News @ M-Media
Category: အားကစား
  • ၆-၈-၂၀၁၃ အားကစားသတင်းများ
    သြဂုတ်လ-၆ရက်၊ ၂၀၁၃
    M-Media
    Bale
    ရွန်နီအတွက် ချယ်ဆီး၏ နောက်ဆုံးကမ်းလှမ်းမှု ပယ်ချခံရ
    တိုက်စစ်မှူး ရွန်နီအားခေါ်ယူရန် ချယ်ဆီးအသင်း၏ နောက်ဆုံးကမ်းလှမ်းမှုအား မန်ချက်စတာယူနိုက်တက်အသင်းမှ ပယ်ချလိုက်သည်ဟုသိရသည်။ ရွန်နီအားခေါ်ယူရန် ချယ်ဆီးအသင်းမှ ပေါင် သန်း ၃၀ ဖြင့် ယမန်နေ့က ကမ်းလှမ်းခဲ့သော်လည်း မိမိတို့ဘက်မှ ချက်ချင်းပယ်ချခဲ့ကြောင်း မိမိတို့၏ ရပ်တည်ချက်မှာ ပြောင်းလဲမည်မဟုတ်ကြောင်း မန်ချက်စတာယူနိုက်တက်အသင်း၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
    ________________________________________
    ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒို အသင်းနှင့် စာချုပ်သက်တမ်းတိုး
    ရီးယဲလ်အသင်း၏တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုမှာ ရီးယဲလ်မက်ဒရစ်အသင်းနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုလိုက်ပြီဟု သိရသည်။ ၂၀၁၈ ခုနှစ်အထိ သက်တမ်းရှိမည့် အဆိုပါစာချုပ်ကြောင့် ရော်နယ်ဒိုမှာတစ်နှစ်လုပ်ခ ယူရို ၁၇ သန်းရရှိမည်ဖြစ်ပြီး စပိန်ဘောလုံးလောကတွင် လုပ်ခအမြင့်ဆုံးရသည့် ကစားသမားဖြစ်လာခဲ့သည်။
    ________________________________________
    အပြောင်းအရွှေ့ဈေးကွက်တွင် နာမည်ကြီးနေသည့် ဂါရက်ဘေးလ် တော့တင်ဟမ်နှင့် လေ့ကျင့်ခန်းပြန်ဆင်းမည်
    ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရီးယဲလ်မက်ဒရစ်အသင်းမှ ကမ်းလှမ်းခံထားရသည့် တော့တင်ဟမ်အသင်း တိုက်စစ်မှူး ဂါရက်ဘေးလ်မှာ တော့တင်ဟမ်အသင်း၏ အင်္ဂါနေ့ပြုလုပ်မည့် လေ့ကျင့်ခန်းအစီအစဉ်တွင် ပြန်လည်ပါဝင်တော့မည်ဟု သိရသည်။ ဘေးလ်မှာ အသင်းမှ ထွက်ခွာချင်နေပြီး ၎င်းအားရောင်းမည်မဟုတ်ဟု နည်းပြဗီလာဘိုအားစ်၏ မှတ်ချက်ကြောင့် စိက်မသက်မသာဖြစ်နေည်ဟုလည်း သတင်းထွက်နေသည်။
    ________________________________________
    ချယ်ဆီး၌သာပျော်ရွှင်သည်ဟု မာတာဆို
    ချယ်ဆီးအသင်း၏ တောင်ပံတိုက်စစ်မှူးမာတာက ၎င်းအနေဖြင့် ချယ်ဆီးအသင်း၌သာ ပျော်ရွှင်သည်ဟု ပြောဆိုလိုက်သည်။ ယမန်နှစ်က ချယ်ဆီးအသင်း၏ တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့သည့် မာတာမှာ တစ်ကျော့ပြန်နည်းပြ မော်ရင်ဟိုလက်ထက်တွင် အသင်းမှရောင်းထုတ်ခံရနိုင်ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ မာတာက ၎င်းမှာ အသင်းနှင့်ဆွေးနွေးခဲ့ကြောင်း အသင်းက ၎င်းအား အရေးပါသည့်ကစားသမားတစ်ဦးအဖြစ်သတ်မှတ်ထားသည့်အတွက် စိတ်သက်သာရာရခဲ့ကြောင်း ပြောကြားခဲ့သည်။
    ________________________________________
    အရည်အချင်းရှိသည့်ကစားသမားအသစ်များရောက်ရှိရန် အာတီတာ မျှော်လင့်
    အသင်းအားအကူအညီပေးနိုင်သည့် တိုးတက်စေနိုင်သည့် ကစားသမားများကိုခေါ်ယူရန်လိုအပ်နေကြောင်း အာဆင်နယ်အသင်း၏ ကွင်းလယ်လူ အာတီတာက ပြောကြားလိုက်သည်။ ယခုနှစ်အပြောင်းအရွှေ့ဈေးကွက်တွင် အာဆင်နယ်အသင်းမှာ အတွေ့အကြုံနည်းပါသည့် အသက် ၂၀ အရွယ်ကစားသမားတစ်ဦးသာခေါ်ယူထားပြီး လီဗာပူးလ်တိုက်စစ်မှူး ဆွာရက်ဇ်အားခေါ်ယူရန် ကြိုးပမ်းမှုမှာလည်း မအောင်မမြင်ဖြစ်ခဲ့ရသည်။
    ________________________________________
    ကျူပီအာ တိုက်စစ်မှူးရမ်မီ နယူးကာဆယ်သို့ရောက်
    ပရီးမီးယားလိဂ်မှတန်းဆင်းသွားရသည့် ကျူပီအာအသင်း၏တိုက်စစ်မှူး လိုအစ်ရမ်မီအား နယူးကာဆယ်အသင်းမှ တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဟုသိရသည်။ အသက် ၂၆နှစ်အရွယ်ရှိ အဆိုပါတိုက်စစ်မှူးမှာ ဇန်န၀ါရီလကတည်းက နယူးကာဆယ်အသင်းသို့ပြောင်းရွှေ့ရန် နီးစပ်ခဲ့ဖူးသည်။ ရမ်မီ ကနယူးကာဆယ်ကစားသမားတစ်ယောက်ဖြစ်ရသည့်အတွက် အလွန်ပျော်ရွှင်မိကြောင်း နယူးကာဆယ်ကဲ့သို့ အသင်းမျိုးတွင် ကစားရသည်မှာ ဂုဏ်ယူဖွယ်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
