News @ M-Media
Author: YinYin
  • စက်တင်ဘာ ၁၉ ပြည်တွင်း သတင်းတို
    စက်တင်ဘာ ၁၉ ပြည်တွင်း သတင်းတို
    စက်တင်ဘာ ၁၉၊ ၂၀၁၃
    M-Media
    စင်္ကာပူခရီးစဉ်ထွက်ခွာမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်
    ဥရောပခရီးစဉ်မှ ဒီနေ့ ပြန်လည်ရောက်ရှိလာတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် မနက်ဖြန် စက်တင်ဘာ ၂၀-ရက်နေ့ မနက်ပိုင်းတွင် စင်္ကာပူသို့ ခရီးစဉ်စတင်တော့မည်ဖြစ်ပြီး စက်တင်ဘာ ၂၄-ရက်နေ့ မနက်ပိုင်းတွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း
    စင်္ကာပူရောက် မြန်မာမိသားစုများနှင့်လည်း တွေ့ဆုံမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဒေါက်တာတင်မာအောင် (Chief of Staff&Personal Assistant to Chairperson)၊ ဒေါက်တာမျိုးအောင် (ဗဟိုအလုပ်အမှုဆောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ ဦးမင်းဦး (ဗဟိုကော်မတီဝင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်)၊ ဦးစိုးဝင်း (Personal Aid to Chairperson)တို့ အတူလိုက်ပါမည်ဖြစ်ကြောင်းလည်း NLD ၏ အင်တာနက်စာမျက်နှာမှတဆင့် သိရှိရပါတယ်။
    _______________________
    ဦးခင်ညွန့်မှ ဒီပဲယင်းအကြမ်းဖက်မှုအကြောင်း ဖွင့်ဟမည်ဆိုသည်မှာ မဟုတ်မှန်
    လွန်ခဲ့တဲ့ ရက်ပိုင်းများက သတင်းများထွက်ပေါ်လာခဲ့သလို မိသားစုလုံခြုံရေးကို အာမခံမည်ဆိုပါက ၂၀၀၃-ခု မေလက ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်းအကြမ်းဖက်မှုအကြောင်း
    ဖွင့်ချမည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း၊ အနောက်နိုင်ငံ သံရုံး ကိုယ်စားလှယ်တဦးနှင့် လျှို့ဝှက်တွေ့စဉ်မှာ ပြောလိုက်ခြင်းဖြစ်ပြီး ဒီရက်ပိုင်းအတွင်း အင်တာနက်တွင်
    ဖွင့်ချမည်ဟု သတင်းများထွက်ပေါ်လာမှုကြောင့် ငြင်းလိုက်ခြင်းဖြစ်ကြောင်း ဧရာဝတီ သတင်းဌာနမှာ ဖော်ပြပါရှိပါတယ်။
    ______________________
    နယူးဇီလန်သံရုံ မြန်မာနိုင်ငံတွင် ဖွင့်လှစ်
    နယူးဇီလန်နိုင်ငံမှ မြန်မာနိုင်ငံတွင် သံရုံးဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ဖွင့်လှစ်ရခြင်းမှာ မြန်မာ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့်  တိုးတက်မှုများကြောင့် တုန့်ပြန်ဆောင်ရွက်သည့်အနေဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် အကူအညီများ၊ နည်းပညာအထောက်အကူများ ပေးအပ်ခဲ့ကြောင်းကို နိုင်ငံရေးဝန်ကြီး Murray McCully က ပြောကြားခဲ့တယ်လို့ RFA သတင်းဌာနမှတဆင့် သိရှိရပါတယ်။
    _______________________
    တိုင်းရင်းသားလူမျိုး မှားယွင်းနေပါက နိုင်ငံသားကတ်တွင် ပြင်ဆင်နိုင်
    တိုင်းရင်းသားလူမျိုးစုများ မှတ်ပုံတင်ကတ်ပြားတွင် မိမိလူမျိုးအစား ဗမာဟု ရေးသားထားမှုများရှိသဖြင့် မိမိလူမျိုးအမှန်ကို ပြင်ဆင်ရန်အတွက် ကာယကံရှင်ကိုယ်တိုင်
    အထောက်အထားခိုင်လုံစွာဖြင့် ပြင်ဆင်ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ထိုသူ၏ ဆွေစဉ်မျိုးဆက်မှာ သွေးနှောဖြစ်ပါက ပြောင်းလဲနိုင်မည်မဟုတ်ဟု မန္တလေးတိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောကြားခဲ့ကြောင်း The voice weekly တွင် ရေးသားထားတာကို တွေ့ရှိရပါတယ်။
    ________________________
    ကုလားတန်မြစ် စီမံကိန်း ဆွေးနွေးရန် RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ပါဝင်သောအဖွဲ့ အိန္ဒိယနိုင်ငံသို့ သွားရောက်
    အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အထိ ကားလမ်းဖြင့် ဆက်သွယ်မည့် ရခိုင်ပြည်နယ်၊ စစ်တွေနှင့် ချင်းပြည်နယ်၊ ပလက်ဝတို့တွင် အဓိက လုပ်ဆောင်နေသော ကုလားတန်မြစ် ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံး နစ်နာမှုများနှင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အကျိုးဆက်များ ဖြေရှင်းဆောင်ရွက်ရန် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်နှင့် ချင်းအမျိုးသား ပါတီ (CNP) ဥက္ကဋ္ဌ ဦးဇိုဇမ် အပါအ၀င် အရပ်ဘက် လူ့အဖွဲ့အစည်းမှ ကိုယ်စားလှယ် တချို့ပါဝင်သော အဖွဲ့သည် အိန္ဒိယနိုင်ငံသို့ ယမန်နေ့က သွားရောက်ခဲ့ကြောင်း ဧရာဝတီ သတင်းစာမျက်နှာမှတဆင့် သိရှိရပါတယ်။
    _________________________
    နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ၀ဲကြီးကျေးရွာ NLD အဖွဲ့ဝင် ကိုဇော်လတ်၏ နေအိမ်သို့ စက်တင်ဘာ ၁၈-ရက်ညပိုင်းက ရဲ ၃၀-ခန့် အကြမ်းဖက်ဝင်ရောက်ပြီး ရိုက်နှက်မှုကြောင့် ကျေးရွာသားများနဲ့ ရဲများ ပဋိပက္ခဖြစ်ပွားပြီး ရဲ ၁၀-ယောက်ခန့် ဆေးရုံတင်ထားရကြောင်း မြို့နယ် NLD ဥက္ကဌ ဦးအောင်က ပြောကြားခဲ့ကြောင်းနှင့် ဖြစ်စဉ်အား DVB သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ကြောင်း သိရှိရပါတယ်။
