News @ M-Media

Category: ကမ္ဘာကျော် မွတ်စလင်များ

ကမ္ဘာတွင်ကျော်ကြားခဲ့သော မွတ်စလင်မ် သိပ္ပံ၊ ၀ိဇ္ဖာ ပညာရှင်ကြီးများ၊နိုဘယ်ဆုရှင်များ၊ ကမ္ဘာကျော်အားကစားသမားများ၊ အနုပညာရှင်များ

  • ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၂)

    ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၂)

    ဇွန် ၂၇၊ ၂၀၁၆
    M-Media

    khatun 2
    ဒိုင်ဖာ ခါတွန်ဆိုသည့် မွတ်စလင်အမျိုးသမီးကြီးက ဆောက်လုပ်လှူဒါန်းသွားခဲ့သည့် ဆီးရီးယားနိုင်ငံ အဲလစ်ပိုမြို့မှ Firdaws ဗလီဝတ်ကျောင်းတော်နှင့် မဒ်ရာဆာ စာသင်ကျောင်း

    ၃။ လက်ရှိပညာရေးကဏ္ဍ
    —————————–
    မည်သို့ပင်ဆိုစေ ဤရှေးရိုးစွဲအစဉ်အလာမှာ လက်ရှိပညာရေးကဏ္ဍတွင် ပြောင်းလဲလာပြီဖြစ်သည်။ အစ္စလာမ့်သမိုင်းကြောင်းရှိ အမျိုးသမီးတို့၏အခန်းကဏ္ဍကို ပြန်လည်နေရာပေးရန် အားထုတ်လာသည့် လုပ်ရပ်အချို့ ရှိလာပြီး ၎င်းတို့အနက် ဥပမာနှစ်ရပ်အား အောက်ပါကဲ့သို့ တင်ပြပါမည်။

    ၃(က)။ မုဟဒ္ဒိဆဟ်များ ဖော်ထုတ်ခြင်း စီမံချက်
    ———————————————-
    ဒေါက်တာ မုဟမ္မဒ် အကရမ် နဒ်ဝီသည် အစ္စလာမ့်သမိုင်းကြောင်းတစ်လျှောက် ဟဒီးဆ်(တမန်တော့်သြ၀ါဒတော်နှင့် ဓလေ့များ)ဆင့်ပြန်ခြင်း၌ ပါဝင်ခဲ့သူ အမျိုးသမီးထောင်ပေါင်းများစွာ၏ အတ္ထုပ္ပတ္ထိများကို ပြန်လည် ဖော်ထုတ်ရေး အတွက် ရေရှည်လုပ်ငန်းစဉ်ကြီးတစ်ရပ်အဖြစ် နှစ်အတန်ကြာအောင် ဦးစီးလုံးပန်းခဲ့သည်။ (Foot Note 1)

    ဟဒီးဆ်များကို လေ့လာပြီး ပြန်လည်ပို့ချခဲ့ကြသော မွတ်စ်လင်မ်အမျိုးသမီးတို့၏ ဘ၀မှတ်တမ်းအဘိဓာန်ကို သူရေးသားခဲ့သည်။ ၎င်းသည် အရဗီဘာသာဖြင့် အတွဲ ၄၀ အထိရှိကာ ၎င်းကို အနှစ်ချုပ်၍ သူကပင် ပြန်လည်ရေးသားတင်ပြခဲ့သည်။ ကျမ်းမြတ်ကုရ်အာန်ကို ဘ၀နေနည်းစနစ်အဖြစ် နားလည်လာအောင် မဟာလမ်းညွှန်ချက်ဖြစ်သော တမန်တော်မြတ်၏သွန်သင်ချက်များအား ထိန်းသိမ်းမှု၌ အမျိုးသမီးတို့မှာ အဓိကအခန်းကဏ္ဍတွင် ပါဝင်နေကြောင်း သူက ဤအကျဉ်းချုပ်တင်ပြချက်ထဲမှာပင် သာဓကပြထား၏။ ၀တ်စားဆင်ယင်မှုနှင့် ပြုမူဆောင်ရွက်မှု အကန့်အသတ်များကြားမှ အမျိုးသမီးတို့သည် အထင်ကရ ဗလီဝတ်ကျောင်းတော်များ၊ မဒ်ရဆာများသို့သွား၍ တက်ရောက်သင်ယူခြင်းနှင့် သင်ကြားခြင်းများကိုလည်းကောင်း၊ အသိပညာအလို့ငှာ ခရီးပြင်းထွက်ခြင်းကိုလည်းကောင်း၊ ဟဒီးဆ်ဆင့်ပြန်ခြင်းနှင့် ဆန်းစစ်ခြင်းကိုလည်းကောင်း၊ ဓမ္မသတ်များပေးခြင်းကိုလည်းကောင်း အစရှိသဖြင့် မပြတ်ဆောင်ရွက်ခဲ့ကြသည်။ အထူးကျော်စောထင်ရှားလှသည့် အမျိုးသားပညာရှင်အချို့က သူတို့၏ ပညာပေးသူဆရာမများ၏ပညာရေးအပေါ် မှီခိုအားထားခြင်းနှင့် ချီးမွှမ်းခြင်းတို့အား တွေ့ရပေသည်။ လူ့အဖွဲ့အစည်းများတွင် အတိုင်းအတာတစ်ရပ်အထိ အမျိုးသမီးပညာရှင်များ၏ ပေါက်ရောက်မှုမှာ ခြွင်းချက်များ မဟုတ်ဘဲ စံပြုချက်ပင် ဖြစ်နေခဲ့သည်။

    အဆိုပါ အလ်မုဟဒ္ဒိဆဟ်ကျမ်းပါ အချက်အလက်များအပေါ် အကျယ်တ၀င့်လေ့လာဆင်ခြင်ခြင်းဖြင့် အစ္စလာမ့်လူ့အဖွဲ့အစည်းအတွင်း အမျိုးသမီးတို့၏အရေးပါမှုကိုလည်းကောင်း၊ ၎င်းတို့၏ အတိတ်အောင်မြင်မှုနှင့် အနာဂတ်အလားအလာများကိုလည်းကောင်း သိနားလည်စေမည်ဖြစ်၏။ ဒေါက်တာ နဒ်ဝီ ၏ စုဆောင်းကျမ်းက ထပ်တိုးလေ့လာရန်၊ ဆန်းစစ်သုံးသပ်ရန်၊ သုတေသနပြုရန်အတွက် အလွန်ပင် အထောက်အကူပြုလျက် ရှိပါသည်။ (Foot Note 2 )

    ၃(ခ)။ မွတ်စ်လင်မ် အမျိုးသမီး ဒီပနီစွယ်စုံကျမ်း
    ——————————————–
    အာအိရှဟ် အဗ်ဒုရ်ရဟ်မာန်း ဗျူလေးသည် သူမ၏ Islam: The Empowering of Women စာအုပ်ကို နောက်ဆက်တွဲတိုးချဲ့မှုအဖြစ် Muslim Women: A Biographical Dictionary မွတ်စ်လင်မ် အမျိုးသမီး ဒီပနီစွယ်စုံကျမ်းကို ရိုက်နှိပ်ထုတ်ဝေလိုက်၏။ ၎င်း၌ ဟိဂ်ျရီ ပထမရာစုနှစ်မှ ဟိဂ်ျရီ ၁၃ ရာစုအလယ်ပိုင်းလောက်အထိ အစ္စလာမ့်သမိုင်းတစ်လျှောက် မွတ်စ်လင်မ်အမျိုးသမီးများဆိုင်ရာတို့ကို အဘိဓာန်အသွင်ဖြင့် စုစည်းဖော်ပြထားသဖြင့် အချိန်အခါနှင့်အညီ အလွန်အားထားစရာကျမ်းကောင်းတစ်အုပ်ဖြစ်ပေသည်။ ၎င်း၌ ရာစုနှစ်
    ၁၄ ခုအတွင်းရှိ မွတ်စ်လင်မ်အမျိုးသမီးတို့သည် ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ အစရှိသည့် ကဏ္ဍများတွင် အောင်မြင်ထွန်းပေါက်ခဲ့သလို မယားဝတ်နှင့် မိခင်ဝတ်များလည်း မလစ်ဟင်းခဲ့သည့်အကြောင်းတို့အား အနုစိပ်ထည့်သွင်းတင်ပြထား၏။ (Foot Note 3)

