နိုဝင်ဘာ ၃၀၊ ၂၀၁၅
M-Media
– အွမ္မရာဟ်ဘုရားဖူးဧည့်သည် ၂ သိန်းခွဲဝန်းကျင်မှာ မက္ကာနှင့် မဒီနာတွင် ဟိုတယ်များကို Sijjil အီလက်ထရောနစ် စနစ်သစ်ဖြင့် လွယ်ကူလျင်မြန်စွာ ဘိုကင်လုပ်ကြသည်ဟု နိုင်ငံလုံးဆိုင်ရာ ဟဂ်ျနှင့် အွမ္မရာဟ် ကော်မတီဥက္ကဌ အဗ္ဗဒူလ်လာ ကွာဒီက ပြောကြားလိုက်သည်။
ဟဂ်ျဆိုင်ရာ ၀န်ကြီးဌာနမှ ဆောင်ရွက်ခဲ့သည့် အဆိုပါဟိုတယ်ဝန်ဆောင်မှုမှာ ဘုရားဖူးသူ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိကို အကူအညီပေးနိုင်ခဲ့သည်ဟု ဆိုသည်။
‘ဒီစနစ်ဟာ မက္ကာမှာရှိတဲ့ ဟိုတယ်နဲ့ပက်သက်တဲ့ ပြဿနာအတော်များများကို ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ ဟိုတယ်အားလုံးနဲ့ သူတို့ရဲ့ ၀န်ဆောင်မှုစရိတ်ကို ပြသထားပြီး ကလစ်နှိပ်ရုံနဲ့ မှာယူနိုင်မှာ ဖြစ်ပါတယ်။ ဟိုတယ်နာမည်နဲ့ တာဝန်ရှိသူတွေရဲ့ ဖုန်းနံပါတ်၊ အီးမေးတွေကိုလည်း စက္ကန့်ပိုင်းအတွင်း တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တွေကိုလည်း ဒီစနစ်မှာ ထည့်သွင်းထားပါတယ်’ ဟု ကွာဒီ က ထပ်လောင်းပြောကြားခဲ့သည်။
ထိုစနစ်ကို မတီထွင်ခင်က ကြားခံပွဲစားများ ငှားရမ်းပြီး အချိန်ကုန်၊ ငွေကုန်ကျမှုလည်း များပြားခဲ့ကြောင်း သိရသည်။ ဂျစ်ဒါရှိ ဘုရင်အဗ္ဗဒူလ်အဇီးဇ် နိုင်ငံတကာလေဆိပ်တွင် သောကြာနေ့၌ မလေးရှားမှ အွမ္မရာဟ်ပြုလုပ်သူ ၄၂၀ ပါသောအုပ်စု ရောက်ရှိလာခဲ့ပြီး ယခုနှစ် အွမ္မရာဟ်ရာသီအတွင်း ပထမဆုံးရောက်ရှိလာသည့် အဖွဲ့လည်းဖြစ်သည်။
လေဆိပ်ဥက္ကဌ အဗ္ဗဒူလ် မိုဟ်ဆင် အလ်ရှိုခ်သည် ဧည့်သည်တော်များအား အခြားသော အရာရှိများနှင့်အတူ ကြိုဆိုခဲ့သည်။ မက္ကာစီးပွားရေးနှင့် စက်မှုဌာနရှိ ခရီးသွားလာရေးကော်မတီအဖွဲ့ဝင် အဗ္ဗဒူလ်ရာဟ်မန် ဆဘာဂ်က မက္ကာရှိ ဟိုတယ်လုပ်ငန်း ရင်ဆိုင်နေရသည့် ပြဿနာမှာ ရောင်းလိုအားက ၀ယ်လိုအားထက် များပြားနေသည့် ကိစ္စဖြစ်သည်ဟု ပြောကြားခဲ့သည်။
“မတ်စ်ဂျစ်ဒ် ဟရမ် ဗလီကြီးကို ၀န်းရံထားတဲ့ ဟိုတယ်တွေဟာ အွမ္မရာရာသီမှာဆိုရင် ၀ယ်လိုအား ကြီးမြင့်ပါတယ်၊
ရာမ်ဇန်ဥပုသ်လမှာဆိုရင်တော့ ၀ယ်လိုအား ကြီးမြင့်မှုဟာ ဒုတိယနဲ့ တတိယအဆင့်လောက် ရှိပါတယ်’ ဟု ဆဘာဂ်က
ဆိုသည်။
ဆက်လက်၍ ဟိုတယ်ပိုင်ရှင်များမှာ နိုင်ငံအတွင်း အွမ္မရာပြုလုပ်သူ ၇ သန်းခန့်ဝင်ရောက်ရန် ဆန္ဒရှိကြကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
“ဒီလိုအရေအတွက် မြင့်မားမှသာ ဈေးကွက်ကို ရှင်သန်စေပြီး အဆင့်မြှင့်သထက်မြင့်အောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်”
Ref: Arabnews
Leave a Reply
You must be logged in to post a comment.