    ___________________________
  • ကလေး စစ်သားများကို ထွက်ခွာ ခွင့်ပေးနေသော မြန်မာတပ်မတော်
    ကလေး စစ်သားများကို ထွက်ခွာ ခွင့်ပေးနေသော မြန်မာတပ်မတော်
    စက်တင်ဘာ ၁၉
    M-Media
    ဆူးထက်
    untitled
    ရန်ကုန်     ။            ။            မြန်မာနိုင်ငံတွင် ကလေးစစ်သား အသုံးပြုမှုနှင့်ပတ်သက်ပြီး ကလေးစစ်သားမရှိစေရန် ကုလသမဂ္ဂမှလည်း တွန်းအားပေးလျက်ရှိရာ ယခုအခါ စစ်တပ်ထဲတွင် ရှိနေသော အသက် (၁၈)နှစ်အောက် ကလေးများကို တပ်မတော်မှ ထွက်ခွာခွင့် ပေးလျက်ရှိနေကြောင်း သိရသည်။
    အရွယ်မရောက်သေးသော ကလေးသူငယ်များကို တပ်သားအဖြစ် စုဆောင်းခြင်းသည် တရားမ၀င်ကြောင်း မြန်မာနိုင်ငံ ဥပဒေတွင် မြန်မာနိုင်ငံ ကာကွယ်ရေး ကောင်စီ ညွှန်ကြားလွှာ ခ အမှတ် ၁၃/၇၃ (၈-ဧပြီလ- ၁၉၇၄) အရ လက်နက်ကိုင် တပ်ဖွဲ့ဝင်များတွင် ပါဝင်ရန် အသက် ၁၈နှစ် ပြည့်ရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ပဋိညာဉ် စာချုပ် ဥပဒေအရ ၁၈-နှစ်မပြည့်သေးသောသူနှင့် ချုပ်ဆိုသော စာချုပ်သည် အလိုအလျောက် ပျက်ပြယ်သည်ဟု ဆိုထားကြောင်း၊ ၁၉၅၉-ခုနှစ်၊ တပ်မတော် အက်ဥပဒေ ပုဒ်မ ၆၅- ညွှန်ကြားချက် ချိုးဖောက်မှု အတွက် စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သော အခါ (၇)နှစ် အထိ ထောင်ဒဏ်ချမှတ်ရမည် ဖြစ်ကြောင်း ဖော်ပြ ပါရှိသည်။
    ကြီးလေးသော ချိုးဖောက်မှုများ ဆိုသည်မှာ –
    (၁) ကလေးသူငယ်များကို သတ်ဖြတ်ခြင်း သို့မဟုတ် ကိုယ်လက်အင်္ဂါ ထိခိုက်ပျက်ပြားအောင် ပြုလုပ်ခြင်း။
    (၂) ကလေးစစ်သားများကို ခေါ်ယူ စုဆောင်းခြင်း သို့မဟုတ် အသုံးပြုခြင်း။
    (၃) ကျောင်းများ သို့မဟုတ် ဆေးရုံများကို တိုက်ခိုက်ခြင်းများ။
    (၄) ကလေးများကို မုဒိမ်းကင့်ခြင်း သို့မဟုတ် အခြား လိင်မှုကိစ္စ မကြမ်းဖက်ခြင်း။
    (၅) ကလေးသူငယ်များကို လိမ်လည် လှည့်ဖျား၍ သို့မဟုတ် ခြိမ်းခြောက်၍ ခေါ်ယူခြင်း။
    (၆) ကလေးသူငယ်များအတွက် လူသားချင်း စာနာရေး လုပ်ဆောင်ရန် သွားရောက်ခွင့် ငြင်းပယ်ခြင်း တို့ဖြစ်သည်။
    မြန်မာဥပဒေနှင့်တကွ Unicef အပါအ၀င် နိုင်ငံတကာ အသိုက်အ၀န်းက ကလေးစစ်သားဆိုသည်မှာ အောက်ပါအတိုင်း ဖြစ်သည်ဟု ယူဆပါသည်။
    • ပုံမှန် သို့မဟုတ် ပုံမှန် မဟုတ်ပဲ ဖွဲ့စည်းထားသော လက်နက်ကိုင် တပ်ဖွဲ့ သို့မဟုတ် လက်နက်ကိုင် အုပ်စု မည်သည့် အမျိုးအစားတွင်မဆို မည်သည့် လုပ်ငန်း တာဝန်ဖြင့် မဆို ပါဝင်သူများ
    • ထမင်းချက်များ၊ ပေါ်တာများ၊ ဆက်သားများနှင့် ယင်းသို့သော အုပ်စုများတွင် မိသားစုဝင် အနေဖြင့် မဟုတ်ဘဲ ပါဝင်သော အခြားသူများ အသက် ၁၈နှစ်အောက် မည်သူမဆို ဖြစ်သည်။
    • လိင်မှုကိစ္စ ရည်ရွယ်ချက်များအတွက် စုဆောင်းခြင်း ခံရသော ကလေးသူငယ်များ၊ အဓမ္မ လက်ထပ်စေခြင်းခံရသော ကလေးသူငယ်များ ပါဝင်သည်။
    • ထို့ကြောင့် လက်နက် ကိုင်ဆောင်ထားသော သို့မဟုတ် လက်နက်ကိုင်ဆောင်ခဲ့သော ကလေးသူငယ်ကိုသာ ကလေးစစ်သားဟု ဆိုလိုခြင်း မဟုတ်ပါ။
    ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂ ညီလာခံ သဘောတူညီချက် စာချုပ်မှာ အပုဒ် ၃၈ – ကလေးအား စစ်တပ်အတွင်း ၀င်ရောက်ခြင်းကို နိုင်ငံ အစိုးရများမှ ခွင့်မပြုရပါ။ စစ်ဖြစ်ပွားရာ ဒေသများမှ ကလေးများကို အထူးကာကွယ် စောင့်ရှောက်မှု ပေးရပါမည်။ အပုဒ် ၃၉- လျစ်လျူရှူ ခံရသည့်  ကလေးများ သို့မဟုတ် လွဲမှားစွာ ပြုမူခြင်းခံရသည့် ကလေးများကို ပုံမှန် စိတ်ဓာတ် ပြန်လည်ရရှိလာရန် အထူး ကူညီ စောင့်ရှောက်မှု ပေးရပါမည် ဟု ဖော်ပြပါရှိသည်။
    မြန်မာ့ တပ်မတော်က တစ်နှစ်ကျော် အတွင်း ကလေးစစ်သား (၁၇၆)ဦး ပြန်လွှတ်ပေးခဲ့သည်။ သို့သော် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံကို ကလေးစစ်သား အသုံးပြုမှု ရပ်တန့်ရေး ကုလသမဂ္ဂနှင့် အပြည့်အ၀ ပူးပေါင်းရန် တိုက်တွန်းထားသည်။
    အသက် ၁၈-နှစ်အောက် ကလေးသူငယ်များ တပ်မတော်အတွင်း စစ်မှုထမ်းရန် စုဆောင်းခံရကြောင်း၊ တာဝန်ပေးခံရကြောင်း သိရှိပါက ဖုန်းနံပါတ် ၀၉-၄၂၁၁ ၆၆၇၀၁၊ ၀၉-၄၂၁၁ ၆၆၇၀၂ သို့မဟုတ် စာတိုက်သေတ္တာ အမှတ် (၆၇၉)သို့ ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း သိရသည်။
  • စက်တင်ဘာ ၁၈၊ အားကစားသတင်းများ
    စက်တင်ဘာ ၁၈၊ အားကစားသတင်းများ
    စက်တင်ဘာ ၁၈၊ ၂၀၁၃
    M-Media
    ချယ်ဆီးတွင်နေရာရရှိရန် တိုက်ပွဲဝင်သွားမည်ဟု ဘားဆို
