News @ M-Media

Author: editor

  • ရခိုင်မှ ဒုက္ခသည်စခန်း သုံးခုကို ပိတ်သိမ်းခဲ့သည့် သတင်းထုတ်ပြန်ချက် လွဲချော်မှုရှိ

    ရခိုင်မှ ဒုက္ခသည်စခန်း သုံးခုကို ပိတ်သိမ်းခဲ့သည့် သတင်းထုတ်ပြန်ချက် လွဲချော်မှုရှိ

    ဇူလိုင် ၇၊ ၂၀၁၇
    M-Media
    လမင်း

    ဧပြီလနှောင်းပိုင်းက တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ခဲ့သည့် ကမန်တိုင်းရင်းသားများ၏ သတင်းစာရှင်းလင်းပွဲ

    ရခိုင်။ ။ ကျောက်ဖြူ၊ ပေါက်တောနှင့် ရမ်းဗြဲမြို့နယ်များရှိ ဒုက္ခသည်စခန်း ၃ ခုကို ပိတ်သိမ်းခဲ့ပြီး ယင်းဒုက္ခသည်စခန်းမှ အိမ်ထောင်စုပေါင်း ၅၅ စုကို ရန်ကုန်မြို့သို့ ပြောင်းရွေ့နေထိုင်ခွင့် ပြုခဲ့ကြောင်း ဟု ဇူလိုင် ၁ ရက်က ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ၏ ရခိုင်ပြည်နယ် မြောက်ပိုင်းလုံခြုံရေးအခြအနေ ထုတ်ပြန်ချက်မှာ လက်တွေ့နှင့် အနည်းငယ် လွဲချော်မှုများ ရှိနေကြောင်း တွေ့ရှိရပါတယ်။

    “ရန်ကုန်ကို အိမ်ထောင်စု ၅၅ ခုပြောင်းလာတယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် အဲ့ဒီပြောင်းလာတဲ့ အိမ်ထောင်စုက ရမ်းဗြဲ ဒုက္ခသည်စခန်းက လူတွေပဲ။ အခြား စခန်းကလူတွေ မပါဘူး။ ပေါက်တော်နဲ့ ကျောက်ဖြူက ဒုက္ခသည်စခန်းတွေကို ပိတ်လိုက်တယ် ဆိုတာလည်း မဟုတ်ဘူး။ အဲ့ဒီမှာ အခုထိ ကမန် ဒုက္ခသည်တွေ ရှိနေသေးတယ် “ လို့ ကမန်တိုင်းရင်းသား လှုမှုကွန်ရက် ဥက္ကဋ္ဌ ဦးထွန်းငွေက M-Media ကိုဆိုပါတယ်။

    မြန်မာ အစိုးရအဖွဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၏ ထုတ်ပြန်ချက်

    ဒီလို ရန်ကုန်ကိုပြောင်းရွေ့နေထိုင်ဖို့ကိုလည်း ကမန်တိုင်းရင်းသားတွေက တောင်းဆိုတာ မဟုတ်ဘဲ အစိုးရဘက်မှ ရန်ကုန်ကိုပြောင်းရွေ့နေထိုင်နိုင်ကြောင်း ပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

    “အဲ့ဒီဒေသမှာရှိတဲ့လူတွေကို ပြန်လည်ထူထောင်ရေး လုပ်ဖို့၊ မူလနေရာပြန်ရဖို့အတွက် သက်ဆိုင်ရာ လူတွေနဲ့ ညှိနှိုင်းနေတာ၊ သူတို့ဘက်ကလည်း အိမ်နေရာတွေကို တိုင်းတာတာမျိုးတွေ လာလုပ်နေပြီ။ သိပ်မကြာခင်မှာ ရန်ကုန်ပြောင်းချင်ပြောင်းလို့ရတယ်။ တစ်အိမ်ထောင်ကို (၅) သိန်းပေးမယ်ဆိုပြီး လာပြောကြတော့တာပဲ” လို့ ဦးထွန်းငွေက ဆက်လက်ပြောဆိုခဲ့ပါတယ်။

    အဆိုပါ ကမန်တိုင်းရင်းသားများ ပြောင်းရွေ့နေထိုင်လာခြင်းကို ဆိုရှယ်မီဒီယာ စာမျက်နှာများမှာ ဘင်္ဂါလီများ ခိုးဝင်ရောက် လာနေထိုင်ကြပြီဟု ဝါဒဖြန့်နေသူများကိုလည်း ၎င်းတို့ ကမန်တိုင်းရင်းသား လှုမှုကွန်ရက်အနေဖြင့် လက်လှမ်းမှီသလောက် မီဒီယာများမှတစ်ဆင့်၊ သက်ဆိုင်ရာ လမ်းကြောင်းများဖြင့် ရွေ့ပြောင်းနေထိုင်သူများမှာ ဘင်္ဂါလီ(ရိုဟင်ဂျာ) များမဟုတ်ဘဲ ကမန်တိုင်းရင်းသားများ ဖြစ်ကြောင်းကို ရှင်းလင်းသွားမယ်လို့လည်း သိရပါတယ်။

