News @ M-Media
Author: YinYin
  • စက်တင်ဘာ ၁၂ ၊ နိုင်ငံတကာနှင့် ပြည်တွင်း သတင်းတို
    စက်တင်ဘာ ၁၂ ၊ နိုင်ငံတကာနှင့် ပြည်တွင်း သတင်းတို
    စက်တင်ဘာ ၁၂
    M-Media
    ဆီးရီးယား ဓာတုလက်နက်ကိစ္စအား ကုလလုံခြုံရေးကောင်စီတွင်ဆွေးနွေးသော်လည်း အဖြေမထွက်
    ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံသည် ဆီးရီးယားရှိ ဓာတုလက်နက်ပြဿနာကို ဖြေရှင်းရန် ယမန်နေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း မည်သည့်အဖြေမှမရခဲ့ဟု သံတမန်အသိုင်းအ၀ိုင်းများမှတဆင့် သိရသည်။
    ထိုဆွေးနွေးပွဲတွင် ဆီးရီးယားအာဏာရှင် အာဆတ်အား ဖိအားပေးရန်အစီအစဉ်ကို ရုရှားမှ ကန့်ကွက်ခဲ့သည်။ အမေရိကန်၏စစ်ရေးအရ၀င်ရောက်မှုကို ရှောင်လွှဲရန်အတွက် ဆီးရီးယားဓာတုလက်နက်များအား နိုင်ငံတကာသို့အပ်နှံရန်အတွက် ရုရှား၏ အဆိုပြုချက်အား ဆွေးနွေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့တို့ဂျီနီဗာ၌ ဒီကနေ့တွေ့ဆုံမည်ဖြစ်သည်။
    xinhua
    _______________________________________________________
    သြစတေးလျတွင် အလုပ်လက်မဲ့နှုန်းမြင့်တက်
    သြစတေးလျနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းမှာ ယခင်လထက် ၆ ရာခိုင်နှုန်းတိုးလာခဲ့ပြီး ၂၀၀၉ ခုနှစ်နောက်ပိုင်းအ ပထမဦးဆုံးဖြစ်သည်ဟု သြစတေးလျအစိုးရက သတင်းထုတ်ပြန်ခဲ့သည်။
    သြစတေးလျစာရင်းအင်းဗျူရိုမှ အင်္ဂါနေ့က ထုတ်ပြန်ခဲ့ရာ အမြဲတမ်းတမ်းနှင့် အချိန်ပိုင်းအလုပ်အကိုင် ရှားပါးလာမှုကြောင့် အလုပ်လက်မဲ့နှုန်းမှာ ဂျုလိုင်လတွင် ၅.၇ ရာခိုင်နှုန်းမှ သြဂုတ်လတွင် ၅.၈ ရာခိုင်နှုန်းအထိ တက်လာခဲ့သည်။
    presstv
    _______________________________________________________
    ၇-လအတွင်း ကမ္ဘောဒီးယားတွင် နိုင်ငံခြားခရီးသွား ၂.၄ သန်းဝင်ရောက်
    ၂၀၁၃-ခုနှစ် နှစ်စမှ ဇူလိုင်လအထိ ကမမ္ဘော့ဒီးယားနိုင်ငံသို့ နိုင်ငံခြားခရီးသွားပေါင်း ၂.၄ သန်းဝင်ရောက်ခဲ့သည်ဟုသိရသည်။ လွန်ခဲ့သည့်နှစ်က ထိုအချိန်ပိုင်းအတွင်း ၂.၀၄ သန်းသာ ၀င်ရောက်ခဲ့ပြီး ယခုနှစ်တွင် ၁၉-ရာခိုင်နှုန်းတိုးလာခြင်းဖြစ်သည်ဟု ကမ္ဘော့ဒီးယား ခရီးသွားလာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ကမ္ဘောဒီးယားသို့လာရောက်လည်ပတ်ကြသူများတွင် ဗီယက်နမ်နိုင်ငံမှ ၅၀၈၂၀၀-ဦးဖြင့်အများဆုံးဖြစ်နေပြီး၊ တောင်ကိုရီးယားနိုင်ငံမှ ၂၆၈၃၀၀-ဦး၊ တရုတ်နိုင်ငံမှ ၂၆၇၅၀၀-ဦး အသီးသီးရှိကြသည်။
    xinhua
    _______________________________________________________
    အမေရိကန်နိုင်ငံ၏ အချမ်းသာဆုံးမိသားစုများ အခွန်ရှောင် 
    ဝေါလ်တန်မိသားစုအပါအ၀င် အမေရိကန်၏ အချမ်းသာဆုံးမိသားစုများမှာ အမျိုးမျိုးသော ဥပဒေ ယိုပေါက်များကိုအမြတ်ထုတ်ကာ ပေးဆောင်ရန်ရှိသည့်အခွန်များအား ရှောင်ကြသည်ဟု စီးပွားရေးသတင်းများကိုးလွှင့်တင်ပေးနေသည့် Bloomberg ၀ဘ်ဆိုက်တွင် ဖေါ်ပြထားသည်။ ဝေါလ်တာမိသားစုမှာ ကမ္ဘာ့အကြီးဆံးလက်လီဈေးဆိုင် Wal-Mart ကိုဖွင့်လှစ်ထားသူဖြစ်ပြီး စုစုပေါင်း ကမန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်ချမ်းသာသည့် မိသားစုဖြစ်သည်။
    presstv
