News @ M-Media

Category: ကမ္ဘာ့မွတ်စလင် သတင်းများ

  • IDB က ဘင်္ဂလားဒေ့ရှ်တွင် ရုံးခန်းတစ်ခု ဖွင့်လှစ်မည်

    IDB က ဘင်္ဂလားဒေ့ရှ်တွင် ရုံးခန်းတစ်ခု ဖွင့်လှစ်မည်

    နိုဝင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    bang

    – အစ္စလာမ့်မစ်ဖွံ့ဖြိုးရေးဘဏ် (IDB) ၏ နိုင်ငံလုံးဆိုင်ရာ ရုံးခန်းကို မြို့တော်ဒါကာတွင် ဖွင့်လှစ်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံနှင့် IDB တို့မှာ သဘောတူညီချက်တစ်ခုကို ကြာသာပတေးနေ့က လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

    စာချုပ်ကို ဘင်္ဂလားဒေ့ရှ် ဘဏ္ဍာရေးဝန်ကြီး အဗ္ဗဒူလ်မာ အေ-မူဟစ်နှင့် IDB အုပ်စု၏ ဥက္ကဌ အဟ်မဒ်မုဟမ္မဒ်အလီတို့နှစ်ဦးက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

    ဂျစ်ဒါတွင်ကျင်းပသော လက်မှတ်ရေးထိုးပွဲတွင် ဒေါက်တာအလီက ဘင်္ဂလားဒေ့ရှ်နှင့် ၎င်းတို့ ဘဏ်အုပ်စုအကြား တည်ထောင်ရာတွင် ပါဝင်သူနှင့် အားကိုးရသည့် အဖွဲ့ဝင်နိုင်ငံအဖြစ် ခိုင်မာသည့် ဆက်ဆံရေးမှာ ၄၁ နှစ် ရှိပြီဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့သည်။

    “ယခုလက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နဲ့ ငွေကြေးပက်သက်မှုဟာ ဒေါ်လာ ၁၈.၆ ဘီလီယံ ပမာဏ ရှိပါတယ်။ဒီပမာဏဟာ IDB အဖွဲ့ဝင် ၅၆ နိုင်ငံထဲမှာ အများဆုံးပမာဏလည်း ဖြစ်ပါတယ်” ဟု ဒေါက်တာအလီက ပြောသည်။

    သဘောတူညီမှု ယူထားသော လုပ်ငန်းများတွင် လျှပ်စစ်ဓာတ်အား၊ စိုက်ပျိုးမွေးမြူရေး၊ ဆည်မြောင်းဖောက်လုပ်ရေး၊ ရေပေးဝေရေး၊ တွင်းထွက်လုပ်ငန်း၊ လမ်းဖောက်လုပ်ရေး၊ ပညာရေး၊ ကျေးလက်ဒေသများဖွံ့ဖြိုးရေး စသည့်လုပ်ငန်းများ အပါအ၀င် အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန် ကုန်သွယ်မှုများပြုလုပ်နိုင်ရန်ရည်ရွယ်၍ ပြည်ပကုန်သွယ်ရေးလုပ်ငန်းများ ရာနှင့်ချီ၍ ပါဝင်သည်။

    IDB ဥက္ကဌက ဒါကာတွင် ရုံးခန်းဖွင့်လှစ်မှုမှာ ဘင်္ဂလားဒေ့ရှ်နှင့် IDB အုပ်စုကြား ပူးပေါင်းဆက်သွယ်ရေးကို မြှင့်တင်ရာတွင် ကောင်းမွန်သော အကျိုးသက်ရောက်များ ရှိမည်ဟု မျှော်လင့်ထားကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

    တူရကီ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ နိုက်ဂျီးရီးယား၊ အီဂျစ် စသော အဖွဲ့ဝင်ငါးနိုင်ငံတွင် ထိုကဲ့သို့ ရုံးခန်းများ ဖွင့်လှစ်ရန်လည်း IDB က စီစဉ်နေသည်။