    ၂၀၁၇ ခုနှစ် ဧပြီ(၄) ရက်နေ့မှာ ကမန်အမျိုးသား တိုးတက်ရေးပါတီ၊ ကမန် တိုင်းရင်းသား လူမှုကွန်ရက်မှ တာဝန်ရှိသူတွေဟာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် နေပြည်တော်တွင် တွေ့ဆုံစဉ် ဝန်ကြီးမှ ရမ်းဗြဲမြို့ရှိ ကမန်တိုင်းရင်းသားများကို မူလနေရာတွင် အမြန်ဆုံးပြန်လည်နေရာချထားပေးမည်လို့ ပြောကြားခဲ့ကြောင်း၊ သို့ပေမယ့် ရမ်းဗြဲမြို့မှ ကမန်တိုင်းရင်းသားတွေကို အိမ်ထောင်စုတစုလျှင် (၅) သိန်းနှင့် မိသားစုဝင် တစ်ဦးလျင် ကျပ် (၁) သိန်းပေးကာ ပြောင်းရွှေ့လိုက ပြောင်းရွှေ့ဖို့ ဖိအားဆောင်ရွက်ခဲ့ကြောင်း၊ မြို့နယ်အုပ်ချူပ်ရေးမှူးရုံးမှ ဒုက္ခသည်စခန်းမှခေါင်းဆောင်များ ထံလာရောက်ကာ အနုကြမ်းဝင်စီးနိုင်သည်ဟု ဖိအားပေးမှုကြောင့် ကယ်ဆယ်ရေးစခန်းမှ ကမန်တိုင်းရင်းသား အချို့မှာ ရွေးချယ်စရာမရှိဘဲ ရန်ုကုန်သို့ ပြောင်းရွှေခဲ့ရကြောင်း သိရှိရပါတယ်။

    အိမ်ထောင်စု ၅၅ စုမှာ ရန်ကုန်မြို့ရှိ ထောက်ကြံ့၊ မှော်ဘီသို့ ပြောင်းရွှေ့နေထိုင်နေကြပြီး နေရာထိုင်ခင်း အခက်အခဲ၊ ကျန်းမာရေး အခက်အခဲ၊ ပညာရေး အခက်အခဲများကို စတင်ရင်ဆိုင် ကြုံတွေ့နေပြီဖြစ်ကြောင်းလည်း သိရပါတယ်။

  • ဗိုလ်မှူးထွန်းမြိုင် (ငြိမ်း) ဒုတိယ လက်ထောက်စစ်ရေးချုပ် (ငြိမ်း)

    ဗိုလ်မှူးထွန်းမြိုင် (ငြိမ်း) ဒုတိယ လက်ထောက်စစ်ရေးချုပ် (ငြိမ်း)

    ဇူလိုင် ၇ ၊ ၂၀၁၇
    M-Media

    ဦးထွန်းမြိုင်ကို ရခိုင်ပြည်နယ် ရမ်းဗြဲ မြို့နယ်တွင် အဖ ဦးဖိုးမြိုင် (သမာဓိမြို့ဝန်ဟောင်း) အမိ ဒေါ်လုံတို့မှ ၁၉၂၀ ပြည့်နှစ် ဇွန်လ (၃၀)ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။

    ရန်ကုန်တက္ကသိုလ်မှ B.A .B.Lဘွဲ့များရရှိခဲ့သည်။ Union A.V:School ကျောင်းတွင် ကျောင်းအုပ်အဖြစ် လည်းကောင်း စပါယ်ရှယ်ကောလိပ် ကျောင်းအုပ်အဖြစ် လည်းကောင်း လုပ်ကိုင်ခဲ့သည် ကာကွယ်ရေး ဝန်ကြီးဌာနတွင် ဗိုလ်မှူး ဒုလက်ထောက် စစ်ရေးချုပ် စစ်ရေးချုပ်ရုံး (ငြိမ်း) အဖြစ် နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ခဲ့သည်။

    နိုင်ငံတော်မှ လွတ်လပ်ရေး မော်ကွန်းဝင် (တတိယအဆင့်)ကို ပေးအပ်ချီးမြှင့်ခြင်းခံရသည် တပ်မတော်မှ အငြိမ်းစားယူပြီးနောက် မင်္ဂလာတောင်ညွှန်မြို့နယ် သိမ်ဖြူလမ်း နေအိမ်တွင်နေထိုင်ရင်း ၁၉၈၁ ခုနှစ် မေလ(၃) ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။

