News @ M-Media

Author: KO LAY

  • အစ္စရေး၏ သတ်ဖြတ်မှုများကို ပုပ်ရဟန်းမင်းကြီး ပြင်းပြင်းထန်ထန် ရှုတ်ချ

    အစ္စရေး၏ သတ်ဖြတ်မှုများကို ပုပ်ရဟန်းမင်းကြီး ပြင်းပြင်းထန်ထန် ရှုတ်ချ

    ဒီဇင်ဘာ ၂၂၊ ၂၀၂၄
    M-Media

    -ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မှာ အစ္စရေးက ပါလက်စတိုင်းပြည်သူတွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှုကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။

    “မနေ့က ကလေးတွေ ဗုံးကြဲသတ်ဖြတ်ခံရတယ်။ ဒါဟာ စစ်ပွဲမဟုတ်ပါဘူး။ ရက်စက်ယုတ်မာမှုပါ။ စိတ်နှလုံး ထိခိုက်နာကျင်လွန်းလို့ ဒီလို ထုတ်ပြောရတာပါ” လို့ ဒီဇင်ဘာ ၂၁ ရက်နေ့ ဗာတီကန်အုပ်ချုပ်ရေးအဖွဲ့ အစည်းအ၀ေးမှာ ပြောကြားခဲ့ပါတယ်။

    ဂျေရုစလင်ရဲ့ ခရစ်ယာန်ကက်သလစ်အသင်းတော် ခေါင်းဆောင် ရဟန်းမင်း ပီဇာဘဲလာကို အစ္စရေးက ၀င်ရောက်ခွင့်မပေးတာကိုလည်း ဖရန်စစ်က ၀ေဖန်ခဲ့ပါတယ်။

    ကမ္ဘာ့ ခရစ်ယာန်ကက်သလစ်အသင်းတော် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ပုံမှန်အားဖြင့် ကမ္ဘာပဋိပက္ခတွေမှာ တစ်ဖက်တည်းက ရပ်တည်လေ့မရှိပါဘူး။ ဒါပေမယ့် ပါလက်စတိုင်းက အစ္စရေးရဲ့ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး အကြိမ်ပေါင်းများစွာ ၀ေဖန်ရှုတ်ချခဲ့ပြီး၊ နိုင်ငံတကာအသိုင်းအ၀ိုင်းက တားဆီးဖို့ ပျက်ကွက်မှုကိုလည်း ထောက်ပြခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲမှာ အသတ်ခံရသူ အရေအတွက်ဟာ ၄၅၀၀၀ ကျော်လာပြီး၊ အများစုဟာ ကလေးတွေနဲ့ အမျိုးသမီးတွေ ဖြစ်ပါတယ်။

    Ref: Reuters

  • ပါလက်စတိုင်းတိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (ဒီဇင်ဘာ ၂၁)

    ပါလက်စတိုင်းတိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (ဒီဇင်ဘာ ၂၁)

    (ဓာတ်ပုံ – ဂျူးအခြေချသူများ မီးရှို့ဖျက်ဆီးခဲ့သည့် ဗလီ)

    M-Media

    အစ္စရေးကို ထိန်းသိမ်းဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ကုလတိုက်တွန်း
    —————
    ပါလက်စတိုင်းပြည်သူတွေ၊ နိုင်ငံတကာက လူ့အခွင့်အရေးလှုပ်ရှားသူ၊ အကူအညီပေးသူတွေကို တိုက်ခိုက်သတ်ဖြတ်နေတဲ့ အစ္စရေးကို ကမ္ဘာအသိုင်းအ၀ိုင်း ထိန်းသိမ်းကြပ်မတ်ဖို့ ကုလအကူအညီပေးရေးအဖွဲ့ UNRWA ရဲ့ အကြီးအကဲ ဖိလစ်ပီ လာဇာရီနီက တိုက်တွန်းလိုက်ပါတယ်။ အကြမ်းဖက်မှုတွေကို ဖုံးကွယ်ဖို့အတွက် အစ္စရေးဟာ ငွေကြေးအမြောက်အများသုံးကာ သတင်းမှား ၀ါဒဖြန့်တာတွေ လုပ်ဆောင်နေတယ်လို့လည်း ယူကေသတင်းစာ Guardian နဲ့ အင်တာဗျူးမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ICC ကိုကြောက်၍ ပိုလန်မှ အခမ်းအနားကို နေတန်ယာဟု မတက်ဖြစ်
    ————-
    နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC က ၀ရမ်းကြောင့် အဖမ်းခံရမှာ စိုးရိမ်တဲ့အတွက် ဇန်န၀ါရီ ၂၇ ရက်နေ့ ပိုလန်မှာလုပ်မယ့် အော့ဇ်၀စ်အကျဥ်းစခန်း လွတ်မြောက်မှု နှစ် ၈၀ ပြည့်အခမ်းအနားကို အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟု တက်ရောက်မှာ မဟုတ်ပါဘူး။ ပါလက်စတိုင်းတွေအပေါ် စစ်ရာဇ၀တ်မှုကျူးလွန်တဲ့အတွက် နေတန်ယာဟုနဲ့ အစ္စရေး ကာကွယ်ရေး၀န်ကြီးဟောင်း ယိုအဗ် ဂါလန့်တို့ကို ICC က ဖမ်း၀ရမ်းထုတ်ထားပြီး ပိုလန်ကလည်း ဒီကိစ္စအတွက် ICC နဲ့ အပြည့်အ၀ ပူးပေါင်းမယ်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

