုင်နက်တည်း၊ မြန်မာ-မွတ်စလင် လူ့အဖွဲ့အစည်း တစ်ရပ်လုံးအနေနဲ့လည်းဝန်ထုပ်ဝန်ပိုး တွေကိုစုပေါင်းဖြေရှင်းရင်း၊ တိုင်းပြည်ရဲ့ပြုပြင်ပြောင်းလဲရေး ခရီးလမ်းတစ်လျှောက်မှာ ပါဝင်ဆောင်ရွက်ကြပါစို့လို့ အလေးအနက်တိုက်တွန်းလိုက်ရပါတယ် ခင်ဗျား။

    ဆောင်းပါးရှင်၏ ခွင့်ပြုချက်ဖြင့် Firday Times ဂျာနယ်မှ ကူးယူဖော်ပြပါသည်။

  • မဟာတမန်တော်နေ့ အထိမ်းအမှတ် ဘာသာပေါင်းစုံ စုပေါင်း သွေးလှူပွဲ  ပန်းသေးဗလီ ခန်းမ မှာ ပြုလုပ်

    မဟာတမန်တော်နေ့ အထိမ်းအမှတ် ဘာသာပေါင်းစုံ စုပေါင်း သွေးလှူပွဲ ပန်းသေးဗလီ ခန်းမ မှာ ပြုလုပ်

    ဇန်နဝါရီ ၃၀၊ ၂၀၁၆
    M-Media
    မိုးစက်
    12573746_1210040695691413_8733895928596692058_n
    ရန်ကုန်။    ။ မန္တလေးမြို့နယ်လုံးဆိုင်ရာ မဟာတမန်တော်နေ့ ကျင်းပရေး ဗဟိုကော်မတီမှ ဦးစီးပြီး မဟာတမန်တော်နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲတစ်ရပ်ကို ဇန်နဝါရီလ ၃၀ ရက်နေ့က မန္တလေးမြို့ ပန်းသေးဗလီခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

    “ကျွန်တော်တို့ ၁၉၉၉ ခုနှစ်ကတည်းက စတင်လုပ်ခဲ့တာပါ။ ကြားထဲမှာ မလုပ်ဖြစ်တဲ့ နှစ်တွေလည်း ရှိခဲ့ပါတယ်။ ခုလို စုပေါင်းပြီးတော့ သွေးလှူဒါန်းပွဲပြုလုပ်ရခြင်းဟာလည်း တမန်တော်နေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်တာရယ်၊ ဘာသာပေါင်းစုံ ညီအစ်ကိုမောင်နှတွေ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးဖြစ်အောင် ခုလို ဘာသာပေါင်းစုံကလူတွေ အားလုံး သွေးလှူဒါန်းနိုင်အောင် ကျင်းပရခြင်းဖြစ်တယ်” လို့ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပရေးကော်မတီမှ တာဝန်ခံတစ်ဦးဖြစ်သူ ဦးခင်မောင်ဝင်းက ဆိုပါတယ်။

    ယခုကဲ့သို့ စုပေါင်းသွေးလှူဒါန်းပွဲကျင်းပရခြင်းသည် (၅) ကြိမ်မြောက်ကျင်းပရခြင်းဖြစ်ပြီး မန္တလေးမြို့မှာရှိတဲ့ ဘာသာပေါင်းစုံ (၉၂) ဦး စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရပါတယ်။ အဆိုပါ လှူဒါန်းသည့်သွေးများကို သွေးလှူဘဏ်မှ လာရောက်ကူညီ ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်းလည်း သိရပါတယ်။

    သွေးလှူဒါန်းခဲ့သော မန္တလေးမြို့မှ ကိုကျော်မိုးအောင်ကလည်း သွေးလှူဒါန်းရခြင်းနှင့် ပတ်သတ်ပြီး “ကျွန်တော် ဒီကလုပ်တဲ့ ဒုတိယအကြိမ်မြောက်ကတည်းက စတင်လှူဒါန်းခဲ့တာပါ။ တမန်တော်နေ့ အထိမ်းအမှတ် အဖြစ် သွေးလှူရတာဆိုတော့ တမန်တော်မြတ်ချမှတ်ခဲ့တဲ့ လူသားအကျိုးပြုလုပ်ငန်းတွေကို တစ်စိတ်တစ်ဒေသ လိုက်နာ ကျင့်သုံးတာပဲလေ။ သွေးလှူတယ် ဆိုတာလည်း လူ့အသက်ကို ကယ်တင်တာပါပေါ့။ အဲဒါကြောင့် တမန်တော်မြတ်ရဲ့ ဆုံးမသြဝါဒတွေကို နာခံတဲ့အနေနဲ့ ကျွန်တော့်အနေနဲ့ သွေးလှူဒါန်းခဲ့ခြင်း ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

    အဆိုပါ သွေးလှူဒါန်းပွဲကို နှစ်စဉ် ကျင်းပနိုင်အောင် ပြုလုပ်သွားနိုင်ပြီး လှူဒါန်းသည့် လူဦးရေလည်း များပြား လာနိုင်စေရန် ဆောင်ရွက်လျက် ရှိကြောင်း သွေးလှူဒါန်းပွဲကျင်းပရေးကော်မတီမှ သိရပါတယ်။