    ဗိုလ်မှူးထွန်းမြိုင် သက်ရှိထင်ရှားရှိစဉ် ကတည်းကပင် တဖြည်းဖြည်းပျောက်ကွယ်လုနီးပါးဖြစ်လာနေသည့် မိမိတို့ ကမန်လူမျိုးစုတို့၏ အခြေနေကို ရိပ်စားမိသည်နှင့်အညီ ကမန်မျိုးနွယ်စုဝင်များ၏ သာရေးနာရေး လူမှူရေးအသင်းကို အခြေခံသည့် အသင်းငယ်တစ်ခုဖြစ်မြောက်လာစေရန် ဦးဆောင်ဦးရွက်ပြု ကြိုးပမ်းခဲ့သည်

    ကမန်မျိုးနွယ်စုများ၏ ချစ်ခင်လေးစား အားထားခြင်းခံရသူ ဦးထွန်းမြိုင်၏ မျိုးနွယ်စုရေးရာကြိုးပမ်းမှူများ ရည်မှန်းချက်ပန်းတိုင် သို့ မရောက်မီမှာပင် ရုတ်တရက် ကွန်လွန်သွားခဲ့ခြင်းကြောင့် ကမန်လူငယ်ထုအတွက် လှေလှော်ရင်းတက်ကျိုးခဲ့စေသည့် အဖြစ်မျိုး ကြုံခဲ့ရသည် ဤကဲ့သို့ မိမိလူမျိုးစုအတွက် သောကထားရှိကာ ဦးဆောင်ဦးရွက်ပြုကြိုးပမ်းခဲ့သူ ကမန်အမျိုးသားကောင်း တစ်ဦးပီသသည့် ဦးထွန်းမြိုင်အား ဤသမိုင်း (စာတမ်း) တွင် ဂုဏ်ပြုခံပုဂ္ဂိုလ် တစ်ဦးအဖြစ် မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။

    ကမန်လူမျိုးများ အနက် (ဘာသာကူးပြောင်းကိုးကွယ်သူ အချို့မှ လွှဲ၍) ကျန် ကမန်လူမျိုးစုအများစုသည့် အစ္စလာမ်ဘာသာဝင်များဖြစ်ကြပါသည်။

    ကိုးကား
    ———
    မောင်ဆန္ဒ(လယ်ဝေး) ကမန်မျိုးနွယ်စုသမိုင်း ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ(နိုင်ငံဂုဏ်ရည်စာပေတိုက်)ကုန်သည်လမ်း၊ စာပေဗိမာန်၊ ရန်ကုန်မြို့။

  • စစ်တွေပဋိပက္ခ လူသေဆုံးမှု တရားခံများ ဖမ်းဆီးနိုင်ခြင်း မရှိသေး

    စစ်တွေပဋိပက္ခ လူသေဆုံးမှု တရားခံများ ဖမ်းဆီးနိုင်ခြင်း မရှိသေး

    ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရဲတပ်သားသစ်များ သင်တန်းတက်နေစဉ် / Reuters

    အင်္ဂါနေ့က မွတ်ဆလင်တဦးသေဆုံးစေသော မှုခင်းဖြစ်ပွားသည့် နေရာတွင် လိုက်ပါစောင့်ကြပ်သည့် ရဲတပ်ဖွဲ့ဝင်များ ရှိစေကာမူ တိုက်ခိုက်မှုအတွက် သံသယရှိသူများကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း စစ်တွေခရိုင် ရဲတပ်ဖွဲ့အကြီးအကဲ ဒုရဲမှူကြီး ဝင်းနိုင်က ပြောသည်။

    ရဲအရာရှိများက ရခိုင်ဗုဒ္ဓဘာသာဝင် အများစုရှိသော ရွာကြီးမြောက်ရပ်ကွက်ရှိ ဒါးပိုင် ပြည်တွင်းနေရပ်စွန့်ခွာရသူများ စခန်းမှ မွတ်ဆလင် ၇ ဦးကို စောင့်ကြပ်လိုက်ပါသည့် ရဲတပ်ဖွဲ့ဝင်၏ပြောဆိုချက်များကို ထုတ်ပြန်ရန် ငြင်းဆိုသည်။ အစောပိုင်းကမူ ထိုမွတ်ဆလင်အုပ်စုသည် တိုက်ခိုက်မှု ဖြစ်ပွားရာ မြို့နယ်တရားရုံးတွင် သက်သေခံရန် လာသည်ဟု ဆို သည်။

