News @ M-Media

Author: M-Media

  • ကလေး ၂ ယောက် ဥပဒေသည် လူအခွင့်အရေးကို ချိုးဖောက်ခြင်းသာဖြစ်ဟု ဒေါ်စုကြည် ဝေဖန်

    M-Media
    မေလ ၂၇ ရက်၊ ၂၀၁၃

    သတင်းအရင်းအမြစ် – အင်တာနက်

    2013-05-27T113335Z_1_CBRE94Q0W4600_RTROPTP_2_MYANMAR-POLITICS
    သတင်းထောက်များနဲ့ တွေ့ဆုံနေတဲ့ ဒေါ်အောင်ဆန်းစုကြည်

    မွတ်စလင်များအရေးနဲ့ပတ်သတ်ပြီး မှတ်ချက်ပေးမှုနည်းပါးတဲ့ ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာတွေကို ကလေးနှစ်ယောက်သာ ယူခွင့်ရှိတဲ့ ဥပဒေပြဌာန်း ကန့်သတ်တာနဲ့ပတ်သတ်ပြီး ဒါဟာလူအခွင့်အရေးကို ဆန့်ကျင်တာဖြစ်တယ်လို့ ယနေ့ ဝေဖန်ပြောကြားလိုက်ပါတယ်။

    အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယခင်အာဏာရှင်အစိုးရ အဆိုပြုခဲ့တဲ့ အဲဒီအငြင်းပွားဖွယ်ရာ ဥပဒေကို လက်ရှိအာဏာပိုင်တွေက အတည်ပြုပြဌာန်းလိုက်တဲ့အပေါ်မှာ သူမအနေနဲ့ ဆန့်ကျင်ကြောင်း ယနေ့သတင်းထောက်များကို ရန်ကုန်မြို့မှာ ပြောကြားခဲ့တာဖြစ်ကြောင်း ရိုက်တာက ဆိုပါတယ်။

    “ဒီလိုမျိုး ခွဲခြားမှုမျိုးရှိနေတာ မကောင်းပါဘူး၊ ဒါက လူအခွင့်အရေးနဲ့လည်း လိုက်လျောညီထွေ မရှိလှပါဘူး” ဟု ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်က သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။

    ရခိုင်ပြည်နယ်အစိုးရကတော့ ဒီဥပဒေကို မွတ်စလင်အများစုရှိရာ ဒေသနှစ်ခုမှာ အတည်ပြုပြီးဖြစ်တယ်လို့ အေအက်ဖ်ပီကို ရခိုင်ပြည်နယ်အစိုး ရ ပြောခွင့် ရပုဂ္ဂိုလ် ဦးဝင်းမြိုင်က ပြောကြားခဲ့သလို ယခင်ကတော့ အုပ်စုအချင်းချင်း ပဋိပက္ခတွေကြောင့် အတည်ပြုဖို့ နှောင့်နှေးနေ တာ ဖြစ်တယ်လို့ လည်း သူက ဆိုပါတယ်။

    လူအခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ကတော့ ဒီဥပဒေကို “စက်ဆုပ်ဖွယ် ဥပဒေ၊ လူသားမဆန်တဲ့ ဥပဒေ” စတဲ့ စကားလုံးတွေ သုံးပြီး ဝေဖန်ခဲ့သလို ဒီဥပဒေက လူ့အခွင့်အရေးနဲ့ လုံးဝဥဿုံဆန့်ကျင်နေတယ်လို့လည်း ဆိုပါတယ်။

    ဧပြီလ ၂၉ ရက်နေ့မှာ ထွက်ခဲ့တဲ့ ရခိုင်ပဋိပက္ခစုံစမ်းရေးကော်မတီအစီရင်ခံစာမှာတော့ တကယ်လို့ အစိုးရကသာ ဒီလိုမျိုး ကလေးယူခွင့် ကန့်သတ်တဲ့ ဥပဒေ ကို ကာယကံရှင်များရဲ့ သဘောဆန္ဒမပါဘဲ ပြဌာန်းခြင်းမျိုးကနေ ရှောင်ရှားသင့်ကြောင်း၊ အကယ်၍ အဲဒီလိုမျိုးသာ ပြဌာန်းခဲ့မယ်ဆိုရင် လူအခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတော့မှာ မဟုတ်ဘူးလို့ ရေးသားဖော်ပြထားပါတယ်။ ဒါပေမယ့် အစိုးရကတော့ စုံစမ်းရေးကော်မတီရဲ့ အကြံပေးချက်ကို ထုံးစံအတိုင်း လျစ်လျူရှုခဲ့တာပါလို့ လေ့လာသူတွေက ဝေဖန်ကြပါတယ်။

    အဲန်အလ်ဒီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကတော့ အစိုးရအနေနဲ့ ၁၉၈၂ ဥပဒေကို ပြင်ဆင်ပြီး ရိုဟင်ဂျာတွေကို ကန့်သတ်ချုပ်ခြယ် မှုတွေ ဖြေလျော့ပေး သင့်တယ်လို့ ဒီမေလ အတွင်းမှာပဲ ရိုက်တာကို ပြောကြားခဲ့ပါသေးတယ်။

    “ရခိုင်တွေမှာ အဖြေမရှိဘူး၊ သူတို့က ရိုဟင်ဂျာတွေကို မောင်းထုတ်ပစ်ချင်တယ်၊ ဒါက မဖြစ်နိုင်တဲ့ကိစ္စပဲ” လို့ ဦးဥာဏ်ဝင်းက ပြောကြားခဲ့ပါတယ်။

  • သွေးစွန်းနေတဲ့ သမ္မာဒိဌိ

    M-Media
    မေလ ၅ ရက်၊ ၂၀၁၃
    ဆောင်းပါးရှင် – ဗြတ်ဝိ

    396949_10200959355563709_367952536_n
    မိတ္ထီလာမြို့ မီးလောင်ပြင်အား စိတ်ပျက်အားငယ်စွာ ငေးမောကြည့်နေသည့် မိသားတစ်စု

     

    ကျီးလန့်စာ

    ယနေ့ မြန်မာမွတ်စလင်တွေကတော့ နယ်ဒေသတွေမှာသာမက မိတ္ထီလာနဲ့ ဥက္ကံမြို့တွေကနေတဆင့် ပျံ့ပွားလာတဲ့မီးကြောင့် စီးပွားရေးအချက် အချာ မြို့ကြီးနှစ်မြို့ဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးတို့မှာပါ ကျီးလန့်စာ စားနေရတဲ့ အဖြစ်ကို ရောက်ရှိနေပါတယ်။