    Ref: IINA News

  • ဆော်ဒီ၏ ဟိုတယ်ဘိုကင်လုပ်သည့် စနစ်သစ်က အွမ္မရာဟ်ခရီးသည်များအတွက် အဆင်ပြေ

    ဆော်ဒီ၏ ဟိုတယ်ဘိုကင်လုပ်သည့် စနစ်သစ်က အွမ္မရာဟ်ခရီးသည်များအတွက် အဆင်ပြေ

    နိုဝင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    maka

    – အွမ္မရာဟ်ဘုရားဖူးဧည့်သည် ၂ သိန်းခွဲဝန်းကျင်မှာ မက္ကာနှင့် မဒီနာတွင် ဟိုတယ်များကို Sijjil အီလက်ထရောနစ် စနစ်သစ်ဖြင့် လွယ်ကူလျင်မြန်စွာ ဘိုကင်လုပ်ကြသည်ဟု နိုင်ငံလုံးဆိုင်ရာ ဟဂ်ျနှင့် အွမ္မရာဟ် ကော်မတီဥက္ကဌ အဗ္ဗဒူလ်လာ ကွာဒီက ပြောကြားလိုက်သည်။

    ဟဂ်ျဆိုင်ရာ ၀န်ကြီးဌာနမှ ဆောင်ရွက်ခဲ့သည့် အဆိုပါဟိုတယ်ဝန်ဆောင်မှုမှာ ဘုရားဖူးသူ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိကို အကူအညီပေးနိုင်ခဲ့သည်ဟု ဆိုသည်။

    ‘ဒီစနစ်ဟာ မက္ကာမှာရှိတဲ့ ဟိုတယ်နဲ့ပက်သက်တဲ့ ပြဿနာအတော်များများကို ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ ဟိုတယ်အားလုံးနဲ့ သူတို့ရဲ့ ၀န်ဆောင်မှုစရိတ်ကို ပြသထားပြီး ကလစ်နှိပ်ရုံနဲ့ မှာယူနိုင်မှာ ဖြစ်ပါတယ်။ ဟိုတယ်နာမည်နဲ့ တာဝန်ရှိသူတွေရဲ့ ဖုန်းနံပါတ်၊ အီးမေးတွေကိုလည်း စက္ကန့်ပိုင်းအတွင်း တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တွေကိုလည်း ဒီစနစ်မှာ ထည့်သွင်းထားပါတယ်’ ဟု ကွာဒီ က ထပ်လောင်းပြောကြားခဲ့သည်။

    ထိုစနစ်ကို မတီထွင်ခင်က ကြားခံပွဲစားများ ငှားရမ်းပြီး အချိန်ကုန်၊ ငွေကုန်ကျမှုလည်း များပြားခဲ့ကြောင်း သိရသည်။ ဂျစ်ဒါရှိ ဘုရင်အဗ္ဗဒူလ်အဇီးဇ် နိုင်ငံတကာလေဆိပ်တွင် သောကြာနေ့၌ မလေးရှားမှ အွမ္မရာဟ်ပြုလုပ်သူ ၄၂၀ ပါသောအုပ်စု ရောက်ရှိလာခဲ့ပြီး ယခုနှစ် အွမ္မရာဟ်ရာသီအတွင်း ပထမဆုံးရောက်ရှိလာသည့် အဖွဲ့လည်းဖြစ်သည်။

    လေဆိပ်ဥက္ကဌ အဗ္ဗဒူလ် မိုဟ်ဆင် အလ်ရှိုခ်သည် ဧည့်သည်တော်များအား အခြားသော အရာရှိများနှင့်အတူ ကြိုဆိုခဲ့သည်။ မက္ကာစီးပွားရေးနှင့် စက်မှုဌာနရှိ ခရီးသွားလာရေးကော်မတီအဖွဲ့ဝင် အဗ္ဗဒူလ်ရာဟ်မန် ဆဘာဂ်က မက္ကာရှိ ဟိုတယ်လုပ်ငန်း ရင်ဆိုင်နေရသည့် ပြဿနာမှာ ရောင်းလိုအားက ၀ယ်လိုအားထက် များပြားနေသည့် ကိစ္စဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “မတ်စ်ဂျစ်ဒ် ဟရမ် ဗလီကြီးကို ၀န်းရံထားတဲ့ ဟိုတယ်တွေဟာ အွမ္မရာရာသီမှာဆိုရင် ၀ယ်လိုအား ကြီးမြင့်ပါတယ်၊
    ရာမ်ဇန်ဥပုသ်လမှာဆိုရင်တော့ ၀ယ်လိုအား ကြီးမြင့်မှုဟာ ဒုတိယနဲ့ တတိယအဆင့်လောက် ရှိပါတယ်’ ဟု ဆဘာဂ်က
    ဆိုသည်။