    အမှတ် ၂ ရဲစခန်းမှ တာဝန်ပေးထားသော ရဲတပ်သားသည် လက်နက်တပ်ဆင်ထားခြင်း မရှိဘဲ လူအုပ်က တိုက်ခိုက် သောအခါ ထွက်ပြေးသည်ဟု ဝန်ခံပြီး ထိုရဲတပ်သားသည် တိုက်ခိုက်မှုကို မည်သို့မျှ မဟန့်တားနိုင်ခဲ့ဟုလည်း ဆိုသည်။

    “ကျနော်တို့်က ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ကြေညာချက်ကို နောက်တော့ ထုတ်ပြန်ပါမယ်”ဟု သူက ဆက်ပြော သည်။

    တိုက်ခိုက်မှုဖြစ်ပွားစဉ်က အခင်းဖြစ်ရာနေရာတွင် ရှိနေသော ရဲတပ်ဖွဲ့ဝင်ကို စစ်ဆေးပြီးဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဗိုလ်မှူးကြီးမျိုးသူစိုးက ဗုဒ္ဓဟူးနေ့က ရိုက်တာသတင်းဌာနသို့ ပြောသည်။ သူသည် တိုက်ခိုက်မှုကို ဟန့်တား ရန် ကြိုးစားခဲ့သော်လည်း သူ့တွင် လက်နက်မပါဝင်သောကြောင့် မအောင်မြင်ဘဲ ရဲစခန်းသို့ ပြန်ပြေးခဲ့ရသည်ဟု အထက်ပါ ပြောခွင့်ရသူက ဆိုသည်။

    ၎င်းတို့သည် ထုံးစံအားဖြင့် ပြည်တွင်းရွှေ့ပြောင်းအခြေချများကို စစ်တွေမြို့လယ် သို့မဟုတ် ဈေးသို့ လက်နက်ကိုင် အစောင့်အရှောက် ပေးသည်ဟု ဧရာဝတီသတင်းဌာနသို့ ဖုန်းဖြင့် ပြောသည်။

    ရဲအပါအဝင် လက်နက်ကိုင် စစ်သား ၁၀၀ ခန့်သည် သေဆုံးသူ အသက် ၅၅ နှစ်အရွယ် မောင်နုခေါ် မွန်နာအာမက်၏ အလောင်းကို ယူဆောင်ရန် အင်္ဂါနေ့ညက ရောက်လာသည်ဟု သူ့ကိုယ်သူ ရိုဟင်ဂျာဟု သတ်မှတ်သူ ဒါးပိုင်စခန်းမှ ဦးစောလွင်က ဧရာဝတီသတင်းဌာနသို့ ပြောပြီး ၎င်းတို့သည် အသက်ရှင်ကျန်သူ ၄ ဦးကိုလည်း စခန်းတွင် ချထားခဲ့ သည်ဟု ဆိုသည်။ နှစ်ဦးမှာ ဆေးရုံတွင် ရှိနေဆဲဖြစ်သည်။

    နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး သတင်းထုတ်ပြန်ရေး ကော်မတီ၏အဆိုအရ တပ်ကြပ်နိုင်နိုင်နှင့် တပ်သား စိုးဝင်းတို့ သည် အင်္ဂါနေ့၌ မြို့နယ်တရားရုံးတွင် အမှုတခုအတွက် သက်သေခံရန် ရပ်ရွာအကြီးအကဲ ဦးမြင့်နိုင်ကို ဒါးပိုင်စခန်းမှ ခေါ် ဆောင်ခဲ့သည်။ သို့သော် အခြားသူ ၇ ဦးကို သယ်ဆောင်လာသော မီနီဘန်အမျိုးအစား ကားသည် မန်ဆီစခန်းရှိ လုံခြုံ ရေးအဖွဲ့များကို အကြောင်းမကြားဘဲ ရဲကားနောက်မှ လိုက်လာခဲ့သည်ဟု ဆိုသည်။

    အာဏာပိုင်များသည် မွတ်ဆလင်များကို မြို့ရှိ ရခိုင်ရပ်ကွက် သို့မဟုတ် ဆိုင်များသို့ သွားခွင့်မပြုပေ။ ဗုဒ္ဓဘာသာ ရခိုင် များလည်း ရဲအစောင့်အရှောက် မပါဘဲ မွတ်ဆလင်ရပ်ကွက်များသို့ သွားခွင့်မပေးပေ။

    အင်္ဂါနေ့က တရားခွင်အပြီး အထက်ပါ မွတ်ဆလင်၇ ဦးသည် ၎င်းတို့အပြန် လုံခြုံရေးအတွက် အကူအညီတောင်းရန် စစ်တွေအမှတ် ၂ ရဲစခန်းသို့ သွားခဲ့သည်။ စခန်းမှူးရာထူးသို့ မကြာသေးမီက တိုးမြှင့်ခံရသူ ဒုရဲအုပ် ကျော်မိုးက ရဲ တပ်သားတဦးကို ၎င်းတို့နှင့် လိုက်ပါရန် စေလွှတ်ခဲ့သည်။