    အခြေအနေကို ၀င့်ရောက်ဟန့်တားပေးဖို့၊ ပြဿနာရဲ့ အဓိကအရင်းအမြစ်ကို တိုက်ရိုက်တင်ပြပေးဖို့ ဆိုတာတွေက ဘယ်သူ့ဘယ်သူမှရဲ့ တာဝန် မဟုတ်လို့ လူကြီးတွေကိုယ်တိုင် ခံယူထားကြသလိုပါပဲ။

    ဟိုမှာ မီးရှို့တော့မယ်၊ ဒီမှာအကြမ်းဖက်တော့မယ်စတဲ့သတင်းတွေကို အချိန်အတော်ကြာ ကြားနေရတော့ တရားဥပဒေဆို တာ ဘာလဲ၊ အခွန် ထမ်း နိုင်ငံသားတစ်ယောက်အတွက် လုံခြုံငြိမ်းချမ်းရေးဆိုတာဘာလဲ စတာတွေက မှုန်ဝါးလာသလို နှလုံးသည်း ပွတ်တွေလည်း နာကျည်းခက်ထန်ပြီး အမာရွတ်တွေ တက်စပြုလာပါပြီ။

    ကန်မုန်းတီးရေးကို ဖြစ်စေတာ ကန်အစိုးရရဲ့ နိုင်ငံခြားရေး ပေါ်လစီကြောင့်လား (ဘယ်သူမပြုမိမိမှု)

    အမေရိကန်ကို မုန်းတီးတဲ့ လူတွေ ဘာကြောင့် မုန်းကြသလဲ။ အဲဒီအမေးကို ရုရှတူဒေးရဲ့ labeling terrorists ဆိုတဲ့ cross talk မှာ အမေရိကန်စာရေးဆရာ ၀ီလျံဘားမ် ကတော့ အမေရိကန် နိုင်ငံခြားရေးပေါ်လစီကြောင့် လို့ ဆိုပါတယ်။

    သူ့ရဲ့ ဥပမာက ဒီကနေ့ အမေရိကန်ဒုံးပျံတိုက်ခိုက်ရေးစနစ်က အကြမ်းဖက်သမားတွေကို ရည်ရွယ်ပြီးပြစ်လွှတ်တာပါလို့ ဆိုတယ်၊ အဲဒီဒုံးကြောင့် အရပ်သားအများအပြား သေကြရတယ်၊ အမေရိကန် က တောင်းပန်လိုက်တယ်။ နောက်နေ့ ကျတော့ ထပ်ပြစ်တယ်၊ အရပ်သားထပ်သေတယ်၊ အဲဒီလို နေ့စဉ်ရက်စက်ဖြစ်နေရင်တော့ နိုင်ငံတနိုင်ငံရဲ့ အစိုးရကိုယ်တိုင် လုပ်ဆောင်နေတဲ့ ကိစ္စဖြစ်ပေမယ့်၊ အရပ်ဘက်အပြစ်မဲ့တွေ ဓားစာခံနေရ တာကြောင့် “အကြမ်းဖက်မှု” လို့ ခေါင်းစဉ်တပ်နိုင်လောက် တဲ့ အဆင့် ရောက်သွားပြီလို့ ဆိုပါတယ်။ ဒီလိုကိစ္စတွေကပဲ အမေရိကန်ကို မုန်းတီးတဲ့ အကြမ်းဖက်ဝါဒီတွေ မွေးထုတ်ပေးနေတာဖြစ်ပါတယ်တဲ့။

    နုတ်ဆိတ်နေတဲ့ သတင်းလွတ်လပ်ခွင့်အရေး လှုပ်ရှားကြသူ မြန်မာ့မီဒီယာကြီးများ

    အထက်မှာ အမေရိကန်အဖြစ်ကို ဥပမာပေးဖော်ပြခဲ့သလိုပါ။ အပြစ်မဲ့မြန်မာမွတ်စလင် ၁၀ ဦး အသတ်ခံရတဲ့ တောင်ကုတ် အရေးအခင်းကနေ စတယ်၊ မွတ်စလင်ဆန့်ကျင်ရေး အမုန်းတရားတွေကို တစထက်တစ တိုးလို့သာ လှုံဆော်လာကြတယ်။ အမုန်းတရားကြီးထွားစေမယ့် “ဆွ” ပေးတဲ့ မမှန်သတင်းဟော ဘုန်းကြီးတရားတွေ ပျံ့နှံ့သထက်ပျံ့လာတယ်။

    အင်တာနက်လူမှုကွန်ယက်ကနေလည်း အစ္စလာမ်ဆန့်ကျင်ရေးဗန်းပြပြီး နိုင်ငံရေးကို အကြီးအကျယ်အမြတ်ထုတ်ကြတယ်။

    ဖြစ်ပျက်နေတာကြာခဲ့ပါပြီ။ သွေးစွန်းပြီးမှအော်လံထောင်ကြတယ်။ ဘာကြောင့်လဲ။ ဓားစာခံတွေက မြန်မာ့မီဒီယာသမားကြီးတွေနဲ့ ဘာသာမတူလို့များလား။

    မြေစာပင်

    မြေစာပင်ရွေးတိုင်း မြန်မာပြည်ဖွား မွတ်စလင်တွေချည့်ဖြစ်နေတာဘာကြောင့်လဲ။ အရင်းစစ်တော့ အမြစ်မြေကဆိုသလို အိမ်တိုင်းအိမ်တိုင်းရဲ့ အမိအဘတွေ ကိုယ်နှိုက်က ကုလား၊ ကုလားရယ်လို့ ပုတ်ခတ်ပြီး အမုန်းတရားတွေ သွတ်သွင်းပေးနေမှတော့ မျိုးဆက်တွေအလိုက် ကုလားမုန်းသမားတွေထွက် လာတော့တာပါပဲ။ ဒါကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထောက်ပြခဲ့ဖူးပါပြီ။

    ဒီတော့ လွယ်ရာလိုက်ပြီး ကုလားကို ထိုးကျွေးရင် အချိန်တိုအတွင်း ပေါ်ပြူလာဖြစ်နိုင်တယ်ဆိုတာ လူတိုင်းရဲ့ ရင်ထဲမှာ အရိုးစွဲနေပြီပေါ့။

    တဖက်နဲ့တဖက်၊ တစ်အုပ်စုနဲ့ တစ်အုပ်စု အာဏာပြိုင်ကြတဲ့အထဲ မြေစာပင်တွေက အစုလိုက်အပြုံလိုက် သေကြ၊ အိုးအိမ်မဲ့ ခိုကိုးရာမဲ့ဖြစ်နေပါပြီ။