    ဓါတ်ပုံများကို ပန်းသေးမိသားစု FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

    12647025_136329880082296_806105076972238403_n

    12642844_1210040722358077_4268664704243839730_n 12644974_1210040675691415_9046185669640276468_n 12645192_1210040659024750_2319201806134505508_n  12651352_136330450082239_8605276539095426695_n 12661854_1210040709024745_2362440323596496369_n

  • လူ့စိတ် လူ့သဘော

    လူ့စိတ် လူ့သဘော

    ဇန်နဝါရီ ၃၀ ၊ ၂၀၁၆
    M-Media
    နှင်းဆီခင်ရေးသည်။

    dievčina

    ပြောင်းလဲတတ်တာ လူ့စိတ်တဲ့။ တစ်သတ်မတ်တည်း တည်တည်တံ့တံ့ မပြောင်းလဲဘူးဆိုတဲ့သူ လောကမှာရှိတယ်။ လူနည်းစု တစ်နည်းပြောရရင် ဘာသာတရားရဲ့  အဆုံးအမအောက်မှာ ကိုယ်ကျင့်သိက္ခာကို တစ်ပြားသားမှ အပွန်းမခံတဲ့သူတွေဟာ မယိမ်းယိုင်တတ်ကြဘူး။ အခြေအနေနှင့် အချိန်အခါကိုလိုက်ပြီး စိတ်ထားနှင့်ခံယူချက်ကို လွယ်လွယ်ကလေး မပြောင်းတတ်ကြပါဘူး။ ဆိုလိုတာက ပုတ်သင်ညှိလို အရောင်ပြောင်းတဲ့ စိတ်ဓာတ်မျိုး မရှိသူတွေကို ကိုယ့်ဘဝ၊ ကိုယ့်အသိုင်းအဝိုင်းမှာ ကြုံဆုံခဲ့ကြဖူးမှာပါ။ ဒါပေမယ့် ရှိတယ်။ ရှားပါးတယ်ဆိုတဲ့အစားမျိုး။

    ကောင်းပြီ ဒါဆိုရင်ဘယ်လိုလူစားတွေ အတွေ့များသလဲ။ ထားခဲ့တဲ့ကတိ ပြောခဲ့တဲ့စကားတွေကို အမေ့ကြီးမေ့ကြီး အခြေအနေတစ်ခုခုပေါ်လိုက်လို့ ရုတ်ခြည်းပြောင်းတတ်သူတွေကတော့ ဒုနှင့်ဒေးပေါ့။ အပြစ်မရှ အပြစ်မဆိုချင်ပေမယ့် လူ့စရိုက်လူ့သဘော ဆိုတာကတော့ နားလည်ထားပြီး ဖြစ်ကြမှာပါ။

    ဆင်းရဲမွဲတေတဲ့ဒဏ်ကို ခါးစည်းခံဝံ့ကြတယ်။ လောကဓံရဲ့အတွန်းအတိုက်တွေကိုလည်း မမှုဘဲရင်ဆိုင်ဝံ့ကြတယ်။ အဲဒီလို အကျပ်အတည်းဆိုက်နေတဲ့ အချိန်အခါမျိုးမှာ စာရိတ္တတို့ အကျင့်သီလတို့ကို ဆံခြည်တစ်မျှင်မတိမ်း၊ အယိမ်းမခံတတ်တာ ယေဘုယျ သဘောလို့ ဆိုခဲ့ရင်။

    မမြင်ဖူးတဲ့စည်းစိမ်၊ မခံစားဖူးတဲ့လောကီအဆောင်အယောင်တွေကို နဖူးတွေ့၊ ဒူးတွေ့ကြုံရတဲ့အခါ ဟိုးအရင်ကထားခဲ့ဖူးတဲ့ စိတ်ဓာတ်တွေဟာ ကျောက်စိုင်ကျောက်သားလို ခိုင်ခံ့မနေတော့ပါဘူး။ ဝါဂွမ်းစလေးတွေလို လေထဲပျောက်ကွယ်လွင့်ပါးသွားရော။ ဒါကတချို့တချို့သော လူတွေရဲ့ပြောင်းလဲခြင်းလို့ပဲ ဆိုပါရစေ။

    ကျွန်မရဲ့အချစ်ဆုံးတစ်ဦးတည်းသော (အဝေးရောက်) သမီးလေးက ရသတစ်ပုဒ်ကို ပို့ပေးခဲ့တယ်။ ပညာရှင်တစ်ဦးရဲ့ လက်ရာပါ။ စာဖတ်သူတွေအတွက် မျှဝေခံစားပေးချင်လို့ ရေးသားပြန်ဆိုလိုက်ပါတယ်။

    “မျက်မမြင်မိန်းကလေးတစ်ယောက်ရဲ့ ဇာတ်လမ်း”တဲ့။မျက်မမြင် မိန်းကလေးတစ်ဦးဟာ သူမရဲ့မျက်စိတွေအလင်းမရတာကြောင့် ကိုယ့်ကိုယ်ကိုတအားမုန်းတီးနေမိတယ်။ တစ်လောကလုံးကို အမုန်းကြီးမုန်းတယ်။ သူမရဲ့ချစ်သူကောင်လေးက လွဲလို့ပေါ့။ ကောင်လေးက သူမကို အမြဲတမ်းအဖော်ပြုနေပေးရင်း အားပေးလေ့ရှိတယ်။ ကောင်မလေး မကြာမကြာပြောတတ်တာက သူမသာ မျက်စိမြင်ပြီး လောကကြီးကို တွေ့ခွင့်ရရင် ကောင်လေးကို လက်ထပ်ပါ့မယ်တဲ့လေ။

