News @ M-Media

Author: YinYin

  • စစ်ရာဇ၀တ်မှု ကျူးလွန်ခဲ့သည့် ကွန်ဂို သူပုန်တပ်မှူးအား ICC က ထောင်ဒဏ် ၁၂ နှစ် ချမှတ်

    စစ်ရာဇ၀တ်မှု ကျူးလွန်ခဲ့သည့် ကွန်ဂို သူပုန်တပ်မှူးအား ICC က ထောင်ဒဏ် ၁၂ နှစ် ချမှတ်

    မေ ၂၄၊ ၂၀၁၄
    M-Media

    24A

    – ၂၀၀၃ ခုနှစ်က ရွာတစ်ရွာတွင် ရွာသားများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သော ပြည်သူ့စစ်အဖွဲ့ကို လက်နက်တပ်ဆင်ပေးခဲ့သည့် ကွန်ဂို သူပုန်တပ်မှူး ဂျာမိန်း ကာတန်ဂါအား နိုင်ငံတကာရာဇ၀တ်ခုံရုံး ICC က ယမန်နေ့တွင် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့သည်။

    နိုင်ငံအရှေ့ပိုင်းရှိ ဘိုဂိုရိုရွာတွင် ပြည်သူ့စစ်များက အမျိုးသမီးနှင့် ကလေးများအပါအ၀င် အနည်းဆုံး လူ ၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့မှုတွင် ကာတန်ဂါက သေနတ်များ၊ ဓားများ ထောက်ပံ့ပေးခဲ့ကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ သို့သော်လည်း ယခင်စွဲချက်များဖြစ်သည့် အဓမ္မကျင့်မှု၊ လိင်ကျွန်ပြုမှုနှင့် ကလေးစစ်သားများ အသုံးပြုမှုအတွက် အပြစ်ရှိကြောင်း မတွေ့ရှိခဲ့ရပေ။

    ကမ္ဘာ့လုံးဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ထားသည့် နိုင်ငံတကာရာဇ၀တ်ခုံရုံးမဟာမိတ်အဖွဲ့ကလည်း ထိုဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပြီး အသတ်ခံရသူများ၊ ၎င်းတို့၏ မိသားစုများနှင့် ကွန်ဂိုပြည်သူများအတွက် တရားမျှတမှုကို ဆောင်ကျဉ်းပေးနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ကာတန်ဂါအား ၂၀၀၇ ခုနှစ်တွင် ကွန်ဂိုအစိုးရမှ ဖမ်းဆီးပေးခဲ့ခြင်းဖြစ်ပြီး ထိန်းသိမ်းခံထားရသည့် ၇ နှစ်တာကာလအား ထောင်ဒဏ်ထဲမှ ထုတ်နှုတ်ခံစားခွင့်ရှိမည်ဖြစ်သည်။

    ကွန်ဂိုပြည်တွင်းစစ်တွင်း ကျူးလွန်ခဲ့သော စစ်ရာဇ၀တ်မှု၊ လူသားထုအပေါ်ကျူးလွန်ခဲ့သော ရာဇတ်ဝမှုများအတွက် ၂၀၀၃ခုနှစ်မှစတင်ကာ ICC တွင် စစ်ဆေးခဲ့ပြီး ၂၀၁၂ ခုနှစ်က သူပုန်ခေါင်းဆောင် သောမတ်စ် လူဘန်ဂါကို ကလေးစစ်သားများအသုံးပြုမှုအတွက် ထောင်ဒဏ် ၁၄ နှစ်ချမှတ်ခဲ့ကာ ယခုပြစ်ဒဏ်ချမှတ်မှုမှာ ဒုတိမြောက်ဖြစ်သည်။
    Ref : Aljazeera

  • ဂီတဖြင့်ဖျော်ဖြေကာ အလှူငွေရှာပြီး ကချင်စစ်ဘေးဒုက္ခသည် စခန်းများသို့ သွားရောက်လှူဒါန်းမည်

    ဂီတဖြင့်ဖျော်ဖြေကာ အလှူငွေရှာပြီး ကချင်စစ်ဘေးဒုက္ခသည် စခန်းများသို့ သွားရောက်လှူဒါန်းမည်

