News @ M-Media

Category: အာဖရိက

  • နိုင်ဂျာအာဏာသိမ်းစစ်ခေါင်းဆောင်ကို စစ်အင်အားဖြင့် ဖြုတ်ချရန် ပတ်၀န်းကျင်နိုင်ငံများ အသင့်ဖြစ်နေ

    နိုင်ဂျာအာဏာသိမ်းစစ်ခေါင်းဆောင်ကို စစ်အင်အားဖြင့် ဖြုတ်ချရန် ပတ်၀န်းကျင်နိုင်ငံများ အသင့်ဖြစ်နေ

    သြဂုတ် ၁၈၊ ၂၀၂၃

    M-Media 


    -အာဏာသိမ်းထားတဲ့ နိုင်ဂျာနိုင်ငံကို စစ်ရေးအရ အရေးယူရင် ပါ၀င်ဖို့အတွက် အဖွဲ့နိုင်ငံအများစုက အဆင်သင့်ဖြစ်နေပြီလို့ အနောက်အာဖရိကနိုင်ငံများအဖွဲ့ (ECOWAS) က ပြောပါတယ်။ 

    သမ္မတအစောင့်တပ်အကြီးအကဲ ဗိုလ်ချုပ် အဘ်ဒူရဟ်မာနီ ချီယာနီဟာ ဇူလိုင် ၂၆ ရက်နေ့မှာ သမ္မတ မိုဟာမက် ဘာဇွမ်ကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တာပါ။

    ECOWAS အဖွဲ့ကတော့ ချီယာနီအနေနဲ့ အရပ်သားအစိုးရကို သြဂုတ်လ ၆ ရက်နေ့ နောက်ဆုံးထားပြီ အာဏာမလွှဲပြောင်းပေးရင် စစ်ရေးအရ ၀င်ရောက်အရေးယူမယ့်အထိ ဖြစ်သွားနိုင်တယ်လို့ ရာဇသံပေးထားပါတယ်။ နောက်ဆုံးရက် ကျော်သွားပေမယ့် လက်ရှိအချိန်အထိ အရေးယူမှု မလုပ်သေးပါဘူး။ 

    အဖွဲ့ရဲ့ ကော်မရှင်နာ အဘ်ဒဲလ် ဖာတူ မူဆာက စစ်အာဏာရှင်အုပ်ချုပ်နေတဲ့ နိုင်ငံတစ်ချို့နဲ့ ကိပ်ဗာဒီနိုင်ငံတို့ကလွဲရင် အဖွဲ့၀င်နိုင်ငံအားလုံးဟာ နိုင်ဂျာကို စစ်အရေးအရ ၀င်ရောက်အရေးယူမယ့်ကိစ္စမှာ ပူးပေါင်းပါ၀င်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ မနေ့က ပြောကြားခဲ့ပါတယ်။ 

    ECOWAS အဖွဲ့၀င်နိုင်ငံဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ စစ်အာဏာသိမ်းမှု ဖြစ်ထားတဲ့ ဘာကီနာဖာဆိုနဲ့ မာလီနိုင်ငံတွေက နိုင်ဂျာကို စစ်တပ်၀င်ရင် ဒါဟာ စစ်ကြေငြာတာမျိုးဖြစ်ပြီး ဒေသတွင်း အခြေအနေ ပိုဆိုးသွားမယ်လို့ သတိပေးထားပါတယ်။ 

    စစ်အာဏာရှင် အုပ်စိုးနေတဲ့ ဂီနီနိုင်ငံကလည်း စစ်ရေးနဲ့ ၀င်ရောက်ဖြေရှင်းမှုကို လက်မခံဘူးလို့ ပြောထားပါတယ်။ 

    နိုင်ဂျာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဘယ်အချိန်မှာ ဘယ်လိုပုံစံမျိုးနဲ့ ၀င်ရောက်အရေးယူမယ်ဆိုတာကိုတော့ ECOWAS 

    အဖွဲ့က တိတိကျကျ မထုတ်ပြန်ပါဘူး။ 

    Ref: Aljazeera 

  • ခြင်္သေ့မများ သမိုင်းမှတ်တိုင်တစ်ခု ထပ်မံစိုက်ထူနိုင်ခဲ့ပြီ

    ခြင်္သေ့မများ သမိုင်းမှတ်တိုင်တစ်ခု ထပ်မံစိုက်ထူနိုင်ခဲ့ပြီ

    သြဂုတ် ၄၊ ၂၀၂၃

    M-Media 


    -မော်ရိုကို အမျိုးသမီး ဘောလုံးအသင်းဟာ မနေ့က ကိုလံဘီယာအသင်းနဲ့ အုပ်စုနောက်ဆုံးပွဲမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ကစားပြီး ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါပြီ။ 