    ပါလက်စတိုင်းက ဗလီကို ဂျူးအခြေချသူများ မီးရှို့
    —————-
    အနောက်ဖက်ကမ်း မဒ်ရာရွာက ဗလီတစ်လုံးကို တရားမ၀င် ဂျူးအခြေချ လူအုပ်က သောကြာနေ့မနက် အစောပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ‘ဗလီတွေကို မီးရှို့ပြီး ဂျူးဘုရားကျောင်းတွေ ဆောက်မယ်’ ‘အာရပ်တွေကို သတ်ပစ်’ စတဲ့ ခြိမ်းခြောက်စာတွေကိုလည်း ဗလီနံရံမှာ ရေးသားခဲ့ပါတယ်။ ဂျူးလူအုပ်ရဲ့ ဒီလုပ်ရပ်ကို အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေက အပြည့်အ၀ အကူအညီပေးခဲ့တယ်လို့ ဒေသခံ ပါလက်စတိုင်းခေါင်းဆောင်တွေက ပြောပါတယ်။

    Ref: Aljazeera


  • ပါလက်စတိုင်း တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (ဒီဇင်ဘာ ၁၈)

    ပါလက်စတိုင်း တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (ဒီဇင်ဘာ ၁၈)

    M-Media

    (ဓာတ်ပုံ – ဒီဇင်ဘာ ၁၈ ရက်နေ့ ဂါဇာမှ မြင်ကွင်းတစ်ခု)

    WHO ဆေးအဖွဲ့ ဂါဇာဆေးရုံသို့ ၀င်ခွင့်မရ
    ———–
    ဂါဇာမြောက်ပိုင်းက Kamal Adwan ဆေးရုံကို မိမိတို့ဆေးအဖွဲ့ ၀င်ရောက်ဖို့ တောင်းဆိုမှုကို အစ္စရေးက လက်မခံဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်စတင်ပြီး အစ္စရေးရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် Kamal Adwan ဆေးရုံမှာ ဆေး၀ါးတွေ၊ ကျန်းမာရေးလုပ်သားတွေ၊ ဆရာ၀န်တွေ အရေးတကြီး လိုအပ်နေတာဖြစ်ပါတယ်။ အစ္စရေးက ဆေးရုံကို တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

    အကြမ်းဖက်မှုများ ဆက်လက်မြင့်တက်နေဆဲ
    ——–
    ဂါဇာကမ်းမြှောင်မှာ အစ္စရေးဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်လက် အရှိန်မြှင့် လုပ်ဆောင်နေပြီး မြောက်ပိုင်း တစ်ခုတည်းမှာပဲ ၂ လအတွင်း ပြည်သူ ၂၅၀၀ ကျော်ကို သတ်ဖြတ်ထားပါတယ်။ တောင်ပိုင်းက စစ်ရှောင်စခန်းတွေနဲ့ ဆေးရုံတွေကိုလည်း နေ့စဥ်လိုလို ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်ခဲ့တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲအတွင်း အသတ်ခံရသူ အရေအတွက်ဟာ ၄၅၀၉၇ ဦး ရှိလာပြီဖြစ်ပါတယ်။

    ဂါဇာကို အကူအညီများ ပေးမ၀င်
    ————-
    ဂါဇာက အတိဒုက္ခရောက်နေသူတွေကို အကူအညီပေးဖို့ ကြိုးပမ်းမှုကို အစ္စရေးက ဆက်လက်ပြီး တားဆီးဟန့်တားနေတယ်လို့ ကုလအတွင်းရေးမှုး အန်တိုနီယို ဂူတာရက်စ်က ပြောပါတယ်။ အကူအညီပေးရေး ယာဥ်တွေ၀င်ရောက်ဖို့ အကြိမ် ၄၀ တောင်းဆိုရာမှာ အစ္စရေးက ၂ ကြိမ်သာ ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။ ညှင်းပမ်း သတ်ဖြတ်မှုတွေ ခံစားနေရတဲ့ ဂါဇာပြည်သူတွေ အခြေခံ စားနပ်ရိက္ခာ ရရှိရေး အကူအညီတွေ ၀င်ရောက်ခွင့်ပြုဖို့လည်း ဂူတာရက်စ်က တောင်းဆိုခဲ့ပါတယ်။