    ချယ်ဆီးအသင်းသို့အငှားစာချုပ်ဖြင့်ပြောင်းရွှေ့လာခဲ့သည့် တိုက်စစ်မှူးသစ် ဒမ်ဘာဘားက အသင်းတွင် နေရာရရှိရန် တိုက်စစ်မှူးများဖြစ်ကြသည့် ဆင်မြူရယ် အီတူးနှင့် ဖာနန်ဒိုတောရက်စ်တို့ဖြင့် ယှဉ်ပြိုင်သွားမည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။ ချယ်ဆီးသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ရောက်ရှိလာသည့် အီတူးနှင့် တောရက်စ်တို့အကြားတွင် နေရရှိရန်ခက်ခဲနေသော်လည်း ဘားက “ကျွန်တော်အသင်းမှာဆက်ရှိနေရင် နေရာရဖို့အတွက်တိုက်ပွဲဝင်သွားမယ်လို့ နည်းပြကို ပြောခဲ့ပါ တယ်။ အခုကျွန်တော် ချယ်ဆီးမှာဆက်ရှိနေပါတယ်။ ကျွန်တော်ဟာဖရော်ဖက်ရှင်နယ်ကစားသမားကောင်းဖြစ်ပြီး အမြဲတမ်း အလုပ်ကိုလည်း ကြိုးစားလုပ်ပါတယ်။ ကျွန်တော်ဒီအတိုင်းပဲ ဆက်လက်လက်ဆောင်သွားမှာပါ။ ပွဲတွေကစားချင်ပါတယ်။ ဒါတွေက ကျွန်တော်နဲ့ အသင်းမှာကျနော်ဘယ်လောက် စွမ်းဆောင်လဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ တကယ်လို့အသင်းမှာ မပါရဘူးဆိုရင် အဲဒါ ကျွန်တော့အပြစ်ပဲဖြစ်မှာပါ” ဟု ပြောကြားခဲ့သည်။
    goal
    __________________
    အေဂျက်နှင့်ပွဲတွင်မက်ဆီပါဝင်နိုင်မည်ဟု မာတီနိုဆို
    ဘာစီလိုနာနည်းပြ မာတီနိုက အသင်းတိုက်စစ်မှူးမက်ဆီမှာ ဒဏ်ရာမှသက်သာကာ ကြံ့ခိုင်မှုအပြည့်အ၀ ရနေပြီး ယနေ့ညတွင်ကစားမည့် အေဂျက်အသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ပါဝင်နိုင်မည်ဟု ပြောဆိုလိုက်သည်။ မက်ဆီမှာ အက်သလက်တီကိုနှင့်ကစားခဲ့သည့် စပိန်စူပါဖလားပွဲစဉ်တွင် တံကောက်ကြော ဒဏ်ရာရရှိခဲ့ပြီး အနားယူနေရခဲ့ရသည်။ “မက်ဆီဟာ ဒီရာသီမှာ ခုအချိန်အထိ သင်းအတွက် အနည်းငယ်သာ ပါဝင်ခွင့်ရတဲ့ကစားသမားတစ်ဦးပါ။ မာလာဂါနဲ့ပွဲမှာမပါနိုင်ခဲ့သလို၊ အက်သလက်တီကိုနဲ့ စပိန်စူပါဖလားပထမအကျော့မှာလည်း ၄၅ မိနစ်ပဲ ပါဝင်ကစားနိုင်ခဲ့ပါတယ်။ အာဂျင်တီးနားနဲ့လည်း တစ်ပွဲပဲကစားခဲ့ပြီး အခုသူဟာ ကြံ့ခိုင်နေပါပြီ။ အက်သလက်တီကိုနဲ့ပွဲမှာရခဲ့တဲ့ တံကောက်ကြောဒဏ်ရာကနေ အခုသက်သာလာပါပြီး ဆက်လက်ကစားနိုင်မယ်လို့ကျွန်တော်တို့ထင်ပါတယ်”
    ဟု မာတီနိုက သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
    goal
    ______________________
    ချန်ပီယံလိဂ်တွင်အာရုံစိုက်ရန် အသင်းဖော်များအား ဟဇားဒ်တိုက်တွန်း
    ချယ်ဆီးအသင်းကွင်းလယ်လူ အေဒင် ဟဇားဒ်က အဲဗာတန်အသင်းအားရှုံးနိမ့်ခဲ့မှုအား ချန်ရစ်ကာ ဘေဆယ်နှင့်တွေ့ဆုံမည့် ချန်ပီယံလိဂ်ပွဲကို အာရုံစိုက်ရန် အသင်းဖော်များအား တိုက်တွန်းပြောဆိုလိုက်သည်။ စနေနေ့က ဂွဒ်ဒီဆင်ပါ့ခ်တွင်ကစားခဲ့သည့်ပွဲတွင် အခွင့်အရေးများစွာရရှိခဲ့သော်လည်းရှုံးနိမ့်ခဲ့သောကြောင့်
    ဟဇားဒ်က “(ချန်ပီယံလိဂ်ပွဲကို) ကျွန်တော်တို့နိုင်ဖို့လိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ချယ်ဆီးအသင်းဟာ အသင်းကြီးတစ်သင်းပါ။ တကယ်လို့ကျွန်တော်တို့ နှစ်ပွဲဆက်ရှုံးနိမ့်ခဲ့မယ်ဆိုရင် ကျွန်တော်တို့အတွက်တော်တော်ဆိုးရွားမှာပါ။ အဲဗာတန်နဲ့ပွဲပထမပိုင်းမှာ ကျွန်တော်တို့ဂိုးရခဲ့ရင် ရလဒ်က တစ်မျိုးဖြစ်သွား မှာပါ။ (ချပီယံလိဂ်မှာ) ဘေဆယ်ကိုအနိုင်ရဖို့ လေ့ကျင့်ရေးအစီအစဉ်မှာ ကြိုးကြိုးစားစားလုပ်ဖို့လိုပါတယ်” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
    goal
    ____________________
    ဖယ်လ်ကာအိုအား လူကပ်ရလွယ်သည်ဟု ကုန်းဆို
    ပြင်သစ်လိဂ်ဝမ်းကလပ် လော်ရီယန့်အသင်း၏နောက်ခံလူ လမိုင်းကုန်းက မိုနာကိုအသင်း တိုက်စစ်မှူး ဖယ်လ်ကာအိုမှာ လူကပ်ကစားရလွယ်သည်ဟု ပြောဆို လိုက်သည်။ တနင်္ဂနွေနေ့ကစားခဲ့သည့် မိုနာကိုအသင်းနှင့် လော်ရီယန့်အသင်းတို့ကစားခဲ့သောပွဲစဉ်တွင် မိုနာကိုက ဖယ်လ်ကာအို၏ ပင်နယ်တီသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဖယ်လ်ကာအိုမှာ အီဗရာဟီမိုဗစ်နှင့် ဂိုးမစ်လောက် လူကပ်ရမခက်ဟု ပြောဆိုခဲ့သည့် ကုးန်က “သူ(ဖယ်လ်ကာအို)ဟာ ကျွန်တော် လူကပ် ကစားခဲ့တဲ့ တိုက်စစ်မှူးတွေမှာ အခက်ခဲဆုံးလား။ မဟုတ်ပါဘူး။ လိဂ်ဝမ်းမှာ လူကပ်ကစားရ ပိုခက်တဲ့ကစားသမားတွေရှိပါတယ်။ ဥပမာ အီဗရာဟီမိုဗစ်လိုပေါ့. သိပ်ကို
    ခက်တဲ့ကစားသမားပါ။ ဘဖီ ဂိုမစ်၊ ပြီးတော့ (စိန့်အက်တီယန်တိုက်စစ်မှူး) ဘရန်ဒိုလို ကစားသမားမျိုးတွေဟာလည်း လူကပ်ဖို့ခက်ပါတယ်။ သူတို့ဟာ ပါဝါရှိတယ်၊ ပြီးတော့ ဂိုးသွင်းဖို့လည်း သန်မာကြတယ်။ သူတို့ဆီကဘောလုံးပျက်သွားအောင်လုပ်ဖို့ မလွယ်ပါဘူး” ဟု France Football သို့ ပြောကြားခဲ့သည်။ ဖယ်လ်ကာအိုမှာ မိုနာကိုအသင်းနှင့် ပြင်သစ်လိဂ်ပြိုင်ပွဲတွင် ၅ ပွဲကစားခဲ့ပြီး လေးဂိုးသွင်းယူပေးထားနိုင်သည်။
    goal
    _______________________
    ချန်ပီယံလိဂ်နိုင်ပွဲအတွက် အသင်းသားများအား ဂွာဒီယိုလာချီးကျူး