    မြို့ခံများသည် ထုံးစံအားဖြင့် မြို့ပြင် မွတ်ဆလင်ရွာများသို့သွားရန် သို့မဟုတ် မြို့လယ်မှ ထွက်ရန် မေယုလမ်းမကို သုံးကြ သည်။ သို့သော် ထိုရဲသားနှင့် မွတ်ဆလင်အုပ်စုသည် ရွာကြီးမြောက် ရခိုင်ရပ်ကွက်ရှိ ဦးဥတ္တမလမ်းတွင် တိုက်ခိုက်ခံရ သည်။ ထိုနေရာသည် ၎င်းတို့အပြန်လမ်းနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု အမည်မဖော်လိုသော ရဲတပ်ဖွဲ့ဝင်တဦးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

    ထိုမွတ်ဆလင်အုပ်စုသည် ထိုနေရာတွင် နောက်ဆုံး၌ မည်သို့မည်ပုံဖြစ်သည်ကို မရှင်းလင်းဘဲ ၎င်းတို့သည် လှေတစင်း ဝယ်ရန် ရောင်နီဦးလှေဆိပ်သို့ သွားပြီး လူအုပ်စုက ခဲများဖြင့် ၎င်းတို့ကို ပေါက်သည်ဟု ဖော်ပြသည်။ တဦး ပွဲချင်းပြီး သေ ပြီး ကျန်သူများ ဒဏ်ရာ ရသည်ဟု ဆိုသည်။

    အစိုးရ၏ ကြေညာချက်တွင် သေဆုံးသူအမည်ကို ဖော်ပြသော်လည်း လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်အမည်ကို မဖော် ပြပေ။ ထိုဖြစ်ရပ်အသေးစိတ်ကို ဧရာဝတီသတင်းဌာနက အာဏာပိုင်များကို အကြိမ်ကြိမ် စုံစမ်းသော်လည်း နောက်ထပ် သတင်းအချက်အလက်မပေးပေ။

    စစ်တွေဒေသခံများနှင့် မွတ်ဆလင်များက မူလအခြေအနေပြန်ရောက်ပြီ၊ အာဏာပိုင်များက လုံခြုံရေးများ မြို့တွင် ချထားသည်ဟု ပြောသည်။

    ဧရာဝတီ သတင်းဌာနမှ ကူးယူဖော်ပြသည်။

    https://burma.irrawaddy.com/news/2017/07/06/138053.html

  • ဘာသာရေးဆိုင်ရာ ထုတ်ဝေမှု အားလုံး သာသနာရေးက စိစစ်ပြီးမှ ခွင့်ပြုမယ်

    ဘာသာရေးဆိုင်ရာ ထုတ်ဝေမှု အားလုံး သာသနာရေးက စိစစ်ပြီးမှ ခွင့်ပြုမယ်

    ဘာသာရေး ဆိုင်ရာ စာအုပ်၊ စီဒီ အပါဝင် ထုတ်ဝေမှု အားလုံးကို သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက စိစစ်ပြီးမှ ထုတ်ဝေခွင့် ပြုတော့မှာ ဖြစ်ပါတယ်။

    ဘာသာရေး စာပေတွေက ပိဋကတ် ကျန်းဂန်နဲ့ မညီညွတ်ရင် အဓမ္မဝါဒ လွှမ်းမိုး လာမယ်၊ ထေရဝါဒ ပိဋကတ်တော်နဲ့ မညီတဲ့ ကိစ္စတွေက အဓမ္မ ဝါဒ တွေ ဖြစ်ပြီး အန္တရာယ် ကြီးတဲ့ အတွက် အဆိပ်အတောက် တွေကို ဖယ်ရှားနိုင်ဖို့ ဘာသာရေး စာပေတွေ အားလုံးကို စိစစ်ပြီးမှ ထုတ်ဝေခွင့် ပြုမယ်လို့ ဒုတိယ အတွင်းဝန် ဦးဇာနည်ဝင်းက ဘီဘီစီကို ပြောပါတယ်။

    ဘာသာရေးဆိုင်ရာ ထုတ်ဝေမှုတွေ ဆိုတဲ့ ထဲမှာ ဗုဒ္ဓဘာသာ တခုတည်းသာ မဟုတ်ဘဲ ကျန်တဲ့ ဘာသာ တွေပါ အကျုံးဝင်ပြီး အားလုံးကို စိစစ် သွားမယ်လို့ လည်း သူက ပြောပါတယ်။