    ________________________________________
    အက်သလက်တီကို၌သာ ပျော်ရွှင်သည်ဟု ကော်စတာဆို
    လ်ီဗာပူးလ်အသင်းမှ ပေါင် ၂၁.၈သန်းဖြင့် ခေါ်ယူရန်ကြိုးစားနေသည့် အက်သလက်တီကိုမက်ဒရစ်၏တိုက်စစ်မှူး ဒီရေဂိုကော်စတာက ၎င်းအနေဖြင့် အက်သလက်တီကိုတွင်သာပျော်ရွှင်ကြောင်းပြောဆိုလိုက်သည်။ ယမန်နှစ်က ၄၄ပွဲကစားပြီး ဂိုး၂၀သွင်းယူပေးခဲ့သည့် ကော်စတာက အက်သလက်တီကိုတွင်ကစားရသည်ကို ပျော်ရွှင်မိကြောင်း အသင်းက အလိုရှိပါက အက်သလက်တီကိုအသင်းတွက် ဆက်လက်ကစားသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
    ________________________________________
    ပေါင် ၅ သန်းရပါက ဒေါင်းနင်းအား လီဗာပူးလ်ရောင်းထုတ်မည်
    လီဗာပူးလ်အသင်းသည် ပေါင် ၅ သန်းရရှိပါက ၎င်းတို့၏ တောင်ပံကစားသမား စတီးဝပ်ဒေါင်းနင်းအားရောင်းချဖွယ်ရှိနေသည်။ ဒေါင်းနင်းအား အပြောင်းအရွှေ့ဈေးကွက် မပိတ်မီ ပြောင်းရွှေ့ခွင့်ပြုမည်ဖြစ်ပြီး နယူးကာဆယ်အသင်းကလည်း ခေါ်ယူရန်စိတ်ဝင်စားနေသည်။
    Guardian
    …………………………………………………
    ပိုစတီဂါအပြောင်းအရွှေ့အတွက် ဗလင်စီယာနှင့် ဇာရာဂိုဇာ သဘောတူညီမှုရရှိ
    စပိန်လာလီဂါကလပ် ဇာရာဂိုဇာအသင်း၏ တိုက်စစ်မှူး ဟဲလ်ဒါ ပိုစတီဂါအားခေါ်ယူရန် ဗလင်စီယာ၏ ကမ်းလှမ်းထားမှုကို ဇာရာဂိုဇာအသင်းမှ လက်ခံလိုက်ပြီဟု သိရသည်။ အဆိုပါတိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေးမှာ စုစုပေါင်း ယူရို ၃
    သန်းရှိမည်ဖြစ်သည်။
    ________________________________________
    Rogers Cup တင်းနစ်ပြိုင်ပွဲပထမအဆင့်တွင် မေယာအနိုင်ရ ၊အမျိုးသမီးပြိုင်ပွဲတွင် ရော်ဘက်တာ ဗင်ချီ အနိုင်ရရှိ
    ကနေဒါနိုင်ငံ မွန်တီရီယဲလ်မြို့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် Rogers Cup တင်းနစ်ပြိုင်ပွဲ အမျိုးသား ပထမအဆင့်ပြိုင်ပွဲတွင် ဂျာမနီတင်းနစ်သမား လော်ရီယန်မေယာက သြစတေးလျ လူငယ်တင်းနစ်သမား ဘားနဒ် တိုမစ်အား ၅-၇၊ ၆-၃၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့ပြီး တိုရွန်တိုမြို့တွင်ကျင်းပသည့်အမျိုးသမီး ပထမအဆင့်ပြိုင်ပွဲတွင် အီတလီ တင်းနစ်မယ်ရော်ဘက်တာ ဗင်ချီက ဂျာမနီတင်းနစ်မယ် ဂျူလီယာ ဂျော့ဂ်ျကို အနိုင်ရရှိသွားသည်ဟုသိရသည်။ နိုင်ခြေအဆင့် ၁၀ ရ ဗင်ချီမှာ ပထမပွဲငယ်တွင်ရှုံးနိမ့်ခဲ့သော်လည်း နှစ်ပွဲဆက်ပြန်လည်အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သောကြောင့် ၂-၆၊ ၆-၄၊ ၆-၃ ဖြင့် ဂျော့ဂ်ျအား အနိုင်ရရှိခဲ့သည်။
    ________________________________________
    အောင်မြင်မှုများကို အန်ဒီမာရေး ဆာလောင်မွတ်သိပ်
    တင်းနစ်လောက၏ နာမည်အကြီးဆုံး ဂရန်းဆမ် ဖလားများကို ထပ်မံဆွတ်ခူးလိုသည်ဟု ၀င်ဘယ်လ်ဒန် တင်းနစ်ချန်ပီယံ အန်ဒီမာရေးကပြောကြားခဲ့သည်။ အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်သည့်မာရေးက တင်းနစ်သမားတိုင်းမှာ ကမ္ဘာ့အဆင့် ၁
    နေရာကို ရယူလိုကြကြောင်း၊ ၎င်း အနေဖြင့် ကမ္ဘာ့အဆင့် ၁ နေရာထက် ဂရန်းဆမ်ဖလားများကိုသာ ထပ်မံ၍ ဆွတ်ခူးချင်ကြောင်း ကနေဒါနိုင်ငံတွင် ကျင်းပမည့် Rogers Cup တင်းနစ်ပြိုင်ပွဲမကစားမီက ပြောကြားခဲ့သည်။
  • ၅-၈-၂၀၁၃ အားကစားသတင်းများ
    သြဂုတ်လ-၅ ရက်၊ ၂၀၁၃
    M-Media
    Arsenal-v-Galatasaray
    ဒရောဂ့်ဘာ၏သွင်းဂိုးများဖြင့် ဂါလာတာစာရေး အီမရိတ်ဖလားကိုဆွတ်ခူး
    ယမန်နေ့ကကျင်းပခဲ့သည့် အီမရိတ်ဖလားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် တူရကီကလပ် ဂါလာတာစာရေးက ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းအား ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိကာ အီမရိတ်ဖလားအား ဆွတ်ခူးရရှိခဲ့သည်ဟုသိရသည်။ ပထမပိုင်း မိနစ် ၄၀ တွင် တိုက်စစ်မှူးဝေါလ်ကော့က အာဆင်နယ်အသင်းအတွက်အဖွင့်ဂိုးသွင်းယူပေးခဲ့သော်လည်း ဒုတိယပိုင်း ၇၈ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့်ချေပဂိုးနှင့် ၈၂မိနစ်တွင် အနိုင်ဂိုးကို လူစားဝင်ရောက်လာသူ ဒရောဂ့်ဘာက သွင်းယူပေးခဲ့သည်။