    ဘိုင်ယံမြူးနစ်အသင်း၏နည်းပြဖြစ်သူ ပက်ပ် ဂွာဒီယိုလာက စီအက်စ်ကေအေမော်စကိုအသင်းအား အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် အသင်းသားများ၏ စွမ်းဆောင်ရည်အား ချီးကျူးပြောဆိုလိုက်သည်။ ဘိုင်ယန်မှာ ယမန်နေ့ကကစားခဲ့သည့် အဆိုပါပွဲစဉ်တွင် အယ်လ်ဘာ၊ မန်ဇူကစ်၊ ရော်ဘင်တို့၏သွင်းဂိုးများဖြင့်  အနိုင်ရရှိခဲ့ပြီး၊ ထိုပွဲအနိုင် ရလဒ်ကြောင့် ချီးကျူးမှုကို ခံထိုက်သူများမှာ အသင်းသားများဖြစ်ကြပြီး ၎င်းကိုယ်တိုင်မဟုတ်ဟု ဂွာဒီယိုလာကဆိုသည်။ “ကစားခဲ့တဲ့ပုံစံက ဘိုင်ယန်အသင်းရဲ့ ကစားပုံဖြစ်ပြီး ကျွန်တော့်ရဲ့ပုံစံမဟုတ်ပါဘူး။ အသင်းကစားသမားအသစ်တွေကို အားပေးဖို့ကျွန်တော်ဒီမှာရှိနေတာဖြစ်ပြီး သူတို့အတွက် ကျွန်တော်ဂုဏ်ယူမိပါတယ်။ ချန်ပီယံလိဂ်ဖလားရပြီးနောက်ပိုင်း ပထမဆုံးကစားတဲ့ပွဲဟာ မလွယ်ပါဘူး။ လူတိုင်းကဒါကိုလွယ်တယ်လို့ထင်ကြပါတယ်။ ဒါပေမယ့်မလွယ်ပါဘူး။ ဒါပေမယ့်
    အသင်းရဲ့စွမ်းဆောင်ရည်ကိုကျွန်တော်ကျေနပ်ပါတယ်။ အထူးသဖြင့်ပထမပိုင်းကစားပုံပေါ့။ သိပ်ကိုကျေနပ်စရာကောင်းပါတယ်” ဟု ချန်ပီယံလိဂ်ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
    goal
    _____________________
    မန်ယူအတွက် ရွန်းနီ ဂိုး ၂၀၀ ပြည့်သွင်း၊ ရော်နယ်ဒို ဟက်ထရစ်ရသွားတဲ့ အသင်းကြီးများ အနိုင်ရရှိခဲ့ကြသည့် ချန်ပီယံလိဂ်အုပ်စုအဖွင့် အင်္ဂါနေ့ညပွဲစဉ်များ
    ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်များကို အုပ်စုလေးခုမှ အသင်းများ ယနေ့နံနက်ကယှဉ်ပြိုင်ကစားခဲ့ရာ အသင်းကြီးအားလုံးနီးပါးအနိုင်ရရှိခဲ့ကြသည်။
    အုပ်စု A
    မန်ချက်စတာယူနိုက်တက် ၄-၂ လေဗာကူဆင်
    ရီးယဲလ်ဆိုဒီဒက် ၀-၂ ရှက်တာဒိုးနက်
    အိုးထရက်ဖို့ဒ်တွင်ကစားခဲ့ကြသည့် မန်ယူနှင့်လေဗာကူဆင်တို့ပွဲတွင် ဗန်ပါစီ၊ ရူနီတို့၏သွင်းဂိုးများဖြင့် မန်ယူအသင်းက အနိုင်ရရှိခဲ့သည်။ ၄ ဂိုး ၂ ဂိုးဖြင့် မန်ယူကအနိုင်ရရှိခဲ့သောအဆိုပါပွဲတွင် ရူနီက ၂၂ မိနစ်ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး လေဗာကူဆင်က ရိုလ်ဖက်စ်က ၅၄ မိနစ်တွင်ချေဂိုးသွင်းယူပေးခဲ့သည်။ လေဗာကူဆင်အသင်းမှာ မန်ယူအသင်းအားအပြန်အလှန်ကစားနိုင်ခဲ့ပြီး မန်ယူဂိုးပေါက်ကိုခြိမ်းခြောက်နိုင်ခဲ့သော်လည်း အဆုံးသတ်ပိုင်းအားနည်းမှုကြောင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ မန်ယူအသင်းအတွက်အနိုင်ဂိုးများကို ၅၉၊ ၇၀၊ ၇၉ မိနစ်တို့တွင် ဗန်ပါစီ ရူနီနှင့် ဗလင်စီယာတို့ကအသီးအသီးသွင်းယူပေးခဲ့ကြပြီး လေဗာကူဆင်အတွက် ဒုတိယချေဂိုးကို ၈၈ မိနစ်တွင် အိုမာတော့ပ်ရက်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ယခုပွဲအနိုင်ရရှိမှုကြောင့် မန်ယူနည်းပြဒေးဗစ်မိုယက်စ်မှာ မျက်နှာပန်းလှခဲ့ပြီး ရူနီမှာလည်း မန်ယူအတွက်သူ၏ ၁၉၉ မြောက်နှင့် ၂၀၀ မြောက်ဂိုးကိုသွင်းယူပေးနိုင်ခဲ့သည်။
    စပိန်တွင်ကစားခဲ့ကြသည့် ရှက်တာဒိုးနက်နှင့် ရီးယဲလ်ဆိုဆီဒက်တို့ပွဲစဉ်တွင် ရှက်တာဒိုးနက်က အိမ်ရှင်အား အဲလက်တက်စီရာ၏ ၆၅ မိနစ်နှင့် ၈၇ မိနစ်သွင်းဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ဂိုးကွာခြားချက်ဖြင့် အုပ်စုပထမနေရာတွင်ရှိနေသည်။
    ………………………………………………….
    အုပ်စု B
    ဂါလာတာစာရေး ၁-၆ ရီးယဲလ်မက်ဒရစ်
    ကိုပင်ဟေဂင် ၁-၁ ဂျူဗင်တပ်စ်
    ဂါလာတာစာရေး၏အိမ်ကွင်း အလီဆာမီယန်ကွင်းတွင် ကစားခဲ့ကြသည့် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဂါလာတာစာရေးတို့ ပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ်က ၆ ဂိုး ၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ ယခုပွဲတွင် ရီးယဲလ်တိုက်စစ်မှူးရော်နယ်ဒို အထူးခြေစွမ်းပြခဲ့ပြီး ဟက်ထရစ်သွင်းယူပေးနိုင်ခဲ့သည်။ ရီးယဲလ်အသင်းအတွက်ဂိုးများကို ၃၃ မိနစ်တွင် အစ္စကို၊ ၅၄ နှင် ၈၁ မိနစ်တို့တွင် ဘန်ဇီမာ၊ ၆၃၊ ၆၆ နှင့် ဒုတိယပိုင်းပြီးကာနီး နာကျင်အချိန်ပိုတွင် ရော်နယ်ဒိုတို့က အသီးအသီးသွင်းယူပေးခဲ့သည်။ ဂါလာတာစာရေးအတွက် နှစ်သိပ့်ဂိုးကို ၈၄ မိနစ်တွင် အူမွတ် ဘူလွတ်က သွင်းယူပေးခဲ့သည်။ ပြိုင်ပွဲမတင်မီက ဂါလာတာစာရေးနည်းပြဖြစ်သူမှာ ရီးယဲလ်အားယှဉ်ကစားနိုင်လိမ့်မည်ဟုပြောဆိုခဲ့သော်လည်း ရီးယဲလ်အသင်းအား အဖက်ဖက်မယှဉ်နိုင်ခဲ့ပေ။
    အီတလီထိပ်သီးဂျူဗင်တပ်စ်နှင့် ကိုပင်ဟေဂင်တို့၏ပွဲစဉ်မှာ ၁ ဂိုး စီသရေဖြင့်ပြီးဆုံးခဲ့သည်။ ဦးဆောင်ဂိုးကို ကိုပင်ဟေဂင်မှရရှိခဲ့ပြီး ၁၄ မိနစ်တွင် နီကိုလိုင် ဂျော်ဂန်ဆန်က သွင်းယူပေးခဲ့သည်။ ဂျူဗင်တပ်စ်အသင်းအတွက်ချေပဂိုးကို ၅၄ မိနစ်တွင် ဖေဘီယို ကွာဂလီရယ်လာက သွင်းယူပေးခဲ့သည်။
    …………………………………………….