    နိုင်ငံခြားခြိမ်းခြောက်မှုနဲ့ မြန်မာမွတ်စလင်

    မြန်မာမွတ်စလင်တွေဟာ အကြမ်းဖက်နည်းစနစ်ကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ဖို့နေနေ၊ အားပေးအားမြှောက်လည်း ဘယ်တုန်းကမှ မပြုလုပ်ကြပါဘူး။ ဒါဟာ မှတ်ကျောက်တင် စစ်ဆေးစရာမလိုတဲ့အမှန်တရားပါ။

    နိုင်ငံခြားခြိမ်းခြောက်မှုတွေကြောင့် မြန်မာ့မွတ်စလင်ခေါင်းဆောင်တွေ သဘောထားထုတ်ပြန်ဖို့လိုရင် လက်ရှိဖြစ်ပျက်နေတဲ့ ပြည်တွင်း အကြမ်းဖက် မှုတွေကိုလည်း နိုင်ငံတော်အဆင့် ဗုဒ္ဓဘာသာ အဖွဲ့အစည်းတွေက သဘောထားထုတ်ပြန်ဖို့လိုပါတယ်။

    ခေတ်သစ်ငရဲခွေးကြီး ခုမှလွတ်?

    မေလ ၅ ရက် ဒီနေ့မှာတော့ ဒေါက်တာဆိတ်ဖွားအမှုမှာ ခေါ်ယူမေးမြန်းခံခဲ့ရတဲ့ ပုဂ္ဂိုလ်တစ်ဦးက “မောင်ကာဠု” ဆိုတဲ့ ငရဲခွေးကြီးလွတ်နေ တဲ့အကြောင်း ထောက်ပြပြောဆိုခဲ့ပါတယ်။ ဒါကိုအလဲဗင်းမီဒီယာဂရုကဆောင်းပါးကဏ္ဍကနေဖော်ပြပေးခဲ့ပါတယ်။

    အပိုဒ် နံပါတ်စဉ် ၅ မှာ “မြန်မာမွတ်စလင်” ဆိုတဲ့အသုံးအနှုံးကို တွေ့ရသလို အပိုဒ် နံပါတ်စဉ် ၇ မှာတော့ “မတရားမှုတွေကို ခံစားခဲ့ရတဲ့ မြန်မာ မွတ်စလင်တွေအတွက် ” ဆိုတဲ့ အရေးအသားကိုလည်း တွေ့မြင်ဖတ်ရှုရပါတယ်။ ကြိုဆိုပါတယ် မီဒီယာသမားကြီးများခင်ဗျား။

    သို့သော် သမ္မာဒိဌိတရားထူးက မြန်မာမွတ်စလင်တွေရဲ့ သွေးစွန်းနေတာ ကြာပါပြီ၊ ငရဲခွေးကြီး ခုမှ လွတ်တာမဟုတ်ပါ။

    နောက်တချက်က – ခင်ဗျားတို့ထောက်ပြ ပြောဆိုတော့မှပဲ အာဏာပါဝါရှိတဲ့ လူတွေကိုယ်တိုင် မောင်ကာဠုဝင်စားထားတယ်ဆိုတာ သိရသလို အဲဒီအာဏာပါဝါရှိသူတွေကတော့ အန်အဲလ်ဒီမုန်းတီးရေး သမားတွေ ဖြစ်နေတယ်ဆိုတာပါ သိလိုက်ရပါတယ်။

    အာဏာပါဝါအရသာကို ကောင်းကောင်းကြီး သိကြတာ ဘယ်သူတွေလဲ၊ အဲဒီသူတွေအကြောင်းကို မြန်မာပြည်သူလူထု၊ အထူးသဖြင့် ဗုဒ္ဓဘာသာဝင်အများ စုကြီးကို ပြောပြပြီး ဒါက ဒီလိုရှိတယ်၊ ဒီလိုကြောင့် ဒီလိုတွေ ဖြစ်နေတယ်၊ လုပ်နေတယ် စသဖြင့် မျက်စိဖွင့်နားဖွင့် လုပ်ပေးဖို့ရာ “ခေါင်းဆောင်မီဒီယာ” ကြီးတွေမှာ တာဝန်ရှိတာ မဟုတ်ဖူးလားခင်ဗျာ။ ခုမှထလုပ်တော့ သွေးစွန်းခဲ့တဲ့အမှုတွေထဲက အသက်ဇီဝိန်တွေ ပြန်ရှင်လာမှာမှ မဟုတ်တာ။

    ၉၆၉ နဲ့ ဦးဝီရသူ

    အလဲဗင်းမီဒီယာကြီး တင်ပေးခဲ့တဲ့ ” ခေတ်သစ်ငရဲခွေးကြီးလွတ်နေပြီ ” ဆိုတဲ့ဆောင်းပါးမှာ ဦးဝီရသူနဲ့ သူ့ဝါဒ ကိုးခြောက်ကိုးကို အကာအ ကွယ်ပေး ဖော်ပြသွားတာကတော့ စိတ်ပျက်ဖွယ်ပါပဲ။ တောက်လျှောက် ကောင်းလာ တဲ့ ဆောင်းပါးတပုဒ်ဟာ အဆုံးသတ်ခါနီးကျမှ နို့မလိုင်ထဲ မစင် တစက်ကျတဲ့အဖြစ် ရောက်မှန်းမသိ ရောက်သွားရပါတယ်။

    ” ခေတ်သစ်ငရဲခွေးကြီးလွတ်နေပြီ ” ဆိုတဲ့ဆောင်းပါးရှင်သည်လည်း ထဲထဲဝင်ဝင်တယောက်တော့ ဖြစ်နေမှာ မလွဲဧကန်ပါပဲ။ သူထောက်ပြ တဲ့ ဒေါက် တာဆိတ်ဖွား = စစ်အောင် = မောင်ကာဠုသည် ယခင်စစ်အစိုးရလက်ထက် သုံးစွဲလာတဲ့ အမည်တူ၊ စကားပြေအရေးအသားတူလူစုဖြစ်နေရင် ကုလားမုန်းတီးရေးမှာ ယခင်ကတည်းက အညှာလွယ်တဲ့ ဦးဝီရသူလို လူမျိုးကို သာသနာဗန်းပြပြီး ကောင်းကောင်းကြီးစည်းရုံးစေ ခိုင်းထားတာ မျိုးရော၊ မဖြစ်နိုင်ဘူးလားခင်ဗျာ။