    _______________________________________________________
    အင်ဒိုးနီးရှားရှိ သတ်ဖြတ်မှုများနှင့် ပက်သက်၍ ဒခ်ျအစိုးရ တရားဝင်တောင်းပန်
    AA
    ၁၉၄၉-ခုနှစ်မှ အဆုံးသတ်ခဲ့သည့် ကိုလိုနီအုပ်ချုပ်ရေးအတွင်း အင်ဒိုနီးရှားပြည်သူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုများနှင့်ပက်သက်၍ ဒခ်ျအစိုးရက တရားဝန်တောင်းပန်လိုက်သည်ဟုသိရသည်။
    ဒီကနေ့နံနက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင်ကျင်းပသည့် အခမ်းအနားတစ်ခုတွင် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ် Tjeerd de Zwaan က “ထိုကျူးလွန်မှုများအတွက် ဒခ်ျအစိုးရကိုစား ကျွန်ုပ်က အနူးအညွတ်တောင်းပန်ပါတယ်။” ဟု တရားဝန်ဝန်ချတောင်းပန်ခဲ့သည်။ ဒတ်ခ်ျအစိုးရမှာ အချို့သို့ကိစ္စရပ်များအတွင် လျော်ကြေးပေးခဲ့သော်လည်း ကိုလိုနီပြုစဉ်အတွင်း ကျူးလွန်ခဲ့သည့်ရက်စက်ကြမ်းကျုပ်သောလုပ်ရပ်များအတွက် ပထမဦးဆုံးတောင်းပန်ခဲ့ခြင်းဖြစ်သည်။
    aljazeera
    _______________________________________________________
    ထိုင်း-အီတလီ ဆက်ဆံရေးတိုးမြှင့်
    ထိုင်းဝန်ကြီးချုပ် ရင်လပ် အီတလီနိုင်ငံသို့အလည်အပတ်သွားရောက်စဉ်အတွင်း ထိုင်း-အီတလီနှစ်နိုင်ငံဆက်ဆံရေးအားတိုးမြှင့်ရေး သဘောတူခဲ့ကြသည်ဟု ထိုင်းမီဒီယာများက ဒီကနေ့တွင် ဖော်ပြခဲ့သည်။ ၀န်ကြီးချုပ်ရင်လပ် ဦးဆောင်သည့် ထိုင်းအဖွဲ့၏ ဥရောပခရီးစဉ်ကို စက်တင်ဘာ ၈ ရက်နေ့တွင်စတင်ခဲ့ပြီး ၁၅ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။ ၀န်ကြီးချုပ် ရင်လတ်ရှင်နာဝပ်ထရာနှင့် အီတလီဝန်ကြီးချုပ် အန်ရီကို လတ္တာတို့မှာ ရောမမြို့ရှိအစိုးရအိမ်တော်တွင်တွေ့ဆုံခဲ့ကြပြီး ဥရောပတောင်ပိုင်းနိုင်ငံများနှင့် အာဆီယံနိုင်ငံများ အပြန်အလှန်ဆံဆက်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများအား မြှင့်တင်ရန် အရှေ့တောင်အာရှနိုင်ငံများအသင်း(ရောမမြို့ကော်မတီ) ဖွဲ့စည်းရေးနှင်ပတ်သက်ပြီး ထည့်သွင်းဆွေးနွေးခဲ့သည်ဟု သိရသည်။
    xinhua
    _______________________________________________________
    ကော်လိုဒါရိုတွင် ရေကြီးမှုဖြစ်ပွား ၁ ဦးသေဆုံး
    1
    အမေရိကန်နိုင်ငံ ကိုလိုရာဒိုပြည်နယ် ဂျိမ်းတောင်းတွင် ယမန်နေ့က ဆိုးရွားသည့်ရေကြီးမှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ဒီကနေ့နံနက်တွင် ပြောကြားလိုက်သည်။ သေဆုံးခဲ့သူမှာ ရေးကြီးမှုကြောင့်ပြိုကျခဲ့သည့်အဆောက်အအုံပိကာ သေဆုံးခဲ့ခြင်းဖြစ်ကြေင်း၊ မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် အဆောက်အများပြိုကျခဲ့ပြီး မည်မျှပြိုကျခဲ့ကြောင်းကို မပြောဆိုနိုင်သေးကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ “ဒါဟာ အတော့်ကိုဆိုးရွားတဲ့အခြေအနေမျိုးပါ။ မိုးသည်းထန်စွာရွာသွန်းမှုက ဆိုးရွားတဲ့ရေကြီးမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်” ဟု အမျိုးသား မိုးလေ၀သဌာနက ယနေ့နံနက်ပိုင်းတွင်ထုတ်ပြန်ခဲ့သည်။
    cnn
    ======================================
    ရွှေဝါရောင်သံဃလှုပ်ရှားမှုအား တာဝန်အရ လုပ်ခဲ့တာဖြစ်လို့ မှားရင် ကြိုးမိန့်တောင် ခံယူမည်ဆိုသည့် ဦးမြင့်ဆွေ