    အုပ်စု C
    အိုလံပီယာကော့စ် ၁-၄ ပီအက်စ်ဂျီ
    ဘင်ဖီကာ ၂-၀ အန်ဒါလက်ခ်ျ
    အုပ်စု C ပွဲစဉ်များအဖြစ် အိုလံပီယာကော့စ်နှင့် ပီအက်စ်ဂျီ၊ ဘင်ဖီကာနှင့် အန်ဒါလက်ခ်ျတို့ကစားခဲ့ကြသည်။
    ဂရိတွင်ကစားခဲ့ကြသည့် အိုလံပီယာကော့စ်နှင့် ပီအက်စ်ဂျီတို့၏ပွဲတွင် ပီအက်စ်ဂျီက အိမ်ရှင်အသင်းအား ၄ ဂိုး ၁ဂိုးဖြင့် ပြတ်ပြတ်သားသားအနိုင်ရရှိခဲ့သည်။ ဦးဆောင်ဂိုးကို ၁၉ မိနစ်တွင် ပီအက်စ်ဂျီမှ ကာဗာနီက သွင်းယူပေးခဲ့ပြီး ၂၅ မိနစ်တွင် အိုလံပီယာကော့စ်မှ ၀ီစစ်က ပြန်လည်ချေပခဲ့သည်။ သို့သော်လည်း ၆၈နှင့် ၇၃ မိနစ်တို့တွင် သီယာဂိုမော်တာနှင့် ၈၆ မိနစ်တွင် မာကွင်ဟိုတို့က ပီအက်စ်ဂျီအသင်းအတွက် အနိုင်ဂိုးများကို အသီးသီးသွင်းယူပေးခဲ့သည်။ ယခုပွဲတွင် ပီအက်စ်ဂျီအသင်းက ဖိကစားနိုင်ခဲ့ပြီး ဂိုးပေါက်ကန်သွင်းခွင့် ၁၀ ကြိမ်အထိရရှိခဲ့သည်။
    ဘင်ဖီကာနှင့် အန်ဒါလက်ခ်ျတို့ပွဲတွင် ဘင်ဖီကာက ပထမပိုင်းသွင်းဂိုးများဖြင့် အန်ဒါလက်ခ်ျအား ၂ ဂိုး ပြတ်ဖြင့်အနိုင်ရရှိခဲ့သည်။ ဘင်ဖီကာအတွက်ဂိုးများကို ပွဲအစ ၄ မိနစ်တွင်
    ဂျူရစ်စစ်နှင့် မိနစ် ၃၀ တွင် လူဝီဆာအိုတို့က သွင်းယူပေးခဲ့သည်။
    ……………………………………….
    အုပ်စု D
    ဘိုင်ယန်မြူးနစ် ၃-၀ စီအက်စ်ကေအေမော်စကို
    ဗစ်တိုးရီးယား ပါဇန် ၀-၃ မန်ချက်စတာစီးတီး
    ဘာစီလိုနာနည်းပြဟောင်း ဂွာဒီယိုလာကိုင်တွယ်သည့် ချန်ပီယံလိဂ် လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းမှာလည်း အိမ်ကွင်းတွင်အောင်ပွဲခံနိုင်ခဲ့ပြီး စီအက်စ်ကေအေမော်စကိုအသင်းအား ၃ ဂိုးပြတ်ဖြင့်အနိုင်ရရှိခဲ့သည်။ ပွဲအစ ၄ မိနစ်မှာပင် ဘိုင်ယန်က အဖွင့်ဂိုးရရှိခဲ့ပြိး ဖရီးကစ်မှတစ်ဆင့် အလ်ဘာက သွင်းယူခဲ့သည်။ ဘိုင်ယန်ကတောက်လျှောက်ဖိကစားခဲ့ပြီး စီအက်စ်ကေအေဂိုးပေါက်သို့အကြိမ်ကြိမ်ခြိမ်းခြောက်နိုင်ခဲ့သည်။ ဘိုင်ယန်အတွက်ဒုတိယဂိုးကို ၄၁ မိနစ်တွင် မန်ဇူကစ်ကသွင်းယူပေးခဲ့ပြီး နောက်ဆုံးပိတ်အနိုင်ဂိုးကို ကွင်းလယ်လူရော်ဘင်က ၆၈ မိနစ်တွင် သွင်းယူပေးခဲ့သည်။
    ဗစ်တိုးရီးယား ပါဇန်အသင်းနှင့် မန်စီးတီးတို့ပွဲစဉ်ကို ပါဇန်အသင်း၏အိမ်ကွင်း ဒိုဆန်အရီနာတွင် ကစားခဲ့ကြပြီး ဧည့်သည်မန်စီးတီးအသင်းက ၃ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။ မန်စီးအသင်းတွင် ဒဏ်ရာရရှိခဲ့သည့် အသင်းခေါင်းဆောင် ကွန်ပနီပြန်လည်ပါဝင်လာခဲ့သည်။ မန်စီးတီးအသင်းအတွက်ဂိုးများမှာ ဒုတိယပိုင်းတွင်ရရှိခဲ့ခြင်းဖြစ်ပြီး ၄၈ မိနစ်တွင် ဇက်ကို၊ ၅၃ မိနစ်တွင် ယာယာတိုးရေးနှင့် ၅၈ မိနစ်တွင် အဂူရိုတို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ မန်စီးတီးအသင်းမှာ ပြီးခဲ့သည့် ၂ နှစ်အတွင်း ချန်ပီယံလိဂ်အုပ်စုအဆင့်မှသာ လှည့်ပြန်ခဲ့ရပြီး ယခုနှစ်တွင် အုပ်စုအဆင့်အားဖြတ်ကျော်နိုင်မည်လားဆိုသည်ကိုစောင့်ကြရမည်ဖြစ်သည်။
  • စက်တင်ဘာ ၁၇၊ မြန်မာနှင့် နိုင်ငံတကာ သတင်းတို စုစည်းမှု
    စက်တင်ဘာ ၁၇၊ မြန်မာနှင့် နိုင်ငံတကာ သတင်းတို စုစည်းမှု
    စက်တင်ဘာ ၁၇၊ ၂၀၁၃
    M-Media
    ၂၀၁၅မှာ စနစ်ကျသော ရွေးကောက်ပွဲဖြစ်လာရန် မည်သည့်စနစ်သုံးမည်ကို  ၂၀၁၃ မကုန်မီ အကြောင်းပြန်သင့်
    ရွေးကောက်ပွဲစနစ်ပြောင်းရန် ပါတီအချို့မှ ရွေးကောက်ပွဲ ကော်မရှင်အား တင်ပြလာသည့် အတွက် ဆုံးဖြတ်ပေးရန် လွှတ်တော်သို့ တင်ပြထားသော်လည်း
    ယခုထိ အကြောင်း ပြန်ကြားခြင်း မရှိသေးသောကြာင့် မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသည့် FPTP (First Past the Post) စနစ်အား ဆက်လက် ကျင့်သုံးမည် သို့မဟုတ် PR (Proportional Representation) ကို ကျင့်သုံးမည်လားဆိုသည်ကို ၂၀၁၃-ခု မကုန်မီ အကြောင်းပြန်မှ သာလျှင် ၂၀၁၅ ရွေးကောက်ပွဲ အတွက် စနစ်ကျမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ကြောင်း မြန်မာ့ခေတ်တွင် ဖော်ပြထားပါတယ်။
    _______________________
    အနုမြူစစ်ဆေးရေး သဘောတူစာချုပ် မြန်မာလက်မှတ်ထိုးမည်
    မြန်မာနိုင်ငံအတွင်း အနုမြူစစ်ဆေးခွင့်ကို လက်ခံသဘောတူသည့် စာချူပ်တရပ်ကို မြန်မာအစိုးရနှင့် ကုလသမဂ္ဂ နိုင်ငံတကာ အနုမြူအေဂျင်စီ (IAEA) အကြား လာမည့် အင်္ဂါနေ့တွင် IAEA ရုံးစိုက်ရာ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာလက်မှတ်ရေးထိုးတော့မည်ဖြစ်ကြောင်း RFA ရဲ့ သတင်းတပုဒ်မှာ ဖော်ပြထားချက်အရ သိရှိရပါတယ်။
    _______________________
    လွှတ်တော်များသည် အစိုးရတစ်ရပ်ဟု ပြောကြားခဲ့သည့် သူရဦးရွှေမန်းအား နိုင်ငံပိုင်း သတင်းစာများ တုန့်ပြန်ဝေဖန်