    _______________________________________
    အေစီမီလန်အား အနိုင်ယူကာ Guinness International Champions Cup ဖိုင်နယ်သို့ ချယ်ဆီး တက်ရောက်
    ကျင်းပလျက်ရှိသည့် Guinness International Champions Cup ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးအသင်းက စီးရီးအေကလပ် အေစီမီလန်အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိကာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်သည်။ ချယ်ဆီးအတွက်ဂိုးများကို ပထမပိုင်းတွင် ကဲဗင်ဒီဘရိုင်းကလည်းကောင်း၊ ဒုတိယပိုင်း နာကျင်အချိန်ပိုတွင် အသစ်ရောက်ရှိလာသည့် အန်ဒရေရှုလာက လည်းကောင်း အသီးသီးသွင်းယူပေးခဲ့သည်။ ချယ်ဆီးအသင်းသည် နောက်ဆုံးဗိုလ်လုပွဲတွင် ရီးရဲလ်မက်ဒရစ်နှင့် တွေ့ဆုံရမည်ဖြစ်သည်။
    _______________________________________
    ဒေါ့မွန်အသင်းသာ ဘိုင်ယန်မြူးနစ်ကို ရပ်တန့်နိုင်မည်ဟု ဂျာမနီ လက်ရွေးစင်အသင်းနည်းပြဆို
    ဘိုင်ယန်နည်းပြသစ် ပက်ပ် ဂွာဒီယိုလာ၏ ဘွန်ဒစ်လီဂါချန်ပီယံဖြစ်ရန် ကြိုးပမ်းမှုကို ဒေါ့မွန်အသင်းသာလျှင် ခြိမ်းခြောက်နိုင်လိမ့်မည်ဟု ဂျာမနီလက်ရွေးစင်အသင်းနည်းပြ ဂျိုအာချင်းမ်လို က ပြောကြားခဲ့သည်။
    ဒေါ့မွန်သင်းသည် ဘိုင်ယန်အားစိန်ခေါ်နိုင်စွမ်းရှိသည့် တောင့်တင်းသော အသင်းဖြစ်ကြောင်း၊ ဂွာဒီယိုလာမှာ ဘိုင်ယန်အသင်းအား ဖိအားများနှင့် ကိုင်တွယ်ရမည်ဖြစ်ကြောင်း သူက ထည့်သွင်းပြောကြားခဲ့သည်။ ဘိုင်ယန်မြူးနစ်အသင်းသည် ယမန်နှစ် ဘွန်ဒစ်လီဂါတွင် ဒေါ့မွန်အသင်းအားဖြတ်ကျော်ကာ ဗိုလ်စွဲခဲ့ပြီး၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်လည်း ဒေါ့မွန်အသင်းအား အနိုင်ယူကာ ဗိုလ်စွဲနိုင်ခဲ့သည်။
    _______________________________________
    မိုနာကိုအသင်းသည် ပီအက်ဂျီအားမခြိမ်းခြောက်နိုင်ဟု လိုင်ယွန်ဥက္ကဌဆို
    ပြင်သစ်လိဂ်ဝမ်းကလပ် လိုင်ယွန်အသင်း၏ နည်းပြဖြစ်သူ ဂျီအန် မီရှယ် အောလက်စ်က ယခုနှစ်နွေရာသီအတွင်း ငွေးကြေးအမြောက်အများသုံးစွဲကာ အသင်းအားပြင်ဆင်ထားသည့် မိုနာကိုအသင်းအနေဖြင့် လိဂ်ဝမ်းချန်ပီယံ ပီအက်စ်ဂျီအသင်းအား ခြိမ်းခြောက်နိုင်ခြင်းရှိမည်မဟုတ်ဟု ပြောဆိုလိုက်သည်။ ပီအက်စ်ဂျီအသင်းမှာ ချန်ပီယံထပ်ဖြစ်ရန် အခွင့်အရေးများနေပြီး မိုနာကိုအသင်းမှာ ချန်ပီယံဖြစ်ရန် ခက်ခဲလိမ့်မည်ဟု မီရှယ်အောလက်စ်က ပြောဆိုခဲ့သည်။ မိုနာကိုအသင်းသည် ယခုနှစ်တွင်မှ လိဂ်ဝမ်းသို့ တန်းတက်လာခြင်းဖြစ်သည်။
    _______________________________________
    ဘရာဇီးတိုက်စစ်မှူးနေးမာ သွေးအားနည်းရောဂါခံစားနေရကြောင်း ဘာကာအတည်ပြု
    မကြာသေးခင်က စစ်ဆေးခဲ့သော ဆေးစစ်ချက်များအရ ဘာစီလိုနာအသင်း၏ ဘရာဇီးတိုက်စစ်မှူး နေးမာမှာ သွေးအားနည်းရောဂါခံစားနေရကြောင်းသိရသည်။ ဘာစီလိုနာအသင်း၏ အားကစားဒါရိုက်တာ အန်ဒိုနီ ဇူဘီဇရက်တာ က နေးမာအခြေအနေမှာ စိုးရိမ်စရာမရှိကြောင်း၊ အခြေအနေပိုမိုကောင်းမွန်လာရန် ၎င်းတို့အနေဖြင့် ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    _______________________________________
    ဗီလာဘိုအားစ်၏ မှတ်ချက်ကြောင့် ဂါရက်ဘေးလ် စိတ်ပျက်နေ
    ရီးယဲလ်မက်ဒရစ်အသင်းမှ စံချိန်တင်ပြောင်းရွှေကြေးဖြင့်ကမ်းလှမ်းခြင်းခံထားရသည့် ဂါရက်ဘေးလ်မှာ တော့တင်ဟမ်နည်းပြဖြစ်သူ၏မှတ်ချက်ကြောင့် မပျော်မရွှင်ဖြစ်နေသည်ဟု ဘေးလ်နှင့် နီးစပ်သူများမှ တဆင့်သိရသည်။ စနေနေ့က မိုနာကိုအသင်းအားရှုံးနိမ့်ခဲ့သော ခြေစမ်းပွဲအပြီးတွင် ဗီလာ ဘိုအားစ်က ဘေးလ်၏ အပြောင်းရွှေ့သတင်းများမှာ ကောလဟာလများသာဖြစ်ကြောင်း၊ ရီးရဲလ်မက်ဒရစ်အသင်းနှင့် တစ်ခုတည်းသော ဆက်သွယ်မှုမှာ ဘေးလ်အား ရောင်းချမည် မဟုတ်ဟု ပြောဆိုခဲ့ခြင်းသာဖြစ်သည်ဟု မှတ်ချက်ပေးပြောကြားခဲ့သောကြောင့် အသင်းမှ ထွက်ခွာလိုသည့် ဘေးလ်အနေဖြင့် မပျော်မရွှင်ဖြစ်နေရခြင်းဖြစ်သည်။