    ဦးဝီရသူရဲ့ တရားတွေကို နားထောင်ကြည့်တော့၊ သူ့ဟန်ပန်က ရဟန်းတပါးရဲ့ ဟန်ပန်မျိုးမဟုတ်ပါ။ ဥပမာ – နှာခေါင်းလေး တရှုံ့ရှုံ့ လုပ်တတ်တဲ့ ဓမ္မဓူတ အရှင်ဆေကိန္ဒ နဲ့ သြဇာသံပိုင်ရှင် သီတဂူဆရာတော်တွေရဲ့ ပါဠိတော်ကိုးကားပြီး ချပြပြောဆို ဝေဖန်ပြတဲ့တရားတော်များနဲ့ ဘုရားဟော ပါဠိနတ္ထိဖြစ်နေတဲ့ ဦးဝီရသူရဲ့ ၉၆၉ အမည်ခံ အမုန်းတရားတွေဟာ အရှေ့နဲ့အနောက်လို ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတဲ့ အဖြစ်မျိုးပါ။

    ဒါကိုလည်း သမ္မာဒိဌိအမြင်မှန်နဲ့ကြည့်ပြီး လေ့လာစုံစမ်းသင့်ပါတယ်။ မဟုတ်တန်းတရားတွေ ရပ်တန့်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုရင် ၉၆၉ တရားပွဲကျင်းပတဲ့နေရာတိုင်းမှာ တရားပွဲအပြီး ပြဿနာတွေ ပေါ်ပေါက်ခဲ့တဲ့ သာဓက တွေ ရှိနေလို့ပါပဲ။

    ၉၆၉ လှုပ်ရှားမှု ကိစ္စနဲ့ စပ်လျဉ်းပြီးတော့ ဆရာတော် အရှင်ဆန္ဒာဓိက ကိုယ်တိုင် ရှင်းလင်းပြောပြတဲ့အခါ ၉၆၉ ဆိုတာ ဘယ်လိုအဓိပ္ပါယ် မျိုးဆို တာတွေပါဝင်ခဲ့သလို အကြမ်းဖက်ခံခဲ့ရတဲ့ မွတ်စလင်တွေအတွက်လည်း ၀မ်းနည်းပါတယ် ဆိုတာလည်း ပါဝင်ခဲ့ပါတယ်။ ဒါကို မြန်မာတိုင်းမ်စ် အင်္ဂလိပ် ပိုင်းက ဖော်ပြခဲ့ပါတယ်။

    မြန်မာတိုင်မ်းစ် ဖော်ပြတဲ့ အဲဒီဆောင်းပါးမှာပဲ မကွေးမြို့က ဆရာတော် ဦးကုန္ဒလ ကုမာရရဲ့ အဆိုကို လေ့လာနိုင်ပါတယ်။ ဦးကုန္ဒလကုမာရကတော့ ၉၆၉ စတစ်ကာတွေ အများအပြား ပျံ့နှံ့နေတဲ့ မိတ္ထီလာနဲ့ ပဲခူးဒေသတ၀ိုက်မှာတော့ အကြမ်းဖက်မှုပြဿ နာက လျင်လျင်မြန်မြန် ကူးစက်သွားတယ်လို့ ဆိုပါတယ်။

    အမုန်းတရားကြီးထွားရေးအတွက် ပါဠိတော်မပါတဲ့ ဟောပြောမှုတွေမှာ ၉၆၉ ဆိုတဲ့စကားလုံး အသုံးချခံနေရသလို ၉၆၉ သည် မွတ်စလင်တိုက် ခိုက်ရေး ရဟန်းဟောတရားတွေမှာ ( motivation ) စိတ်ဓာတ်စစ်ဆင်ရေး စကားလုံးတစ်လုံးဖြစ်နေတာ မြေကြီးလက်ခတ်မလွဲဘူး ဆိုတာ အထက်က ရဟန်းတော်တွေရဲ့ ထွက်ဆိုချက်တွေက သက်သေပါပဲ။

    ဒါ့ပြင် မြန်မာနိုင်ငံတော်အစိုးရက မေလ ၄ ရက်နောက်ဆုံးထားပြီး လှိုင်းဘွဲ့ကနေ ထွက်သွားခိုင်းထားတဲ့ လက်နက်ကိုင် ဒီကေဘီအေ ဆက်စပ်အဖွဲ့ အစည်းတွေနဲ့ အဆက်အဆံရှိနေတဲ့ ဦးဝီရသူကို ” ခေတ်သစ်ငရဲခွေးကြီးလွတ်နေပြီ ” ဆိုတဲ့ဆောင်းပါးရှင်က ဘယ်လိုမှ သဘောမထားတဲ့အပြင် အကာအကွယ်ပေးထားတာကတော့ အန္တရာယ်တစ်ခုကို အဖွဲ့အစည်းတစ်ခုဆီ အရောက်ပို့နေသလိုပါပဲ။

    395760_254191624724353_1187194972_n-1
    ဒီကေဘီအေ တပ်ဖွဲ့ဝင်များနှင့်အတူတွေ့ရသည့် ဦးဝီရသူ

    အင်ဒိုအဖွဲ့အစည်းတွေရဲ့ ခြိမ်းခြောက်မှုက အလှမ်းကွာနေပေမယ့် ဦးဝီရသူနဲ့ ဒီကေဘီအေအဖွဲ့တွေ တွဲရိုက်ထားတဲ့ဓာတ်ပုံကတော့ လက်တကမ်း အကွာမှာရှိနေသလို အဲဒီဓာတ်ပုံကရော မြန်မာမွတ်စလင်တွေကို ဘယ်လောက်ထိ စိတ်သောကအဟုန် ပူပန်စိုးရိမ်မှုတွေ ဖြစ်စေခဲ့၊ ဖြစ်နေစေသလဲ ဆိုတာကိုတော့ တရေးတယူလုပ်သူ မရှိသေးပါခင်ဗျား။

    ဆက်တိုက်ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှု

    ဒီလိုဆက်တိုက်ဖြစ်ပေါ်နေတဲ့အကြမ်းဖက်မှုတွေကို မဖြစ်ခင်ကာကွယ်နိုင်တဲ့အနေအထားတွေ ရှိပေမယ့် မကာကွယ်ဘဲ ဖြစ်ပြီးမှ နာမည်ကောင်း ခံကြတာတွေ၊ မဖြစ်စလောက်ဖမ်းဆီးပြတာ၊ ပြစ်ဒဏ်ချပြတာတွေ လုပ်နေတာဟာ စိတ်ပျက်စရာပါပဲ။

    ပြဿနာရဲ့ အရင်းအမြစ်ကို စစ်ရပါမယ်။ မောင်ကာဠု (ခ) ဒေါက်တာဆိတ်ဖွားသည် စစ်ဘက်ဆိုင်ရာတွေနဲ့ အဆက်အဆံရှိတယ်ဆိုတာကိုတော့ အလဲဗင်းဆရာကြီးတွေက ဖွင့်ချပြပြီးသွားပါပြီ။ ” ဦးသိန်းစိန်အစိုးရအနေနဲ့ မိမိကိုယ်တိုင်ရဲ့ အာဏာစက်မထိရောက်တဲ့ အဖွဲ့စည်းတခုကို ဒီအတိုင်းလွှတ် ထားနေရတယ်ဆိုတဲ့ သံသယ” ကိုရော ဟုတ်မဟုတ်ဆိုတာ ဘယ်နေ့ဘယ်အချိန်များမှ ဖွင့်ချနိုင်မလဲဆိုတာ…..