    အမျိုးသမီးပညာရှင်များဆိုင်ရာ အထောက်အထားအချို့အတွက် မကြာခဏ မေတ္တာရပ်ခံချက်များကြောင့် ထိုစာအုပ်ကို စတင်ရေးသားဖြစ်ကြောင်း စာရေးသူက ဆိုသည်။

    “အတ္ထုပ္ပတ္ထိ ကျမ်းကိုးကျမ်းကားအတွက် မွှေနှောက်လေ့လာလိုက်ချိန်မှာ – ပညာရှင်တွေကနေ အုပ်ချုပ်သူများအထိ ဘ၀နယ်ပယ်အားလုံးထဲ ဦးဆောင်ကိုယ်စားပြုနေတဲ့ အမျိုးသမီး ပမာဏကို အံ့သြခြင်းကြီးစွာ တွေ့ခဲ့ရပါတယ်။ ဒီအချက်က မွတ်စ်လင်မ်အမျိုးသမီးများနဲ့ပတ်သက်ပြီး ပိုမိုကျယ်ပြန်တဲ့ ကိုးကားကျမ်းတစ်စောင် ပြုစုဖို့ ဆုံးဖြတ်စေခဲ့တာပါပဲ။ အစ္စလာမ်ထဲက အမျိုးသမီးတွေရဲ့ ခေတ်မီအမြင်တွေကို ချပြထားတဲ့အပြင်၊ အစ္စလာမ့်သမိုင်းဦးကနေ လက်ရှိခေတ်အထိ အမျိုးသမီးတွေရဲ့ ထူးခြားထိရောက်တဲ့ စွမ်းဆောင်မှုပုံရိပ်တစ်ရပ်ကို ရရှိစေပါလိမ့်မယ်”။

    “ဒီအဘိဓာန်က တမန်တော်ခေတ်ကနေ အကြမ်းအားဖြင့် (အစ္စလာမ် ၁၃ ရာစု) ခရစ် ၁၉ရာစုအလယ်ခေတ်အထိ ကာလအပိုင်းအခြားကို ခြုံလွှမ်းထားပါတယ်။ အကြောင်းအရာဖော်ပြချက်များအပေါ် စေ့စပ်သေချာစွာ ဆင်ခြင်ထောက်ရှုမယ်ဆိုရင် မွတ်စ်လင်မ်အမျိုးသမီးတွေကို အိမ်တွင်းပုန်း

    women
    အာဖဂန်နစ္စတန်၊ ဘာလ်ခါတွင် ရှိုင်းခ် ဗဟာအုဒ္ဒီးန် ဗီလာ၏တရားပွဲသို့ ကပ်လျက်အခန်းတစ်ခုမှ နာယူနေကြသည့် အမျိုးသမီးများ။

    ခိုင်းထားခြင်း အလျဉ်း မရှိခဲ့ကြောင်း တွေ့ကြရမှာပါ။ သူတို့ဟာ ကဏ္ဍအများအပြားမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတယ်။ သီးသန့်ကိစ္စတစ်ခုခု ဆိုရုံမျှသာ မဟုတ်ပါဘူး။ ရှုပ်ထွေးပွေလီဆက်စပ်နေသမျှတွေထဲ ပါဝင်နေခဲ့ကြတာပါ။ သိကြတဲ့အတိုင်း အမျိုးသမီးတွေကတော့ အရာရာကို သိချင်လုပ်ချင်ပါဝင်ချင်ကြတာကိုး။ ဒါပေမယ့်လည်း ဒီအချက်က အကောင်းဆုံး စွမ်းဆောင်မှု ဖြစ်သွားစေတတ်တာကို ဒီဖော်ပြချက်အကြောင်းရပ်တွေထဲမှာ တွေ့ကြရပါလိမ့်မယ်”။

    အဆိုပါဖော်ကျူးချက်များမှာ ကိုးကားမှီငြမ်းမှုများစွာဖြင့် ပြုစုထားခြင်းဖြစ်သည်။ အတ္ထုပ္ပတ္ထိစုစည်းချက် အများအပြားကို အိဗ်နု စအဒ်၏ Tabaqat ကျမ်းအတွဲ ၈ နှင့် အလ်စခါဝီ၏ ကိသာ့ဗွန် နိစာ့အ် ကဲ့သို့ ကျမ်းများရှိ အမျိုးသမီးများဆိုင်ရာ သီးသန့်ဖော်ပြမှုကဏ္ဍမှ ထုတ်နှုတ်မှီငြမ်းထားသည်။ ရံဖန်ရံခါ အခြားရင်းမြစ်များမှလည်း ကိုးကားသည်။ လေးစားဖွယ် ကျော်ကြားထင်ရှားသည့် ပညာရှင်စွာတို့က သူတို့၏ ဆရာအာစိရိယများကို ဖော်ပြရာဝယ် ၎င်းတို့အနက် အမျိုးသမီးအများအပြား ပါဝင်နေပါသည်။ အိဗ်နု ဟဂျားရ်သည် အမျိုးသမီး ၅၃ ဦးထံမှ လေ့လာသည် ။ စခါစီသည် အမျိုးသမီး ၆၈ ဦးထံမှ အိဂျာဇဟ် (ပြန်လည်ဖြန့်ချိရေးခွင့်ပြုချက်) ရရှိသည်။ ဆူယူသွီ၏လမ်းပြဆရာများ အနက် လေးပုံတစ်ပုံ (၃၃ ဦး)မှာ အမျိုးသမီးများဖြစ်ကြသည်။ လက်ရှိကာလတွင် မှီငြမ်းကိုးကားနိုင်သည့် အကောင်းဆုံးကျမ်းမှာ ‘Umar Rida Kahhala ၏ A’lam an-Nisa’ ဖြစ်၍ ထူးခြားထင်ရှားသည့် အမျိုးသမီးများနှင့်စပ်လျဉ်း၍ အတွဲ ငါးတွဲအထိပါရှိကာ အထူးပင် စုံလင်လှချေသည်။ (Foot Note 4)

    (ဆက်လက်ဖော်ပြပါမည်)

    1 – (ကြည့် – Oxford: Interface Publications, 2007 – hardcover and paperback)

    2 – (ကြည့် – Over the last few years Dr. Nadwi has, on several occasions and in different cities, given an introductory talk on the public authority and achievements of the women scholars of hadîth. One of those talks was given in New York. Carla Power, a London-based journalist attended that occasion, and has since reflected upon Akram Nadwi’s work in a magazine article published by the New York Times (25 February 2007): see A Secret History. A follow-up article, done after an interview with the author in Oxford, was published in the London Times, 14 April 2007. For another article, also after an interview with Akram Nadwi, this one in Arabic. Read also a PDF file (17 pp.) of Akram Nadwi’s introductory talk on the
    women scholars in Islam)

    3 – (ကြည့် – Aisha Abdurrahman Bewley, Muslim Women: A Biographical Dictionary, Ta-Ha Publishers, 2004.)

    4- (ကြည့် – Aisha Abdurrahman Bewley, Muslim Women: A Biographical Dictionary, Ta-Ha Publishers, 2004; introduction.)

    ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၁ ) ဖတ်ရန်

    ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၂)  ဖတ်ရန်

    ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၃) ဖတ်ရန်

    ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၄) ဖတ်ရန်

  • ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၁) (သိပ္ပံ၊ ဆေးဝါးနှင့် နိုင်ငံရေး)

    ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၁) (သိပ္ပံ၊ ဆေးဝါးနှင့် နိုင်ငံရေး)

    ဇွန် ၁၅၊ ၂၀၁၆
    M-Media

    – ဥပဒေသိပ္ပံအတတ်ပညာ(ဖိက်ဟ်)နှင့် စာပေအနုပညာ၌ မွတ်စ်လင်မ်အမျိုးသမီးတို့၏ စွမ်းဆောင်ချက်ဆိုင်ရာ အခန်းကဏ္ဍ မြောက်များစွာ ရှိကြသလို၊ ပညာရေးနှင့် ဆေးဝါးကဏ္ဍများတွင်လည်း မွတ်စ်လင်မ် အမျိုးသမီးတို့၏ လေ့လာမှုများ ရှိနေကြ၏။

    သို့တစေ သိပ္ပံ၊ နည်းပညာနှင့်စပ်လျဉ်း၍ ဖော်ပြနိုင်ခြင်းများကမူ မရှိသလောက်သာဖြစ်နေ၏။ သိပ္ပံနယ်ပယ်တွင် ထွန်းပေါက်ခဲ့သည့် – ပရဟိတ၊ ပညာရေးနှင့် ဘာသာရေးဆိုင်ရာ အခြေခံအဆောက်အဦများကို တည်ထောင်ခဲ့ကြသည့် ထင်ရှားကျော်ကြား အမျိုးသမီးအချို့လည်း ရှိကြသဖြင့် ၎င်းတို့အကြောင်းအား သီးခြားဖော်ပြရပေမည်။