    တစ်နေ့မှာတော့ သူမအတွက် တစ်စုံတစ်ယောက်က မျက်စိလှူလိုက်တယ်။ ဒီတော့ မျက်စိအလင်းရလို့ လောကကြီးကို မြင်ခွင့် ရသွားပြီပေါ့။ သူမရဲ့ ချစ်သူကောင်လေးကိုလည်း မြင်နိုင်ပြီလေ။ ကောင်လေးက သူ့ကောင်မလေးကို မေးလိုက်တယ်။ “ကဲ အခုဆိုရင် လောကကြီးကို မင်းမြင်ရပြီနော်။ ငါ”့ကိုမင်း လက်ထပ်မှာလား” ဆိုတော့ ကောင်မလေးက အကြီးအကျယ် တုန်လှုပ်ချောက်ချားသွားတယ်။ သူမရဲ့ ချစ်သူကောင်ကလေးကလည်း သူမလိုပဲ။ မျက်မမြင်တစ်ယောက် ဖြစ်နေတာကိုး။ ဒီတော့ ကောင်မလေးက ငြင်းလိုက်တယ်။ ကောင်လေးက မျက်ရည်တွေ စီးကျရင်း ကောင်မလေးအနားကနေ ထွက်သွားတယ်။ ပြီးတော့ စာတိုလေး တစ်စောင်ပို့ပေးလိုက်တယ်။

    “အချစ်ရယ် ငါ့မျက်လုံးတွေကို မင်းအသေအချာ ဂရုတစိုက် ထိန်းသိမ်းပါကွယ်” တဲ့။

    ဇာတ်လမ်းလေးက အဲဒီမှာတင်ဆုံးသွားတယ်။ အခြေအနေနှင့် အချိန်အခါ ပြောင်းလဲတာနှင့် အမျှ အတိတ်ကို မမေ့မလျော့ရှိတာ၊ အခက်အခဲ အကျပ်အတည်း ကြုံနေသော်မှတည်တဲ့ ကြံ့ခိုင်မှုရှိတာတွေဟာ ရှားပါးပစ္စည်းတွေ ဖြစ်ကုန်ပြီ။

    ဇာတ်လမ်းထဲကလို ချစ်သူကိုချစ်လွန်းလို့ မျက်လုံးတစ်စုံ စွန့်ပေးခဲ့တဲ့ ချစ်သူကောင်လေးအပေါ် ကောင်မလေးရဲ့ တုံ့ပြန်မှုမျိုးက ဒဏ္ဍာရီလိုပဲ ဆိုစေ၊ ပြောင်းလဲတတ်တဲ့ ပြောင်းလဲလွယ်တဲ့ လူ့သဘော (ယေဘုယျသဘာဝ) ကိုစာဖတ်သူလက်ခံပါ့မလား။

    REF: The story of a blind girl.

    နှင်းဆီခင်

  • “မြန်မာဟာ အရှေ့တောင်အာရှမှာ အာဟာရချို့တဲ့မှု တတိယ အများဆုံးနိုင်ငံဖြစ်နေတယ်”

    “မြန်မာဟာ အရှေ့တောင်အာရှမှာ အာဟာရချို့တဲ့မှု တတိယ အများဆုံးနိုင်ငံဖြစ်နေတယ်”

    IMG_8467

    သင်းလဲ့ဝင်း/Myanmar Now

    ရန်ကုန် (Myanmar Now) — မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အဖွဲ့ (WFP) သည် ၂ဝ၁၆ ခုနှစ်ကုန်အထိ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဒေါ်လာ ၅၁ သန်း လိုအပ်လျက်ရှိသည်။
    ဝန်ထမ်းအင်အား ၂၅ဝ အထိ မြန်မာနိုင်ငံတွင် ခန့်ထားပြီးသော WFP က ၂ဝ၁၅ ခုနှစ် အတွင်း လူဦးရေ ၁ ဒသမ ၂ သန်းကို  စားနပ်ရိက္ခာနှင့်ငွေကြေး ထောက်ပံ့ခဲ့ရာတွင် သဘာဝဘေး အန္တရာယ်နှင့် ပြည်တွင်းစစ်ဒဏ် ကြုံတွေ့ခဲ့ရသည့် ဒုက္ခသည် ငါးသိန်းခန့်အတွက် အရေးပေါ်စားနပ်ရိက္ခာထောက်ပံ့မှုလည်း ပါဝင်သည်။

