News @ M-Media

စစ်ရာဇ၀တ်မှု ကျူးလွန်ခဲ့သည့် ကွန်ဂို သူပုန်တပ်မှူးအား ICC က ထောင်ဒဏ် ၁၂ နှစ် ချမှတ်

မေ ၂၄၊ ၂၀၁၄
M-Media

24A

– ၂၀၀၃ ခုနှစ်က ရွာတစ်ရွာတွင် ရွာသားများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သော ပြည်သူ့စစ်အဖွဲ့ကို လက်နက်တပ်ဆင်ပေးခဲ့သည့် ကွန်ဂို သူပုန်တပ်မှူး ဂျာမိန်း ကာတန်ဂါအား နိုင်ငံတကာရာဇ၀တ်ခုံရုံး ICC က ယမန်နေ့တွင် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့သည်။

နိုင်ငံအရှေ့ပိုင်းရှိ ဘိုဂိုရိုရွာတွင် ပြည်သူ့စစ်များက အမျိုးသမီးနှင့် ကလေးများအပါအ၀င် အနည်းဆုံး လူ ၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့မှုတွင် ကာတန်ဂါက သေနတ်များ၊ ဓားများ ထောက်ပံ့ပေးခဲ့ကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ သို့သော်လည်း ယခင်စွဲချက်များဖြစ်သည့် အဓမ္မကျင့်မှု၊ လိင်ကျွန်ပြုမှုနှင့် ကလေးစစ်သားများ အသုံးပြုမှုအတွက် အပြစ်ရှိကြောင်း မတွေ့ရှိခဲ့ရပေ။

ကမ္ဘာ့လုံးဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ထားသည့် နိုင်ငံတကာရာဇ၀တ်ခုံရုံးမဟာမိတ်အဖွဲ့ကလည်း ထိုဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပြီး အသတ်ခံရသူများ၊ ၎င်းတို့၏ မိသားစုများနှင့် ကွန်ဂိုပြည်သူများအတွက် တရားမျှတမှုကို ဆောင်ကျဉ်းပေးနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ကာတန်ဂါအား ၂၀၀၇ ခုနှစ်တွင် ကွန်ဂိုအစိုးရမှ ဖမ်းဆီးပေးခဲ့ခြင်းဖြစ်ပြီး ထိန်းသိမ်းခံထားရသည့် ၇ နှစ်တာကာလအား ထောင်ဒဏ်ထဲမှ ထုတ်နှုတ်ခံစားခွင့်ရှိမည်ဖြစ်သည်။

ကွန်ဂိုပြည်တွင်းစစ်တွင်း ကျူးလွန်ခဲ့သော စစ်ရာဇ၀တ်မှု၊ လူသားထုအပေါ်ကျူးလွန်ခဲ့သော ရာဇတ်ဝမှုများအတွက် ၂၀၀၃ခုနှစ်မှစတင်ကာ ICC တွင် စစ်ဆေးခဲ့ပြီး ၂၀၁၂ ခုနှစ်က သူပုန်ခေါင်းဆောင် သောမတ်စ် လူဘန်ဂါကို ကလေးစစ်သားများအသုံးပြုမှုအတွက် ထောင်ဒဏ် ၁၄ နှစ်ချမှတ်ခဲ့ကာ ယခုပြစ်ဒဏ်ချမှတ်မှုမှာ ဒုတိမြောက်ဖြစ်သည်။
Ref : Aljazeera

Comments

Leave a Reply