    Ref: Aljazeera


  • ဂါဇာတွင် အစုလိုက် အပြုံလိုက် အကြမ်းဖက်သတ်ဖြတ်မှုများ အစ္စရေးက ဆက်လက်ကျူးလွန်နေ

    ဂါဇာတွင် အစုလိုက် အပြုံလိုက် အကြမ်းဖက်သတ်ဖြတ်မှုများ အစ္စရေးက ဆက်လက်ကျူးလွန်နေ

    ဒီဇင်ဘာ ၁၅၊ ၂၀၂၄
    M-Media

    -ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်က ဆေးရုံနဲ့ ဒုက္ခသည်စခန်းတွေ၊ စာသင်ကျောင်းတွေမှာ အစ္စရေးက အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး ဒီဇင်ဘာ ၁၄ ရက်နေ့ တစ်ရက်တည်းမှာတင် အနည်းဆုံး လူ ၂၀ လောက် သေဆုံးခဲ့ပါတယ်။

    ဒီဇင်ဘာ ၁၃ ရက်နေ့ကလည်း နူဆီရတ် ဒုက္ခသည်စခန်းမှာ အစ္စရေးဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအ၀င် အရပ်သား ၃၆ ဦးထက်မနည်း သတ်ဖြတ်ခဲ့ပြီး ဒီလုပ်ရပ်ကို ကမ္ဘာတစ်၀ှမ်းက ရှုတ်ချခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက်နေ့ စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲမှာ အသတ်ခံရသူ ပါလက်စတိုင်း အရေအတွက်ဟာ ၄၅၀၀၀ နီးပါး ရှိလာခဲ့ပြီး၊ အဆောက်အဦးအပျက်အဆီးတွေအကြား ပိတ်မိ ပျောက်ဆုံးနေသူ အရေအတွက်က တစ်သောင်းကျော် ရှိနေပါတယ်။

    Ref: Aljazeera

  • ဆီးရီးယားအာဏာရှင် အလ်အာဆတ် တိုင်းပြည်က ထွက်ပြေး

    ဆီးရီးယားအာဏာရှင် အလ်အာဆတ် တိုင်းပြည်က ထွက်ပြေး

    ဒီဇင်ဘာ ၈၊ ၂၀၂၄
    M-Media


    -တိုင်းပြည်ကို နှစ်ပေါင်း ၂၀ ကျော် ချုပ်ကိုင် အုပ်စိုးခဲ့တဲ့ အာဏာရှင် ဘာရှာ အလ်အာဆတ်ဟာ ဒီဇင်ဘာ ၈ ရက်နေ့ မနက်အစောပိုင်းမှာ တိုင်းပြည်ကနေ ထွက်ပြေးသွားပြီလို့ သိရပါတယ်။

    ဟာဖစ်ဇ် အလ်အာဆတ်နဲ့ ဘာရှာ အလ်အာဆတ်တို့ သားအဖနှစ်ယောက် ထူထောင်ခဲ့တဲ့ နှစ် ၅၀ ကျော်ကြာ အာဏာရှင်စနစ်တစ်ခု အရှေ့အလယ်ပိုင်းမှာ အဆုံးသတ်သွားတာလည်း ဖြစ်ပါတယ်။

    ဆီးရီးယားမှာ အာဏာရှင် အလ်အာဆတ် ရာထူးကဆင်းပေးရေး လူထုဆန္ဒပြမှုတွေ ၂၀၁၁ ခုနှစ်မှာ စတင်ခဲ့ပြီး ပြင်းပြင်းထန်ထန် နှိမ်နှင်းမှုနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် လက်နက်ကိုင် တော်လှန်ရေးအသွင် ပြောင်းလဲသွားခဲ့ပြီး ၁၃ နှစ်တာ ကြာမြင့်ကာ ယခုအချိန်မှ အလုံးစုံအောင်မြင်မှုရရှိခဲ့တာ ဖြစ်ပါတယ်။

    ဆီးရီးယားစစ်တပ်အကြီးအကဲကလည်း အာဆတ်ရဲ့ အုပ်ချုပ်မှု အဆုံးသတ်သွားပြီဖြစ်ကြောင်း စစ်တပ်ကို အကြောင်းကြားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ လက်နက်ချခဲ့ပါတယ်။

    တော်လှန်ရေးတပ်ပေါင်းစုကို ဦးဆောင်တဲ့ Hayat Tahrir al-Sham အဖွဲ့က ဆီးရီးယားနိုင်ငံ လွတ်မြောက်ပြီဖြစ်ကြောင်း ကြေငြာကာ တိုက်ခိုက်မှုတွေရပ်တန့်ဖို့၊ နိုင်ငံပိုင် အဆောက်အဦးတွေကို တိုက်ခိုက်မှု မလုပ်ဖို့ တပ်ဖွဲ့၀င်တွေကို အမိန့်ပေးခဲ့ပါတယ်။

    Ref: Aljazeera