    မေ ၂၁၊ ၂၀၁၄
    M-Media
    လမင်း

    DSC01959


    ရန်ကုန် ။      ။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဘေးဒုက္ခသည်များကို လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်း လူမှုကွန်ရက် ရွှေသံစဉ်ဂီတဖောင်ဒေးရှင်း နှင့် The Action Times Foundation တို့မှ ပူးပေါင်းပြီး ဂီတဖြင့်ဖျော်ဖြေကာ အလှူငွေရှာပြီး သွားရောက်လှူဒါန်းမည့်အကြောင်းကို ယနေ့ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    “မနှစ်တုန်းကတော့ သူတို့တွေကို စိတ်ဓာတ်ခွန်အားပေးတဲ့အနေနဲ့ အဆိုတော်တွေခေါ်သွားပြီး ရှိုးပွဲလုပ်ပေးလိုက်တော့ သူတို့ကြည့်ချင်နေတဲ့ အဆိုတော်တွေကို ကြည့်ရတော့ စိတ်ချမ်းသာမှုရသွားတယ်။ ဒီနှစ်မှာလည်း မနှစ်ကနဲ့မတူအောင် သူတို့တွေလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အလှူငွေကောက်ခံတာပါ။ ဂီတ ဖောင်ဒေးရှင်းကလည်းပူးပေါင်းပေးမယ်ဆိုပြီးလုပ်ဖြစ်သွားတာပါ” ဟု The Action Times Foundation မှအတွင်း မအိန္ဒြာနေနွယ် က ရှင်းလင်းပြောကြား ခဲ့သည်။

    ၎င်းအဖွဲ့နှစ်ဖွဲ့ပူးပေါင်းပြီး ဇွန်လ ၁ရက်နေ့မှစတင်ကာ ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေးဝင်းတွင် ဂီတဖြင့်ဖျော်ဖြေအလှူခံပြီး မန္တလေးမြို့၊ ပြင်ဦးလွင်၊ နောင်ချို၊ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ ကွတ်ခိုင်၊ မူဆယ် စသည့်မြို့များတွင် ဆက်လက်ဖျော်ဖြေမည်ဖြစ်ပြီး နမ့်ခမ်းဒေသတ၀ိုက်ရှိ ဒုက္ခသည်စခန်းများသို့ အလှူငွေများ သွားရောက် လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

    ရွှေသံစဉ်ဂီတဖောင်ဒေးရှင်းမှ ဥက္ကဌ ဦးဝင်းဇော်မှလည်း မိုးရာသီရောက်ပြီဖြစ်၍ ထိုနေရာဒေသများအတွင်း ပိုမိုဆိုးရွာနေသောကြောင့် သွားရောက် လှူဒါန်းရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ပဋိပက္ခဖြစ်နေသောဒေသများဖြစ်သည့် ရခိုင်ပြည်သို့လည်းသွားရောက်ဖျော်ဖြေရန်ရှိသော်လည်း ဒေသန္တရအုပ်ချုပ်ရေးများနှင့် လုံခြုံရေး အခြေအနေကို ညှိ၍မရနိုင်သောကြောင့် သွားရောက်ဖျော်ဖြေရန် အခက်အခဲရှိနေသောကြောင့် ဆိုင်းငံ့ထားရကြောင်း ထိုရခိုင်ပြည်နယ်သို့လည်း ဒေသခံ ပြည်သူများအတွက် စိတ်ပိုင်းဆိုင်ရာအကူအညီပေးနိုင်ရန်အတွက် ကြိုးစားလျှက်ရှိနေကြောင်း ၎င်းကပြောခဲ့သည်။

  • အမျိုးသမီး ယာဉ်နောက်လိုက်များဖြင့် ယာဉ်လိုင်းများပြေးဆွဲမှု မ.ထ.သ (ဗဟို) မှ လုပ်ဆောင်ခွင့်ပြု

    အမျိုးသမီး ယာဉ်နောက်လိုက်များဖြင့် ယာဉ်လိုင်းများပြေးဆွဲမှု မ.ထ.သ (ဗဟို) မှ လုပ်ဆောင်ခွင့်ပြု