    ဦးရွှေမန်းက ယခင်က လွှတ်တော်အစည်းအဝေးများတွင် ထုတ်ဖော်ပြောဆိုလေ့ရှိသကဲ့သို့ပင် စက်တင်ဘာ ၈-ရက်နေ့က အင်းစိန်မြို့နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ပြုလုပ်သော စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင်လည်း လွှတ်တော်များသည် အစိုးရတစ်ရပ်ဖြစ်သည်ဟု အလေးပေး ပြောဆိုခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အာဏာ၃-ရပ်ပေါင်းမှ အစိုးရဟု ခေါ်ဆိုနိုင်ပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်သည်လည်း အစိုးရပင်ဖြစ်သည် ဆိုသည့်အပေါ် အစိုးရသတင်းစာများက တုန့်ပြန်ဝေဖန်လိုက်ကြပါတယ်။
    ________________________
    ဆီးရီးယားရဟတ်ယာဉ်တစ်စီးအား တူရကီပစ်ချ
    ယမန်နေ့က တူရကီလေပိုင်နက်ထဲသို့ဝင်ရောက်လာပြီး ထွက်ခွာသွားရန်သတိပေးမှုအား မလိုက်နာခဲ့သည့် ဆီးရီးယား စစ်ဘက်သုံး ရဟတ်ယာဉ်တစ်စီးအား တူရကီ တိုက်လေယာဉ်မှ ပစ်ချခဲ့သည်ဟု တာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါရဟတ်ယာဉ်မှာ တူရကီလေပိုင်နက်ထဲသို့ ၂ ကီလိုမီတာခန့်ဝင်ရောက်ခဲ့ပြီး တူရကီ တိုက်လေယာဉ်မှ ဒုံးကျည်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက် ဆီးရီးယားနယ်နမိတ်အတွင်း ပျက်ကျခဲ့သည်ဟု တူရကီ ဒုတိယ၀န်ကြီးချုပ် Bulent Arinc က ပြောကြားခဲ့သည်။
    aljazeera
    ___________________
    မက္ကဆီကိုတွင်မြေပြိုမှုကြောင့် ၁၂-ဦးသေဆုံး
    မက္ကဆီကိုနိုင်ငံ အရှေ့ဘက်ရှိမြို့တစ်မြို့တွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီးအပေါ် မြေပြိုမှုကြောင့် အနည်းဆုံး လူ ၁၂ -ဦး သေဆုံးခဲ့သည်ဟု တာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့သည်။ နိုင်ငံအရှေ့ဘက် Veracruz ပြည်နယ်၊ Altotonga မြို့တွင် ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများထဲတွင် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ပါဝင်သည်ဟု ပြည်နယ်လူမှုကာကွယ်ရေးအေဂျင်ဆီကပြောကြားခဲ့သည်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား လုပ်ဆောင်ရန် အတွက် စစ်သားများနှင့် အရပ်သားများမှာ အခင်းဖြစ်ပွားရာနေရာသို့သွားရောက်ခဲ့ကြပြီး ပြည်နယ် အုပ်ချုပ်ရေးမှူး Javier Duarte de
    Ochoa ကလည်း သေဆုံးကွယ်လွန်သူများ၏ မိသားစုများအား ၀မ်းနည်းကြောင်းပြောကြားခဲ့သည်။
    xinhuanet
    ___________________
    ဆီးရီးယားအတိုက်အခံများအား လူကိုမသေစေနိုင်သည့် ဓာတုလက်နက်ပစ္စည်းများ အိုဘားမားထောက်ပံ့မည်
    ဓာတုလက်နက်များသုံးစွဲမှုတိုးပွားလာခြင်းအား ရပ်တန့်ရန် ဆီးရီးယားအတိုက်အခံများအား လူကိုမသေစေနိုင်သည့် ဓာတုလက်နက် ပစ္စည်းများ ထောက်ပံ့ရန် တာဝန်ရှိသူများအား အုပ်ချုပ်ရေးအမိန့်တစ်ရပ် တနင်္လာနေ့ကပေးခဲ့ကြောင်း သိရသည်။ ထိုအမိန့်အရ အတိုက်အခံများအား လေ့ကျင့်ပေးရေး၊ အတိုက်အခံများ၊ U.S. aid အစီအစဉ်အားကောင်အထည်ဖော်နေသည့် အဖွဲ့အစည်းများနှင့် ဓာတုလက်နက်သုံးစွဲမှုတိုးပွားလာခြင်းအား တားဆီးရန် ကူညီနေကြသည့် နိုင်ငံတကာ အဖွဲ့အစည်းများ အားလုံးအားထောက်ပံ့ရေးတို့ ပါဝင်မည်ဖြစ်သည်။
    xinhua
    ___________________
    မုန်တိုင်းကြောင့် ဂျပန်တွင်မြေပြိုမှုဖြစ်ပေါ် ၃-ဦးသေဆုံး
    အလွန်အင်အားကောင်းသော တိုင်ဖုန်းမုန်တိုင်းကြောင့် ဂျပန်နိုင်ငံတစ်ဝှမ်းတွင် မြေပြိုမှုများ၊ မိုးကြီးမှုများနှင့် လေပြင်းမုန်တိုင်းတိုက်ခတ်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ထိုဘေးအန္တရာယ်များကြောင့် ယခုအချိန်ထိ လူသုံးဦးသေဆုံးကာ ၅-ဦးပျောက်ဆုံးနေသည်ဟု သိရသည်။ မန်ယီအမည်ရှိ အဆိုပါတိုင်ဖုန်းမုန်တိုင်းမှာ ယခုနှစ် အတွင်း ဂျပန်နိုင်ငံတွင်ဝင်ရောက်သည့် ၁၈-ခုမြောက်တိုင်ဖုန်းမုန်တိုင်းဖြစ်ပြီး ဂျပန်နိုင်ငံအလယ်ပိုင်း Aichi ပြည်နယ် Toyohashi ဒေသအနီးသို့ ယမန်နေ့နံနက် ၈-နာရီက ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။ ဂျပန်မိုးလေ၀သအေဂျင်စီက Kyoto၊ Shiga နှင့် Fukui ပြည်နယ်များတွင်လည်း မုန်တိုင်းသတိပေးချက်များ ထုတ်ပြန်ထားသည်။
    xinhua
    _____________________
    ပါလက်စတိုင်းတစ်ဦးအား အစ္စရေးပစ်သတ်
    အစ္စရေးက မတရားသိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်းခြေရှိ ဒုက္ခသည်စခန်းတစ်ခု၌ဖြစ်ပွားခဲ့သည့် ယနေ့နံနက်ဆန္ဒပြမှုအတွင်း ပါလက်စတိုင်း လူငယ်တစ်ဦးအား အစ္စရေးစစ်တပ်က ပစ်သတ်ခဲ့သည်ဟုသိရသည်။ သေဆုံးသွားသူမှာ အသက် ၁၉-နှစ်အရွယ်သာရှိသေးသည့် အလ် တူဘာစစ်ဖြစ်ပြီး အစ္စရေးစစ်သားများက တူဘာစစ်မိသားစုနေအိမ်အားဝင်ရောက်ခဲ့ပြီး သေနတ်ဖြင့်ပစ်ခဲ့သောကြောင့် ပြင်းထန်စွာဒဏ်ရာရသွားကာ ဆေးရုံအရောက်တွင် သေဆုံးခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။ ထိုဆန္ဒပြမှုအတွင်း အခြား ပါလက်စတိုင်းနိုင်ငံသားတစ်ဦးမှာလည်း ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။