    ၎င်းတို့အနက်အချို့မှာ – ဘဂ္ဂဒက်မှ မက္ကဟ်မြို့သို့ ဟဂ်ျခရီးစဉ်သွားရာလမ်းကြောင်းတစ်လျှောက် ၀န်ဆောင်ဋ္ဌာနများ၊ ရေတွင်းများကို ရေရှည်မျှော်မြင်မှုဖြင့် ဦးစွာ စီမံကိန်းချဆောင်ရွက်ခဲ့သော ဇူဗိုင်ဒဟ်၊ တရားရုံးများ၌ သက်သေခံချက်ဆိုင်ရာကျွမ်းကျင်သူနှင့် သင်္ချာပညာရှင် စုသိုင်သဟ်၊ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှု၌ ထူးချွန်သူ ဇအီဖဟ် ခါတွန်၊ Fez မှ တက္ကသိုလ်နှင့် ကာရာဝီယင်ဗလီဝတ်ကျောင်း တည်ထောင်သူ ဖာသွိမဟ် အလ်ဖဟ်ရီ၊ နက္ခတ်ဗေဒပညာရှင် အလ်အိဂ်ျလိယဟ်၊ Sitt al-Mulk, Shajarat al-Durr, Raziya of Delhi, and Amina of Zaria အစရှိသော နိုင်ငံရေးခေါင်းဆောင်နှင့် ဘုရင်မများဖြစ်ကြ၏။ လူ့အဖွဲ့အစည်းများအတွင်း လိင်ပိုင်းဆိုင်ရာနှင့် အမျိုးသမီးရေးရာအကြောင်းရပ်အမြင်များ ကြီးထွားလာခြင်းနှင့်အညီ တိမ်မြုပ်ခြင်းမှဆွဲထုတ်လိုက်သော ဤမှတ်တမ်းဖော်ပြချက်က ဆွေးနွေးခြင်းခြေလှမ်းများအတွက် အထောက်အကူပြုနိုင်လိမ့်မည်ဟု မျှော်လင့်မိပေသည်။

    (Professor Salim T S Al-Hassani
    ဂုဏ်ထူးဆောင် ပါမောက္ခ
    သိပ္ပံ၊ နည်းပညာနှင့် လူ့ယဉ်ကျေးမှုဆိုင်ရာ ဖောင်ဒေးရှင်း – FSTC ၏ နာယက
    မန်ချက်စတာတက္ကသိုလ်၊ ယူကေ)

    ၁။ နိဒါန်း
    ———-
    ဟဒီးဆ်လက်ဆင့်ကမ်းပို့ချမှု၊ ဥပဒေသိပ္ပံအတတ်ပညာ(ဖိက်ဟ်)၊ စာပေအနုပညာနှင့် ပညာရေး အစရှိသော ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုနယ်ပယ်အသီးသီးရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက်များ စူးစမ်းလေ့လာမှု အများအပြား ရှိကြသော်လည်း အစ္စလာမ့်ထုံးတမ်းဓလေ့အတွင်းမှ သိပ္ပံ၊ နည်းပညာနှင့် ဆေးဝါးကဏ္ဍရှိ အမျိုးသမီးတို့၏ကဏ္ဍအား ဖော်ပြမှုမှာ ယနေ့တိုင်အောင် မရှိသလောက် နည်းပါးလွန်းနေသည်။

    ပညာရှင်အသိုင်းအ၀ိုင်း၌ သိပ္ပံပညာကိုမြှင့်တင်ပေးသော – ပရဟိတ၊ ပညာရေးနှင့် ဘာသာရေးဆိုင်ရာ အခြေခံအဆောက်အဦတို့ကို ထူထောင်ကြသော ထင်ရှားကျော်ကြားသည့်အမျိုးသမီးများအကြောင်းတို့မှာ ဟိုတစ်စ ဒီတစ်စဖြင့် တသီးတသန့်ရှိနေကြပေသည်။

    ဥပမာအချို့ကို တင်ပြရပါလျှင် ဇူဗိုင်ဒဟ်သည် ဘဂ္ဂဒက်မှ မက္ကဟ်မြို့သို့ ဟဂ်ျခရီးစဉ်သွားရာလမ်းကြောင်းတစ်လျှောက် ၀န်ဆောင်ဋ္ဌာနများ၊ ရေတွင်းများကို ရေရှည်မျှော်မြင်မှုဖြင့် ဦးစွာ စီမံကိန်းချဆောင်ရွက်ခဲ့၏။ စုသိုင်သဟ်သည် တရားရုံးများ၌ သက်သေခံချက်ဆိုင်ရာကျွမ်းကျင်သူနှင့် သင်္ချာပညာရှင်တစ်ဦး ဖြစ်၏။ ဇအီဖဟ် ခါတွန်သည် အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှု၌ ထူးချွန်သူဖြစ်၏။ မော်ရိုကိုနိုင်ငံ၊ ကာရာဝီယင်ဗလီဝတ်ကျောင်းနှင့် Fez မှ တက္ကသိုလ်ကို ဖာသွိမဟ် အလ်ဖဟ်ရီက တည်ထောင်ခဲ့၏။ ၎င်းသည် ကမ္ဘာ့ပထမဆုံး တက္ကသိုလ်ဖြစ်သည်။ အလက်ပိုရှိ နက္ခတ်ဗေဒလေ့လာရေးခန်းမကို အင်ဂျင်နီယာ အလ်အိဂ်ျလိယဟ်မှ ဖန်တီးခဲ့၏။

    အဆိုပါ အမျိုးသမီးများဆိုင်ရာ သတင်းအချက်အလက်များ နည်းပါးမှု၊ လူ့အဖွဲ့အစည်းများအတွင်း လိင်ပိုင်းဆိုင်ရာနှင့် အမျိုးသမီးရေးရာအကြောင်းရပ်ကြီးထွားလာခြင်းနှင့်စပ်လျဉ်း၍ သူတို့၏ဘ၀နှင့် လုပ်ဆောင်ချက်များအကြောင်းအား ဤမှတ်တမ်းဖော်ပြချက်က အထောက်အကူရရှိစေပါလိမ့်မည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်တွင် နယ်ပယ်အသီးသီး၌လည်းကောင်း၊ အစ္စလာမ့်သမိုင်း၏ ခေတ်ကာလအသီးသီး၌လည်းကောင်း ရာပေါင်းများစွာသော အမျိုးသမီး၏အခန်းကဏ္ဍကို တိမ်မြုပ်နေရာမှ ပေါ်လွင်လာအောင် တင်ပြခြင်း ဖြစ်ပေသည်။

    ၂။ သမိုင်းမျက်နှာစာထဲက အမျိုးသမီးများ
    ——————————————
    နှစ်ထောင်ပေါင်းများစွာကပင် အမျိုးသမီးတို့သည် သမိုင်းကြောင်းပြောင်းလဲသွားစေခြင်း၊ အတိုင်းအတာတစ်ရပ်အထိ သြဇာလွှမ်းခြင်း စသဖြင့် သက်ဆိုင်ရာလူ့အဖွဲ့အစည်းများအပေါ် ထူးခြားမှုများ အခါအားလျော်စွာ ထားရစ်ပေးခဲ့ကြသည်။ ထို့အပြင် ကဗျာလင်္ကာ၊ စာပေအနုပညာ၊ ဆေးဝါး၊ ဒဿနနှင့် သချာင်္ နယ်ပယ်များတွင်လည်း ထူးချွန်ထက်မြက်ခဲ့ကြသည်။ ကျော်ကြားသည့်ဥပမာတစ်ရပ်ကို ပြရလျှင် ရှေးဟောင်းအီဂျစ်ပြည်ရှိ အလက်ဇန်းဒြီးယားတွင် နေထိုင်သူ Hypatia (ca. 370-415) သည် ဒဿနပညာရှင်၊ သချာင်္ပညာရှင်၊ အာကာသလေ့လာရေးပညာရှင်နှင့် ဆရာမတစ်ဦးဖြစ်ပြီး မြို့တော်ပညာရေးရှေ့ဆောင်အုပ်စု၌ ပါဝင်ဆောင်ရွက်ခဲ့သည်။ (Footnote-1)

    a
    Elbert Hubbard ၏ “မဟာအာစရိယများ၏ဋ္ဌာနီသို့ လျှောက်လှမ်းကြည့်ခြင်း” စာစောင်ငယ် (အတွဲ ၂၃၊ အမှတ် ၄၊ ၁၉၀၈ ခုနှစ်)ထဲတွင် တွေ့ရသည့် Hypatia ၏ ပုံကြမ်းတစ်ခု။