    ၂၀၀၇-ခုနှစ် ဖြစ်ပွားခဲ့သော ရွှေဝါရောင် သံဃလှုပ်ရှားမှုမှာ သံဃာတွေအပေါ် လုပ်ဆောင်မှုတွေဟာ တာဝန်အရ ဆောင်ရွက်မှုသာဖြစ်၍ မှားယွင်းတယ်ဟု
    တင်ပြလာပြီး ကြိုးမိန့်ပေးပါက ခံယူနိုင်ကြောင်း ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေက ပြောပါတယ်။ ဦးနေ၀င်းနဲ့
    ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်တို့ကို ဖမ်းဆီးသူမှာလည်း သူမဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။ ဦးမြင့်ဆွေ ယခုလို ထုတ်ဖော်ပြောဆိုလိုက်မှုအား
    ကြိုဆိုသူများရှိသကဲ့သို့ ဝေဖန်ကြသူတွေလည်း ရှိပါတယ်လို့ ဧရာဝတီသတင်းဌာနကို ကိုးကား၍ တင်ပြလိုက်ပါတယ်။
    _______________________________________________________
    ပိုလန်လွှတ်တော်ဥက္ကဋ္ဌများနဲ့ ဆွေးနွေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပိုလန်နိုင်ငံကို ရောက်ရှိနေခိုက်မှာ
    ပိုလန်လွှတ်တော်နှစ်ရပ်က ဥက္ကဋ္ဌများနဲ့တွေ့ဆုံပြီး မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် ဒီမိုကရေစီ ထူထောင်ရေး နည်းလမ်းများ၊
    ပိုလန်နိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဆိုင်ရာ အတွေ့အကြုံများကို မနေ့ကဆွေးနွေးခဲ့ကြပြီး ဒီနေ့မှာတော့ ပိုလန်သမ္မတနဲ့ တွေ့ဆုံပြီး
    _______________________________________________________
    အိမ်အကူအားနှိပ်စက်သူ တရားသူကြီးကတော်အား ရဲတပ်ဖွဲ့မှ ဖမ်းမမိသေး
    ပဲခူးတိုင်း ပဲခူးမြို့နယ်၏ ဒုတိယ တရားသူကြီး၏ ဇနီး ဒေါ်ဖြူဝင်းသက်မှာ မိမိ၏အိမ်ရှိ အသက် ၁၅-နှစ်အရွယ် အိမ်အကူမလေးတစ်ဦးကို ၂၀၁၂-ခု
    မတ်လက မီးပူ၊ ဓါး၊ ပုလင်းတို့ဖြင့် လက်ရောက်နှိပ်စက်ကျူးလွန်ပြီး ရှောင်ပုန်းနေသဖြင့် မြို့နယ်တရားရုံးက ဖမ်းဝရမ်းထုတ်ထားသော်လည်း
    ယခုတိုင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးမမိနိုင်သေးကြောင်း ဧရာဝတီသတင်း အင်တာနက် စာမျက်နှာမှ တဆင့် သိရပါတယ်။
    _______________________________________________________
    သောက်သုံးရေနဲ့ ပညာရေးအခက်အခဲဖြစ်ပေါ်နေတဲ့ ညောင်ကန်ဒေသ
    မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ညောင်ကန်တဲကြီးကုန်းဒေသတစ်ခွင်တွင် သောက်သုံးရေအပြင်
    ပညာရေးအခက်အခဲပါ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောပြပါတယ်။ ညောင်ကန်တဲကြီးကုန်း၊ ကြက်ကန်ဇီးကန်ဒေသခံများသည် မိုးရွာချိန်မှ
    သောက်သုံးရေ လုံလောက်စွာရပြီး၊ စိုက်ပျိုးရေးအခြေအနေမကောင်းမှုကြောင့် ပညာရေးကို အားမပေးနိုင်ပဲ လူငယ်အများစုမှာ မန္တလေး၊ ရန်ကုန်နှင့်
    မလေးရှားနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြမှုကြောင့် ထန်းတက်သူလည်း မရှိပဲ အခက်အခဲများစွာ ရှိနေကြောင်း သိရပါတယ်။
    _______________________________________________________
  • စက်တင်ဘာ ၁၂ အားကစားသတင်းများ
    စက်တင်ဘာ ၁၂ အားကစားသတင်းများ
    စက်တင်ဘာ ၁၂၊ ၂၀၁၃
    M-Media
    အခြားသူတွေအား ပျော်ရွှင်အောင်လုပ်ရခြင်းကို ကြိုက်သည့် အီဗရာဟီမိုဗစ်