    Myanmar Now သတင်းဌာနမှ သတင်းထောက်ချုပ်  သင်းလဲ့ဝင်းက WFP ၏ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Dom Scalpelli ကို   သွားရောက်တွေ့ဆုံပြီး လိုအပ်ငွေကြေးပမာဏကြောင့်  ဖြစ်နိုင်ဖွယ်အကျိုးဆက်၊  မြန်မာနိုင်ငံအနေဖြင့် စားနပ်ရိက္ခာမလုံလောက်မှု ဖြစ်နေရဆဲ အကြောင်းများ၊ ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရချို့တဲ့မှုပပျောက်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းဖြင့် တိုင်းပြည်အတွက်အကျိုးဖြစ်ထွန်းမှု စသည်တို့နှင့် ပတ်သက်၍ မေးမြန်းခဲ့သည်။

    မေး –  ရန်ပုံငွေမလုံလောက်မှုအပေါ် ဘယ်လောက်အထိ စိုးရိမ်မိသလဲ။ ဒါဟာ ရေရှည်အခက်အခဲတစ်ခုရဲ့ အစိတ်အပိုင်းတစ်ရပ်လား။

    ဖြေ –  စိတ်မကောင်းစရာတစ်ခုက ကျွန်တော်တို့လုပ်ငန်းဟာ ပုံမှန်အားဖြင့် ရန်ပုံငွေလုံလောက်မှုမရှိပါဘူး။ မီးသတ်ဌာနတစ်ခု မီးသတ်ကားတွေဝယ်ဖို့ ဒါမှမဟုတ် အဲဒီကားတွေကို ဆီထည့်ဖို့ ငွေပုံမှန်လိုနေသလိုပါပဲ။ ဥပမာဆိုရရင် မီးလောင်ပြီဆိုတော့မှ မြို့ထဲကို အပြေးအလွှားသွား၊  ငွေရှာရသလို ဖြစ်နေပါတယ်။

    မြန်မာနိုင်ငံမှာလည်း ရေကြီးပြီဆိုရင်၊  ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေကြောင့် လူတွေထွက်ပြေးရပြီဆိုရင် ဖြစ်ပုံက ခုနကလိုပါပဲ။  အရေးပေါ်အခြေအနေတစ်ခုဖြစ်လာပြီဆိုရင် ကျွန်တော်တို့မှာ နောက်ထပ်ရန်ပုံငွေတွေ လိုက်ရှာရပါတော့တယ်။ ဒါဟာ မဖြေရှင်းနိုင်သေးတဲ့အခက်အခဲပါ။ ဒါပေမဲ့ ဒါက လက်ရှိသွားနေတဲ့စနစ်ပါပဲ။

    မေး –   ရန်ပုံငွေမရှိတဲ့အတွက် လူသားချင်း စာနာတဲ့အကူအညီပေးတဲ့လုပ်ငန်းအပေါ် ဘယ်လိုအကျိုးသက်ရောက်နိုင်ပါသလဲ။

    ဖြေ – စစ်ဘေးရှောင်ဒုက္ခသည်တွေကို ကူညီဖို့ ဧပြီလအထိတော့ ရိက္ခာလုံလောက်ပါတယ်။ အဲဒီနောက်ပိုင်းဆိုရင်တော့ အခက်အခဲရှိလာပါပြီ။ ကျွန်တော်တို့က ပုံမှန်အလှူရှင်တွေ၊  နောက်တိုးအလှူရှင်တွေနဲ့ အဆက်မပြတ် ဆွေးနွေးနေတာကြောင့် ဧပြီလမတိုင်မီ နောက်ထပ် လှူဒါန်းထည့်ဝင်တာတွေ ရလာနိုင်မယ်လို့ အရမ်းကိုမျှော်လင့်ထားတာပါ။

    ရန်ပုံငွေ လုံလောက်မှုမရှိတဲ့ အခါမျိုးမှာ ကျွန်တော်တို့က  လူ့အသက်ကယ်တဲ့လုပ်ငန်းတွေကို ဦးစားပေးရပါတယ်။ ဒီလုပ်ငန်းစဉ်အောက်မှာဆိုရင် အာဟာရချို့တဲ့နေတဲ့ ကလေးငယ်တွေ၊ အသက် ၅ နှစ်အောက် ကလေးငယ်တွေ၊  ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊  ကချင်၊  ရခိုင်နဲ့ ရှမ်းပြည်နယ်တို့က နေရပ်စွန့်ခွာထွက်ပြေးလာရသူတွေ (အထူးသဖြင့် အဲဒီပြည်နယ်တွေက ဒုက္ခသည်စခန်းတွေမှာရှိတဲ့သူတွေ)၊  ရေကြီးမှုနဲ့ မြေပြိုမှု ကြုံတွေ့ခံစားခဲ့ရသူတွေကို အစာအာဟာရ ထောက်ပံ့ပေးပါတယ်။

    ဒုတိယဦးစားပေးအနေနဲ့ကတော့ စားနပ်ရိက္ခာလုံလောက်မှု မရှိတဲ့ ဒေသတွေက စာသင်ကျောင်းတွေမှာ အာဟာရပြည်စုံတဲ့ မုန့်တွေကို မူကြို၊  သူငယ်တန်းကလေးပေါင်း၂၃ဝ,ဝဝဝ ခန့်ကို ကျွေးမွေးတဲ့ နေ့စဉ် ကျောင်းမှာလုပ်တဲ့အစီအစဉ် မျိုးကတော့ မိဘတွေ ကိုယ့်သား၊ သမီးတွေကို ကျောင်းပို့အောင် ဆွဲဆောင်တဲ့အရာဖြစ်ပါတယ်။