     

    အလားတူ အီဂျစ်၏ ကလီယိုပါထရာ (b. 69 BCE) နှင့်စပ်လျဉ်း၍ အစ္စလာမ့်အမြင်က ထူးခြားစိတ်ဝင်စားဖွယ်ရာ ဖြစ်သည်။ အာရဗ်ကျမ်းဂန်များက သူမအား အီဂျစ်ပြည်ကို အထူးကာကွယ်ခဲ့သော စိတ်ဓာတ်ကြံ့ခိုင်သည့် မင်းဧကရီတစ်ပါးအဖြစ် ညွှန်းဆိုထားသည်။ ထိုရည်ညွှန်းချက်များတွင် သူမ၏ လေ့လာခြင်းနှင့် နိုင်နင်းစွာစီမံခန့်ခွဲခြင်းဆိုင်ရာ ထက်မြက်မှုနှင့် စွမ်းရည်ပါရမီကိုသာ အထူးအားပြုတင်ပြထားပြီး သူမ၏ ဂုဏ်သိက္ခာပိုင်း (တစ်နည်း) ညှို့ငင်ဖမ်းစားဆွဲဆောင်နိုင်စွမ်းတို့ကိုမူ အလျဉ်း မညွှန်းပြထားပေ။ အာရဗ်တို့၏ ဤပုံဖော်ချက်မှာ ဂရိ-ရောမကျမ်းများအတွင်း သူမအား တဏှာအားကြီးမားသူနှင့် ဆွဲဆောင်ညှို့မြူတတ်သူအဖြစ် တင်ပြချက်များနှင့် ပြဿားတစ်လမ်း သံတစ်လမ်း ဆန့်ကျင်လျက် ရှိပေသည်။ (Footnote-2)

    အစ္စလာမ့် စဦးကာလမှ အမျိုးသမီးများသည် သူတို့၏လူ့အဖွဲ့အစည်း၌ အရေးကြီးသောအခန်းကဏ္ဍများတွင် ရှိနေခဲ့သည်။ သူတို့သည် အစ္စလာမ့်ယဉ်ကျေးမှုထွန်းပြောင်ထင်ရှားရေးအတွက် အများအပြား စွမ်းဆောင်ပေးဆပ်ခဲ့ကြသည်။ ဥပမာ – တမန်တော်မြတ် မုဟမ္မဒ် (ငြိမ်းချမ်းမင်္ဂလာသက်ရောက်ပါစေ)၏ ကြင်ရာတော် အာအိရှဟ် ဘင့်သိ အဘူဘကရ်သည် စီမံညွှန်ကြားရေး၌ အထူးကျွမ်းကျင်၏။ ဟဒီးဆ်(တမန်တော့်သြ၀ါဒနှင့် ဓလေ့တော်)နှင့် ဖိကဟ်(ဥပဒေပြုသိပ္ပံ)ပညာရှင် ဖြစ်လာပြီး ပညာပေးလမ်းညွှန်သူနှင့် ပို့ချသူလည်း ဖြစ်ခဲ့၏။ (Footnote-3)

    ဤသည်တို့နှင့်ဆန့်ကျင်စွာ ဂန္ထ၀င်သမိုင်းကျမ်းတို့၌ မွတ်စ်လင်မ်အမျိုးသမီးတို့၏စွမ်းဆောင်ချက်အကြောင်းများနှင့် ပတ်သက်လာလျှင် မစို့မပို့မျှသာ တွေ့ရပေသည်။ ပြင်ဆင်တည်းဖြတ်မှု မခံရသေးသော လက်ရေးမူပုရပိုက်များကို လေ့လာခြင်းဖြင့် တွေ့ရှိချက်အသစ်များ ထပ်မံပေါ်ထွက်လာနိုင်ပါလိမ့်မည်။ ကမ္ဘာအနှံ့တွင် မော်ကွန်းဝင် လက်ရေးမူပုရပိုက်များ ၅ သန်းခန့် ရှိသည်။ ၎င်းတို့အနက် ငါးသောင်းခန့်ကိုသာ ပြင်ဆင်တည်းဖြတ်ခဲ့ကြသည်။ ၎င်းတို့အများစုမှာ သိပ္ပံပညာရပ်ဆိုင်ရာ အကြောင်းများမဟုတ်ကြ။ (Footnote-4)

    b
    ပထမဆုံး အမျိုးသမီး တိုက်လေယာဉ်မှူးနှင့် ပထမဆုံး တူရကီ လေကြောင်းသင်တန်းဦးစီးဖြစ်သော Sabiha Gökçen (1913-2001) ကို ၃၀.၈.၁၉၉၅ နေ့စွဲပါ တူရကီနိုင်ငံ ဘဏ်လက်မှတ်တစ်စောင်၌ ဂုဏ်ပြုဖော်ပြထားပုံ။

    Ref : The Muslim Heritage

    (ဆက်လက် ဖော်ပြပါမည်)

    1-(ကြည့် – Michael A. B. Deakin, “Hypatia and Her Mathematics”, The American Mathematical Monthly, March 1994, vol. 101, No. 3, pp. 234-243; L. Cameron, “Isidore of Miletus and Hypatia of Alexandria: On the Editing of Mathematical Texts”, Greek, Roman and Byzantine Studies vol. 31 (1990), pp. 103-127; I. Mueller, “Hypatia (370?-415)”, in L. S. Grinstein and P. J. Campbell (eds.), Women of Mathematics (Westport, Conn., 1987), pp. 74-79; Bryan J. Whitfield, The Beauty of Reasoning: A Reexamination of Hypatia of Alexandra; O’Connor, John J. & Robertson, Edmund F., “Hypatia of Alexandria”, from MacTutor History of Mathematics
    Archive; Hypatia of Alexandria: A woman before her time, The Woman Astronomer, 11 November 2007 (accessed 12.05.2008); “Hypatia of Alexandria” (from Wikipedia, the free encyclopedia) Resources on Hypatia (booklist and classroom activities).

    2- (ကြည့် – Okasha El-Daly, Egyptology: the Missing Millennium. Ancient Egypt in Medieval Arabic Writings. London: UCL Press, 2005.)

    3- (ကြည့် – the biography of Aishah bint Abi Bakr (University of Southern California: USC-MSA Compendium of Muslim Texts); Montgomery Watt, “Ā’isha Bint Abī Bakr”, Encyclopedia of Islam, Brill, vol. 1, p. 307; Amira Sonbol, “Period 500-800, Women, ender and Islamic Cultures (6th-9th Centuries)”, in Encyclopedia of Women & Islamic Cultures, General Editor: Suad Joseph, 6 vols. Leiden-Boston: E. J. Brill, 6 vols., 2003.) ဆေးဝါးပညာ၊ စာပေအနုပညာနှင့် ဥပဒေပြုပညာ အစရှိသည့် နယ်ပယ်များ၌ ထူးချွန်သူ မွတ်စ်လင်မ်အမျိုးသမီးတို့ကို ညွှန်ပြသော ကိုးကားချက် အများအပြားလည်း ရှိနေသည်။ ဤအစဉ်အလာအား ယနေ့ခေတ်ကာလများတွင်လည်း ဆင်တူရိုးမှား ဖြစ်အင်အသွင်နှင့် တွေ့ကြရပါမည်။ ဥပမာ – မကြာသေးမီက သမရိုးကျဖြစ်အင်နှင့် ဆန့်ကျင်လျက် Sabiha Gökçen (1913-2001)သည် ကမ္ဘာ့ပထမဆုံးသော အမျိုးသမီး တိုက်လေယာဉ်မှူး ဖြစ်ခဲ့သည်။ သူမကို တူရကီလေကြောင်းသိပ္ပံ၌ လေ့ကျင့်သင်ကြားရေးဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ (ကြည့် – Sabiha Gökçen, Atatürk’le Bir Ömür (A Life with Atatürk) (in Turkish), Istanbul: Altin Kitaplar, 2000. See also Sabiha Gokcen (1913-2001), Pioneer Aviatrix.)