    မေ ၂၀၊ ၂၀၁၄
    M-Media
    လမင်း

    DSC01927-1


    ရန်ကုန်။       ။ အမျိုးသမီးယာဉ်နောက်လိုက်များဖြင့် ယာဉ်လိုင်းများပြေးဆွဲမှုကို ရန်ကုန်တိုင်း မ.ထ.သ (ဗဟို)မှ စမ်းသပ် လုပ်ဆောင် ခွင့်ပြုလိုက်ကြောင်း မ.ထ.သ (ဗဟို)မှ ဥက္ကဌ ဦးလှအောင် ကပြောသည်။ 

    “အမျိုးသမီးတွေမှာလည်း အခွင့်အရေးတွေ ရှိပါတယ်။ အဲတော့ အမျိုးသမီးတွေလည်း အလုပ်အကိုင် အခွင့်အလမ်းတွေတိုးမြှင့်လာအောင်၊ အမျိုးသားတွေနဲ့အတူ ရင်ဘောင်တန်းပြီး အလုပ်လုပ်လို့ရအောင် အခုလို စီစဉ်ပေးရခြင်းဖြစ်ပါတယ်။ အခုလို စမ်းသပ်ပြေးဆွဲနေတာ အောင်မြင်မှု ရလာရင် နောက်ကိုလည်းဒီလိုမျိုး အမျိုးသမီးတွေကို လိုင်စင်တွေ ထုတ်ပေးသွားမှာပါ” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

    စတင်စမ်းသပ်ပြေးဆွဲမှုအနေဖြင့် ၄၈ အထူး မော်တော်ယာဉ်လိုင်း တွင် အမျိုးသမီးယာဉ်နောက်လိုက် ၁၁ ဦးဖြင့် စတင်ပြေးဆွဲလျှက် ရှိနေပြီး နောင်တွင် အမျိုးသမီးယာဉ်မောင်းများပါ မောင်းနှင်နိုင်ရန်ကြိုးပမ်းလျှက်ရှိနေကြောင်း သိရသည်။ က.ည.န မှလည်း အမျိုးသမီး အမျိုးသား မခွဲခြားဘဲ အရည်အချင်းပြည့်မှီသူများကို လိုင်စင်များ ထုတ်ပေးလျှက်ရှိနေကြောင်း သိရသည်။

    ယခုကဲ့သို့ ၄၈ ယာဉ်လိုင်းတွင် စတင်စမ်းသပ်မှုအောင်မြင်ပါက အခြား ယာဉ်လိုင်းများအနေဖြင့်လည်း အမျိုးသမီးယာဉ် လုပ်သားများဖြင့် ပြေးဆွဲလိုပါက မ.ထ.သ (ဗဟို)အနေနှင့် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

    ယခုကဲ့သို့ အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ပေးခြင်းသည် ကောင်းမွန်သော အလားအလာတစ်ခုဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်လာခြင်းဖြစ်သည်ဟု အမှတ် ၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က သုံးသပ်ပြောဆိုခဲ့သည်။ 

  • ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး တစ်နိုင်ငံလုံးရှိ ပြည်သူများ၏ လက်မှတ်များ ကောက်ခံသွားမည်

    ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး တစ်နိုင်ငံလုံးရှိ ပြည်သူများ၏ လက်မှတ်များ ကောက်ခံသွားမည်

    မေ ၂၀၊ ၂၀၁၄
    M-Media  
    လမင်း


    10334359_241306716061612_212045513621706753_n


    ရန်ကုန်  ။       ။   ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် မြန်မာတ စ်နိုင်ငံလုံးရှိ ပြည်သူများ၏ လက်မှတ်ထိုး ဆန္ဒကောက်ခံသွားမည်ဟု   အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်းက မေ ၁၇ ရက်နေ့တွင် ဗိုလ်စိန်မှန်ကွင်းတွင်ပြုလုပ်ခဲ့သော လူထုဟောပြောပွဲတွင် ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ပြည်သူတွေ အားလုံးလတ်မှတ်ရေး ထိုးနိုင်အောင်လို့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အမျိုးသားဒီမိုကရေစီမြို့နယ်ရုံးချုပ်တွေမှာ လက်မှတ်ရေး ထိုးနိုင်အောင် စီစဉ်ပေးထားမှာပါ။ မြို့နယ်ရုံးတွေမရှိတဲ့ ရပ်ကျေးတွေကိုတော့ ရပ်ကွက် အမှုဆောင်တွေအိမ်မှာ လက်မှတ်ရေး ထိုးနိုင်အောင် ပြုလုပ်ပေးထားမှာပါ” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