    လက်ရှိ စာပေစိစစ်ရေး အဖွဲ့ကပဲ စိစစ်သွားမှာ ဖြစ်ပြီး တခြား ဘာသာတွေ အတွက်ကိုတော့ စိစစ်ရေး အဖွဲ့က မသဲကွဲတဲ့ အခါ သက်ဆိုင်ရာ ဘာသာ ရေးအဖွဲ့ အစည်း တွေရဲ့ သဘောထား ရယူပြီး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

    ပိဋကတ် ကျမ်းတော်နဲ့ မညီဘဲ အဓမ္မ ဆန်ဆန် ရေးသား ထုတ်ဝေတာဟာ အတွေးအခေါ်တွေကို အဆိပ် အတောက် ဖြစ်ပြီး အန္တရာယ်လည်း ရှိလာနိုင်တဲ့ အတွက် ထုတ်/တင်(ထုတ်ဝေပြီးမှ စိစစ်ရေးကိုတင်တဲ့) စနစ် ကနေ အခုလို တင်/ထုတ် စနစ်ကို ပြန်ပြောင်း ရတာလို့ ဦးဇာနည်ဝင်းက ပြောပါတယ်။

    ဘာသာရေး ဆိုင်ရာ ထုတ်ဝေမှု တွေကို ပြန်လည် ကိုင်တွယ်ဖို့ ဆိုတဲ့ အဲဒီဆုံးဖြတ်ချက်ကို ဇူလိုင်လ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ သတ္တမအကြိမ် နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ (မဟန) ၄၇ ပါးစုံညီ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

    BBC Burmese မှ ကူးယူဖော်ပြသည်။

  • 7 July ကျောင်းသားအရေးတော်ပုံကြီးကို ပြည်သူတွေ ယနေ့တိုင် မမေ့နိုင်ဖြစ်ရသည်မှာ

    7 July ကျောင်းသားအရေးတော်ပုံကြီးကို ပြည်သူတွေ ယနေ့တိုင် မမေ့နိုင်ဖြစ်ရသည်မှာ

     

    မြန်မာ့လွတ်လပ်ရေးအတွက် သန္ဓေတည်ခဲ့သော လွတ်လပ်ရေးမော်ကွန်းဝင်များ၊ ခေါင်း ဆောင်ကောင်းများ မွေးထုတ်ပေးခဲ့သော ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦး ကြီးကို ဗြိတိသျှနယ်ချဲ့လက်အောက်ကျရောက်စဉ် ၅-၁၂-၁၉၂၇ နေ့တွင် အုတ်မြစ်ချခွင့်ပြုခဲ့သည်။ သူဋ္ဌေးကြီး ဒေါက်တာဦးညိုက ကျောင်းသားသမဂ္ဂအဆောက်အဦးကြီးကို ဆောက်လုပ်လှူဒါန်းခဲ့ သည်။ ထိုအဆောက်အဦးကြီးသည် ရန်ကုန်တက္ကသိုလ် ပင်မအဓိပတိလမ်းမကြီးကို မျက်နှာမူလျက်တည်ရှိပြီး မန္တလေးဆောင်နှင့် မျက်နှာချင်းဆိုင်ဖြစ်သည်။

    လွတ်လပ်ရေး ဗိသုကာလည်းဖြစ် တပ်မတော်ဖခင်လည်းဖြစ်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း သည် ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂ အဖွဲ့အစည်းကြီး၏ ဥက္ကဋ္ဌတာဝန်ကို ယူခဲ့ဖူးသူတစ်ဦး ဖြစ်သည်။

    7 July ကျောင်းသားအရေးတော်ပုံကြီး  ဖြစ်ပေါ်လာစေရန်စေ့ဆော်ဖန်တီးခဲ့သည့် သမိုင်း နောက်ခံ အကြောင်းရင်းများ အမှန်တကယ်ရှိခဲ့ပါသည်။ ဝန်ကြီးချုပ်ဦးနုခေါင်းဆောင်သော သန့်ရှင်း ဖဆပလအစိုးရသည် ၁၉၅၈ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းဦးဆောင်သော စစ်အစိုးရတစ်ရပ်အား တရားဝင် ခေတ္တအာဏာလွှဲပြောင်းပေးခဲ့သည့် လုပ်ရပ်သည် “အရူးအမဲသားကျွေးသည့် လုပ်ရပ်ဖြစ်ခဲ့ သည့်အတွက် ဝန်ကြီးချုပ်ဦးနုတွင် တာဝန် အပြည့်အဝရှိသည်ဟု ကျောင်းသားထုက ဝေဖန်ထောက်ပြခဲ့ကြသည်။ သမိုင်း သုတေသီများကလည်း ဤအချက်ကိုထောက်ခံခဲ့သည်။