    ဒါဟာ မော်ရိုကိုအမျိုးသမီးအသင်း ၄ ခုမြောက် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ 

    ကမ္ဘာ့ဖလား၀င်ခွင့်ရတဲ့ ပထမဆုံး မြောက်အာဖရိကနဲ့ အာရပ်အသင်း၊ အုပ်စုဒုတိယပွဲ တောင်ကိုရီးယားကို အနိုင်ကစားကာ ကမ္ဘာ့ဖလား ပထမဆုံးနိုင်ပွဲစံချိန်၊ အခု ရှုံးထွက်အဆင့်ကို ပထမဆုံး တက်ရောက်နိုင်တဲ့မှတ်တမ်းတွေ ဖြစ်ပါတယ်။

    နောက်ခံလူ ဘန်ဇီနာဟာ ဟီဂျဘ်ပု၀ါနဲ့ ကမ္ဘာ့ဖလားမှာ ကစားတဲ့ ပထမဆုံး အမျိုးသမီးအဖြစ် မှတ်တမ်း၀င်ပါတယ်။ 

    နာမည်ကြီး ဂျာမနီအသင်းဟာ တောင်ကိုရီးယားနဲ့ သရေကျပြီး နှစ်သင်းလုံး အုပ်စုနေ လှည့်ပြန်ခဲ့ရပါတယ်။ 

    မော်ရိုကိုအသင်းဟာ ၁၆ သင်းအဆင့်မှာ ပြင်သစ်နဲ့ တွေ့မှာပါ။ 

    အသင်းခေါင်းဆောင် ရိုဆဲလာ အေယာနီက လက်ဖျားခါလောက်တဲ့ အသင်းလိုက်ကစားပုံကြောင့် အခုလိုအောင်ပွဲ ရခဲ့တာလို့ ပြောပါတယ်။ 

    “နောက်တစ်ဆင့်တက်ဖို့ ခက်ခဲမယ်ဆိုတာ ပြိုင်ပွဲစကတည်းက ကျွန်မတို့ သိပါတယ်။ တစ်သင်းလုံး ကြိုးစားခဲ့ကြပြီး အောင်ပွဲလည်း ရခဲ့ပါပြီ။ သမိုင်းသစ်တွေ ဖန်တီးခွင့်ရတဲ့အတွက် အံ့သြ၀မ်းသာမိပါတယ်။ ကျွန်မတို့ရဲ့ ကမ္ဘာ့ဖလားခရီး ဆက်လက်ရှင်သန်နေပြီး ပြင်သစ်နဲ့ပွဲကို အာရုံစိုက်သွားမှာပါ”

    အမျိုးသမီးအသင်းရဲ့ အခုအောင်ပွဲအတွက် မော်ရိုကိုပြည်သူတွေကလည်း ဆိုရှယ်မီဒီယာကနေတစ်ဆင့် ချီးကျူးခဲ့ကြပါတယ်။ 

    Ref: Aljazeera

  • အီသီယိုးပီးယားတွင် ပြည်တွင်းစစ်နောက်တစ်ခု ပြန်စ

    အီသီယိုးပီးယားတွင် ပြည်တွင်းစစ်နောက်တစ်ခု ပြန်စ

    သြဂုတ် ၄၊ ၂၀၂၃

    M-Media 


    -အီသီယိုးပီးယားက လူဦးရေအထူထပ်ဆုံး အမ်ဟာရာပြည်နယ်မှာ အစိုးရတပ်နဲ့ လက်နက်ကိုင်တွေအကြား တိုက်ပွဲတွေကြောင့် ဒီကနေ့မှာ အရေးပေါ်အခြေအနေ ကြေငြာလိုက်ရပါတယ်။ 

    ဖာနို ပြည်သူ့စစ်အဖွဲ့နဲ့ အစိုးရတပ်ဖွဲ့အကြား အခုသီတင်းပတ် အစောပိုင်းက စတင်ကာ တိုက်ပွဲတွေဖြစ်လာပြီး နောက်ပိုင်းမှာတော့ ပိုမိုကျယ်ပြန့်လာပါတယ်။ 

    ဖာနိုတပ်ဖွဲ့ဟာ အချိန်ပိုင်းတပ်ဖွဲ့တစ်ခုပါ။ တီဂရေးဒေသမှာ ၂ နှစ်ကြာဖြစ်ပွားတဲ့ ပြည်တွင်းစစ်အတွင်း အစိုးရတပ်တွေက ဖာနိုအဖွဲ့ကို လက်နက်ထောက်ပံ့ပေးကာ သူတို့ဖက်က တိုက်ခိုင်းခဲ့ပါတယ်။ 