    အခြားသော ဒေသဖွံ့ဖြိုးရေးအစီအစဉ်တွေဖြစ်တဲ့ ဆည်၊  ငါးကန်၊  လမ်း၊  တံတားအစရှိတဲ့ လူမှုအခြေခံ အဆောက်အဦတွေ ပြန်လည် ထူထောင်ပေးတာကလည်း ဒီသဘောပါပဲ။ ဒါဟာ အနာဂတ်မှာလာမယ့် ထင်မထားတဲ့ဘေးဒုက္ခတွေကိုကာကွယ်ရာမှာ ဒါမှမဟုတ် လျှော့ချရာမှာနဲ့ ဒုက္ခကြုံရင်လည်း ကြံ့ကြံ့ခံနိုင်စွမ်းရှိအောင် တည်ဆောက်ပေးရာမှာ အထောက် အကူဖြစ်ပါတယ်။

    မေး –  မြန်မာနိုင်ငံဟာ စားနပ်ရိက္ခာ ပိုလျှံကြွယ်ဝတဲ့ နိုင်ငံဖြစ်ပေမယ့် ဒေသအများအပြား အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ အစားအစာ မလုံလောက်တာကြောင့် လူကြီးလူငယ်တွေမှာ အာဟာရမပြည့်ဝတာကို တွေ့နေရပါတယ်။ ဘာကြောင့် အခုလို ဖြစ်ရတာလဲ။

    ဖြေ –  ကမ္ဘာပေါ်က နိုင်ငံတိုင်းမှာ အာဟာရချို့တဲ့စွာ စားရတဲ့ သူအချို့ကို အနည်းနဲ့ အများဆိုသလို တွေ့ရပါတယ်။  ဒါဟာလည်း အသိပညာ ဗဟုသုတနဲ့ အများကြီး သက်ဆိုင်နေပါတယ်။ အာဟာရရှိတဲ့အစာကို စားသုံးနိုင်တဲ့အနေအထားမှာရှိရင်တောင်မှ လူတွေဟာ မှန်ကန်တဲ့နည်းလမ်းနဲ့ အမြဲစားချင်မှ စားပါလိမ့်မယ်။ စားချင်မှတောင် စားမှာပါ၊ အဲဒါကို ရောင်းပစ်ပြီး ပိုပြီးဈေးသက်သာတာတွေကို  ပြန်ဝယ်စားတာမျိုးလည်း ရှိနိုင်ပါတယ်။

    မြန်မာနိုင်ငံဟာ ဆန်စပါးထုတ်လုပ်မှု ပိုလျှံတယ်ဆိုတာ မှန်ပါတယ်။  မြန်မာတွေ အတွက်ကတော့ ဆန်ရှိခြင်းဟာ စားနပ်ရိက္ခာရှိခြင်းပါပဲ။ ဒါပေမယ့် ဒီမှာ စားသုံးနေတဲ့ပုံစံအရတော့ ဆန်ကိုစားရုံသက်သက်မျှနဲ့ အာဟာရရှိသွားတာတော့ မဟုတ်ပါဘူး။
    ဆန်ညိုကို စားတဲ့သူ တော်တော် နည်းပါတယ်။ ဆန်တွေကို ဖြူနိုင်သမျှဖြူအောင် ဖွတ်ထားတဲ့ ဆန်တွေကို စားကြတော့ အဲဒီဆန်မှာပါတဲ့ အာဟာရတွေ အများကြီး ဆုံးရှုံးကုန်ပါတယ်။

    ချင်းပြည်နယ်မှာလည်း မြို့တစ်မြို့ကနေ နောက်တစ်မြို့ကို သွားမယ်ဆိုရင် ကားကောင်းမယ်ဆိုရင်တောင်မှ သုံးနာရီလောက်ကြာပါတယ်။ ဒီတော့ အစားအစာတွေကို ဝယ်လို့ရတယ်ဆိုပေမယ့် ဈေးကြီးတယ်။ အဲဒီဒေသမှာ ရေကြီးတုန်းက ကြုံခဲ့ရဖူးတယ်၊ ဆန်တစ်အိတ်ကို အရင်က အခြားနေရာတွေထက်ဈေးကြီးပြီး ကျပ် သုံးသောင်းကျော်လောက် ရှိရာကနေ ကျပ်တစ်သိန်းကျော် ဖြစ်သွားတယ်။ သွားရေးလာရေး ခက်ခဲတာကလည်း ပြဿနာတစ်ခုပါ။