    4-  (ကြည့် – Private communications with Qassim Al-Samarrai, Professor of Palaeography, Leiden, Holland.) ဤအချက်များက ၎င်းဘာသာရပ်အပေါ် အလေးထားသော သုတေသီများအတွက် စိန်ခေါ်ချက်များ ဖြစ်နေပါတော့သည်။

    ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၁ ) ဖတ်ရန်

    ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၂)  ဖတ်ရန်

    ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၃) ဖတ်ရန်

    ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၄) ဖတ်ရန်

  • လက်ဝှေ့ကျော် မိုဟာမက်အလီ၏ ရုပ်ကလပ်ကို ၎င်း၏ ဇာတိမြို့တွင် မြှုပ်နှံခဲ့

    လက်ဝှေ့ကျော် မိုဟာမက်အလီ၏ ရုပ်ကလပ်ကို ၎င်း၏ ဇာတိမြို့တွင် မြှုပ်နှံခဲ့

    ဇွန် ၁၁၊ ၂၀၁၆
    M-Media

    ali 9
    ဈာပနအခမ်းအနားမှ ပုံရိပ်တစ်ခု

    – ယမန်နေ့က ပြုလုပ်ခဲ့သည့် ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုဟာမက်အလီ၏ ဈာပနတွင် ၎င်း၏ ဇနီး၊ သားသမီးများ၊ အရင်းနှီးဆုံး မိတ်ဆွေများ၊ နိုင်ငံရေးနှင့် ဘာသာရေးခေါင်းဆောင်များက အမှတ်တရစကားများ ပြောကြားခဲ့ပြီး ၎င်းမွေးဖွားရာ ကန်တာကီပြည်နယ် လူးဝစ် ဗီလီမြို့ရှိ Cave Hill သုဿာန်တွင် မြှုပ်နှံခဲ့သည်။

    ဈာပနအခမ်းအနားနှင့် ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်းပွဲ မကျင်းပခင် မိုဟာမက်အလီ၏ ရုပ်ကလပ်ကို လူးဝစ် ဗီလီမြို့တွင်း၌ ၂ နာရီကြာ လှည့်လည်ခဲ့ပြီး ၎င်းငယ်စဉ်က နေထိုင်ခဲ့သည့် အိမ်၊ တက်ခဲ့သည့် အထက်တန်းကျောင်း၊ ၎င်းပထမဆုံး လေ့ကျင့်ခဲ့သည့် လက်ဝှေ့လေ့ကျင့်ရုံရှိရာနေရာများ စသည့် ၎င်းကျင်လည်ခဲ့သည့် နေရာများသို့ ဖြတ်သန်းသွားခဲ့သည်။

    ဈာပနအခမ်းအနားအစတွင် မိုဟာမက်အလီ၏ မိသားစု၏ ဘာသာရေးဆိုင်ရာ အကြံပေး အီမာမ် ရှာကီရ်က ကုရ်အာန်ကျမ်းတော်မြတ်ကို ရွတ်ဖတ်ခဲ့ပြီး ခရစ်ယာန် ပရိုတက်စတင့်အသင်းတော်မှ ကိုယ်စားလှယ်တစ်ဦး၊ ဂျူးဘုန်းကြီး ၂ ပါး၊ ခရစ်ယာန်ကက်သလစ်အသင်းတော်မှ ကိုယ်စားလှယ်တစ်ဦး၊ ဗုဒ္ဓဘာသာမှ ကိုယ်စားလှယ်တစ်ဦးတို့ တက်ရောက်ကာ အမှတ်တရ စကားများ ပြောကြားခဲ့သည်။

    အလီ၏ ဇနီးဖြစ်သူ လီယွန်နီအလီက ဖယ်ကျဉ်ခံရသည့် ကာလတွင် မွေးဖွားခဲ့သည့် ၎င်း၏ခင်ပွန်းမှာ “အခက်အခဲများက ပိုမို ရင့်ကျက်သော လူတစ်ယောက်ဖြစ်အောင် ပြုလုပ်နိုင်သည်” ဆိုသည်ကို သက်သေပြခဲ့ကြောင်း ဈာပနအခမ်းအနားတွင် ပြောကြားခဲ့သည်။

    အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် ဇနီးဖြစ်သူတို့ကလည်း ဂုဏ်ပြုသ၀ဏ်လွှာ ပေးပို့ခဲ့ပြီး ထိုသ၀ဏ်လွှာတွင် “မိုဟာမက်အလီဟာ အမေရိကန်ရဲ့ ပြယုဂ်ဖြစ်ခဲ့ပြီး နောက်လည်း အမေရိကန်ရဲ့ အမှတ်သညာအဖြစ် ဆက်ရှိနေအုံးမှာပါ” ဟု ဖော်ပြထားသည်။

    အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်မှာ ဈာပနအခမ်းအနားတွင် မိုဟာမက်အလီအတွက် ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

    “ကျွန်မဘ၀မှာ မိုဟာမက်အလီကို သိကျွမ်းခဲ့ရတာဟာ ကျွန်မအဖေရဲ့ နှလုံးခုန်သံကို အချိန်နည်းနည်း ပိုကြာကြာ ကြားခဲ့ရသလိုပါပဲ။ အဖေ့နှလုံးခုန်သံကို ဆက်ကြားနေရတာ အခုဆိုရင် ၅၁ နှစ်ရှိခဲ့ပြီပေါ့လေ” ဟု အမေရိကန် လူမည်းခေါင်းဆောင်တစ်ဦးဖြစ်ပြီး လုပ်ကြံခံခဲ့ရသူ မဲလ်ကွန် အိတ်စ်၏ သမီး အာတာလာဟ် ရှာဘက်ဇ်က ပြောကြားခဲ့သည်။

    မိုဟာမက်အလီသက်ရှိထင်ရှားရှိစဉ်က ဗီယက်နမ်စစ်ပွဲတွင် တာဝန်ထမ်းဆောင်ရန် ငြင်းဆန်ခဲ့မှုနှင့် ပတ်သက်ပြီး ဗီယက်နမ်စစ်ပွဲ ဆန့်ကျင်သူ ဂျူးဘုန်းတော်ကြီး မီခေးလ် လာရ်နာက “အောင်မြင်ကျော်ကြားနေတဲ့ အချိန်မျိုးမှာလည်း သူဟာ တရားနည်းလမ်းမကျတဲ့ စစ်ပွဲကို ဆန့်ကျင်ခဲ့ပြီး “နေစမ်းပါ။ ကျွန်တော် မတိုက်ဘူး” လို့ ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

    ဈာပနအခမ်းအနားသို့ ကမ္ဘာတစ်ဝှမ်းနှင့် အမေရိကန်နိုင်ငံတစ်ဝှမ်းမှ နိုင်ငံ့ခေါင်းဆောင်များ၊ ထင်ရှားကျော်ကြားသူများနှင့် အလီအား ချစ်မြတ်နိုးသူများ စုစုပေါင်း လူသောင်းချီ တက်ရောက်ခဲ့ကြသည်။

    ဟဲဗီးဝိတ်ချန်ပီယံ ၃ ကြိမ်ဖြစ်ခဲ့သည့် မိုဟာမက်အလီမှာ လက်ဝှေ့သမားများတွင် အဖြစ်များသည့် ပါကင်ဆန်ရောဂါကို နှစ်ပေါင်း ၃၀ ကြာခံစားခဲ့ရပြီးနောက် ၎င်းရောဂါ၏ နောက်ဆက်တွဲဖြစ်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာဖြင့် ပြီးခဲ့သည့် တစ်ပတ်က ကွယ်လွန်အနိစ္စ ရောက်ခဲ့ခြင်းဖြစ်သည်။

    Ref: Aljazeera,CNN

  • ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဟောင်း မိုဟာမက်အလီ (၇၄)နှစ် ကွယ်လွန်

    ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဟောင်း မိုဟာမက်အလီ (၇၄)နှစ် ကွယ်လွန်