  • ဘော်စတန် ဗုံးခွဲမှု သံသယတရားခံ ဖမ်းဆီးရမိ၊ ကျူးလွန်ရခြင်း၏ အ​ကြောင်းရင်းများကို စိစစ်သွားမည်ဖြစ်သော်လည်း ထုတ်ဖော်ပြောကြားလိမ့်မည် မဟုတ်ဟု အိုဘာမားဆို

    M-Media
    ဧပြီလ ၂၀ ရက်၊ ၂၀၁၃

     

    APTOPIX Boston Marathon Explosions Suspect
    ဘော်စတန်ဗုံးခွဲမှုမှ သံသယတရားခံ ညီအစ်ကိုနှစ်ဦး

     

    ဘော်စတန်ဗုံးခွဲမှု သံသယတရားခံ ညီအစ်ကိုနှစ်ဦးမှ အသက်ရှင်ကျန်ရစ်ပြီး ထွက်ပြေးလွတ်မြောက်နေသည့် ညီဖြစ်သူ ဂျော့ခါ ဆာနာအီဗ် (Dzhokhar Tsarnaev ) ကို ဖမ်းဆီးလိုက်နိုင်ပြီဖြစ်ကြောင်း သိရသည်။ ထိုသတင်းကို အမေရိကန် စံတော်ချိန် ဧပြီလ ၁၉ ရက်နေ့ ၊ ည ၉.၃၀ အချိန်တွင် မက်ဆာချူးဆက် ပြည်နယ် ရဲဌာနမှ ဗိုလ်မှူးကြီး တင်မသီ ပီ.အလ်ဘန်က အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

    သံသယတရားခံအား လက်ရဖမ်းဆီးမိဖို့ ဒေသခံပြည်သူများက သတင်းပေးခဲ့ကြခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးရမိချိန်တွင် သံသယတရားခံ မှာ လှေငယ် တစ်စင်း အတွင်း ပုန်းအောင်းနေခြင်းဖြစ်ကြောင်း သိရသည်။

    သံသယတရားခံ ညီအစ်ကို နှစ်ဦးစလုံးမှာ လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကတည်းက အမေရိကန်နိုင်ငံတွင် ပြောင်းရွှေ့နေထိုင် လာသူများဖြစ်သည်။ နှစ်ဦး စလုံးမှာ ကော့ကေးဆပ်၊ ချေချင်းညာဇာတိများဖြစ်သည်။

    ညီဖြစ်သူ ဂျော့ခါ ဆာနာအီဗ်မှာ ၂၀၁၁ တွင် Cambridge Rindge နှင့် Latin School တို့မှ ကျောင်းဆင်းအောင်လက်မှတ်ရရှိထားသလို ကိန်းဗရစ်ခ်ျမြို့၊ ပညာသင်ဆုကိုလည်း ဆွတ်ခူးဖူးသူဖြစ်သည်။ အချို့သော သတင်းအချက်အလက်များအရမူ သူသည် အမေရိကန်နိုင်ငံတွင် သူ့ဘ၀ တ၀က်ကျော်ကို ဖြတ်သန်းကြီးပြင်းခဲ့သူဖြစ်သလို အမေရိကန်ပညာရေးစနစ်တွင် လေ့ကျင့်သင်ကြားပေးခြင်း ခံထားရသူဖြစ်သည်။

    အစ်ကိုဖြစ်သူမှာလည်း လက်ဝှေ့နှင့် နပန်းအကျော်အမော်တဦးဖြစ်ကာ အမေရိကန်နိုင်ငံကိုယ်စားပြု အိုလံပစ်ကစားသမားတစ်ဦးဖြစ်ဖို့ ရည်မှန်းထားသူ ဖြစ်ကြောင်း၊ ၄င်းအနေဖြင့် အမေရိကန်နှင့် ရုရှတို့ကို ရွေးချယ်ရမည်ဆိုပါက အမေရိကန်ကိုသာ ရွေးချယ်၍ ကိုယ်စားပြု ယှဉ်ပြိုင်ဖို့ ရည်မှန်းထားကြောင်း သတင်းအရင်းအမြစ် အချို့က တင်ပြသည်။

     

    နာမည်ကြီး Huffington Post သတင်းစဉ်၏ HuffPost Live အစီအစဉ်တာဝန်ခံတဦးဖြစ်သူ ဂျာနယ်လစ် အဟ်မဒ် ရှီဘတ်ကမူ ၄င်းတို့နှစ်ဦးစလုံးမှာ မည်သည့်အဆက်အနွယ် ဇာတိပင်ဖြစ်စေကာမူ အမေရိကန်နိုင်ငံသားများဖြစ်သလို အမေရိကန်လူနေမှုအသိုက်အ၀န်းအတွင်း ကြီးပြင်းလာသူများ ဖြစ်ကြောင်းကို ယမန်နေ့ညက တင်ဆက်သည့် ရုပ်သံအစီအစဉ်တစ်ခုတွင် အဓိကထား သုံးသပ်ပြောကြားခဲ့သည်။