    ပြည်သူ့ဆန္ဒကောက်ခံ လက်မှတ်ရေးထိုးပွဲကို ၂၀၁၄ မေလ ၂၇ ရက်မှ ဇူလိုင်လ ၁၉ ရက်နေ့ထိ ကောက်ခံ ကျင်းပသွားမည်ဖြစ်ပါသည်။ လက်မှတ်ရေး ထိုးနိုင်မဲ့နေရာမျာနှင့် ပုဒ်မ ၄၃၆ကို ဘာကြောင့် ပြင်ရန် လိုအပ်သည် ဆိုသည်ကို ပြည်သူများ အလွယ်တကူ သိရှိနိုင်ရေး အတွက် ပြင်ရန်လိုအပ်သည် ဆိုသည့် စာသားများ ဖော်ပြထားသော လက်ကမ်းစာဆောင်များကို ပြည်သူများသိရှိနိုင်အောင်  ဖြန့်ဝေသွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

    အခြေခံဖွဲ့စည်းပုံပြင်ဆင်နိုင်ရေး အတွက် လက်မှတ်ထိုးနိုင်သည့် ပြည်သူများမှာ ဥပဒေအရ အသက် ၁၈ နှစ်မပြည့်သေးသူများနှင့် စိတ်မနှံ့သူများမှအပ ကျန်ရှိသည့် ဖွဲ့စည်းပုံကိုပြင်ဆင်လိုသည့် ပြည်သူများ လက်မှတ်ရေး ထိုးနိုင်ကြောင်း သိရသည်။

  • ယခုနှစ် ဂျူဗင်တပ်စ် အောင်မြင်မှုမှာ အသင်း သမိုင်းတွင် မမေ့နိုင်သည့်နေ့ ဖြစ်လာမည်ဟု နည်းပြ ကွန်တီဆို 

    ယခုနှစ် ဂျူဗင်တပ်စ် အောင်မြင်မှုမှာ အသင်း သမိုင်းတွင် မမေ့နိုင်သည့်နေ့ ဖြစ်လာမည်ဟု နည်းပြ ကွန်တီဆို 

    မေ ၁၉၊ ၂၀၁၄
    M-Media

    407142_heroa


    – စီးရီးအေချန်ပီယံဖြစ်ခဲ့ပြီး စံချိန်တင် ၁၀၂ မှတ်ဖြင့်ရာသီသိမ်းခဲ့သည့် ယခုနှစ်ရာသီမှာ ဂျူဗင်တပ်စ်သမိုင်းတွင် မမေ့နိုင်စရာနေ့တစ်နေ့ဖြစ်မည်ဟု နည်းပြ ကွန်တီက ပြောကြားခဲ့သည်။


    ဂျူဗင်တပ်စ်အသင်းမှာ ကယ်ဂလီယာရီကို ၃ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ပြီး အိမ်ကွင်းရာနှုန်းပြည့်နိုင်ပွဲရခဲ့ကာ စံချိန်တင်နိုင်ခဲ့သည်။ ကွန်တီကလည်း အသင်းသားများကို ချီးကျူးခဲ့သည်။ 

    “အခုအချိန်အထိ အသင်းအသားတွေအားလုံး အကောင်းဆုံးဖြစ်နေပါတယ်။ သူတို့ဟာ အားလုံးထက် သာလွန်ခဲ့ပြီး သူတို့လုပ်ခဲ့တာတွေကလည်း ထူးခြားတဲ့အရာပါပဲ။ သူတို့ကို ကျေးဇူးတင်ကြောင်း” ဟု ကွန်တီ၏ ပြောကြားချက်အား ဂျူဗင်တပ်စ်အသင်း၏ ၀ဘ်ဆိုဒ်တွင် ဖော်ပြခဲ့သည်။ 

    ဆီနာအသင်းမှ ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့လာခဲ့ပြီး စီးရီးအေချန်ပီယံဆုအား ဆွတ်ခူးရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ကွန်တီက ရိုမားအသင်းကိုလည်း ချီးကျူးပြောဆိုခဲ့သည်။

    Ref : Goal