    ဇွန် ၄၊ ၂၀၁၆
    M-Media
    . maxresdefault

    ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ၃ ကြိမ် ဖြစ်ခဲ့တဲ့ အမေရိကန် လက်ဝှေ့ကျော် မိုဟာမက်အလီဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် အမေရိကန်နိုင်ငံ ဖီးနစ်မြို့ ဆေးရုံတွင် ကုသမှု ခံနေရမှ ဒီကနေ့မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရပါတယ်။
    .
    ၂၀၁၄ ခုနှစ်မှာတော့ သူဟာ အဆုတ်ယောင်ရောဂါ ခံစားခဲ့ရကာ ၂၀၁၅ ခုနှစ်မှာတော့ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် ဆေးရုံတက်ရောက် ကုသမှုတွေ ခံယူခဲ့ရပါတယ်။
    .
    အမည်ပြောင် The Greatest နဲ့ ကျော်ကြားတဲ့ မိုဟာမက်အလီဟာ ၎င်းရဲ့ လက်ဝှေ့သက်တမ်းမှာ ကမ္ဘာ့ချန်ပီယံ ၃ ကြိမ်ဖြစ်ခဲ့ပြီး ၅၆ ပွဲ အနိုင်ရကာ ၅ ပွဲသာ ရှုံးနိမ့်ခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်မှာတော့ လက်ဝှေ့လောကကနေ အနားယူခဲ့ပါတယ်။ အလီဟာ ၎င်းရဲ့ လက်ဝှေ့စွမ်းရည်ကြောင့်သာမက နိုင်ငံသားအခွင့်အရေး လှုပ်ရှားမှုအတွက်လည်း ကျော်ကြားသူဖြစ်ပါတယ်။

    လက်ဝှေ့သမားများမှာ အဖြစ်များတဲ့ ပါကင်ဆန်ရောဂါကို အလီဟာ နှစ်ပေါင်း ၃၀ ကြာခံစားခဲ့ရပြီး အဲဒီရောဂါ ခံစားနေရသူတွေကို ကူညီထောက်ပံ့နိုင်ရေးအတွက် ပရဟိတအသင်းတစ်ခုဖြစ်တဲ့ Muhammad Ali Parkinson စင်တာကို ဖွင့်လှစ်ခဲ့ပါတယ်

    ကိုယ်ရေးအကျဉ်း
    —————–
    ငယ်နာမည်မှာ ကက်စီးယက်စ်ကလေး ဖြစ်ပြီး ၁၉၄၂ ခုနှစ် ဇန်န၀ါရီ ၁၇ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ ကန်တာကီ ပြည်နယ်၊ လူဝီဗေးလ်မြို့တွင် မွေးဖွားခဲ့ပါသည်။
    .
    ကက်စီးယက်စ်ကလေး၏ အပျော်တမ်းလက်ဝှေ့သမားဘ၀တွင် ကန်တာကီ ရွှေလက်အိတ် ချန်ပီယံ (၆)ကြိမ်၊ အမေရိကန် ရွှေလက်အိတ် ချန်ပီယံ (၂) ကြိမ်၊ အပျော်တမ်းလက်ဝှေ့ချန်ပီယံ တစ်ကြိမ်၊ ၁၉၆၀ ခုနှစ် အီတလီနိုင်ငံ ရောမမြို့တွင် ကျင်းပပြုလုပ်သည့် နွေရာသီ အိုလံပစ်တွင် လိုက်ဟဲဗီးဝိတ်တန်း လက်ဝှေ့ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ကြိမ်၊ စသဖြင့် ဆုတံဆိပ်ပေါင်း မြောက်များစွာရရှိခဲ့သည်။
    .
    ဟဲဗီးဝိတ်ချန်ပီယံ ဆန်နီ လစ်စတန်(Sonny Liston)ကို  ၁၉၆၄ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် စိန်ခေါ်ထိုးသတ်အနိုင်ရပြီး ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်လာခဲ့သည်။ ထိုစဉ် ကက်စီးယက်စ်ကလေးမှာ အသက်(၂၂)နှစ်သာ ရှိသေးသည်။
    .Muhammad-Ali-Converted-to-Islam-Religion
    ဟဲဗီးဝိတ်ချန်ပီယံဖြစ်ပြီးနောက် ကလေးသည် အစ္စလာမ်သာသနာသို့ ကူးပြောင်းခဲ့ပြိး သူ၏ အမည်ကိုလည်း မိုဟာမက်အလီ အဖြစ် ပြောင်းလဲခဲ့သည်။
    .
    ၁၉၆၇ ခုနှစ်တွင် အမေရိကန်စစ်တပ်သို့ ၀င်ရောက်အမှုထမ်းရန် ငြင်းဆိုမှုကြောင့် ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို ရုပ်သိမ်းခံခဲ့ရသည်။ လက်ဝှေ့ထိုးသတ်ခွင် လိုင်စင်ပိတ်သိမ်းခံရပြီး လက်ဝှေ့ထိုးသတ်ခွင့်ကို ၅နှစ် ရပ်နားခံခဲ့ရသည်။
    .
    လက်ဝှေ့ထိုးခွင့်လိုင်စင်ပြ၇ပြိး ၁၉၇၀ခုနှစ် တွင် လက်ဝှေ့ ထိုးသတ်ခွင့်လိုင်စင် ပြန်လည်ရရှိသည်။
    .
    ၁၉၇၄ အောက်တိုဘာ ၃၀ ရက်နေ့တွင် ထိုစဉ်က ဟဲဗီးဝိတ်ချန်ပီယံ ဂျော့ဂ်ျ ဖိုမန်(George Foreman)ကို အလဲထိုး အနိုင်ယူနိုင်ခဲ့ကာ ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို ဒုတိယအကြိမ် ပြန်လည် ဆွတ်ခူးနိုင်ခဲ့သည်။
    .
    ၁၉၇၈ ခုနှစ် ဖေဖော်ဝါရီလတွင် လက်ဝှေ့ကျော် လီယွန် စပင့်(Leon Spinks) နှင့် ထိုးသတ်ရာတွင် ရှုံးနိမ့်ခဲ့ပြီး ဟဲဗီးဝိတ် ချန်ပီယံဘွဲ့ကို လက်လွှတ်ခဲ့ရသော်လည်း ထိုနှစ် စက်တင်ဘာလတွင် လီယွန်စပင့်နှင့် မကြေပွဲ ပြန်လည်ထိုးသတ်ခဲ့ရာ အလီမှ အနိုင်ရရှိခဲ့ကာ ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို သုံးကြိမ်ဆွတ်ခူးနိုင်သည့် ပထမဦးဆုံး လက်ဝှေ့သမား ဖြစ်လာခဲ့သည်။
    Mohammad ali
    ၁၉၇၉ ခုနှစ် ဇူလိုင်လတွင် အလီသည် လက်ဝှေ့လောကမှ အနားယူလိုက်ပြီဟု ကြေညာခဲ့သည်။ သို့သော်လည်း မကြာမီပင် လက်ဝှေ့ကြိုးဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကာ ၁၉၈၁ ခုနှစ် ဒီဇင်ဘာလတွင်မှ လက်ဝှေ့လောကမှ အပြီးတိုင် အနားယူခဲ့သည်။
    .portland-press-herald_3672761
    မိုဟာမက်အလီ သည် ဟဲဗီးဝိတ်လက်ဝှေ့သမိုင်း၏ ရွှေခေတ်ဟု ခေါ်ဝေါ်သည့် သူ့ခေတ်သူ့အခါက ထိပ်တန်းဟဲဗီးဝိတ်ချန်ပီယံများကို အနိုင်ယူနိုင်ခဲ့သည်။ ရင်းမဂ္ဂဇင်း(Ring Magazine) ၏ “တစ်နှစ်တာအကောင်းဆုံးလက်ဝှေ့သမား” (Fighter of the Year) အဖြစ် အခြားလက်ဝှေ့သမားများထက် အကြိမ်များစွာ ရွေးချယ်ခံခဲ့ရသည်။  ထို မဂ္ဂဇင်းကပင် ရွေးချယ်သော “တစ်နှစ်တာ အကောင်းဆုံးလက်ဝှေ့ပွဲ” (Fight of the Year) တွင်လည်း အလီမှာ အခြားသူများထက် အကြိမ်များစွာ ဖော်ပြခံခဲ့ရသည်။ ၎င်းအပြင် အလီမှာ နိုင်ငံတကာလက်ဝှေ့အကျော်အမော်များ Hall of fame တွင် ပါဝင်ပြီး Sports Illustrated  မဂ္ဂဇင်း၏ “တစ်နှစ်တာအကောင်းဆုံး အားကစားသမား” စာရင်းတွင်ပါဝင်သည့် လက်ဝှေ့သမားသုံးဦးအနက်မှ တစ်ဦးဖြစ်သည်။

     

    မုဟမ္မဒ် အလီ (ခ) ကက်စီးယက်စ် ကလေး အကြောင်း အသေးစိတ်ဖတ်ရန်
    http://www.m-mediagroup.com/news/13732

  • လုပ်ငန်းခွင်သုံး ဓာတုဗေဒ – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၁၉)