    ဆက်လက်၍ ဟိုတယ်ပိုင်ရှင်များမှာ နိုင်ငံအတွင်း အွမ္မရာပြုလုပ်သူ ၇ သန်းခန့်ဝင်ရောက်ရန် ဆန္ဒရှိကြကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    “ဒီလိုအရေအတွက် မြင့်မားမှသာ ဈေးကွက်ကို ရှင်သန်စေပြီး အဆင့်မြှင့်သထက်မြင့်အောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်”

    Ref: Arabnews

  • ဆီးရီးယားဒုက္ခသည်များအတွက် ဂျပန်က ဒေါ်လာ ၂.၄၄ သန်း ကူညီမည်

    ဆီးရီးယားဒုက္ခသည်များအတွက် ဂျပန်က ဒေါ်လာ ၂.၄၄ သန်း ကူညီမည်

    နိုဝင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    japan

    – ဥရောပဆောင်းတွင်၏ အအေးဒဏ်ကို ကာကွယ်ရန်အတွက် ဂျပန်မှာ ဆီးရီးယားဒုက္ခသည်များအား ယန်းငွေ သန်း ၃၀၀ (ဒေါ်လာ ၂.၄၄ သန်းခန့်) ကူညီမည်ဟု ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်။

    ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး အန်တိုနီယို ဂူတာရက်စ်နှင့် တွေ့ဆုံစဉ် အာဘေးက ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး UNHCR သို့ နှစ်စဉ်ပေးအပ်သော ယန်းငွေ သန်း ၃၉၀၀ (ဒေါ်လာ ၃၁.၈၁ သန်းခန့်) ၏ အချို့ကို ဒုက္ခသည်စခန်းများ၌ အပူပေးကရိယာများဝယ်ယူ တပ်ဆင်ရန်၊ အအေးဒဏ်ခံနိုင်မည့် အသုံးအဆောင်ပစ္စည်းများ ၀ယ်ယူရန် အသုံးပြုမည်ဖြစ်သည်။

    ထိုအကူအညီအား ကျေးဇူးတင်သောအားဖြင့် ဂူတာရက်စ်သည် ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း အကြီးဆုံးဖြစ်သည့် ယခု ဒုက္ခသည်ပြဿနာကို ဖြေရှင်းရန် UNHCR ၏ လုပ်ငန်းစဉ်များသည် ဂျပန်အစိုးရ၏ အကူအညီမပါဘဲ မည်သို့မျှမဖြစ်နိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

    အာဘေးနှင့် ဂူတာရက်စ်တို့ တွေ့ဆုံမှုကို ကုလတိုးတက်မှုစီမံကိန်းဌာနမှူး ဟယ်လင်ကလာခ်က ဆက်သွယ်ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။ အာဘေးက UNHCR နှင့် UNDP ရုံးများ၌ ဂျပန်ဝန်ထမ်းများ တိုးမြှင့်ခန့်အပ်ရန် ရည်ရွယ်ထားကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: IINA News

  • မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ချီကာဂိုရှိ ဘာသာပေါင်းစုံခေါင်းဆောင်များ ရှုတ်ချ

    မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ချီကာဂိုရှိ ဘာသာပေါင်းစုံခေါင်းဆောင်များ ရှုတ်ချ

    နိုဝင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    us

    – ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှုပြီးနောက် အမေရိကန်နိုင်ငံတစ်ဝှမ်းတွင် မြင့်တက်လာသည့် မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ချီကာဂိုတွင် ပြုလုပ်ခဲ့သည့် အခမ်းအနားတစ်ခုတွင် ဘာသာပေါင်းစုံမှ ခေါင်းဆောင်များက ကန့်ကွက် ရှုတ်ချလိုက်သည်ဟု သိရသည်။