    _______________________________________
    ယူအေအီးကစားသမားတစ်ဦးအား အာဆင်နယ်မျက်စိကျနေ
    အာဆင်နယ်အသင်းသည် ယူအေအီး ကစားသမားတစ်ဦးဖြစ်သူ အိုမာ အဗ္ဗဒူလ်ရဟ်မာန်အား ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟုသိရသည်။ အသက် ၂၁ နှစ်အရွယ်ရှိ အဆိုပါကစားသမားအား ဂျာမန်ကလပ် ရှော်လ်ကေးအသင်းနှင့် ဘာစီလိုနာအသင်းတို့ကလည်း ခေါ်ယူရန် စိတ်ဝင်စားနေသည်။
    _______________________________________
    မာရှေရာနိုအား နာပိုလီစိတ်ဝင်စားနေပြန်
    စီးရီးအေကလပ်နာပိုလီအသင်းသည် ဘာစီလိုနာနောက်ခံလူ မာရှေရာနိုအား ခေါ်ယူရန်စိတ်ဝင်စားနေသည်ဟုသိရသည်။ နာပိုလီအသင်းသည် ရီးရဲလ်မက်ဒရစ်က ခေါ် ယူထားသည့် နောက်ခံလူ ရောလ် အလ်ဘီအိုနှင့် တွဲကစားရန်အတွက် နောက်ခံလူတစ်းဦးရှာဖွေနေပြီး မာရှေရာနိုမှာ အဓိကပစ်မှတ်ဖြစ်လာသည်။
    _______________________________________
    အာဆင်နယ်တိုက်စစ်မှူးချာမက် ခရစ္စတယ်ပဲလေ့စ်သို့ြေ့ပာင်းရွှေ
    အာဆင်နယ်အသင်း၏ တိုက်စစ်မှူး မရောနီချာမက်မှာ ယခုနှစ်တွင်မှ ပရီးမီးယားလိဂ်သို့ တန်းတက်လာသည့် ခရစ္စတယ်ပဲလေ့စ်အသင်းသို့ ခြောက်လ အငှားစာချုပ်ဖြင့်ပြောင်းရွှေ့သွားသည်ဟု သိရသည်။ အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ဂါဗင်ဟိုနှင့် ချာမက်တို့မှာ အသင်းမှ ထွက်ခွာဖွယ်ရှိနေပြီး ဘန်တနာမှာ အသင်းတွင် ဆက်ရှိနေမည်ဟု မကြာသေးခင်က ပြောဆိုထားသည်။
    _______________________________________
    ဗြိတိန်အိုးပင်းအမျိုးသမီးဂေါက်သီးရိုက်ပြိုင်ပွဲတွင် စတေစီလူးဝစ်ဗိုလ်စွဲ
    စကော့တလန်နိုင်ငံ စိန့်အန်ဒရူးဂေါက်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် ဗြိတိန်အိုးပင်း အမျိုးသမီးဂေါက်သီးရိုက်ပြိုင်ပွဲတွင် အမေရိကန် ဂေါက်သီးမယ် စတေစီလူးဝစ်က နှစ်ချက်အသာဖြင့် ဗိုလ်စွဲခဲ့ကြောင်း သိရသည်။
    _______________________________________
    Bridgestone Invitational ဂေါက်သီးရိုက်ပြိုင်ပွဲတွင် တိုက်ဂါးဝုဒ် ၈ ကြိမ်မြောက်ဗိုလ်စွဲ
    အမေရိကန်ဂေါက်သီးအကျော်အမော် တိုက်ဂါးဝုဒ်မှာ အမေရိကန်နိုင်ငံ အိုဟိုင်းယိုးတွင် ကျင်းပသည့် Bridgestone Invitational ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သည်ဟုသိရသည်။ ယခုကဲ့သို့ ဗိုလ်စွဲခဲ့ခြင်းမှာ ၈ ကြိမ်မြောက်ဖြစ်ပြီး မကြာခင်ကျင်းပတော့မည့် PGA Championship ဂေါက်သီးရိုက်ပြိုင်ပွဲအနိုင်ရရှိရေးအတွက် မျှော်လင့်ချက်များ ပိုမိုရှင်သန်လာခဲ့သည်။ တိုက်ဂါးဝုဒ်မှာ ၂၀၀၀၊ ၂၀၀၆နှင့် ၂၀၀၇ ခုနှစ်များတွင် Bridgestone နှင့် PGA Championship ပြိုင်ပွဲနှစ်ခုစလုံးတွင် အနိုင်ရဗိုလ်စွဲခဲ့သည့် အစဉ်အလာရှိနေသည်။
    _______________________________________
    BWF World Championships ကြက်တောင်ရိုက်ပြိုင်ပွဲ ပထမအဆင့်တွင် လီချုံဝေနိုင်ပွဲရရှိ
    မလေးရှားကြက်တောင်အကျော်အမော် လီချုံဝေမှာ ကျင်းပလျက်ရှိသည့် BWF World Championships ကြက်တောင်ရိုက်ပြိုင်ပွဲ ပထမအဆင့်ပွဲစဉ်တွင် အိုင်ယာလန်ကစားသမား စကော့ အီဗန်စ် အား အနိုင်ရရှိခဲ့သည်ဟု သိရသည်။ ၂၇ မိနစ်သာကြာသည့် အဆိုပါပွဲစဉ်တွင် လီချုံဝေက ၂၁-၁၁၊ ၂၁-၁၅ ဖြင့် သက်တောင့်သက်သာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
  • ၄-၈-၂၀၁၃ အားကစားသတင်းများ
    သြဂုတ်-၄ရက်၊ ၂၀၁၃
    M-Media
    Fernando-Torres
    Trophée des champions ဖလားအား ပီအက်စ်ဂျီဆွတ်ခူး
    ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းမှာ ဘော့ဒိုးအသင်းအား ၂ ဂိုး ၁ ဂိုး ဖြင့်အနိုင်ရရှိခဲ့ကာ Trophée des champions ဖလားအား ဆွတ်ခူး ရရှိခဲ့သည်ဟု သိရသည်။ ဘော့ဒိုးအသင်းမှာ ဟင်နရီဆိုင်းဗတ်၏ ပထမပိုင်း ၃၈ မိနစ် သွင်းဂိုးဖြင့်ဦးဆောင်ခဲ့သော်လည်း ပီအက်စ်ဂျီမှ ဟာဗင် အွန်ဂျန်ဒါက ၈၁ မိနစ်တွင် ချေပဂိုးသွင်းယူခဲ့ပြီး ချယ်ဆီးအသင်းမှ ပြောင်းရွှေ့လာသူ နောက်ခံလူ အဲလက်စ်က နာကျင်အချိန်ပိုတွင် အနိုင်ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။ Trophée des champions ဖလားမှာ ပြင်သစ်လိဂ်ဝမ်း ချန်ပီယံအသင်းနှင့် ပြင်သစ်ရှုံးထွက်ဖလား ချန်ပီယံအသင်း နှစ်သင်းသာ ယှဉ်ပြိုင်ကစားရခြင်းဖြစ်သည်။