    လုပ်ငန်းခွင်သုံး ဓာတုဗေဒ – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၁၉)

    ဇွန် ၃၊ ၂၀၁၆

    M-Media
    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    refinery
    ရေနံသန့်စင်စက်ရုံတစ်ခု၏ ပုံရိပ်

    – လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁၀၀ ကျော်က မွတ်စလင်ပညာရှင်ကြီးတွေရဲ့ ဓာတုဗေဒဘာသာရပ်နဲ့ ပတ်သက်ပြီး စနစ်တကျ ရှာဖွေဖော်ထုတ်မှုတွေကနေ ဒီနေ့ခေတ် ကမ္ဘာပေါ်က လူတိုင်း၊ နိုင်ငံတိုင်းအတွက် အကျိုးရှိစေတဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဲဒီထုတ်လုပ်မှုက ထွက်ရှိတဲ့အရာဟာ  ရေပြီးရင် လူ့ဘ၀အတွက် အလိုအပ်ဆုံး အရာတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။ အာရဘီလို နက်ဖ်တ် (naft) လို့ခေါ်တဲ့ မြေအောက်က ရေနံစိမ်းအနှစ်တွေဟာ လူသားတွေအသုံးပြုနိုင်တဲ့ ပစ္စည်းပေါင်း ၄၀၀၀ ကျော် ထုတ်ပေးနိုင်မယ်လို့ ဘယ်သူမှ မတွေးခဲ့ကြပါဘူး။ မွတ်စလင်ပညာရှင်ကြီးတွေ ဖော်ထုတ်ခဲ့တဲ့ ပေါင်းခံမှုလုပ်ငန်းစဉ် (distillation) မရှိဘဲနဲ့ ရေနံစိမ်းကနေ ကျွန်တော်တို့ ယနေ့ သုံးနေတဲ့ ဓာတ်ဆီ၊ ရေနံဆီ၊ နိုင်လွန်ကတ္တရာ၊ ဒါမှမဟုတ် ပလက်စတစ်တွေကို ထုတ်လုပ်နိုင်မှာ မဟုတ်ပါဘူး။

    ပေါင်းခံခြင်း (distillation) ဆိုတာ အရည်တွေကို အပူချိန်အမှတ်အမျိုးမျိုးနဲ့ ပါဝင်ပစ္စည်းတွေ ခွဲထုတ်တာဖြစ်ပါတယ်။ ဒီလုပ်ငန်းကို မွတ်စလင်ဓာတုဗေဒပညာရှင်တွေက ၈ ရာစုမှာ ပထမဆုံး ဖော်ထုတ်နိုင်ခဲ့တာပါ။ ဒီပေါင်းခံမှုကို အသုံးပြုပြီး မွတ်စလင်ပညာရှင်တွေ ပထမဆုံးထုတ်လုပ်ခဲ့တဲ့ ပစ္စည်းကတော့ အစားအစာတွေ၊ ဖျော်ရည်တွေမှာ အနံ့၊ အရသာ ထည့်လို့ရတဲ့ နှင်းဆီရည် (rose water) နဲ့ လက်တွေ့အသုံးပြုလို့ရတဲ့ ဆီအမျိုးမျိုး ဖြစ်ပါတယ်။ ၀ိုင်တွေကို ပေါင်းခံခြင်းအားဖြင့်လည်း အလ်ကိုဟောစစ်စစ်ကို ရရှိစေပြီး မွတ်စလင်အုပ်ချုပ်မှုလက်အောက်မှာ နေထိုင်တဲ့ ခရစ်ယာန်တွေလို အစ္စလာမ်ဘာသာဝင်မဟုတ်သူတွေက ဒီ အလ်ကိုဟောကို ထုတ်လုပ်သုံးစွဲခဲ့ကြပါတယ်။ ဂျာဘီရ် အစ်ဗနေ့ ဟေယန် (Jabir ibn Hayyan) ဆိုတဲ့ မွတ်စလင်ပညာရှင်ကြီးဟာ ပေါင်းခံမှုလုပ်ငန်းစဉ်မှာ ထည့်သွင်းအသုံးပြုလို့ရတဲ့ အအေးခံမှုနည်းလမ်းသစ်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီနည်းလမ်းအသစ်ကြောင့် ပေါင်းခံပြီးသား အလ်ကိုဟောနဲ့ လျော်တွေကို အက်ဆစ်၊ ဆေးဝါး၊ ရေမွှေး၊ မင်၊ အလ်ကိုဟောနဲ့ အခြားသော ဓာတုပစ္စည်းတွေ ထုတ်လုပ်ရာမှာ အသုံးပြုနိုင်ခဲ့ပါတယ်။ အစ္စလာမ်က မူးယစ်စေတတ်တဲ့အရာတွေ မှီဝဲခြင်းကို တားမြစ်ထားတာကြောင့် အလ်ကိုဟောနဲ့ မူးယစ်စေတဲ့ ပစ္စည်းတွေကို မွတ်စလင်ပညာရှင်ကြီးတွေက သောက်သုံးခြင်းတော့ မရှိခဲ့ပါဘူး။

    ဂျာဘီရ်ဟာ ပေါင်းချောင် (alembic) ကို ၈ ရာစုမှာ ပထမဆုံးတီထွင်ခဲ့သူဖြစ်ပြီး ဒီနေ့အထိ ဓာတုဗေဒဓာတ်ခွဲခန်းတွေမှာ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ ဒီပေါင်းချောင်ဟာ အအေးခံလို့ရပြီး ပေါင်းခံမှုလုပ်ငန်းစဉ်မှာ လိုအပ်တဲ့ အရည်တွေကို စုဆောင်းပေးရမှာ အသုံးဝင်ခဲ့ပါတယ်။

    ‘alembic’ (ပေါင်းချောင်) ဆိုတဲ့စကားလုံးဟာ ဓာတုဗေဒအသုံးအနှုန်းဖြစ်ပြီး အာရဘီစကားလုံး ‘အလ်-အန်ဘစ်” (al-anbiq) က ဆင်းသက်လာတာဖြစ်ပါတယ်။ ‘အလ်-အန်ဘစ်’ ဆိုတာဟာ “ပေါင်းဖို၏ ထိပ်ပိုင်း” လို့ အဓိပ္ပါယ်ရပါတယ်။ ပေါင်းချောင်ဆိုတာ ဖန်အိုး နှစ်လုံးပါဝင်ပြီး ဖန်ပြွန်တစ်ခုနဲ့ ဆက်သွယ်ထားတဲ့ ကိရိယာတစ်ခု ဖြစ်ပါတယ်။ ၀ိုင်နဲ့ဆားကို ဆူပွက်စေရာကနေ မီးလောင်လွယ်တဲ့ ရေငွေ့ကို မွတ်စလင်ပညာရှင်ကြီး ဂျာဘီရ်က ဒီပေါင်းချောင်ကိုအသုံးပြုပြီး ဖော်ထုတ်တွေ့ရှိခဲ့တာပါ။ သူ့ရဲ့ ဓာတုဗေဒကျမ်းကြီးထဲမှာ ဂျာဘီရ်က “ဆူပွက်နေတဲ့ ၀ိုင်းနဲ့ ဆားတို့ကြောင့် ပေါင်းချောင်ရဲ့ အ၀မှာဖြစ်ပေါ်လာတဲ့ မီးတောက်၊ အဲဒါနဲ့ဆင်တူတဲ့အရာတွေဟာ ထူးခြားတဲ့ ဂုဏ်သတ္တိတွေရှိပြီး အသုံးဝယ်မယ်လို့လည်းထင်ရပါတယ်။ ဒါဟာ ဒီသိပ္ပံနယ်ပယ်တွေမှာတော့ တော်တော်လေး အရေးပါပါတယ်” လို့ ရေးသားခဲ့ပါတယ်။

    အလ်ကိုဟောရဲ့ မီးလောင်နိုင်တဲ့ဂုဏ်သတ္တိကို ဂျာဘီရ်ရဲ့လက်ထက်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးချခဲ့ပါတယ်။ ၁၄ ရာစုက စစ်ရေးဆိုင်ရာ ကျမ်းတွေမှာဆိုရင် စစ်တပ်သုံး မီးတုတ်တွေ ဖန်တီးရာမှာ ပေါင်းခံထားတဲ့ နှစ်ချို့စပျစ်ဝိုင်ကို အရေးပါတဲ့ ပါဝင်ပစ္စည်းအဖြစ် ဖော်ပြထားပါတယ်။ ပြီးတော့ အဲဒီ ပေါင်းခံရည်တွေဟာ မီးလောင်လွယ်တာကြောင့် သဲထဲမှာမြှုပ်ထားတဲ့ အိုးတွေထဲမှာ သိမ်းထားရမယ်ဆိုတဲ့ သတိပေးချက်တွေကိုလည်း အဲဒီ လက်ရေးမူတွေမှာ တွေ့ရပါတယ်။