    အမေရိကန်သမ္မတ အိုဘာမားက သံသယတရားခံကို ဖမ်းဆီးရမိအပြီး ယမန်နေ့ ညတွင်ပင် အိမ်ဖြူတော်၌ ရုပ်သံအစီအစဉ်ဖြင့် ပြည်သူများကို စကားပြောကြားခဲ့သည်။ ထိုသို့ စကားပြောကြားရာ၌ “ယနေ့ညမှာတော့၊ အဖြေမထုတ်ရသေးတဲ့ မေးခွန်းတွေ တသီကြီး စုပုံနေပါတယ်၊ အဲဒီထဲက ဒီနိုင်ငံမှာကြီးပြင်းလာတယ်၊ ဒီမှာပဲ ပညာသင်ပြီး ကျွန်တော်တို့အမေရိကန်အသိုက်အ၀န်းရဲ့ အစိတ်အပိုင်းဖြစ်တဲ့ လူငယ်တွေက ဘာလို့ ဒီလိုမျိုး အမှုကြီးကို ကျူးလွန်တာလဲ?” ဟု သမ္မတ အိုဘာမားက မေးခွန်းထုတ်ပြခဲ့သည်။

    barack-obama

    အိမ်ဖြူတော်တွင် မိန့်ခွန်းပြောကြားနေသည့် အမေရိကန်သမ္မတ အိုဘာမား

    သမ္မတအိုဘာမားက ဘော်စတန်ပြည်သူများအတွက်လည်းကောင်း၊ အသတ်ခံခဲ့ရသူ MIT ရဲအရာရှိ အတွက်လည်းကောင်း ၀မ်းနည်းရပါကြောင်း ကို ပြောကြားခဲ့သည်။

    ထို့ပြင် သမ္မတအိုဘာမားက “ကျွန်တော်တို့ သိထားတဲ့ အချက်တစ်ခုကတော့၊ ဒီလိုမျိုး ကြောက်မက်ဖွယ်အမှုမျိုးကို ကျူးလွန်ဖို့ ဘယ်လိုအခြေအနေ နောက်ခံဖြစ်စဉ်မျိုးက သူတို့နှစ်ဦးကို တွန်းပို့လိုက်လဲဆိုတာကိုတော့ လူသိရှင်ကြား ထုတ်ဖော်သွားလိမ့်မှာမဟုတ်ဘူး၊ ထုတ်ဖော် သွားနိုင်တဲ့အခြေအနေလည်း မရှိပါဘူး။” ဟု ပြောကြားသွားခဲ့သည်။

  • ရဟန်းတို့ လမ်းပျောက်လေသော် …

    နှစ်ဟောင်းမှအညစ်အကြေးများ၊ အပြစ်များသာမက ကံဆိုးခြင်းများ ပပျောက်ကင်းစင်စေ ရန် ဆေးကြောသည့် အနေဖြင့် မြန်မာပြည် သူပြည်သားများ သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကအထိ သင်္ကြန်နှစ်ကူးပွဲတော် ဆင်နွှဲခဲ့ကြလေသည်။ ဗုဒ္ဓဘာသာဝင်အများစုရှိသည့် နိုင်ငံတွင် မွတ်စလင်မ်တို့အပေါ် အကြမ်းဖက်မှုများ ရှိခဲ့သဖြင့် လွန်လေပြီးသော နှစ်ဟောင်းသည်ကား မြန်မာပြည်အတွက် အမှောင်လွှမ်းခဲ့သည့်ကာလပင်။  သမ္မတကြီး ဦးသိန်းစိန် ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများစတင်ပြီး နှစ်နှစ်အကြာတွင် ဖြစ်ပွားနေသည့် လူမျိုးရေး အမုန်းတရားများ ပဋိပက္ခမျာနှင့်စပ်လျဉ်း၍ ပြည်တွင်း အခြေဆိုက် စာရေး သူ နှစ်ဦးတို့က သတိပေး ရေးသားထားပါသည်။

    မူရင်းဆောင်းပါးရှင်  -ဆွေဝင်း

    www.straitstimes.com

     

    fnmonks19e

     

    မြန်မာနိုင်ငံ စစ်အုပ်ချုပ်ရေးလက်အောက်တွင် ရှိနေစဉ် လွန်ခဲ့သည့် ငါးနှစ်က အနောက်တိုင်းသားနှင့် တရုတ်လူမျိုး မိတ်ဆွေအချို့က ကျွန်တော့်အား အကြမ်းမဖက် သိမ်မွေ့မှုကို သွန်သင်သည့် ဗုဒ္ဓသာသနာ ထွန်းကားရာ မြန်မာနိုင်ငံတွင် အဘယ်ကြောင့် ဖိနှိပ်ချုပ်ချယ်မှုများ ရှိနေရပါ သနည်းဟု မေး ခဲ့ကြပါသည်။

    ထိုစဉ်တုန်းက ကျွန်တော်က တိုင်းပြည်တွင်းမှ ကိုယ့်သဘောနှင့်ကိုယ် စွန့်ခွာခဲ့ကာ ဟောင်ကောင် တက္ကသိုလ်တွင် စာနယ်ဇင်းပညာ သင်ယူနေ စဉ်ဖြစ်ပြီး ပြန်ဖြေလေ့ရှိသည်က တိုင်းပြည်အုပ်ချုပ်နေသူ  စစ်ခေါင်းဆောင်များက အကျင့်စာရိတ္တ ပျက်ပြားနေကြပြီး ဗုဒ္ဓသာသနာကလည်း အမည်ခံမျှ သာ ဖြစ်နေသောကြောင့် ဟူ၍ပင်။ ထို့ပြင် မြန်မာနိုင်ငံ၏ ကိုလိုနီခေတ်မတိုင်မီ ပဒေသရာဇ်ခေတ် အုပ်ချုပ်သူ ဘုရင်များကလည်း အမည်ခံဗုဒ္ဓ ဘာသာဝင်များသာဖြစ်ကြပြီး သူတို့ ကိုယ်တိုင်ကလည်း ရာဇဝတ်မှုကြီးများ ကျူးလွန်ခဲ့ကြဖူးသည် ဆိုသည်ကို လည်း ထောက်ပြဝေဖန်လေ့ ရှိခဲ့ပါသည်။

    ဆိုလိုသည်က ဘာသာတရားသည် တစ်စုံတစ်ရာ လွဲမှားနေခြင်းမဟုတ်ဘဲ ဘာသာတရား၏ သွန်သင်ချက်များကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် ခဲ့ကြ သည့် အုပ်ချုပ်သူ နိုင်ငံရေးသမားများ၏ ပြဿနာသာ ဖြစ်ကြောင်းပင်။