    ၁၉၆၀ခု ဇန်နဝါရီလ ၈ရက်နေ့တွင် ပြည်ထောင်စုဘဏ်က ဦးကောင်းလက်မှတ်ပါ ဒေါင်းတံ ဆိပ် တစ်ရာတန်ငွေစက္ကူများကို တရားမဝင်ငွေများအဖြစ် ကြေညာခဲ့ပြီး ဦးစံလင်း လက်မှတ်ပါ ဒေါင်းတံဆိပ် တစ်ရာတန် ငွေစက္ကူများကိုမူ ဆက်လက်သုံးစွဲခွင့်ပြုခဲ့သည်။ အာဏာ အရသာတွင် ယစ်မူးသွားခဲ့သော ဗိုလ်ချုပ်နေဝင်းဦးဆောင်သော (၁၇)ဦးပါ စစ်ခေါင်းဆောင်များသည် ပြည်သူလူ ထု၏ ရွေးကောက်ခံ သမ္မတကြီးစပ်ရွှေသိုက်နှင့် ဝန်ကြီးချုပ်ဦးနုတို့ထံမှာ ၁၉၆၂ခု မတ်လ ၂ရက် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သောအခါ သမ္မတကြီး၏ သားတစ်ဦး သေနတ်မှန်ကာ သေဆုံးခဲ့ သည်။

    နောက်ဆက်တွဲရလာဒ်အနေဖြင့် ဗိုလ်ချုပ်နေဝင်း၏ စစ်အစိုးရသစ်ကို ရန်ကုန်၊မန္တလေး၊ မော်လမြိုင်၊ပုသိမ်မြို့ရှိ ကျောင်းသားသမဂ္ဂအဖွဲ့အစည်းများက ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ ၁၉၆၂ ခုဇူလိုင်လ (၅) ရက်နေ့တွင် တန်းမြင့်စာမေးပွဲ မေးခွန်းပေါက်ကြားသည့်ကိစ္စနှင့်ပတ်သက်၍ စစ်အစိုးရ၏ အရေးယူကိုင်တွယ်ခဲ့ပုံကို ကျောင်းသားများက မကျေနပ်ခဲ့ကြပေ။ ထို့ကြောင့် ၁၉၆၂ ခု ဇူလိုင်လ ၅ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ကမာရွတ်ရဲစခန်းအနီးတွင် တက္ကသိုလ်ကျောင်းသား များ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြရာတွင် ရဲတပ်ဖွဲ့၏ပစ်ခတ်ဖြိုခွင်းမှု့ကြောင့် ကျောင်းသား တစ်ဦး အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်။

    ထို့အပြင် အာဏာပိုင်များသည် တက္ကသိုလ်နယ်မြေကို ပုဒ်မ ၁၄၄ နေဝင်မီးငြိမ်း ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့သည်။ ထိုလုပ်ရပ်ကို ကျောင်းသားများက မကျေနပ် ဆန့်ကျင် ကန့်ကွက်ဆန္ဒပြ ရာမှ တက္ကသိုလ်ကျောင်းသားပေါင်း ၁၀၀ကျော် သွေးစွန်းခဲ့သည့် 7 July ကျောင်းသားအရေးတော်ပုံ ကြီး စတင်ခဲ့သည်။ ထိုနေ့ စနေနေ့ နေ့လည် ၁နာရီခန့်က အသက်ပေးစွန့်လှူသွားခဲ့သော တက္က သိုလ်ကျောင်းသား၊သူများသည် “တကသ” အဆောက်အဦးရှေ့မှ အဓိပတိလမ်းမတစ်လျှောက်လုံး တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမကြီးအထိ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ရာတွင်

    “ မတရားစည်းကမ်းတွေ အလိုမရှိ”

    “ မတရားချုပ်ချယ်မှု့တွေ အလိုမရှိ”

    “ ကျောင်းဆောင်တွေကို အကျဉ်းဆောင်မလုပ်နဲ့”

    “ ချုပ်ချပစ်မှု့တွေ အလိုမရှိ”

    “ မတရားစည်းကမ်းတွေ ဖျက်သိမ်းပစ်”