    ပဲရစ်စိန့်ဂျာမိန်းအသင်း၏ တိုက်စစ်မှူးဖြစ်သူ ဇလာတန်အီဗာဟီမိုဗစ်က သူ့အား စိတ်ကြီးဝင်သည်ဟု ပြောဆိုနေမှုများကို ငြင်းဆန်လိုက်ပြီး သူ၏အသင်းဖော်များနှင့် ပရိတ်သတ်များအား ပျော်ရွှင်ကျေနပ်အောင် ပြုလုပ်ပေးသူတစ်ဦးဖြစ်သည်ဟု ပြောဆိုလိုက်သည်။
    အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်သည့် အီဗရာဟီမိုဗစ်မှာ သူ၏ ကစားသမား သက်တမ်းတစ်လျှောက် မကြာခဏ နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သူဖြစ်ပြီး ဘာစီလိုနာတွင်ရှိစဉ်အခါက နည်းပြ ဂွါဒီယိုလာနှင့် အဆင်မပြေဖြစ်ခဲ့သည့် ဖြစ်ရပ်များစွာလည်းရှိခဲ့သည်။
    “လူတွေကတစ်ချိန်လုံး ကျနော့်ကို မာနကြီးတဲ့လူတစ်ယောက်လို့ ထင်နေတယ်ဆိုတာ ကျနော်ဖတ်ရပါတယ်။ သူတို့က ကျနော့်ကို ကိုယ့်ကိုကိုယ် အထင်ကြီးနေတဲ့သူ၊ အကျင့်ဆိုးတဲ့သူလို့ပြောကြပါတယ်။ ကျနော် ငယ်ငယ်ကတည်းကနေ ဒါမျိုးတွေ ကြားရခဲ့တာပါ။ ဒါပေမယ့် သူတို့ကျနော်နဲ့ဆုံတဲ့အခါ ‘မင်းဟာ ပုံရိပ်ဆိုးတွေနဲ့မလိုက်ပါဘူးလို့’ ပြောကြပါတယ်။ ဘယ်အသင်းမှာပဲ ကစားခဲ့ကစားခဲ့ ကျနော်အောင်မြင်ပါတယ်။ ဒါပေမယ့် ကျနော့်ရဲ့အသင်းဖော်တွေ ပရိတ်သတ်တွေနဲ့ လူတိုင်းပျော်ရွှင်မှသာ ကျနော်ကျေနပ်တာပါ။ ကျနော့်မှာ ကြင်နာတဲ့နှလုံးသားရှိပါတယ်” ဟု အီဗရာဟီမိုဗစ်က ဘီဘီစီသို့ ပြောကြားခဲ့သည်။
    မာတာမှာ ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားများထဲမှ တစ်ဦးဟု အိုဗန်နိုဗစ်ဆို
    ချယ်ဆီးနောက်ခံလူ အိုင်ဗန်နိုဗစ်က အသင်းဖော်တိုက်စစ်မှူး ဂျူအန်မာတာမှာ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားများထဲမှတစ်ဦးဟုမှတ်ချက်ပေးပြောဆိုလိုက်သည်။ မာတာမှာ ယမန်နှစ်ဘောလုံးရာသီတွင် ယူရိုပါဖလားရရှိခဲ့ပြီး ပရီးမီးယားလိဂ်တတိယနေရာကို ရယူနိုင်ခဲ့သည့် ချယ်ဆီးအသင်းတွင်အထူးခြေစွမ်းပြခဲ့ပြီး ပြိုင်ပွဲအသီးသီးတွင် ၁၉ ဂိုးသွင်းယူကာ ဂိုးသွင်းရန်အတွင် ၃၅ ကြိမ်ဖန်တီးပေးနိုင်ခဲ့သည်။
    “လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက သူဟာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ပါ။ သူဟာကျနော်တို့အားလုံးနဲ့ အသင်းတွက်တကယ့်ကို အရေးကြီးတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ကျနော့်အတွက်တော့ မာတာဟာ ပရီးမီးယားလိဂ် အကောင်းဆုံးအရည်အသွေးရှိတဲ့ကစားသမားတစ်ဦးပါလို့ ကျနော်အမြဲတမ်းပြောပါတယ်။ ပြောင်မြောက်တဲ့စွမ်းရည်ရှိပြီး သိပ်တော်တဲ့ကစားသမားတစ်ဦးပါ” ဟု အိုင်ဗန်နိုဗစ်ကသတင်းထောက်များသို့ပြောကြားခဲ့သည်။
    ကျွန်တော်ဟာ ကယ်တင်ရှင်မဟုတ်ပါဘူးလို့ ဆိုခဲ့သူ ရီဘာရီ
    ဘီလာရုစ်အသင်းနှင့် ကစားခဲ့သည့်ပွဲတွင် အနိုင်ဂိုးသွင်းယူခဲ့သောကြောင့် ပြင်သစ်အသင်း၏ ကယ်တင်ရှင်ဟု သတ်မှတ်မှုများအား ကွင်းလယ်လူ ရီဘာရီက ငြင်းဆိုလိုက်သည်။ အသက် ၃၀ အရွယ်ရှိပြီဖြစ်သည့် ရီဘာရီမှာ ပြင်သစ်အသင်းက ဘီလာရုဇ်အသင်းအား နောက်မှလိုက်ကစားကာ ၄ ဂိုး ၂ ဂိုးဖြင့်အနိုင်ရရှိခဲ့သော ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ၂ ဂိုးသွင်းယူခဲ့သည်။
    “ကျွန်တော်ဟာ ကယ်တင်ရှင်မဟုတ်ပါဘူး။ ၂ ဂိုး ၁ ဂိုးနဲ့ အနောက်က လိုက်ကစားရတဲ့အချိန်မှာ မြန်မြန် ချေပဂိုးသွင်းဖို့ ကျနော်တို့ ကံကောင်းခဲ့ပါတယ်” ဟု ရီဘာရီက သတင်းထောက်များကို ပြောကြားခဲ့သည်။