    ____________________________________
    ရာသီအကြိုတွင် ယခုကဲ့သို့အားထုတ်မှုမျိုး ဘိုကာဂျူနီယာတွင်ရှိစဉ်ကတည်းက မပြလုပ်ခဲ့ဟုဆို
    ဂျူဗင်တပ်စ်အသင်း၏ တိုက်စစ်မှူးသစ်ဖြစ်သူ ကားလို့စ်တီဗက်ဇ်က သူ၏ ရာသီအကြိုးအားထုတ်မှုများသည် မကြာမီလာတော့မည့် လိဂ်ပြိုင်ပွဲများ အတွက် ထောက်အကူဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်းပြောဆိုလိုက်သည်။ မန်ချက်စတာစီးတီးအသင်း၏တိုက်စစ်မှူးဟောင်းဖြစ်သူ အသက် ၂၉နှစ်အရွယ်ရှိ တီဗက်ဇ်က ၎င်းအနေဖြင့် ပြင်းပြင်းထန်ထန်လေ့ကျင်ခဲ့ပြီး ဘိုကာဂျူနီယာတွင်ရှိစဉ်ကတည်းက ရာသီကြိုတွင်ယခုကဲ့သို့ အားထုတ်မှုများမပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
    ____________________________________
    အေစီမီလန်မှထွက်ခွာရန် မစဉ်းစားခဲ့ဘူးဟု အလ်ရှာရာဝီဆို
    စီးရီးအေကလပ် အေစီမီလန်အသင်း၏ အီတလီလူငယ်တိုက်စစ်မှူး စတီဖင် အလ် ရှာရာဝီက ၎င်းအနေဖြင့် မီလန်မှထွက်ခွာရန် မည်သည့်အခါမှ မစဉ်းစားခဲ့ဟု ပြောဆိုလိုက်သည်။ အသက် ၂၀ အရွယ်ရှိ သူက မီလန်မှာ ၎င်းငယ်စဉ်ကတည်းက အားပေးခဲ့သည့်အသင်းဖြစ်ပြီး မီလန်တွင်ကစားရသည်မှာ အိပ်မက်များအကောင်အထည်ပေါ်လာခြင်းဖြစ်ကြောင်း၊ မီလန်မှထွက်ခွာရန် မည်သည့်အခါမှ စဉ်းစားခဲ့ခြင်းမရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
    ____________________________________
    တိုက်စစ်မှူးဘန်တနာ အသင်းမှထွက်ခွာမည်မဟုတ်ဟု ၀င်းဂါးဆို
    အာဆင်နယ်နည်းပြအာဆင်ဝင်းဂါးက အသင်းရှိ ဒိန်းမတ်တိုက်စစ်မှူး ဘန်တနာမှ အသင်းမှ ထွက်ခွာလိမ့်မည်မဟုတ်ဟု ပြောဆိုလိုက်သည်။ ၀င်းဂါးက ဂါဗင်ဟိုနှင့် ချာမက်မှာ အသင်းမှထွက်ခွာဖွယ်ရှိနေကြောင်း၊ ဘန်တနာမှာ မည်သည့်အသင်းကိုမှ ပြောင်းရွှေ့မည်မဟုတ်ဘဲ အာဆင်နယ်တွင်သာ ဆက်ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အာဆင်နယ်အသင်းမှာ လီဗာပူးလ်တိုက်စစ်မှူး ဆွာရက်ဇ်အား ခေါ်ယူရန်ကမ်းလှမ်းထားသည်။
    ____________________________________
    တောရက်စ်နှင့်လိုက်ဖက်မည့် ကစားကွက်ဖြင့် အသင်းအား ပြင်ဆင်မည်ဟု မော်ရင်ဟိုဆို
    ချယ်ဆီးအသင်း၏ တစ်ကျော့ပြန်နည်းပြဖြစ်သူ ဟိုဆေး မော်ရင်ဟိုက အသင်းအား တိုက်စစ်မှူးဖာနန်ဒိုတောရက်စ်နှင့်လိုက်ဖက်သည့် ကစားကွက်ဖြင့် ပြောင်းလဲပြင်ဆင် သွားမည်ဟု ပြောဆိုလိုက်သည်။ မော်ရင်ဟိုက တောရက်မှာ တက်ကြွကြီး ပြင်းပြင်းထန်ထန်ကြိုးစားသည့် ကစားသမားဖြစ်ကြောင်း အသင်း၏ တိုက်စစ်အားပြုသည့် ကစားပုံတစ်ချို့မှာ တောရက်စ်နှင့်လိုက်ဖက်ကြောင်း ပြောဆိုခဲ့သည်။ တောရက်စ်မှာ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလတွင် ချယ်ဆီးအသင်းသို့ ပေါင် သန်း၅၀ဖြင့် ပြောင်းရွှေလာပြီး ကတည်းကုံမှန်နေရာအတွက် ရုန်းကန်နေရသူဖြစ်သည်။
    ____________________________________
    ပီယာလို၏ နေရာအား ရယူလိုသည်ဟု လူငယ်ကစားသမား အောဂ့်ဘွန်နာဆို
    ဂျူဗင်တပ်စ်အသင်း၏ လူငယ်ကွင်းလယ်ကစားသမား ပေါလ်အော့ဂ်ဘွန်နာက အသင်းရှိ ၀ါရင့်ကစားသမား ပီယာလို၏နေရာကို ရယူလိုသည်ဟု ပြောဆိုလိုက်သည်။ ယမန်နှစ်က ဂျူဗီအတွက် ၁၈ ပွဲကစားပေးခဲ့ပြီး ငါးဂိုးသွင်းယူပေးခဲ့သည့် အသက် ၂၀ အရွယ်ရှိ အဆိုပါကစားသမားမှာ ကျင်းပပြီးစီးခဲ့သည့် အသက် ၂၀အောက် ကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲတွင် ပြင်သစ်အသင်းနှင့်အတူ ဗိုလ်စွဲခဲ့သူဖြစ်ပြီး မကြာသေးမီကမှ အသင်းသို့ပြန်လည်ရောက်ရှိလာသူဖြစ်သည်။ ၎င်းက အသင်းတွင်ပထမဦးစားပေးအဖြစ်ကစားချင်ကြောင်း
    ပီယာလို၏နေရာတွင်ကစားရပါက ကျေနပ်စရာဖြစ်ကြောင်း ဂျူဗီအသင်းမှာ ယမန်နှစ်ကထက် ပိုမိုတောင့်တင်းလာကြောင်း အောဂ့်ဘွန်နာက ပြောကြားခဲ့သည်။