    “ ကျောင်းသားထု ညီညွတ်ကြ” ဟူ၍ ကြွေးကြော်ခဲ့ကြသည်။

    ထိုနေ့ည ဇူလိုင် ၇ ရက်နေ့တွင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းသည် မြန်မာ့ အသံရေဒီယိုမှ အသံလွင့်ပြောကြားရာ၌ “ဓား ဓားချင်း ဒုတ် ဒုတ်ချင်း ရင်ဆိုင်မယ်” ဟူ၍ လူမိုက်ဆန်ဆန် ပြောကြားခဲ့သော မိန့်ခွန်းသည် မဆလ တစ်ပါတီအာဏာရှင်ခေတ် ၈-၈-၈၈ ရှစ်လေးလုံး အရေး တော်ပုံ မတိုင်ခင် ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် ကျင်းပခဲ့သော ပြည်နယ်တိုင်း မဆလ ဗဟိုကော်မတီ အစည်းအဝေးတွင် တစ်ပါတီအာဏာရှင် ဥက္ကဋ္ဌ ဦးနေဝင်း၏ “စစ်တပ်ဆိုတာ ပစ်ရင် တည့်တည့်ပစ်တယ်။ မိုးပေါ်ထောင်မပစ်ဖူး” ဟု ပြောကြားခဲ့ပုံနှင့် အတော်ဆင်တူကြောင်း ရှေ့မှီ၊ နောက်မှီ ဝါရင့်နိုင်ငံရေးသမားတစ်ဦးက စာရေးသူအားပြောပြခဲ့ဖူးသည်ကို အမှတ်ရမိပါသည်။

    ၁၉၆၂ ခု “ 7 July” အရေးတော်ပုံကြီးကို အဓိကဖြိုခွင်းခဲ့သည့် ရှေ့တန်းစစ်ဆင်ရေးမှူးမှာ ဒု- ဗိုလ်မှူးကြီးစိန်လွင်ဖြစ်ပြီး နောက်တန်းစစ်ဆင်ရေးမှူးများမှာ ဗိုလ်မှူးကြီး ကျော်စိုး၊ ဗိုလ်မှူး ကြီးလှဟန်၊ ဗိုလ်မှူးကြီး သန်းစိန်၊ ဗိုလ်မှူးကြီးစိုးမြင့်၊ ဗိုလ်မှူးကြီး တန်ယုဆိုင် တို့ဖြစ်ပါသည်။

    ဗိုလ်နေဝင်း စစ်အုပ်စု၏လက်နက်အားကိုး အကြမ်းဖက်ဖြိုခွင်းမှု့ကြောင့် ဇူလိုင်လ ၈ရက် မနက် ၄ နာရီအချိန်တွင် သမိုင်းဝင်တည်ရှိခဲ့သော ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းသား သမဂ္ဂ အဆောက်အဦးကြီးသည် ဒိုင်းနမိုက်ဖြင့်ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး ထိုအဆောက်အဦးကြီး၏ အတွင်းအပြင်ကျောင်းသားအများအပြားလည်း သွေးမြေကျ အသက်စတေးခံ သွားခဲ့ကြ ရပေသည်။

    မြန်မာနိုင်ငံတွင် ဗိုလ်နေဝင်းစစ်အစိုးရ မတိုင်မှီ အစိုးရများသည် ကျောင်းသားထု၏ ဆန္ဒပြပွဲ များကို လွတ်လပ်စွာခွင့်ပြုခဲ့သည်။ တောင်းဆိုချက်များထဲမှ လိုက်လျောခွင့်ပြုတန်သည်များကို လည်း ခွင့်ပြုခဲ့သည့် အစဉ်အလာများရှိခဲ့ဖူးသည်။ မည်သည့်လက်နက်မျှမပါရှိဘဲ အနာဂတ်မျိုး ဆက်တက္ကသိုလ်ကျောင်းသားလူငယ်များနှင့် တွေ့ဆုံဆွေးနွေး စားပွဲဝိုင်းထိုင်ကာ ဖြေရှင်းခဲ့လျှင် သမိုင်းဝင်တက္ကသိုလ်ကြီးနှင့် သမိုင်းဝင်ကျောင်းသားသမဂ္ဂအဆောက်အဦးကြီး သွေးစွန်းအကျည်း တန်ခဲ့မည်မဟုတ်ပေ။ အတိတ်ဟူသည် ယူတတ်လျှင်အဖိုးတန်သင်ခန်းစာများကိုပေးစွမ်းပါသည်။ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ တောရိုင်းဝါဒ ဥပဒေသတစ်ခုဖြစ်သည့် “အင်အားကြီးသူ အနိုင်ယူ” (Might is right )မူကို လက်ကိုင်ထားကာ လက်နက်အားကိုးဖြေရှင်း လျှင် သမိုင်းဆိုးမွေ အရိပ်မဲကြီး ကမ္ဘာတည်သရွေ့နောက်က လိုက်နေမည်ကို 7 July ကျောင်းသား အရေးတော်ပုံကြီးက မီးမှောင်းထိုးပြနေပါတော့သည်။

    လေးစားလျက်

    ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှု့တက္ကသိုလ်)