    ရီဘာရီ၏ စွမ်းဆောင်ရည်နှင့်ပက်သက်ပြီး ပြင်သစ်နည်းပြ ဒက်စ်ချမ့်က “ကျနော်တို့မှာ ရီဘာရီလိုကစားသမားကောင်းတွေရှိပြီး ဒါကိုလည်း သူက သက်သေပြခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
    တောင်အာရှဖလား ဘောလုံးပြိုင်ပွဲတွင် အာဖဂန်နစ္စတန်ဗိုလ်စွဲ
    တောင်အာရှဘောလုံးအဖွဲ့ချုပ် (SAFF) မှကျင်းပသည့် တောင်အာရှဖလားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို နီပေါနိုင်ငံ ကတ်မန်ဒူမြို့တွင်ယှဉ်ပြိုင်ကစားခဲ့ရာ လက်ရှိချန်ပီယံ အိန္ဒိယအသင်းအား  အာဖဂန်နစ္စတန်အသင်းက ၂-ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိ ဗိုလ်စွဲသွားသည်ဟုသိရသည်။
    ပရိတ်သတ်ငါးထောင်နီးပါးလာရောက်ကြည့်ရှုခဲ့ကြပြီး အာဖဂန်နစ္စတန်အတွက်ဂိုးများကို ၉ မိနစ်တွင် မွစ်တာဖာ အဇဒ်ဇွီနှင့် ၆၂-မိနစ်တွင် ဆန်ဂျာ အဟ်မဒ်ဒီတို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ယခုပွဲအနိုင်ကြောင့် အာဖဂန်နစ္စတန်အနေဖြင့် ၂၀၁၁-ခုနှစ် ဖိုင်နယ်တွင် အိန္ဒိယအား ရှုံးနိမ့်ခဲ့သည့် `ရှုံးကြွေးအား ပြန်လည်ဆပ်နိုင်ခဲ့ခြင်းဖြစ်သည်။
    “ကျနော်တို့နိုင်ငံအတွက်၊ ကျနော်တို့ပြည်သူတွေအတွက် ကျနော်တို့အသင်းအတွင် ပြီးကျနော့်အတွက် ဒီခဏဟာဘယ်လောက်တောင် ကြီးမားသလဲဆို တွေးလို့ကိုမရပါဘူး။ ဒီပွဲဟာ ကျနော်တို့အတွက်အရေးကြီးတဲ့ပွဲဖြစ်ပြီး လက်စားချေလိုချင်တဲ့အတွက်ကြောင့်မဟုတ်ပါဘူး” ဟု အာဖဂန်နစ္စတန်အသင်း၏နည်းပြဖြစ်သူ ယူဆက်ဖ်ကာဂါက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    ဂါရက်ဘေးလ် ရီးယဲလ်နှင့် ပထမဦးဆုံး လေ့ကျင့်ခန်းဆင်း
    ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရီးယဲလ်အသင်းသို့ရောက်ရှိလာသော ဂါရက်ဘေးလ်မှာ ပထမဦးဆုံးအကြိမ်အဖြစ် ယမန်နေ့ကအသင်းနှင့် လေ့ကျင့်ခန်းဆင်းခဲ့သည်ဟုသိရသည်။လေ့ကျင့်ခန်းမဆင်းမီ ခရစ္စတီယာနိုရော်နယ်ဒိုနှင့်တွေ့ဆုံခဲ့သည့် ဘေးလ်မှာ အသင်းနည်းပြနှင့် ကြံ့ခိုင်မှုဆိုင်ရာလေ့ကျင့်ခန်းများကို ပြုလုပ်ပြီးနောက် အီကာကာဆီးလက်စ်၊ လူကာမိုဒရစ်၊ ကရင်မ်ဘန်ဇီမာ၊ ဒန်နီယဲလ်ကာဗာဂျယ်၊ အလ်ဗာရို မိုရာတာ၊ နာချိုနှင့် ဂျီဆီတို့နှင့်အတူ အပေါ့စားလေ့ကျင့်ခန်းများပြုလုပ်ခဲ့သည်။ လာမည့် စနေနေ့ ဗီလာရီးယဲလ်အသင်းနှင့်ကစားမည့် လာလီဂါပွဲတွင် ဘေးလ်မှာ ရီးယဲလ်အသင်းနှင့် ပထမဦးဆုံးပွဲထွက်ဖွယ်ရှိနေသည်။
  • ရိုဟင်ဂျာ(၃)ဦး စစ်တွေတွင် အသတ်ခံရ
    စက်တင်ဘာ ၁၁၊ ၂၀၁၃
    M-Media
    နေလ၀န်း (စစ်တွေ)
    Rakhine, Myanmar - Google Maps_20130911-174450
    စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ရိုဟင်ဂျာ ၄-ဦးသည် ယနေ့ မနက်ပိုင်းက ပင်လယ် ကမ်းခြေတွင် ငါးဖမ်းနေစဉ် ရခိုင်အကြမ်းဖက်သမား၏ လက်ချက်ကြောင့် ၃-ဦး သေဆုံးသွားခဲ့တယ်လို့ သတင်းရရှိပါတယ်။
    စစ်တွေမြို့ ပန်လွင်ပြင်ကျေးရွာမှ ရိုဟင်ဂျာ ၃-ဦးသည် ယနေ့မနက်ပိုင်းက ပန်လွင်ပြင် ကမ်းခြေတွင် ငါးဖမ်းသွားစဉ် ရခိုင်အကြမ်းဖက်သမား တစ်စု ရောက်ရှိ လာပြီး အဆိုပါ ရိုဟင်ဂျာ ၃-ဦးအား အကြမ်းဖက် သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