    ____________________________________
    ဖာဘရီဂတ်စ် နူးကမ့်အား စွန့်ခွာမည်မဟုတ်ဟု ဘာကာဆို
    ဘာစီလိုနာအသင်း၏ ဒုတိယဥက္ကဌ ဂျာဗီယာဖော့စ်က မိမိတို့ကွင်းလယ်လူ ဖာဘရီဂတ်စ်မှာ ဘာစီလိုနာအသင်းမှ ထွက်ခွာလိမ့်မည်မဟုတ်ဟု ပြောဆိုလိုက်သည်။ ဖာဘရီဂတ်စ် အပြောင်းအရွှေ့အတွက် မန်ယူနှင့် ဘာကာတို့ ဆက်သွယ်မှုများရှိနေသည်ဟုသတင်းများက ဖော်ပြကြသော်လည်း ဂျာဗီယာဖော့စ်က မန်ယူအသင်းမှ စိတ်ဝင်စားမှုမှာမှန်ကန်ကြောင်း၊ သို့ရာတွင် ဖာဘရီဂတ်စ်မှာ အသင်းနှင့် စာချုပ်ကျန်ရှိနေသေးပြီး နည်းပြကလည်း ၎င်းအား အသင်းမှထွက်ခွာသွားရန် မလိုလားကြောင်း သူက ပြောဆိုခဲ့သည်။
    ____________________________________
    ရှဝိန်းစတိုင်ဂါအားခေါ်ယူရန် မန်ယူစိတ်ဝင်စားလာ
    မန်ချက်စတာယူနိုက်တက်အသင်းသည် ဘိုင်ယန်မြူးနစ်အလယ်တန်းလူ ဘက်စတီယန် ရှဝိန်းစတိုင်ဂါအား ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သိရသည်။ ဘာကာကွင်းလယ်လူ ဖာဘရီဂတ်စ်အား ခေါ်ယူရန် မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် ရှဝိန်းစတိုင်ဂါအား ပေါင် သန်း ၄၀ ဖြင့် ခေါ်ယူရန် စိတ်ဝင်စားလာခြင်းဖြစ်သည်။
    ____________________________________
    ဆစ်ဆိုခို လီဗာပူးလ်သို့ပြောင်းရွှေ့တော့မည်
    ဗလင်စီယာအသင်း၏ ဘယ်နောက်ခံလူ အလီ ဆစ်ဆိုခိုမှာ လီဗာပူးလ်အသင်းသို့ပြောင်းရွှေ့တော့မည်ဟု သိရသည်။ ယခုနှစ်တွင် တစ်နှစ်အငှားစာချုပ်ဖြင့်ခေါ်ယူမည်ဖြစ်ပြီး လာမည့်နှစ်တွင် ဆစ်ဆိုခိုအား လီဗာပူးလ်မှ အပြီးသတ်ခေါ်ယူမည်ဖြစ်သည်။
    ____________________________________
    စီးတီးအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ဒလ်ပေါ်ထရို ဆီးမီးဖိုင်နယ်သို့တက်ရောက်
    ____________________________________
    bet-at-home Cup တင်းနစ်ပြိုင်ပွဲတွင် မာဆယ်ဂရန်နိုလာ ဗိုလ်စွဲ
    သြစတီးယားနိုင်ငံ၌ ကျင်းပနေသည့် bet-at-home Cup တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် စပိန်တင်းနစ်သမား မာဆယ် ဂရန်နိုလာက အာဂျင်တိုင်းတင်းနစ်သမား ဂျူအန်မိုနာကိုအား အနိုင်ရဗိုလ်စွဲခဲ့သည်ဟုသိရသည်။ မိုနာကိုအား ပထမပွဲငယ်တွင် ရှုံးနိမ့်ခဲ့သော်လည်း နောက်မှပြန်လိုက်ကစားကာ ၀-၆၊ ၇-၆၊ ၆-၄ ဖြင့်အနိုင်ရရှိခဲ့သည့် ဂရန်နိုလာမှာ သူ၏ ဖရော်ဖက်ရှင်နယ် ကစားသမားဘ၀တစ်လျှောက် ၄ ကြိမ်မြောက် အေတီပီတိုး ချန်ပီယံဖြစ်ခဲ့ခြင်းလည်းဖြစ်သည်။
  • အကြားအာရုံ မသန်စွမ်းသူများ အိုလံပစ် အားကစားပြိုင်ပွဲတွင် အီရန်နပန်းသမားများ ရွှေတံဆိပ်ဆု များဆွတ်ခူး
    သြဂုတ်လ-၅၊ ၂၀၁၃
    M-Media
    pirhayati20130803000213360
    ဘူလ်ဂေးရီးယားနိုင်ငံတွင်ကျင်းပပြုလုပ်နေသည့် ၂၀၁၃ နွေရာသီ အကြားအာရုံ မသန်စွမ်းသူမျာ အိုလံပစ် အားကစားပြိုင်ပွဲ(2013 Summer Deaflympics) နပန်းပြိုင်ပွဲတွင် အီရန်နိုင်ငံသားများက ရွှေတံဆိပ်နှစ်ခု ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။
    သောကြာနေ့ကကျင်းပခဲ့သော ၆၆ ကီလိုတန်း နပန်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် အီရန်နပန်းသမား ဟိုစိန် နူရီက ဘူလ်ဂေးရီးယားနပန်းသမားကို အနိုင်ရရှိခဲ့ကာ ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ပြီး ၈၄ ကီလိုတန်း နောက်ဆုံးဗိုလ်လုပွဲတွင်လည်း အီရန်နပန်းသမား ရစူလ် ဒါယနီက တူရကီ နပန်းသမားအား အနိုင်ရရှိခဲ့ကာ အီရန်နိုင်ငံအတွက် ရွှေတံဆိပ်တစ်ခုကို ထပ်မံဆွတ်ခူးပေးနိုင်ခဲ့သည်။
    ၎င်းအပြင် ၁၂၀ ကီလိုတန်းပြိုင်ပွဲတွင် မိုဟာမက် အဟ်ဘူဘီ က ငွေတံဆိပ်နှင့်၊ ၅၅ ကီလိုတန်းတွင် ဖာရူဒ် ဟိုဂျာတီက ကြေးတံဆိပ် အသီးသီးဆွတ်ခူးရရှိခဲ့ကြသည်။
    ၂၀၁၃ နွေရာသီ အကြားအာရုံ မသန်စွမ်းသူမျာ အိုလံပစ် အားကစားပြိုင်ပွဲကို ဘူလ်ဂေးရီးယားနိုင်ငံ၌ ဇူလိုင် ၂၆ ရက်မှ သြဂုတ်လ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှ အားကစားသမား ၅၀၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