    ယခုအခါတွင်တော့ ထိုအဖြေမျိုးပေးရန် မဖြစ်နိုင်တော့။ ယခင်က ဘာသာရေးအရ အကြမ်းဖက်မှု ပဋိပက္ခ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ဖူးခြင်း သမိုင်းတွင် မရှိခဲ့သည့် မြန်မာပြည်အလယ်ပိုင်းရှိ မိတ္ထီလာမြို့တွင် ဗုဒ္ဓဘာသာဝင်များက မွတ်စလင်မ်တို့အား သေသည်အထိ တိုက်ခိုက်မှုများ မကြာသေးမီ က ဖြစ်ပွားခဲ့သောကြောင့်ပင်။ ဘုန်းတော်ကြီးများကိုယ်တိုင် မီးရှို့ဖျက်စီးမှု စတင်ခဲ့ကြခြင်း၊ ရိုက်ပုတ်သတ်ဖြတ်ခဲ့ကြခြင်း သတင်းသက်သေများ အရ ဤသည်တို့၏နောက်ကွယ်တွင် ကျင့်ဝတ်မစောင့်သည့် အစိုးရအမှုထမ်းများ သက်သက်ထက် များစွာပိုမိုနက်ရှိုင်းသည့် ပြဿနာတစ်ရပ်ကတော့ ရှိနေချေပြီ။

    (လူဦးရေ၏ ၉၀ ရာခိုင်နှုန်းခန့်ရှိသော)ဗုဒ္ဓဘာသာကိုးကွယ်သူများ၊ (၆၅ရာခိုင်နှုန်းကျော်ရှိသော) တိုင်းရင်းသား ဗမာလူမျိုးများ အများ စုဖြစ်ကြ သည့် မြန်မာလူထုကတော့ ဤသို့ ရက်ရက်စက်စက် မတရားပြုမူရာတွင် ပါဝင်ကြသူ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများသည် ဘုန်းတော်ကြီး စစ်စစ်မဟုတ်ကြဟု ယုံကြည်လိုကြသည်။ ဤနည်းအားဖြင့် ဗုဒ္ဓသာသနာ၏ အလေးအမြတ်ထားရာ ရတနာတစ်ပါးဖြစ်သည့် သံဃာတို့ကိုယ်တိုင် ပျက်စီးခြစားနေကြကြောင်း ခါးသီးသောအရှိတရားကို လက်ခံခြင်းထက် သက်သာရာ ရနိုင်သည်ကိုး။

    လူငယ်လူရွယ် အမျိုးသားပျို အမျိုးသမီးပျိုများကိုယ်တိုင် သဒ္ဓါတရားထက်သန်စွာဖြင့် တရားရယူနိုင်ရန်အလို့ငှာ သာသနာ့ဘောင်ဝင်ခဲ့ကြသည့်ခေတ် ရှိခဲ့ဖူးပါ၏။ သို့ရာတွင် စစ်အာဏာအောက်တွင် နှစ်ပေါင်းငါးဆယ်ခန့်ကြုံတွေ့နေခဲ့ရစဉ်တွင်မူကား နယ်စပ်တစ်လျှောက် စစ်ဖြစ်နေခြင်းနှင့် ဆင်းရဲ မွဲတေမှုတို့ကြောင့် ဘုန်းကြီးကျောင်းများတွင် ကိုရင်များ တိုးလာခဲ့သည်။

    အများစုမှာ အခြားရွေးချယ်စရာလမ်း မရှိသည့် မိဘမဲ့များ နှင့် မိဘများကိုယ်တိုင် ခိုကိုးရာမဲ့နေသောကြောင့် သားသမီး နေရေး စားရေး ပညာရေးစိတ် ချရစေရန်အတွက် ဘုန်းတော်ကြီးများထံ အပ်နှံခဲ့ကြရသူများ ဖြစ်လာသည်။

    လူသစ်တိုးပွားလာရခြင်း နည်းလမ်းအားဖြင့်မူ သံဃာများသည်လည်း မြန်မာ့တပ်မတော် စစ်သည်သစ် စုဆောင်းကြပုံနှင့်မခြားတော့။ အချို့နေရာများ တွင် ကျောင်းထိုင်ဆရာတော်များသည်ပင် စစ်အရာရှိတို့ကဲ့သို့နည်းတူ ရက်စက်ကြမ်းကြုတ်ကြသူများ ဖြစ်ခဲ့ကြသည်။

    ကျွန်တော်က ၁၉၉၀ပြည်လွန်နှစ်များတွင် မိရိုးဖလာ ဗုဒ္ဓဘာသာမိသားစုတစ်စုမှ ကြီးပြင်းခဲ့သူဖြစ်သည်။ ငါးတန်းနှစ်မှစတင်ကာ နှစ်စဉ် နွေရာသီတိုင်း ဘုန်းကြီးကျောင်းများတွင် လေ့လာသင်ယူခဲ့သည်။ ဘုန်းကြီးများသည် တရားဓမ္မ ကျင့်ကြံအားထုတ်ကြရမည့်အစား အလှူငွေများများရှာနိုင်စေ ရန် ဗေဒင်ပညာ သင်ယူခြင်း၊ ဝတ္ထုပစ္စည်းများ လှူဒါန်းလာသည်ကို စုဆောင်းလက်ခံခြင်းတို့ဖြင့် အချိန်ကုန်ကြလေ့ရှိသည်။

    ယနေ့ခေတ်တွင် မြန်မာဘုန်းကြီးအများစုတွင် ဒစ်ဂျစ်တယ် တယ်လီဖုန်းများ၊ ဇိမ်ခံ အကောင်းစားကားများ၊ LCD တီဗီများ ပိုင်ဆိုင်နေကြသည်။ အချို့က လောင်းကစားတောင် လုပ်ကြသေး၏။ “ အသက်ကြီးလာတော့မှသာ တရားကျင့်ကြံ အားထုတ်ကြတာ။ မဟုတ်လို့ကတော့ ဘုန်းကြီး အများစုက သာမာန်လူတွေလို နေနေကြတာပါပဲ” ဟု ပြီးခဲ့သည့် သီတင်းပတ်က ကျောင်းထိုင်ဘုန်းတော်ကြီးတစ်ပါးက ကျွန်တော့်ကို ပြောခဲ့ပါသည်။

    ပိုဆိုးသည်ကတော့ ထိုနွေရာသီကာလများအတွင်း ကျွန်တော် ကြုံတွေ့ခဲ့သည့် ဘုန်းကြီးများက ဗုဒ္ဓ၏ တရားစစ်မှန်တို့အား လျစ်လျူရှုကာ အခြား ယုံကြည်ရာ သာသနာတို့အား မထီလေးစားပြုမူလျက်  သံဃာတို့အား သီးသန့် ဂိုဏ်းဂဏတစ်ရပ်အသွင် ယူဆခဲ့ကြခြင်းပင်။ မြန်မာနိုင်ငံသည် နိုင်ငံရေး စီးပွားရေးအရ မတည်ငြိမ်သမျှကာလပတ်လုံး သံဃာဟူသည် ဒုက္ခသည်ပြည်သူတို့၏ အားကိုးအားထားရာသာမက အချို့အခြေအနေများတွင် ဂိုဏ်ဂဏအသွင်ဆောင်စရာ အကြောင်းခံ ဖြစ်နေပေသည်။