    presstv
    Untitled_____________________
    ယခုနှစ်အတွင်း ဥဇဘက်ကစ္စတန်တွင် ဗလီဝတ်ကျောင်းတော် သုံးဒါဇင်ခန့်တည်ဆောက်မည်
    ယခုနှစ်အတွင်း ဗလီဝတ်ကျောင်းတော် ၃၆-လုံးအား တည်ဆောက်ရန်စီစဉ်ထားသည့် ဥဇဘက်ကစ္စတန်နိုင်ငံအတွင်း ဗလီဝတ်ကျောင်းတော် ၂၇ လုံးမှာ ဆောက်လုပ်ဆဲအနေအထားတွင်ရှိနေပြီး ဗလီကျောင်းတော်အဟောင်း ၁၂၄ လုံးအား ပြန်လည်ပြင်ဆင်နေသည်ဟုသိရသည်။ Tashkent မြို့တွင်ရှိသည့် Hajj Valius Ahrar ဗလီဝတ်ကျောင်းတော် ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းမှာ ပြီးစီးသွားပြီဖြစ်သည်။ ယမန်နှစ်က ဥဇဘက်ကစ္စတန်မွတ်စလင်စီမံခန့်ခွဲရေး
    အဖွဲ့အစည်း၏ အကူအညီဖြင့် ဗလီဝတ်ကျောင်းတော်အသင်း ၁၂ လုံးတည်ဆောက်ပြီးစီးခဲ့ပြီး ၂၀-ကျော်ကိုပြန်လည်ပြုပြင်နိုင်ခဲ့သည်။ ဥဇဘက်ကစ္စတန်နိုင်ငံတွင် အယူဝါဒ ၁၅ မျိုးမှ ဘာသာရေးအဆောက်အဦးပေါင်း ၂၂၃၀ ခန့်ရှိပြီး အစ္စလာမ်ဘာသာရေးအဆောက်အဦးမှာ ၂၀၃၀ခုဖြင့် ၉၂ ရာခိုင်နှုန်းရှိနေသည်။
    islam
    ____________________
    ဆီးရီးယားတွင် ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု ကုလအတည်ပြု
    ပြီးခဲ့သည့်လက ဒမတ်စကတ်မြို့ဆင်ခြေဖုံးတွင်ဖြစ်ပွားခဲ့သောလူအမြောက်အများသေဆုံးခဲ့သည့် တိုက်ခိုက်မှုတွင် ဓာတုလက်နက်ပမာဏ အများအပြားသုံးခဲ့ကြောင်း ရှင်းလင်း၍ ယုံကြည်ရလောက်သော အထောက်အထားများအား ကုသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးက တွေ့ရှိခဲ့သည်ဟုသိရသည်။ စုံစမ်းစစ်ဆေးရေးမှူး၏ အစီရင်ခံစာကို ယမန်နေ့က ကုလသမဂ္ဂတွင်ထုတ်ပြန်ခဲ့ပြီး ထိုတိုက်ခိုက်မှုမှာ မည်သူကပြုလုပ်သည်ကို ဖော်ပြထားခြင်းမရှိပေ။ ဆီးရီးယာနိုင်ငံ ဒမတ်စကတ်မြို့တော် ဂူတာဒေသ အနီးတွင် သြဂုတ်လ ၂၁-ရက်နေ့က ပစ်ခတ်ခဲ့သည့် မြေပြင်မှမြေပြင်ပစ်ဒုံးကျည်တွင် ဆာရင်းအဆိပ်ဓာတ်ငွေ့ အမြောက်အများအသုံးပြုခဲ့ကြောင်း စုဆောင်းရရှိသည့် ပတ်ဝန်းကျင်ဆိုင်ရာ၊ ဓာတုဗေဒဆိုင်ရာ၊ ဆေးပညာဆိုင်ရာ နမူနာများက ဖော်ပြနေသည်ဟု အဆိုပါအစီရင်ခံစာတွင်ဖော်ပြထားသည်။
    aljazeera
    Untitled
    ____________________
    ပါကစ္စတန်တွင် ဟိန္ဒူများနှင့် ဆစ်ခ်လူမျိုးများ တင်းမာမှုများဖြစ်ပွား
    ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းပြည်နယ်တွင် ဟိန္ဒူလူမျိုးစုများနှင့် ဆစ်ခ်လူမျိုးများစုများအကြား တင်းမာမှုများ တစတစကျယ်ပြန့်လာကာ ထိုကဲ့သို့တင်းမာမှုများအား ပါကစ္စတန် အစ္စလာမ်ဘာသာရေးခေါင်းဆောင်များက ရှုတ်ချလိုက်ပြီး အယူဝါဒအားလုံနှင့် သွေဖည်သော လုပ်ရပ်များဖြစ်သည်ဟုပြောကြားလိုက်သည်။ ဆစ်ခ်အယူဝါဒအား တည်ထောင်သူ Baba Gru Nanak ၏ သွန်သင်ချက်များကို စုစည်းထားသည့် Gru Garanth Saheb ကျမ်းစာအုပ်၏  မီးလောင်ကျွမ်း နေသော အစိတ်အပိုင်းများ၊ စုတ်ပြဲနေသည့်အစိတ်အပိုင်းများအားတွေ့ရှိရပြီးနောက် တင်းမာမှုများမှာ ကြီးထွားလာခြင်းဖြစ်သည်။ Mehhar၊ Pano Aqil၊ Sukkur၊ Mirpur Mathelo Shikarpur မြို့များရှိ ဟိန္ဒူဘုရားကျောင်းများတွင် ထိုကဲ့သို့တွေ့ရှိရခြင်းဖြစ်ပြီး ပါကစ္စတန်ဆစ်ခ်ကောင်စီမှ ထိုလုပ်ရပ်များအတွက် ဟိန္ဒူများကို အပြစ်တင်ပြောဆိုခဲ့သည်။  “ဟိန္ဒူတော်တော်များများက Baba Gru Nanak ရဲ့နောက်လိုက်တွေဖြစ်ကြပြီး ကျမ်းစာအုပ်ကို သူတို့ရဲ့ဘုရားကျောင်းတွေမှာ
    သိမ်းဆည်းထားကြပါတယ်။ ကျွန်တော် ဟိန္ဒူလူ့အဖွဲ့အစည်းတစ်ခုလုံးကို အပြစ်မတင်ချင်ပေမယ့် သူတို့အထဲမှာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းနှစ်ခုရဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးကို ပျက်သုဉ်းစေချင်တဲ့ လူအချို့ရှိနေပါတယ်” ဟု ပါကစ္စတန်ဆစ်ခ်ကောင်စီ၏ ဥက္ကဌဖြစ်သူ Sardar Ramesh က ပြောကြားခဲ့သည်။ “ဒီလိုပြဿနာတွေ
    ဘယ်နေရာမှာဖြစ်ခဲ့တယ်ဆိုတာ နိုင်ငံအဆင့်၊ ပြည်နယ်အဆင့်မှာရှိတဲ့ ဟိန္ဒူအသိုင်းအ၀ိုင်းရဲ့ လူကြီးတွေကိုလည်း ကျွန်တော်တို့အကြောင်းကြားပြီးပါပြီ။ ဒီလိုစက်ဆုပ်စရာကောင်းတဲ့လုပ်ရပ်တွေမှာ သူတို့လူတွေပါဝင်ခဲ့တယ်ဆိုတာလည်း သူတို့ဝန်ခံခဲ့ပါတယ်” ဟု Ramesh က ဒေါသတစ်ကြီးပြောဆိုခဲ့သည်။
    ပါကစ္စတန်ဟိန္ဒူကောင်စီ၏ အကြီးအကဲဟောင်းဖြစ်သူ Raja Asar Manglani က “ဒီလိုရွံစရာကောင်းတဲ့လုပ်ရပ်တွေမှာ ဟိန္ဒူအချို့ပါခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဟိန္ဒူအသိုင်းအ၀ိုင်းက ဒီလုပ်ရပ်ကိုပြင်းပြင်းထန်ထန်ရှုတ်ချတယ်။ ပြီးတော့  ပါကစ္စတန်မှာရှိတဲ့ ဆစ်ခ်နဲ့ ဟိန္ဒူလူမျိုးတွေရဲ့ကြားထဲမှာ အမုန်းမျိုးစေ့စိုက်ပျိုးချင်ကြတဲ့သူ တွေထဲမှာလည်း ပါဝင်မှာမဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။