    အလ်-ကင်ဒီကတော့ ပေါင်းခံတဲ့နည်းနဲ့ ရေမွှေးထုတ်လုပ်ရာမှာ ကျော်ကြားပြီး အဲဒီနည်းလမ်းတွေကို Book of the Chemistry of Perfume and Distillations (ရေမွှေးနှင့် ပေါင်းခံမှုဆိုင်ရာ ဓာတုဗေဒကျမ်း) ဆိုတဲ့ အမည်နဲ့ ကျမ်းကြီးတစ်အုပ်ကို ရေးသားခဲ့ပါတယ်။ အဲဒီကျမ်းကြီးမှာ အလ်-ကင်ဒီဟာ ပေါင်းခံမှုလုပ်ငန်းစဉ်အမျိုးမျိုးကို ဖော်ပြထားပါတယ်။ လူတစ်ယောက်ဟာ ရေဇလုံကို အသုံးပြုကာ ၀ိုင်တွေကနေ အရောင်ပါတဲ့ rose water (နှင်းဆီရည်) ကို ထုတ်လုပ်နိုင်တဲ့နည်း ပါဝင်သလို ရှာလကာရည်ကို ပေါင်းခံပြီး အရောင်ပါတဲ့ နှင်းဆီရည်ကို ထုတ်လုပ်နိုင်တဲ့ နည်းလမ်းလည်း အဲဒီကျမ်းကြီးထဲမှာ ပါဝင်ပါတယ်။

    လွန်ခဲ့တဲ့ နှစ် ၉၀၀ အရင် တူနီးရှားက အစ်ဗနေ့ ဘာဒစ် (Ibn Badis) ဆိုတဲ့ မွတ်စလင်ပညာရှင်ကြီးဟာ ငွေသတ္တုပြားတွေကို ပေါင်းခံထားတဲ့ဝိုင်နဲ့ မှုန့်မှုန်ညက်ညက်ကျေအောင် ပြုလုပ်ပြီး ငွေမှင်နဲ့ စာရေးသားလို့ရတဲ့ နည်းလမ်းတစ်ခုကို ရှာဖွေဖော်ထုတ်ခဲ့ပါတယ်။

    “ငွေသတ္တုပြားကိုယူပြီး ပေါင်းခံထားတဲ့ဝိုင်နဲ့ ၃ ရက်လောက် ကြေသွားအောင် ကြိတ်ချေပါ။ ပြီးရင် အခြောက်ခံပြီး မြေမှုန့်လို အမှုန့်ဖြစ်သွားအောင် ၀ိုင်နဲ့ပဲ ထပ်မံကြိတ်ချေပါ။ ပြီးရင်တော့ ရေစင်အောင်ဆေးပါ” လို့ ဘာဒစ်က သူ့ရဲ့ တွေ့ရှိမှုကို မှတ်တမ်းတင်ခဲ့ပါတယ်။

    အစ္စလာမ်မှာ အရက် (အလ်ကိုဟော) သောက်သုံးခြင်းကို ‘ဟာရမ်’ (တားမြစ်ပိတ်ပင်ထားသည့်အရာ) လို့ သတ်မှတ်ထားပြီး မွတ်စလင်ပညာရှင်ကြီးတွေရဲ့ ပေါင်းခံမှုနည်းပညာနဲ့ ရှာဖွေဖော်ထုတ်မှုဟာ အလ်ကိုဟောရဲ့ အကျိုးရှိပြီး အန္တရာယ်မဖြစ်စေတဲ့ ဒြပ်ပစ္စည်းတွေကို အသုံးချဖို့ ဖြစ်ပါတယ်။ အဲဒီလို ဖော်ထုတ်မှုကြောင့် ဆေးဘက်ဆိုင်ရာနယ်ပယ်ကနေ အလှကုန်နယ်ပယ်အထိ မြောက်များစွာသော ထုတ်ကုန်တွေကို ဖန်တီးနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ထောင်ချီအရင်က မွတ်စလင်ပညာရှင်ကြီးတွေရဲ့ ဒီအားထုတ်မှုအများစုဟာ လက်တွေ့အသုံးဝင်ခဲ့ပါတယ်။ သူတို့ရဲ့ သုတေသနတွေ၊ အခြားသော ယဉ်ကျေးမှုတွေကနေ သူတို့ ရှာမှီး ရယူခဲ့တဲ့ အသိပညာတွေနဲ့လည်း မင်၊ အရောင်တင်ဆီ၊ ဆိုဒါ၊ ဘိလပ်မြေနဲ့ ပုလဲတု (imitation pearl) တွေကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။

    အလ်-ရာဇီရဲ့ On Alums and Salts ဆိုတဲ့ ကျမ်းကြီးမှာ corrosive sublimate လို့ခေါ်တဲ့ မာကျူးရစ် ကလိုရိုက် (mercuric chloride) ဘယ်လိုရယူနိုင်တယ်ဆိုတဲ့ နည်းလမ်းကို ဖော်ပြထားပြီး ဒါဟာ Synthetic Chemistry ရဲ့ အစလို့ သတ်မှတ်လို့ရနိုင်တဲ့ အရေးပါတဲ့ စမ်းသပ်ဖော်ထုတ်မှုတွေထဲက တစ်ခု ဖြစ်ပါတယ်။ မာကျူရီ (mercury) ကနေ ကလိုရိုက် ထုတ်လုပ်နိုင်တဲ့ နည်းလမ်းနဲ့အတူ ဒီ ဖော်ထုတ်တွေ့ရှိချက်တွေကို ဒီနေ့ခေတ်မှာတော့ ပိုးသတ်ဆေးတွေမှာ အသုံးပြုနေကြပြီး အခြားသော synthetic ပစ္စည်းတွေ ရှာဖွေဖော်ထုတ်နိုင်ဖို့အတွက်လည်း တွန်းအားဖြစ်စေခဲ့ပါတယ်။ corrosive sublimate ကို ရှာဖွေတွေ့ရှိတာနဲ့ အခြားအရာတွေကို ကလိုရင်းထည့်ပြီး သန့်စင်နိုင်တာတွေဟာ မြေအောက်ထဲမှာရှိနေတဲ့ သတ္တုအက်စစ်တွေ တူးဖော်ရေးကို အစပျိုးနိုင်ခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ corrosive sublimate တွေကို ဆေးဝါးတွေမှာ သွေးတိတ်စေတဲ့အရာ၊ လန်းဆန်းစေတဲ့အရာ၊ တိုက်စားတဲ့အရာနဲ့ ပိုးသတ်ပေးတဲ့အရာတွေအဖြစ် အရေးပါတဲ့ ပုံစံမျိုးစုံနဲ့ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။

    ကုန်ထုတ်ဓာတုနယ်ပယ်နဲ့ ဓာတုဗေဒပစ္စည်း အမြောက်အများထုတ်လုပ်နိုင်တဲ့ နယ်ပယ်တွေမှာ အလယ်ခေတ်ရဲ့ ကြီးကျယ်တဲ့ အောင်မြင်မှုတွေထဲက တစ်ခုကတော့ alunite (အလူမီနီယံ ပိုတက်စီယံ ဆာလ်ဖိတ်-KAl3(SO4)2(OH)6) ကို လူလုပ်လွင့်ပြယ်စေတဲ့ နည်းလမ်းနဲ့ aluminous ကျောက်တုံးတွေက ကျောက်ချဉ် (alum) ကို သီးသန့်ခွဲထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ကျောက်ချဉ်ကို စာရွက်ထုတ်လုပ်မှု၊ အိမ်သုတ်ဆေးထုတ်လုပ်မှုနဲ့ ဆာလ်ဖျူရစ်အက်ဆစ် ထုတ်လုပ်မှုတွေမှာ အသုံးပြုခဲ့ကြပါတယ်။ ဆာလ်ဖျူရစ်နဲ့ ဟိုက်ဒရိုကလိုရစ်တို့လို အက်စစ်တွေကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သူကတော့ မွတ်စလင် သိပ္ပံပညာရှင်ကြီး ဂျာဘီရ် ဖြစ်ပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)