    “ဘာသာရေးလူ့အဖွဲ့အစည်းအားလုံးက အဖွဲ့ဝင်တွေအပေါ်မှာ ပြုလုပ်တဲ့ လူမျိုးရေးခွဲခြားမှုလုပ်ရပ်၊ အပြုအမူတွေကို ဆန့်ကျင်ကြဖို့ ချီကာဂိုဒေသက လူတိုင်းကို ကျွန်တော်တို့ တိုက်တွန်းပါတယ်။ အထူးသဖြင့် ကျွန်တော်တို့သမိုင်းရဲ့ အခုအချိန်မှာ မွတ်စလင်တွေအပေါ် ဖြစ်ပျက်နေတာတွေပါ” ဟု ချီကာဂိုမြို့ ဘာသာရေးခေါင်းဆောင်များ ကောင်စီက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

    ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်း အမေရိကန်တွင် နိုင်ငံအတွင်းရှိ မွတ်စလင်များအပေါ် ပစ်မှတ်ထားသည့် ဆန့်ကျင်မှုများ၊ ခွဲခြားမှုများ မကြုံစဖူး မြင့်တက်လာမှုများနှင့် ပတ်သက်၍ အစီရင်ခံစာတစ်စောင်ကိုလည်း လူ့အခွင့်အရေးအဖွဲ့ဖြစ်သော အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ CAIR က အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။

    “ပြောင်းရွှေ့အခြေချသူတွေ ကြုံတွေ့နေရတဲ့ ခြိမ်းခြောက်မှု၊ ကျွန်တော်တို့ရဲ့ မွတ်စလင်ညီအကို၊ မောင်နှမတွေ ကြုံတွေ့နေရတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ကျွန်တော်တို့ရဲ့ လူမည်းလူ့အဖွဲ့အစည်းက ကြုံတွေ့နေရတဲ့ ခြိမ်းခြောက်မှုတွေ – ဒါတွေအားလုံဟာ ကျွန်တော်တို့လူ့အဖွဲ့အစည်းအတွက် လက်မခံနိုင်စရာ ပုံစံတွေပါပဲ” ဟု ခရစ်ယာန် သိက္ခာတော်ရ ဆရာတော် ပေါလ် ရတ်ဂါက ပြောကြားခဲ့သည်။ ထို့ပြင် ကြောက်ရွံ့မှုနှင့် အမုန်းတို့မှ ပေါ်ထွက်လာခဲ့သည့် အဆိုပါကိစ္စများတွင် ကြံရာပါ ဖြစ်ခြင်းမှာလည်း ကံဆိုးသည့် နောက်ဆက်တွဲများဆီသို့ ဦးတည်သွားနိုင်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ဘာသာရေးခေါင်းဆောင်များ ကောင်စီကလည်း အဆိုပါ အခမ်အနားတွင် အစ္စလာမ်ကြောက်ရောဂါနှင့်ပတ်သက်၍ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး မွတ်စလင်များကို လေးစားသောအားဖြင့် အမုန်းမီးတောက်စေမည့် ပြောကြားမှုများကို ရပ်တန့်ကြရန် တစ်ဦးတစ်ယောက်ချင်းနှင့် နိုင်ငံရေးခေါင်းဆောင်များကို တိုက်တွန်းခဲ့သည်။

    ရီပက်ဘလစ်ကန်ပါတီမှ သမ္မတလောင်းများဖြစ်မည်ဟု ရေပန်းစားနေသည့် ဒေါ်နယ်ထရမ့်နှင့် ဘင်ကာဆန်တို့မှာ ၎င်းတို့၏ မိန့်ခွန်းများတွင် မွတ်စလင်ဆန့်ကျင်ရေး မှတ်ချက်များကို ပေးခဲ့သည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

    ပဲရစ်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူတစ်ဦးမှာ ဆီးရီးယားမှ ၀င်လာသည့် ဒုက္ခသည်ဟု အမေရိကန်သတင်းမီဒီယာများက မှားယွင်းထုတ်လွှင့်ခဲ့ပြီးနောက် အမေရိကန်ရှိ ပြည်နယ်အချို့မှ အုပ်ချုပ်ရေးမှူးများက ၎င်းတို့၏ ပြည်နယ်များတွင် ဆီးရီးယားဒုက္ခသည်များကို လက်မခံတော့ဟု ကြေငြာခဲ့သည်။