    မြေနဲ့ အခြား ရင်းမြစ်တွေ အသုံးပြုနိုင်မှုနည်းပါးတာ သို့မဟုတ် မျှမျှတတမဖြစ်တာ၊  စိုက်ပျိုးရေးရေခံမြေခံ မကောင်းမွန်တာ၊ တစ်ခုခုဖြစ်ရင် နာလန်ထူနှေးတာတွေကြောင့် မြေယာမဲ့တွေ၊  လက်လုပ်လက်စားတွေနဲ့ တိုင်းရင်းသားတွေလိုမျိုး အစကတည်းက တစ်ပန်းရှုံးပြီးသား သူတွေအတွက် အစားအစာ မလုံလောက်မှုဟာ ကြုံနေကျပြဿနာတစ်ရပ်ပါ။ လယ်သမားအများစုမှာ စိုက်ပျိုးနိုင်တဲ့မြေ နည်းနည်းပဲ ရှိပါတယ်။ ဒီအခြေအနေကြောင့် သူတို့အနေနဲ့ မိသားစုအတွက်လိုအပ်မယ့် အစားအစာ၊  ဟင်းသီးဟင်းရွက်တွေကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလို့ မရပါဘူး။ စိုက်ပျိုးရေးလုပ်ငန်းကလည်း ရှိသင့်သလောက် မကောင်းမွန်ပါဘူး။  အပူပိုင်းဒေသတွေမှာဆိုရင် မြေကြီးတွေက သဲဆန်ပြီး မိုးရွာသွန်းမှုက နည်းပါတယ်။ တောင်တန်းဒေသတွေမှာကျတော့ စိုက်ပျိုးရေးလုပ်နိုင်တဲ့မြေက အနည်းအကျဉ်းပဲရှိပြီး  စိုက်ပျိုးရေးလုပ်ငန်း ကာလ တစ်ခုတစ်ခုကလည်း အင်မတန် တိုတာကြောင့် မြေဆီသြဇာ အသစ်ပြန်ဖြစ်ဖို့ မလွယ်ဘူး။

    တိုင်းရင်းသား ဒေသတွေမှာ လွတ်လွတ်လပ်လပ်/သို့မဟုတ် စိတ်ချလက်ချ သွားလာနိုင်ခြင်းမရှိတာကြောင့် မြေယာနဲ့ အသက်မွေးလုပ်နိုင်မယ့် အခြေအနေကောင်းတွေ ပိုပြီးလိုအပ်ပါတယ်။

    မေး –  မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာရှားပါးမှု အများဆုံးဖြစ်နေတာ ဘယ်နေရာတွေလဲ၊  ဘာကြောင့် ဖြစ်ရတာလဲ။

    ဖြေ – အဓိကဖြစ်နေတဲ့နေရာတွေကတော့ နယ်စပ်ဒေသတွေ၊  အပူပိုင်းဒေသတွေဖြစ်ပါတယ်။ ချင်းပြည်နယ်ဟာ ဝေးလံခေါင်ဖျားပြီး သီးခြားလိုဖြစ်နေတဲ့အပြင် အလုပ်အကိုင်အခွင့်အလမ်းမရှိသလို စိုက်ပျိးမြေလည်း နည်းပါးပါတယ်။ ရခိုင်ပြည်နယ်မှာ ဆိုရင်တော့ လွတ်လွတ်လပ်လပ် သွားလာလို့မရတာ၊  အလုပ်အကိုင်အခွင့်အလမ်းမရှိတာနဲ့ မြေယာရှားပါးမှုတို့ ဖြစ်နေပါတယ်။ အပူပိုင်း ဒေသမှာတော့ မြေဆီသြဇာညံ့ဖျင်းမှုနဲ့ စိုက်ပျိုးရေးနည်းပညာ လိုအပ်ချက်တွေရှိနေပါတယ်။

    မေး –  မြန်မာနိုင်ငံမှာ အာဟာရမပြည့်ဝမှုဟာ ဘယ်လောက်ထိ ဆိုးနေသလဲ။

    ဖြေ –  အရှေ့တီမောနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ပြီးရင် မြန်မာဟာ အရှေ့တောင်အာရှမှာ အာဟာရချို့တဲ့မှု တတိယအများဆုံးနိုင်ငံဖြစ်နေတယ်။ အမှန်ဆို ဒီလိုဖြစ်ရမှာ မဟုတ်ဘူး။ မြန်မာနိုင်ငံဟာ သဘာဝရင်းမြစ်တွေ ပေါကြွယ်ဝတယ်၊  ဒီရင်းမြစ်တွေကို ပညာရေး၊  လူနေမှုဘဝတွေအတွက် အသုံးချနိုင်ဖို့နဲ့ အာဟာရပိုမိုပြည့်ပြည့်ဝဝရှိအောင် စားတတ်ဖို့ လိုပါတယ်။ တစ်ခါတစ်ရံမှာတော့ ပိုကောင်းမွန်တဲ့အာဟာရစားသုံးမှု မြှင့်တင်အောင် ရှိရင်းစွဲယဉ်ကျေးမှုဓလေ့တွေကိုလည်း ပြောင်းလဲရပါလိမ့်မယ်။

    အစားအစာလိုအပ်ချက်အများဆုံးနေရာကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဖြစ်ပါတယ်။ အသက် ၅ နှစ်အောက် ကလေး ၃၄ ရာခိုင်နှုန်းဟာ အာဟာရချို့တဲ့တာကြောင့် အရေအတွက်နဲ့ဆိုရင် ကလေးသုံးယောက်မှာ တစ်ယောက်က   အရင် တော်တော်လေး ပုပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ ကပ်နေတဲ့ နေရာမှာဆိုရင် အာဟာရချို့တဲ့ဒဏ်ကြုံတွေနေရသူ ၅ဝ ရာခိုင်နှုန်းအထိ ရှိပါတယ်။ (အယ်ဒီတာ့မှတ်ချက် – ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင်မြို့တို့တွင် ရိုဟင်ဂျာ/ဘင်္ဂါလီ မွတ်စလင် တစ်သန်းခန့်နေထိုင်သည်)