    onislam
  • အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ကွန်ရက်များ စုပေါင်းပြုလုပ်မည်
    အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ကွန်ရက်များ စုပေါင်းပြုလုပ်မည်
    စက်တင်ဘာ ၁၇၊ ၂၀၁၃
    M-Media
    လင်းလင်း
    DSC00239
    ရန်ကုန် ။        ။        ၂၀၁၃-ခုနှစ် စက်တင်ဘာလ ၂၁-ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အား ကွန်ရက်များစုပေါင်း၍ ရန်ကုန်မြို့တွင် အထိမ်းအမှတ် လူထုလှုပ်ရှားမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက် ၁၁-နာရီတွင် မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
    ယနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင် ၂၁-ရက်နေ့မှာပြုလုပ်မယ့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လူထုစုဝေးပွဲအစီအစဉ်များ နှင့် ပက်သက်ပြီး အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပါတယ်။ ၂၁-ရက်နေ့ မှာပြုလုပ်မယ့် အစီအစဉ်တွေရဲ့ ရည်ရွယ်ချက်ကတော့ တစ်နိုင်ငံလုံး ပြန်လည် သင့်မြတ်ဖို့အတွက်နှင့် လွတ်လပ်ငြိမ်းချမ်းမျှတလမ်းသို့ မတူလက်များတွဲကြဖို့ အတွက်ဖြစ်တယ်။ ဆက်လက်ပြီး ၂၁-ရက်နေ့မှာ ပြုလုပ်မယ့် အစီအစဉ်နဲ့ပတ်သက်ပြီး
    တက်ရောက် လာသူများမှ မေမြန်းချက်ကို ပြန်လည် ဖြေကြားပေးခဲ့ကြသည်။
    အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးအခမ်းအနား ကျင်းပမယ့် ရည်ရွယ်ချက်က ငြိမ်းချမ်းရေးအတွက်ဆိုတော့ သက်ရောက်မှုက အတိုင်းတာ ဘယ်လောက်အထိ မျှော်မှန်းထားလဲဆိုသည့် မေးခွန်းအား “ရည်ရွယ်ချက်ကတော့ ၃-ခုပေါ့ တစ်နိုင်ငံလုံးမှာရှိတဲ့ စစ်ပွဲတွေ၊ ဖိနှိပ်မှုတွေ၊ အကြမ်းဖက်မှုတွေ ပပျောက်စေဖို့ အတွက်က ပထမရည်ရွယ်ချက်။ကျွန်တော်တို့ ဒီအကြမ်းဖက်မှု ပပျောက်စေရေးအတွက် ပြည်သူတွေအားလုံးက အကြမ်းမဖက်ဘဲနဲ့ ဘယ်လိုကိစ္စဘဲဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက် သင့်သင့်မြတ်မြတ် ဖြေရှင်းတတ်ကြရင် ဒါဟာ ပြည်သူတွေရဲ့တာဝန်၊ ဒါပေမဲ့ စစ်ပွဲတွေရပ်ဖို့ဆိုတာ လက်ရှိအစိုးရနဲ့ အများကြီးဆိုင်တယ်၊ တပ်မတော်နဲ့လည်း အများကြီးဆိုင်တယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့လည်းဆိုင်တယ်။
    ကျွန်တော်တို့က သူတို့ ရပ်စေချင်တယ်။ စစ်ပွဲတွေ မတိုက်ပါနဲ့တော့ ကျွန်တော်တို့ တိုင်းပြည်နှစ်နာလှပြီ ဆိုတာ ကျွန်တော်တို့ပြောနိုင်တယ်၊ ဒါပေမယ့် ကျွန်တော်တို့မှာ ပါးစပ်ပဲရှိတယ်၊ သူတို့ပစ်ရင် ကျွန်တော်တို့ သေရမှာပဲ။ အဲဒါကသူတို့ကို ရည်ရွယ်ပါတယ်၊ နောက်ဒီစစ်ပွဲတွေရပ်ဖို့၊ ဖိနှိပ်မှုတွေပျောက်ဖို့အတွက် အစိုးရနဲ့တကွ ပါဝင်ပတ်သတ်နေတဲ့ နိုင်ငံရေး အင်အားစုအားလုံးကိုရည်ရွယ်ပါတယ်၊ နောက်ပြည်သူတွေကြားမှာ ငြိမ်းချမ်းရေးအနှစ်သာရတွေ ပြန့်ပွားဖို့ဆိုတာ
    ပြည်သူတွေကြားမှာ အမျိုးသားပြန်လည် သင့်ပြန့်ရေးလိုအပ်တယ်ဆိုတဲ့အကြောင်း၊ တစ်ဦးနဲ့တစ်ဦး မတူကွဲပြားမှုတွေ ကြားထဲမှာ ကျွန်တော်တို့ သင့်သင့်မြတ်မြတ် နေထိုင်ဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်း၊ ပြောမယ်ဆိုရင်လို့ရှိရင်တော့ ပြည်သူလူထုကိုရော၊ လက်ရှိအစိုးရကိုရော၊ နောက်ပြီးနိုင်ငံရေးအင်အားစု၊ တိုင်းရင်းသားအင်အားစု အားလုံးကို ရည်ရွယ်ပြီးပြောတာဖြစ်ပါတယ်။”
    လမ်းလျှောက်မယ့်အစီအစဉ်ကို မေးရာ “ကျွန်တော်တို့ ကျောက်တံတားကနေ မြို့တော်ခန်းမ ပြီးတော့ ဒဂုံမြို့နယ်ကနေလျှောက်ပြီး ပြည်သူ့ရင်ပြင်မှာ အဆုံးသတ်မှာဖြစ်တယ်။ မြို့နယ်တွေအရ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ အလုံ၊ ကျင်းမတိုင်၊ စမ်းချောင်း၊ ဒဂုံတို့ဖြစ်တယ်။ ခွင့်ပြုချက်မရခဲ့ရင်လည်း ရတဲ့နည်းနဲ့ ကျွန်တော်တို့ လုပ်လို့ရသလောက်တော့ လုပ်သွားမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ငြိမ်းချမ်းစေလိုတဲ့ တစ်နိုင်ငံလုံး ပြန်လည်သင့်ပြန့်စေလိုတဲ့ ကျွန်တော်တို့စိတ်ဓါတ်လေးကို ကျွန်တော်တို့ရတဲ့နည်းနဲ့ဖော်ထုတ်သွားမှာဖြစ်ပါတယ်။”လို့ ရှင်းလင်းပြောကြားခဲ့ကြပါတယ်။
    အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်ကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်ရန်အတွက် သက်ဆိုင်ရာဌာနများသို့ ခွင့်ပြုမိန့် တောင်းခံထားပြီ ဖြစ်ကြောင်းနှင့် လမ်းလျှောက်ခြင်း၊ ပန်းချီ၊ ကာတွန်း၊ ကဗျာရွတ်ပွဲများကို ပြုလုပ်မည်ဖြစ်ကြောင်းလည်းသိရသည်။