    ဘာသာရေးခေါင်းဆောင်များကောင်စီ ဥက္ကဌ မိုက်ကယ် ဘလင့်စကီကမူ ဆီးရီးယားဒုက္ခသည်များအတွက် ဗဟိုအစိုးရ၏ စီစစ်မှုလုပ်ငန်းစဉ်ကို လက်ခံရန် တိုက်တွန်းခဲ့သည်။

    Ref: IINA News

  • ကနေဒါမင်းသမီး၏ ခေါင်းဆောင်ပုဝါကို ဟီဂျဘ်နှင့် မှားယွင်းကာ တိုက်ခိုက်

    ကနေဒါမင်းသမီး၏ ခေါင်းဆောင်ပုဝါကို ဟီဂျဘ်နှင့် မှားယွင်းကာ တိုက်ခိုက်

    နိုဝင်ဘာ ၂၆၊ ၂၀၁၅
    M-Media

    canada

    – ကနေဒါနိုင်ငံမှ မင်းသမီးတစ်ဦးမှာ သိုးမွှေးခေါင်းဆောင်ကို ၀တ်၍ လမ်းလျှောက်လာစဉ် အမျိုးသားတစ်ဦးက ဟီဂျဘ်နှင့်မှား၍ ထိုအမျိုးသမီးအား တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    အသက် ၂၄ နှစ် အရွယ်ရှိသော မင်းသမီး ကေလာဂါဘာဖြစ်ပြီး တနင်္လာနေ့တွင် တိုရွန်တိုမြို့ရှိ Bloor and Bathurst လမ်းအနီး အစမ်းလေ့ကျင့်မှုများအပြီး ထွက်လာခဲ့သည့်အချိန်တွင် သူမလမ်းလျှောက်ရာအနားသို့ လူတစ်ယောက်ကပ်လာကာ ထိုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး

    “ကျွန်မကို လမ်းဘေးနံရံမှာ ချုပ်ထားပြီး ဟီဂျာဗ်ကိုချွတ်ကာ ဒီတိုင်းပြည်ကထွက်သွားစမ်းလို့ အဆက်မပြတ် ပြောဆိုခဲ့ပါတယ်။ ကျွန်မ ဟီဂျဘ်ဝတ်ထားတာ မဟုတ်ဘူးလို့ ပြောခဲ့တာကို ကျွန်မ မှတ်မိပါတယ်။ သူကတော့ ကျွန်မကိုယ်ကို လှုပ်ရမ်းပြီး ဒီတိုင်းပြည်ကထွက်သွားလို့ပဲ အော်နေတယ်။ ကျမ မွတ်စလင် မဟုတ်ဘူးလို့လည်း ကျမပြောခဲ့ပါတယ်။ သူ့လည်း ကိုယ်မသိ၊ ကိုယ့်လည်း သူမသိတဲ့ အချင်းချင်း ဘာလို့ ဒီလောက် အမုန်းပွားနေရလဲဆိုတာ ကျမဖြင့် နားမလည်နိုင်အောင်ပါပဲ” ဟု ဂါဘာက ပြောကြားခဲ့သည်။

    ဂါဘာသည် ထိုဖြစ်ရပ်အား Facebook စာမျက်နှာပေါ် လွှင့်တင်ခဲ့ပြီးနောက် ကမ္ဘာတစ်ဝှမ်းက သူမအားထောက်ခံသည့် မှတ်ချက်များနှင့် ပြည့်နှက်သွားလေသည်။

    “အဆိုးမြင်မှုတွေကနေထွက်ပြီး အကောင်းကို မြင်တတ်တာဟာ အင်မတန်လှပ ပါတယ်’ လို့လည်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

    ဤဖြစ်ရပ်သည် ပဲရစ်မြို့တွင် ကြောက်မက်ဖွယ်တိုက်ခိုက်မှုများအပြီး တိုရွန်တိုနယ်မြေအတွင်း ဖြစ်ပေါ်ခဲ့သည့် နှောက်ယှက်မှုကွင်းဆက်များထဲမှ နောက်ဆုံးတစ်ခုဖြစ်သည်။

    Ref: IINA News