    “ငါးဖမ်းသွားတာက ၄-ယောက်၊ အဲ့ဒီမှာ ရခိုင်အကြမ်းဖက် အုပ်စု တစ်စုရောက်လာပြီး ငါးဖမ်းနေတဲ့ ၄-ယောက်ကို ၀ိုင်းဝန်းရိုက်နှက် သတ်ဖြတ်ပါတယ်။ ခြေ လက်တွေကို ဓါးနဲ့ခုတ်ပြီးတော့ ပင်လယ်ထဲ ပစ်ချခဲ့ပါတယ်။ ၃-ယောက် သေသွားပြီး ၁-ယောက် အသက်ရှင်ကျန်ခဲ့တယ်။ အခုလို သူတို့ ပင်လယ်ကမ်းခြေကို ငါးရှာသွားရတာက ရိုဟင်ဂျာတွေအနေနဲ့ အငတ်ဘေး ခံစားနေရတာကို ထပ်ပြီး ခံနိုင်ရည် မရှိတော့တာကြောင့် အရဲစွန့်ပြီး ငါးရှာသွားလိုက်တာပါ။”လို့ ဒေသခံတစ်ဦးက ပြောပြလာပါတယ်။
    ရိုဟင်ဂျာများ ယခုကဲ့သို့ ပင်လယ်ကမ်းခြေ၊ ပင်လယ်ပင်သို့ထွက်ပြီး ငါးရှာ ငါးဖမ်းသွားသည့်အခါမျိုးများတွင် ရခိုင်အကြမ်းဖက်သမားများရဲ့ သတ်ဖြတ်မှုများ မကြာခဏ ကြုံတွေ့နေရကြောင်းလည်း သိရှိရပါတယ်။
  • အငှားယာဉ်မောင်းအား တုတ်၊ ခဲများဖြင့် ခြိမ်းခြောက်၍ ငွေညစ်သူများအား ဖမ်းဆီးအရေးယူ
    အငှားယာဉ်မောင်းအား တုတ်၊ ခဲများဖြင့် ခြိမ်းခြောက်၍ ငွေညစ်သူများအား ဖမ်းဆီးအရေးယူ
    စက်တင်ဘာ ၁၁၊ ၂၀၁၃
    M-Media
    လင်းလင်း
    ရန်ကုန် ။ ။ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်တွင် အငှားယာဉ်မောင်းတစ်ဦးအား  အရက်မူးနေသူများမှ တုတ်၊ ခဲ များဖြင့် ခြိမ်းခြောက်ကာ စက်တင်ဘာ ၁၀-ရက် ညနေပိုင်းက ငွေညစ်ယူခဲ့သူများအား တောင်ဥက္ကလာပ မြို့မရဲစခန်းမှ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
    ဖြစ်ပွားပုံမှာ စက်တင်ဘာလ ၁၀-ရက် ညနေ ၄-နာရီ ၀န်းကျင်ခန့်က တောင်ဥက္ကလာပ မြို့နယ်ဘက်သို့မောင်းနှင်လာသော အငှားယဉ်အား (၁၁)ရပ်ကွက် မြသီတာ အားကစားကွင်း ချောင်းကူးတံတားပေါ်တွင် လူတစ်ယောက် ကန့်လန့်အိပ်နေသည် ကိုတွေ့ရသဖြင့် ယာဉ်မောင်း ဦးကိုကိုလေးက ရှောင်ပြီး မောင်းနှင်စဉ် အခြားလူ နှစ်ဦးမှ တုတ်၊ ခဲများကိုင်ဆောင်ကာ ကားအရှေ့တွင် ပိတ်ရပ်ပြီး အရက်ဖိုးပေးရန် ခြိမ်းခြောက်တောင်းဆိုခဲ့ကြောင်းသိရသည်။
    ထို့ကြောင့် ယာဉ်မောင်း ဦးကိုကိုလေးမှ ငွေကျပ် ၅၀၀ ပေးခဲ့ပြီး ပဒေသာလမ်းဆုံဘက်သို့မောင်းနှင်ခဲ့ရာ  ရဲတပ်ဖွဲ့ဝင်များနှင့်တွေ့ ရှိသဖြင့် ပြောပြ တိုင်တန်း ခဲ့သည်။ “ဒါမျိုး တွေဟာ ကျွန်တော်တို့ အငှားယာဉ် မောင်းတဲ့သူ တော်တော်များများ ကြုံတွေနေတဲ့  ပြဿနာတွေပါ ကျွန်တော်တို့ အထူးသဖြင့် ညဘက် မောင်းတဲ့ အခါမှာ ဒါမျိုးတွေက ကြုံတွေ့တတ်ပါတယ်။ ကျွန်တော်တို့ သတိနဲ့မောင်းဖို့ လိုအပ်တယ်။ အဲလို မူးယစ် ရမ်းကားတဲ့ သူတွေနဲ့ တွေ့တဲ့ အခါ တာဝန်ရှိသူများကို အမြန် ဆုံးအကြောင်းကြားသင့်ပါတယ်”လို့ ဦးကိုကိုလေးက ပြောကြားခဲ့ပါသည်။။
    ဦးကိုကိုလေး၏ တိုင်တန်းချက်အရ တောင်ဥက္ကလာပမြို့နယ် ရဲစခန်းမှ အခင်းဖြစ်သွားသော နေရာသို့ သွားရောက်ခဲ့ပြီး အဆိုပါ ခြိမ်းခြောက် ငွေညစ်သူများ အား ဖမ်းဆီးခဲ့ရာ တောင်ဥက္ကပမြို့နယ်နေ (၁၁) ရပ်ကွက်နေသူဖြစ်သည့် မြတ်သူ၊ သက်တင်စိုး၊ ရဲထွဋ်နှင့် (၈)ရပ်ကွက်နေ ဇင်ကို တို့ ၄-ဦးအား  ဖမ်းဆီး ရမိခဲ့ပြီး တောင်ဥက္ကလာပ မြို့မရဲစခန်းမှ (ပ) ၃၃၂။၂၀၁၃၊ ပုဒ်မ ၃၈၄/၁၁၄ ဖြင့်  အရေးယူဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
    ကိုးကား – ကြေးမုံသတင်းစာ (စက်တင်ဘာ ၁၁-ရက်၊ ၂၀၁၃)
  • ကြယ်တပွင့် ကြွေလွင့်ပြန်ပီ
    ကြယ်တပွင့် ကြွေလွင့်ပြန်ပီ
    ကြယ်တပွင့် ကြွေလွင့်ပြန်ပီ