    ဒုတိယကမ္ဘာစစ်ပြီးချိန်အထိ ဂျပန်မှာ အရပ်ပုတဲ့သူတော်တော်များသေးတယ်။ အခု တိုကျိုကို သွားကြည့်လိုက်ပါ၊ အများစုက အရပ်အမောင်းကောင်းနေကြပြီ၊ မျိုးဆက်တစ်ခုလောက်ပဲ ကြာခဲ့ပါတယ်၊ လုပ်ယူလို့ရတဲ့ အရာတစ်ခုပါ။ အာဟာရပြည့်ဝမှုဆိုတာ အစားအစာတစ်ခုတည်းနဲ့တင် မလုံလောက်ပါဘူး။ ကျန်းမာရေးကောင်းမွန်ရေး၊  သန့်ရှင်းရေးတို့နဲ့လည်း ဆိုင်ပါတယ်။ ဥပမာအားဖြင့် တောင်အာရှမှာဆိုရင် သန့်ရှင်းရေးညံ့ဖျင်းလို့ အာဟာရချို့တဲ့မှု ဖြစ်စေပါတယ်။ မွေးကင်းစကလေး တစ်ဦးအတွက် ပထမဆုံးရက်  ၁,ဝဝဝ မှာ မိခင်နို့သက်သက် တိုက်ကျွေးခြင်းနဲ့ ခြောက်လပြည့်ပြီးနောက်မှာ ဖြည့်စွက်စာပါ ထည့်ကျွေးဖို့ တိုက်တွန်းနှိုးဆော်တဲ့ကိစ္စကို နေရာတိုင်းမှာ လုပ်လို့ မရနိုင်ပြန်ပါဘူး။ အကြောင်းကတော့ ယဉ်ကျေးမှုတွေက အမျိုးမျိုးဖြစ်နေလို့ပါ။

    မေး – အာဟာရချို့တဲ့မှုဟာ ဘဝတစ်လျှောက်လုံးအထိ သက်ရောက်နိုင်တယ်လို့ သိရပါတယ်။ ဟုတ်ပါသလား။

    ဖြေ – ဟုတ်ပါတယ်။ ဥပမာ မြန်မာနိုင်ငံရဲ့ အစားအစာလုံလောက်မှုမရှိတဲ့ နေရာဒေသတစ်ခု အာဟာရမပြည့်ဝတဲ့ မိန်းကလေးတစ်ယောက်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးမွေးမယ်ဆိုရင် အဲဒီမွေးလာတဲ့ ကလေးဟာ စိတ်ပိုင်းဖြစ်ဖြစ် ရုပ်ပိုင်းဖြစ်ဖြစ် တစ်စုံတစ်ရာ ယုတ်လျော့ ချို့တဲ့မှု ရှိနိုင်ပါတယ်။

    မွေးကင်းစ ကလေးဟာ ပထမဆုံး ရက် ၁,ဝဝဝ မှာ အာဟာရ လုံလုံလောက်လောက် မရရှိဘူးဆိုရင် ဦးနှောက်ဟာ ပုံမှန်မဖွံ့ဖြိုးနိုင်ပါဘူး။  ရှိသမျှလူတွေအားလုံး ဒီလိုမျိုးဖြစ်နေရင်လို့ တွေးကြည့်လိုက်လေ။ နိုင်ငံတစ်နိုင်ငံမှာ ကလေးငယ်တွေအာဟာရချို့တဲ့မှုတစ်ခုတည်းကြောင့်ပဲ အဲဒီနိုင်ငံရဲ့ စီးပွားရေးကဏ္ဍဆုံးရှုံးမှုဟာ ဂျီဒီပီရဲ့ ပျမ်းမျှ ၁၁ ရာခိုင်နှုန်းလောက် အထိ ရှိနိုင်တာကို လေ့လာ တွေ့ရှိထားပါတယ်။ ဒီလိုအဖြစ်မျိုးကို ရပ်တန့်ပစ်နိုင်တယ်။ အမျိုးသမီးတစ်ဦး ကိုယ်ဝန်ဆောင်နေရပြီဆိုရင် အာဟာရပြည့်ဝတဲ့ အစားအစာတွေကို လုံလုံလောက်စားပြီး သန့်ရှင်းတဲ့ရေကိုသောက်ဖို့ လိုပါတယ်။ မွေးဖွားပြီးတဲ့ အချိန်မှာလည်း မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးမယ်၊  အဲဒီနောက်မှာလည်း အာဟာရရှိတဲ့အစာကိုသာကျွေးမယ်ဆိုရင် ကလေးငယ်အနေနဲ့ အသက်နှစ်နှစ်လောက်အထိ ကျန်းမာစွာနဲ့ကြီးထွားလာနိုင်ပါတယ်။