    ကစားနည်းမျိုးစုံပါဝင်သည့် ထိုအားကစားပြိုင်ပွဲကို ၁၉၂၄ ခုနှစ်တွင် ပဲရစ်မြို့၌ စတင်ကျင်းပခဲ့သည်။ အဆိုပါ အားကစားပြိုင်ပွဲသို့ ကစားနည်း ၉မျိုးတွင်ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အားကစားသမား ၈၂ ဦးကို အီရန်နိုင်ငံမှ စေလွှတ်ထားပြီး ပြေးခုန်ပစ်၊ ဘောလုံး၊ ဂျူဒို၊ ကရာတေး၊ ရေကူး၊ ဘော်လီဘော၊ နပန်း၊ စားပွဲတင်တင်းနစ် နှင့် တိုက်ကွမ်ဒို အားကစားနည်းများတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
    MP/MHB
  • ၃၊ ၈ ၊ ၂၀၁၃ အားကစားသတင်းများ
    သြဂုတ်-၀၃၊ ၂၀၁၃
    M-Media
    Gerrard
    ဂျူဗီ၏ ကမ်းလှမ်းမှုအား ပယ်ချခဲ့ကာ မန်စီးတီးသို့ပြောင်းရွှေ့ခဲ့သည်ဟု ဂျိုဗီတစ်ဆို
    ဖီအိုရင်တီးနားအသင်းမှ မန်စီးတီးအသင်းသို့ မကြာသေးမီကရောက်ရှိလာသည့် တိုက်စစ်မှူးဂျီုဗီတစ်က စီရီးအေထိပ်သီးကလပ် ဂျူဗင်တပ်စ်မှ ကမ်းလှမ်းမှုအား ပယ်ချခဲ့ကာ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုလိုက်သည်။ မန်စီးတီးသို့ ယူရို ၂၇သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူ ဂျိုဗီတစ်က ဂျူဗင်တပ်စ်အသင်းမှာ ၎င်းအားအလိုရှိကြောင်း၊ ၎င်း၏ အေးဂျင့်ဖြစ်သူနှင့် ဆွေးနွေးခဲ့ကြောင်း၊ သို့ရာတွင် မန်စီးတီးသို့ပြောင်းရွှေ့ရသည်မှာ လွယ်ကူကြောင်း အသင်းသားများကလည်း များစွာအကူအညီပေးကြောင်း သူကပြောကြားခဲ့သည်။
    ___________________________________________
    အေစီမီလန်အသင်းတွင် ဆက်ရှိနေသည်ကို ပျော်ရွှင်မိသည်ဟု ဘုတ်တင်းဆို
    စီးရီးအေကလပ် အေစီမီလန်အသင်း၏ အလယ်တန်းလူ ဘုတ်တင်းက အသင်းတွင်ဆက်လက်ရှိနေရန် ဆုံးဖြတ်ခဲ့မှုကို ပျော်ရွှင်မိသည်ဟု ပြောကြားလိုက်သည်။ ပြီးခဲ့သည့်နှစ်က အေစီမီလန်အသင်းနှင့် အီတလီကလပ် ပရိုပက်ထရီယာအသင်းတို့ ကစားခဲ့သောခြေစမ်းပွဲတစ်ခုတွင် လူမျိုးရေးခွဲခြားခံခဲ့ရသောကြောင့် ဘုတ်တင်းမှာ ကွင်းအတွင်းမှထွက်ခွာသွားခဲ့ပြီး နောက်ပိုင်းတွင် အီတလီမှပြောင်းရွှေ့လိုသည်ဟု ဖွင့်ဟခဲ့ဖူးသည်။ သို့ရာတွင် အသင်းနှင့် ပရိတ်သတ်များက ၎င်းအား အားပေးနှစ်သိမ့်ကြသောကြောင့် အေစီမီလန်တွင် ဆက်လက်ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သူက ဆိုသည်။
    ___________________________________________
    ဖာဘရီဂတ်စ်သည် ၎င်း၏အနာဂတ်ကို ၎င်းကိုယ်တိုင် ဆုံးဖြတ်ရမည်ဟု မာတီနိုဆို
    ဘာစီလိုနာအသင်း၏နည်းပြဖြစ်သူ မာတီနိုက ကွင်းလယ်လူ ဖာဘရီဂတ်စ်အနေဖြင့် ၎င်း၏ အနာဂတ်ကို ၎င်း ကိုယ်တိုင်သာ ဆုံးဖြတ်ရမည်ဟုပြောကြားလိုက်သည်။ ဖာရီဂတ်စ် မပါသည့် ဘာစီလိုနာအသင်းအား ၎င်းအနေဖြင့် မစဉ်းစားခဲ့ဘူးကြောင်း၊ ဖာဘရီဂတ်စ်နှင့်တွေ့ဆုံခဲ့ပြီး သူ၏ စိတ်ကူးများကိုရှင်းပြခဲ့ကြောင်း သို့ရာတွင် ဆုံးဖြတ်ချက်ကို ဖာဘရီဂတ်စ်ကိုယ်တိုင်သာချရမည်ဖြစ်ကြောင်း မာတီနိုက ပြောကြားခဲ့သည်။ အသက် ၂၆ နှစ်အရွယ်ရှိ အဆိုပါကစားသမားအား မန်ချက်စတာယူနိုက်တက်အသင်းက ယူရို သန်း ၄၀ ဖြင့်ခေါ်ယူရန် စိတ်ဝင်စားနေသည်။
    ___________________________________________
    လိုင်ယွန်တိုက်စစ်မှူး ဂိုမစ်အား နယူးကာဆယ်ခေါ်ယူမည်
    ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်းသည် ပြင်သစ်ကလပ် လိုင်ယွန်အသင်း၏ တိုက်စစ်မှူး ဘဖီတင်ဘီ ဂိုမစ်အား ခေါ်ယူရန် လိုင်ယွန်အသင်းနှင့် သဘောတူညီမှုရရှိခဲ့သည်ဟု သိရသည်။ ယခုသီတင်းပတ် စောစောပိုင်းတွင် အဆိုပါကစားသမားအား နယူးကာဆယ်က ပေါ ၆.၉ သန်းဖြင့်ခေါ်ယူရန် ကမ်းလှမ်းရာ လိုင်ယွန်အသင်းမှ ပယ်ချခဲ့ပြီး ယခုအခါပေါင် ၉ သန်းကျော်ဖြင့် ထပ်မံကမ်းလှမ်းခဲ့ရာ လိုင်ယွန်အသင်းမှ လက်ခံလိုက်ခြင်းဖြစ်သည်။
    ___________________________________________
    ဘေးလ်၏ အပြောင်းအရွှေ့ဖြစ်ပေါ်လာပါက ယူအီးအက်ဖ်အေ၏ ဘဏ္ဍာရေး Fair Play စည်းမျဉ်းမှာ ဟာသဖြစ်သွားမည်ဟု ၀င်းဂါးဆို