     စက်တင်ဘာ ၂၄၊ ၂၀၁၂
    M-Media
    ပသီဝိုင်းဝတ်ရည်မြင့်
    မနေ့က တစ်နေကုန်နီးပါး ဖုန်းတစ်လုံးနဲ့ အလုပ်များနေခဲ့တယ်။ ကိုယ်ကခေါ်လိုက်၊ တစ်ခြားသူတွေက ပြန်ခေါ်လိုက်နဲ့။ ညဘက်ရောက်တော့ ခေါင်းကလည်းကိုက်လာတာနဲ့ ခဏနားနေတုန်း ဖုန်းလာပြန်တာနဲ့ ဖုန်းပြောလိုက်ပြီးတော့ ဆေးသောက်ပြီးအိပ်လိုက်တယ်။ ည (၁၁)နာရီကျော်ကျော်လောက်မှာ ဖုန်းမြည်လာပြန်တယ်။ ဒါနဲ့ အိပ်ချင်လွန်းစွာနဲ့ ဖုန်းကိုပြန်ထူးလိုက်တော့ အစ်ကို ကိုခင်မောင်ထွန်းက ဖုန်းလှမ်းဆက်တာ။ “၀ိုင်း ရေ၊ ဦးကျော်ဝင်းမောင် အလ္လာ့ဟ်အမိန့်ခံယူ(ဆုံးပါး)သွားပြီ။”လို့ ကြားလိုက်ရတာနဲ့ ‘အင်းနားလလ္လာဟေ ၀အင်းနားအေလိုင်းဟေ ရားဂျေအူးန် (ဧကန်အမှန် ကျွန်ုပ်တို့သည် ထိုအရှင့်ထံသို့သာ ပြန်ရမည့်သူများဖြစ်ပါ၏။)’ လို့ စိတ်ထဲကရွတ်ဆိုလိုက်မိပြီး တစ်ပြိုင်နက်တည်း ဘယ်အချိန်က ဆုံးတာလဲ၊ ဘယ်အချိန် ဒါဖွနာ(မြှုပ်နှံ)မှာလဲ” လို့မေးလိုက်မိတယ်။ ကိုခင်မောင်ထွန်းက “မနက်ဖြန်နေ့ခင်းဘက်လောက်ဖြစ်မယ်။ အဲဒါ တစ်ခြားပြောရမယ့်သူတွေကိုလည်း ပြောလိုက်ပါဦး။ နောက်ပြီး ဆရာကြီးရဲ့သား ရန်ကုန်ကိုအခုညတွင်းချင်းပြန်မှာ။ ရန်ကုန်လိုက်ချင်တဲ့သူရှိရင်လည်း အခုညပဲသွားကြဖို့ ကားစီစဉ်နေတယ် လိုက်ချင်တဲ့သူရှိရင်”လို့ပြော တာကြောင့်။ အဖေ့ကိုပြောပြပြီး တစ်ခြားပြောသင့်သူတွေထံ ဖုန်းဆက်လိုက်တယ်။ အဖေကတော့ ဆရာကြီးသားထံဖုန်းဆက် ပြောစရာရှိတာပြောပြီး၊ ရန်ကုန်က မန္တလေးကမိတ်ဆွေတွေ၊ ရန်ကုန်ကမိတ်ဆွေတွေဆီ ဖုန်းဆက်ပြီး လုပ်သင့်တာတွေ ၀ိုင်းဝန်းစီစဉ်တိုင်ပင်နေကြတယ်။
    အဲဒီမှာပဲ ကျွန်မလည်း ဆရာကြီးဦးကျော်ဝင်းမောင်(၀မ်းအိုဝမ်း)အကြောင်း ပြန်တွေးမိသွားတယ်။ ဆရာကြီး … ဆရာကြီးလို့ပဲ သုံးနှုန်းပါရစေတော့။ ဆရာကြီးလို့ခေါ်ပေမယ့် တကယ်တမ်းမှာတော့ ဦးကျော်ဝင်းမောင်ဟာ အဖိုးအရွယ်ပါပဲ။ ကျွန်မအဖိုးနဲ့ သက်တူရွယ်တူ မိတ်ဆွေသူငယ်ချင်းတွေလည်း ဖြစ်တယ်လေ။ ဆရာကြီးနဲ့ ကျွန်မအဖိုးတို့ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့ တော်လှန်ရေးတွေနဲ့ ကြိုးပမ်းခဲ့ချိန်တွေကလည်း ကိုယ့်ကဏ္ဍအသီးသီးကနေ ကျရာတာဝန်ကို ကျေပွန်ခဲ့ကြတယ်။ လွတ်လပ်ရေးရပြီးခေတ်အဆက်ဆက်မှာလည်း တာဝန်ကျေခဲ့ကြတယ်။ နောက်ပြီး ကိုယ့်နိုင်ငံအပေါ်ထားတဲ့ မျိုးချစ်စိတ်၊ ကိုယ့်အမျိုးသားတွေအပေါ် ချစ်စိတ်တွေကလည်း သူမတူအောင် ထားရှိခဲ့တယ်။ ကျွန်မအဖိုးနဲ့ ဆရာကြီးတို့ဟာ တစ်ခါတစ်လေမှာ တစ်ယောက်နဲ့တစ်ယောက် စိတ်သဘောထားမတိုက်ဆိုင်လို့ အငြင်းအခုံပြောဖြစ်ခဲ့ကြရင်တောင် အဲဒီကိစ္စပြီးတာနဲ့ ရှိရင်းစွဲ ခင်မင်ရင်းနှီးမှုအတိုင်း ခင်မင်ခဲ့ကြတယ်။ ကျွန်မ ငယ်ငယ်ကတည်းက အဖိုးပြောပြဖူးတဲ့ အဖိုးတို့လုပ်ခဲ့ရတဲ့ တော်လှန်ရေးတွေအကြောင်းထဲမှာ “၀မ်းအိုဝမ်းကြီး၊ ၀မ်းအိုဝမ်းကြီး”ဆိုတာလည်း အမြဲကြားနေခဲ့ရတယ်။ အဲဒီကတည်းက ၀မ်းအိုဝမ်းကြီးဆိုတာ ဦးကျော်ဝင်းမောင်ဆိုတာကို သိခဲ့ရတယ်။ တော်လှန်ရေးအတွက် 101 တပ်ကနေ ပါဝင်ခဲ့သူမို့ နောင်တချိန်မှာ ၀မ်းအိုဝမ်းဆိုတဲ့ဂုဏ်ပုဒ်ပါ တွင်ခဲ့တာကြောင့် ၀မ်းအိုဝမ်းကျော်ဝင်းမောင် ဆိုပြီးနာမည်ကျော်ကြားခဲ့ပါတယ်။ ဆရာကြီးဟာ ဂျပန်ခေတ်က မင်္ဂလာဒုံစစ်တက္ကသိုလ် တတိယပတ် ဗိုလ်သင်တန်းဆင်း တစ်ယောက်လည်းဖြစ်ပါတယ်။ ဆရာကြီးဟာ သူချစ်မြတ်နိုးတဲ့ တိုင်းပြည်၊ သူချစ်မြတ်နိုးတဲ့ အမျိုး၊ ဘာသာ၊ သာသနာအပေါ်မှာလည်း တာဝန်ကျေပွန်ခဲ့ပါတယ်။