    ၂၀၀၁မှစကာ တောင်ငူ၊ ပျဉ်းမနား၊ ကျောက်ဆည်နှင့် အခြား မြန်မာပြည်အလည်ပိုင်း မြို့ရွာအချို့တွင် မွတ်စလင်မ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ဖြစ်ပွား ခဲ့ပြီး ဦးဆောင်ပါဝင်သူ ဘုန်းကြီးအချို့ ထောင်ကျခဲ့ကြ သည်။ နိုင်ငံရေးလှုပ်ရှားသူ ကျောင်းသားတစ်ဦးဖြစ်သော ကျွန်တော်သည် ထို ထောင်ကျ ဘုန်းကြီးအချို့နှင့် မန္တလေးမြို့အနီးရှိ မြင်းခြံထောင်တွင် ဆုံခဲ့သည်။

    သူတို့ထဲမှ တစ်ပါးက မွတ်စလင်မ်တို့၏ ပစ္စည်းဥစ္စာများအား ကိုယ်တိုင်မီးရှို့ဖျက်ဆီးကာ ဗုဒ္ဓသာသနာကို ကာကွယ်ခဲ့ကြောင်း ကျွန်တော့်အား ဂုဏ်ယူစွာ ပြောပြသည်။ ဝီရသူအမည်ဖြင့် ကျော်ကြားသူ နောက်တစ်ပါးကတော့ ထိုစဉ်ကအခြားထောင်တွင် အဆိုပါပြစ်မှုမျိုးအတွက် ပင် ထောင်ဒဏ် ကျခံခဲ့ရသူ ဖြစ်ပြီး ယခုအခါ ၉၆၉ လှုပ်ရှားမှုကို  ဦးဆောင်ကာ မွတ်စလင်မ်မုန်းတီးရေးတရားများ ဟောပြောနေလေသည်။

    ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်နယ်ရှိ နိုင်ငံမဲ့မွတ်စလင်မ်လူနည်းစု ရိုဟင်ဂျာများနှင့် ပဋိမက္ခ ဖြစ်အပြီးတွင်တော့ ကျွန်တော့်မိတ်ဆွေ ဘုန်းကြီးအချို့က လူ့အခွင့်အရေးနှင့် အနောက်တိုင်း၏ စံချိန်စံညွှန်းများအား ထိုသူတို့အတွက် ကျင့်သုံးရန် မဖြစ်နိုင်ကြောင်း ဆိုခဲ့ကြပါသည်။ ကျွန်တော်က ဘာကြောင့် မကျင့်သုံးပေးရနိုင်ပါမည်လဲမေးကာ ထို ရိုဟင်ဂျာတို့သည်လည်း လူသားများဖြစ်သည့်အလျောက် ဗုဒ္ဓ၏ သွန်သင်ချက်များအတိုင်း သာ ပြုမူဆက်ဆံသင့်ကြောင်း ပြောမိတော့ သူတို့က ခေါင်းတစ်ခါခါဖြင့် ကျွန်တော် ဗမာမဟုတ်တော့ဟု ဆိုခဲ့ကြလေ၏။

    သူတို့က ကျွန်တော် ဗုဒ္ဓဘာသာဝင်မဟုတ်တော့ဟု မပြောခဲ့ကြခြင်းအတွက် ကျွန်တော် ဂုဏ်ယူရပါဦးမည်။

    စာရေးသူသည် ရန်ကုန်အခြေစိုက် ဂျာနယ်လစ်တစ်ဦးဖြစ်ပါသည်။

  • လက်ရှိ နိုင်ငံရေးပါတီ (၅၆)ပါတီနှင့် ရွေးကောက်ပွဲကော်မရှင်မှ တွေ့ဆုံ

    ဧပြီ ၈၊ ၂၀၁၃
    M-Media
    ပြည့်ပြည့်

    နေပြည်တော် ။ ရွေးကောက်ပွဲကော်မရှင်နှင့် လက်ရှိနိုင်ငံရေးပါတီ (၅၆)ခုတို့ တွေ့ဆုံခြင်းကို ယနေ့ ဧပြီလ (၈)ရက် မနက်(၁၀) နာရီတွင် နေပြည်တော်ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးခန်း အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    ယင်းတွေ့ဆုံပွဲသို့ ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ် စုစုပေါင်း(၁၅၀)ခန့် တက်ရောက်ခဲ့ကြပြီး ယနေ့ မနက်(၁၀)နာရီမှစတင်ရာ ည(၇)နာရီတွင် တွေ့ဆုံခြင်း အစီအစဉ်ပြီးဆုံးခဲ့ကြောင်း သိရသည်။

    ထိုတွေ့ဆုံပွဲ၌ ကော်မရှင်ဥက္ကဌမှ ပါတီများသို့ ပြောကြားရာတွင် နိုင်ငံရေးပါတီများသည် ၂၀၁၅-ခု ရွေးကောက်ပွဲအတွက် လိုအပ်သည်များကို မှာကြားကြောင်း၊ တက်ရောက်လာသော ပါတီအသီးသီးမှလည်း ပါတီများ၏ အခက်အခဲများ၊ လိုအပ်ချက်များ၊ လုပ်ဆောင်နေသည်များကို တင်ပြဆွေးနွေးကြကြောင်းနှင့် ၂၀၀၈-ခုနှစ် အခြေခံဥပဒေကို အချိန်မီပြင်ဆင်ရန် လိုအပ်နေပြီဖြစ်ကြောင်း၊ အမြန်ဆုံးပြန်လည်ပြုပြင်ဖို့လိုကြောင်း၊ မပြင်ဆင်ပါက အခက်အခဲပြဿနာများ ရှိလာနိုင်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးအထူးလိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးမရှိပဲနှင့် ရွေးကောက်ပွဲပြုလုပ်၍ မရနိုင်ကြောင်း၊ လူမျိုးစုများ၏ အမည်မှန်များကိုလည်း ပြန်လည်ဖော်ထုတ်ရန် လိုအပ်ကြောင်း၊ ပြန်လည်ဖော်ထုတ်နိုင်ရန် ပြုလုပ်သင့်ပါကြောင်း စသည် တို့ကိုလည်း ပါတီအသီးသီးမှ ပြန်လည်ဆွေးနွေးကြကြောင်း သိရသည်။