    ပေါင် ၁၀၅ သန်းဖြင့် ဘေးလ်၏အပြောင်းအရွှေ့ဖြစ်ပေါ်လာခဲ့ပါက ယူအီးက်ဖ်အေ၏ ဥရောပ ကလပ်အသင်းများ ဘဏ္ဍာရေးညီမျှမှုအစီအစဉ်မှာ ရယ်စရာတစ်ခုသာဖြစ်လာလိမ့်မည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ဝေဖန် ပြောဆိုလိုက်သည်။ ယူအီးအက်ဖ်အေ၏ ဘဏ္ဍာရေး Fair Play အစီအစဉ် စတင်သက်ရောက်လာသည့်နှစ်တွင် ထိုကဲ့သို့အပြောင်းအရွှေ့ဖြစ်ပေါ်လာသည်မှာ အံ့သြဖွယ်ရာဖြစ်ကြောင်း၊ ဘောလုံးလောကမှာ လုံးဝ ပျက်ဆီးသွားပြီဖြစ်ကြောင်း ၀င်းဂါးက ထောက်ပြပြောဆိုခဲ့သည်။
    ___________________________________________
    အာဆင်နယ်အသင်းသည် ဆွမ်ဆီးအသင်း၏ နောက်ခံလူ အက်ရှ်လေ ၀ီလီယံအား ခေါ်ယူရန် ပြန်လည်ကြိုးပမ်းသွားမည်ဟုသိရသည်။ အာဆင်နယ်အသင်း၏ ပထမအကြိမ်ကမ်းလှမ်းမှုမှာ ပယ်ချခံခဲ့ရသော်လည်း အသင်း၏ နောက်ခံလူများဖြစ်ကြသည့် သောမတ်စ်ဗာမေလန်နှင့် နာချို မွန်ရီယဲလ်တို့မှာ ဒဏ်ရာပြဿနာများဖြင့် ရင်ဆိုင်နေရသောကြောင့် ၀ီလီယံအားခေါ်ယူရန် ပြန်လည်ကြိုးစားလာခြင်းဖြစ်သည်။
    Daily Mirror
    ___________________________________________
    ဂါဗင်ဟို ရိုးမားသို့ရောက်ရန်နီးစပ်နေ
    အာဆင်နယ်အသင်း၏ တိုက်စစ်မှူး ဂါဗင်ဟိုမှာ စီးရီးအေကလပ် ရိုးမားအသင်းသို့ ပေါင် ၈ သန်းဖြင့် ပြောင်းရွှေ့ရန် နီးစပ်နေပြီဟုသိရပြီး လိုင်လီအသင်းတွင် လက်တွဲခဲ့ဖူးသည့် နည်းပြဟောင်း ရူဒီဂါစီယာနှင့် ပြန်လည်တွေ့ဆုံဖွယ်ရှိနေသည်။
    ___________________________________________
    လီဗာပူးလ်တွင်သာ ဆက်နေရန် ဆွာရက်ဇ်အား ဂျရတ်တိုက်တွန်း
    လီဗာပူးလ်အသင်း၏ ဂန္တ၀င်ကစားသမားဖြစ်သူ စတီဗင်ဂျရတ်က အသင်းဖော် တိုက်စစ်မှူးဆွာရက်ဇ်အား လီဗာပူးလ်အသင်းတွင်သာ ဆက်လက်ကစားရန် တိုက်တွန်းပြော ဆိုလိုက်သည်။ အသက် ၃၃ နှစ်အရွယ်ရှိ ဂျရတ်က ၎င်းအား ယမန်နှစ်က ချန်ပီယံလိဂ်ဝင်ခွင့်ရအသင်းတစ်သင်းမှ ကမ်းလှမ်းမှုကိုရရှိခဲ့သော်လည်း ငြင်းပယ်ခဲ့ကြောင်း၊ ဆွာရက်ဇ်အနေဖြင့်လည်း အသင်းမှထွက်ခွာရန် အလျင်စလိုမဆုံးဖြတ်သင့်ကြောင်း၊ လီဗာပူးလ်အသင်းမှာ ကမ္ဘာ့အကောင်းဆုံးအသင်းများထဲမှ တစ်သင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
    ___________________________________________
    စီးတီးအိုးပင်းတင်းနစ်ပြိုင်ပွဲ ဆီးမီးဖိုင်နယ်သို့ ပက်ကိုဗစ်တက်ရောက်
    ___________________________________________
    Bet-at-home Cup တင်းနစ်ပြိုင်ပွဲတွင် နှစ်ထပ်ကွမ်းချန်ပီယံ ရော်ဘင်ဟာစီ ဆီးမီးဖိုင်နယ်နှင့်သာ ကျေနပ်ခဲ့ရ
    သြစတြီးယားနိုင်ငံတွင် ကျင်းပလျက်ရှိသည့် Bet-at-home Cupတင်းနစ်ပြိုင်ပွဲတွင် နှစ်ထပ်ကွမ်းချန်ပီယံ ဒခ်ျတင်းနစ်သမား ရော်ဘင် ဟာစီမှာ ဆီးမီးဖိုင်နယ်မှပင် ထွက်ခွာခဲ့ရသည်ဟု သိရသည်။ ၂ နာရီနှင့် ၂၄ မိနစ်ကြာခဲ့သည့် အဆိုပါပွဲစဉ်တွင် ဟာစီမှာ စပိန်တင်းနစ်သမား မာဆယ် ဂရန်နိုလာအား ၇-၆(၇-၀)၊ ၃-၆၊ ၆-၄ ဖြင်း ရှုံးနိမ့်ခဲ့ကာ ဗိုလ်လုပွဲတက်ရောက်ခွင့် ဆုံးရှုံးခဲ့ရသည်။ ဂရန်နိုလာမှာ ဗိုလ်လုပွဲတွင် နိုင်ခြေ အဆင့် ၂ ရှိ အာဂျင်တိုင်းတင်းနစ်သမား ဂျူအန်မိုနာကိုနှင့် တွေ့ဆုံရမည်ဖြစ်သည်။
    ___________________________________________
    မာစတာစီးရီးတင်းနစ်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုတော့ဟု ဖက်ဒါရာဆို
    နောက်ကျောဒဏ်ရာခံစားနေရသည့်အတွက် လာမည့်သီတင်းပတ်အတွင်း ကနေဒါနိုင်ငံ မွန်တီရီယဲလ်မြို့တွင် ကျင်းပမည့် အေတီပီ မာစတာစီးရီး တင်းနစ်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုတော့ဟု ဆွစ်ဇလန်တင်းနစ်အကျော်အမော် ရော်ဂျာ ဖက်ဒါရာက ကြေညာခဲ့သည်။ မွန်တီရီယဲလ်တွင် ကျင်းပမည့်ပြိုင်ပွဲတွင် ၀င်ရောက်မကစားနိုင်သည့်အတွက် စိတ်ပျက်မိကြောင်း၊ ၎င်းအနေဖြင့် ဆိုးရွားသော နောက်ကျောဒဏ်ရာခံစားနေရပြီး အဓိကရည်ရွယ်ချက်မှာ ထိုဒဏ်ရာ အမြန်ဆုံး သက်သာပျောက်ကင်းရန်ဖြစ်ကြောင်း ဖက်ဒါရာက ပြောကြားခဲ့သည်။