    ပသီဦးကိုကိုလေးအထိမ်းအမှတ်ကော်မတီဖွဲ့စည်းစဉ်က ပါဝင်ခဲ့တဲ့ ဆရာကြီးဦးကျော်ဝင်းမောင် (၂၀၀၁-ခု)
    ဆရာကြီးဟာ ဂျပန်ခေတ် မင်္ဂလာဒုံစစ်တက္ကသိုလ် တတိယပတ် ဗိုလ်သင်တန်းဆင်း၊ လွတ်လပ်ရေးမော်ကွန်းဝင်(ဒုတိယအဆင့်)၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့(ဒုတိယအဆင့်) တစ်ယောက်ဖြစ်ပြီး သက်ကြီးကန်တော့ခံစာပေပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။
    ပသီအမျိုးသားကွန်ဂရက်အတွက် ညှိနှိုင်းတိုင်ပင်ကြစဉ်က တက်ရောက်ပါဝင်ခဲ့တဲ့ဆရာကြီး
    (၂၀၁၁-ခု ဒီဇင်ဘာ)
    ဆရာကြီးက သူ့အတွေ့အကြုံတွေကနေ လူသားအကျိုးပြု စာပေတွေကိုလည်း ရေးသားခဲ့ပါတယ်။ မဂ္ဂဇင်းတွေ စာစောင်တွေမှာ ဆောင်းပါးတိုလေးတွေလည်း များစွာရေးခဲ့ပြီး ဆရာကြီး ဦးရာဇာတ် အတ္ထုပ္ပတ္တိ၊ ၀မ်းအိုဝမ်းနဲ့ဗမာ့မြေအောက်တော်လှန်ရေး၊ ၁၃၀၀ ပြည့် မန္တလေး အရေးတော်ပုံ၊ သခင်နက်ဖေ၊ ဂျပန်ခေတ် လေထီးသမားများ၊ နွေဦးရဲ့သမီးပျို၊ မေတ္တာလက်တလှမ်း ဆိုတဲ့ လုံးချင်းစာအုပ် ၂၀-ခန့်ကိုလည်း ရေးသားခဲ့ပါတယ်။ အဲဒီအထဲက နွေဦးရဲ့သမီးပျို နဲ့ မေတ္တာလက်တလှမ်းကတော့ ရုပ်ရှင်ဇာတ်လမ်းအဖြစ် ရိုက်ကူးခဲ့ဖူးတယ်။ အခုနောက်ဆုံးရေးခဲ့တာက အလံနီများ ရင်သွေးငယ်များကို ပေးအပ်ခြင်း ဆိုတဲ့စာအုပ်ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ဆရာကြီးရဲ့စာအုပ်တော်တော်များများကို ဖတ်ဖူးခဲ့ပါတယ်။ ဆရာကြီးဟာ သူ့အမျိုးသားတွေ (မြန်မာနိုင်ငံက မွတ်စလင်မ်တွေ)အတွက်လည်း သောကကြီး လွန်းခဲ့ပါတယ်။ ဆရာကြီးရေးသားခဲ့တဲ့ ‘စံပယ်ကြူလျှင် ပန်ချင်သူကောက်မြဲ’ဆိုတဲ့စာအုပ်လေးဟာ ဆရာကြီးဦးရာဇတ်အကြောင်းကို တိုတိုရှင်းရှင်း မီးမောင်းထိုးပြထားတဲ့စာအုပ်ဖြစ်ပြီး ကျွန်မတို့လို လူငယ်တွေအတွက်လည်း အတုယူအားကျဖွယ်ဖြစ်စေခဲ့ပါတယ်။ နောက်ပြီး ‘တိမ်ကောပျောက်ကွယ်နေသော ပသီလူမျိုးစုအမည်ကို ပြန်လည်ဖော်ထုတ်ခြင်း’ဆိုတဲ့စာအုပ်လေးဟာလည်း လက်ရှိကာလမှာ လမ်းစပျောက်နေတဲ့ မြန်မာမွတ်စလင်မ်တွေရဲ့ အခန်းကဏ္ဍတစ်ခုကို မီးမောင်းထိုးဖွင့်လှစ်ပေးထားတာမို့ ဆရာကြီးရဲ့ သောကကိုလည်း မြင်တွေ့ခံစားမိပါတယ်။
    နိုင်ငံနဲ့ လူမျိုး၊ အမျိုးဘာသာ သာသနာအတွက် သောကကြီးပြီး လူသားအကျိုးပြုတွေ အများကြီးလုပ်ဆောင်သွားတဲ့ ဆရာကြီးဟာဝမ်းအိုဝမ်းကျော်ဝင်းမောင်ဟာ အသက်(၉၃)နှစ် ၂၀၁၂-ခုနှစ် စက်တင်ဘာလ (၂၃)ရက်နေ့ ည(၁၀း၄၅)မှာ လူသားတွေရဲ့ လာရာလမ်းဖြစ်တဲ့ အလ္လာဟ်အရှင်မြတ်ထံတော်သို့ ပြန်သွားခဲ့ပါတယ်။ ဒီနေ့ တနင်္လာနေ့ဟာ ဆရာကြီးရဲ့ မွေးရက်လည်းဖြစ်ပါတယ်။ ကျွန်မတို့လေးစားခဲ့တဲ့ ဆရာကြီး ကွယ်လွန်ဆုံးပါးသွားတာဟာ အနာဂတ်အတွက် ကြယ်တစ်ပွင့် ကြွေလွင့်သွားတယ်လို့ပဲ ခံစားရပါတယ်။ ကျွန်မတို့အတွက် ကြယ်တစ်ပွင့် ကြွေလွင့်ခဲ့ပေမယ့် လူသားတွေရဲ့ လာရာလမ်းဖြစ်တဲ့ အလ္လာဟ်အရှင်မြတ်ထံသို့ ဆရာကြီးရဲ့ အပြန်ခရီးက ညင်သာချောမွေ့တာမို့ ဆရာကြီးအတွက် ကျေနပ်မိပါတယ်။
    “ဆုံးရှုံးခြင်း၏နောက်ကွယ်၌ နှမြောတသခြင်းသည် ထာဝရတည်ရှိနေမည်”ဆိုသလိုပါပဲ ကျွန်မတို့တွေအတွက်တော့ နှမြောတသဖွယ်ဖြစ်နေမှာ အမှန်ပါပဲ။
    x x x x x x x x x