    ဒါတင်မပြီးသေးပါဘူး။ ကလေးဟာ အရွယ်ရောက်ရင် ကျောင်းသွားရမှာမို့လို့ အာဟာရရဲ့ အရေးပါပုံကို သူတို့နားလည်ပါတယ်။ မိန်းကလေးတစ်ယောက်ဟာ ပညာသင်နေတဲ့အချိန်ပိုကြာလေ ကလေးမွေးတာလည်း ပိုပြီးနောက်ကျလေပါပဲ။ အသက်ငယ်ငယ်နဲ့ ကလေးမမွေးတော့ရင် မွေးလာတဲ့ကလေးက ပိုကျန်းမာဖို့ပဲရှိပါတယ်။ ဒါ့ပြင် သူကိုယ်တိုင်ကလည်း သားဆက်ခြားဖို့ အလားအလာပိုများပါတယ်။

    မေး –  ဒီပြဿနာကို ဘယ်လိုဖြေရှင်းနိုင်မလဲ။ အစိုးရအနေနဲ့ရော ဘာတွေလုပ်သင့်သလဲ။

    ဖြေ – အားဖြည့်ဆန် ထုတ်လုပ်ဖို့ ကျွန်တော်တို့က မြန်မာအစိုးရ၊  အခြားအဖွဲ့အစည်းတွေနဲ့ စတင်လုပ်ဆောင်နေပါတယ်။ ဒါကို ကြိုးစားလုပ်ဆောင်ပြီး ဈေးကွက်ထဲမှာ ရောင်းချနိုင်မယ်၊ ကျွန်တော်တို့ရဲ့ အာဟာရဖြည့်ဆည်းရေး အစီအစဉ်တွေအတွက် ဝယ်ယူသွားမှာပါ။  ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံက လူတွေဟာ တစ်ဦးချင်း ဆန်စားသုံးမှု အများဆုံးနိုင်ငံဖြစ်ပါတယ်။ လူတစ်ဦး ဆန်စားသုံးမှုဟာ တစ်နှစ်ကို ကီလိုဂရမ် ၂ဝဝ ကျော်ပါတယ်။ တကယ်လို့ ဒီပမာဏအတိုင်း အာဟာရဖြည့် အစားအစာတစ်မျိုးမျိုးကို စားသုံးနိုင်မယ်ဆိုရင် အာဟာရချို့တဲ့မှုပြဿနာကို အကောင်းဆုံးမဟုတ်တောင်မှ ရေရှည်ဖြေရှင်းဆောင်ရွက်သွားနိုင်မှာပါ။

    အာဟာရဖြည့်ဆန်တွေ လောလောဆယ်ပို့မပေးနိုင်သေးတဲ့ နေရာတွေအတွက် အဲဒီဒေသက လူတွေအနေနဲ့ အာဟာရပြည့်ဝတဲ့ အစားအစာတွေ ရနိုင်ရေး၊  အမျိုးအစား စုံလင်အောင်  စိုက်ပျိုးနိုင်ရေး၊   ဈေးကွက်ပေါက်ရောက်မှုရရှိနိုင်ရေးတွေကို လုပ်ဆောင်သွားဖို့ လိုပါတယ်။ မြန်မာလို နိုင်ငံမျိုးအနေနဲ့ အာဟာရချို့တဲ့မှု ပြဿနာကို ဖြေရှင်းဖို့ဆိုရင် ဒီကိစ္စကို ဦးစားပေးသတ်မှတ်ဖို့ပါပဲ။

    မြန်မာပြည်ရဲ့ နိုင်ငံရေး၊  ပညာရေး၊  အနုပညာ၊  အားကစားစတဲ့ နယ်ပယ်အသီးသီးမှာ ဒီကိစ္စကို ဦးဆောင်ဦးရွက်ပြုမယ့်လူတွေ လိုအပ်နေပါတယ်။ မြန်မာနိုင်ငံမှာ ကျွမ်းကျင်တဲ့ အာဟာရပညာရှင် မပေါ်ထွန်းသေးပါဘူး။ လုပ်ချင်စိတ်နဲ့ တကယ် အကောင်အထည်ဖော် လုပ်ဆောင်ဖို့ပဲ လိုပါတယ်။

    လုံးဝငတ်မွတ်မှုပပျောက်ရေးအစီအစဉ်ကို မြန်မာအစိုးရက ၂ဝ၁၄ ခုနှစ်နှောင်းပိုင်းမှာ ချမှတ်ခဲ့ပါတယ်။ ဒါဟာ ပထမအဆင့်ပါ။ တစ်ကမ္ဘာလုံးမှာ ဆောင်ရွက်မယ့်ရှေ့ဆောင်အစီအစဉ်လည်း ဖြစ်ပါတယ်။ ၂ဝ၂၅ ခုနှစ် နောက်ဆုံးထားပြီး မြန်မာနိုင်ငံမှာ လူကောင်သေးကွေးညှက်တဲ့ကလေးငယ်တွေ လုံးဝမရှိတော့အောင် တိကျတဲ့တာဝန်တွေပေးထားတဲ့ အာဟာရပြည့်ဝရေးနဲ့ စားနပ်ရိက္ခာ လုံခြုံရေးဆိုင်ရာလုပ်ငန်းစဉ်မူကြမ်းတစ်ခု ချမှတ်ထားပါတယ်။      ။

    Myanmar Now မှ ကူးယူဖော်ပြပါသည်။