    ပြီးခဲ့တဲ့နှစ် နို၀င်ဘာလ စစ်ပွဲအပြီး အမ်ဟာရာဒေသ လုံခြုံရေးတပ်ဖွဲ့ထဲ ထည့်သွင်းပေးဖို့ ဖာနိုတပ်ဖွဲ့က တောင်းဆိုရာကနေ အစိုးရတပ်နဲ့ တင်းမာမှု မြင့်တက်လာတာ ဖြစ်ပါတယ်။ 

    တိုက်ပွဲတွေဖြစ်ပွားပြီးနောက်ပိုင်း အမ်ဟာရာ လုံခြုံရေးတပ်ဖွဲ့က ပြည်ထောင်စုအစိုးရထံကနေ စစ်ကူတောင်းခဲ့ရပါတယ်။

    အရေးပေါ်အခြေအနေ ကြေငြာလိုက်တာကြောင့် ညမထွက်ရအမိန့် ထုတ်ပြန်မှာဖြစ်ပြီး၊ အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ထားပါတယ်။ 

    Ref: Aljazeera

  • စစ်ခေါင်းဆောင်နှစ်ဦး အာဏာလုရာမှ စစ်မီးတောက်လာတဲ့ ဆူဒန်

    စစ်ခေါင်းဆောင်နှစ်ဦး အာဏာလုရာမှ စစ်မီးတောက်လာတဲ့ ဆူဒန်

    ဧပြီ ၂၀၊ ၂၀၂၃

    M-Media 


    -အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ ဆူဒန်မှာ ထိပ်တန်းဗိုလ်ချုပ်နှစ်ဦး အာဏာလုမှုကြောင့် တိုက်ပွဲဖြစ်ပွားနေတာ ၅ ရက်တာရှိလာခဲ့ပြီး သေဆုံးသူ အရေအတွက်ကလည်း ၃၀၀ နီးပါး ရှိလာပြီဖြစ်ပါတယ်။ 

    မြို့တော် ခါတွန်မှာ အဘ်ဒဲလ် ဖာတာ အလ်-ဘူရ်ဟန်ရဲ့ ဆူဒန်စစ်တပ်နဲ့ သူ့ရဲ့လက်ထောက် မိုဟာမက် ဟမ်ဒန် ဒါဂါလို ခေါင်းဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့ RSF တို့အကြား တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ပွားနေတာပါ။ 

    စစ်ဌာနချုပ်၊ လေဆိပ်နဲ့ သမ္မတနန်းတော်တို့ကို သိမ်းပိုက်ဖို့ RSF က ကြိုးစားနေပြီး ဘူရ်ဟန်ရဲ့ တပ်တွေကလည်း တိုက်လေယာဥ်တွေ၊ လက်နက်ကြီးတွေနဲ့ ပြန်လည်တုန့်ပြန်နေပါတယ်။ 

    နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စစ်ခေါင်းဆောင်ဟောင်း သမ္မတ အိုမာရ် အလ်ဘရှီးရ်ကို ဖြုတ်ချတဲ့ ၂၀၁၉ ခုနှစ် စစ်အာဏာသိမ်းမှုမှာ ဘူရ်ဟန်နဲ့ ဒါဂါလိုတို့ဟာ ဆရာတပည့်တွေဖြစ်ခဲ့ကြပြီး၊ အရပ်သားအစိုးရလက်ကနေ ၂၀၂၁ ခုနှစ် ဘူရ်ဟန်က အာဏာထိပ်သိမ်းတဲ့အခါမှာလည်း ဒါဂါလို ပါ၀င်ပါတယ်။ 

    နောက်ပိုင်းမှာ အစိုးရဟောင်း၊ နိုင်ငံရေးသမားတွေနဲ့ ပူးပေါင်းကာ ဘူရ်ဟန်က အသွင်ကူးပြောင်းရေးကောင်စီကို ဖွဲ့စည်းခဲ့ပြီး ဒါဂါလိုရဲ့ RSF တပ်ကို စစ်တပ်လက်အောက် ထည့်သွင်းဖို့ ကြိုးစားရာကနေ အာဏာလုပွဲ ဖြစ်လာတာဖြစ်ပါတယ်။ 

    RSF ကို သမ္မတဟောင်း ဘရှီးရ်က သူ့ရဲ့ လက်ကိုင်တုပ်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းကာ ဒါဂါလိုကို တပည့်မွေးခေါင်းဆောင်တင်ခဲ့တာပါ။ ဒါဂါလိုကတော့ ဘရှီးရ်ကို သစ္စာဖောက်ကာ ဘူရ်ဟန်နဲ့ပေါင်းပြီး ၂၀၁၉ ခုနှစ်မှာ ဖြုတ်ချခဲ့ပါတယ်။ 

    လက်ရှီ တိုက်ပွဲတွေကြောင့် မြို့တော်ခါတွန်မှာ သေဆုံးသူ ၂၇၀ ကျော်လာခဲ့ပြီး ဒဏ်ရာရသူအရေအတွက်လည်း အများအပြား ရှိနေပါတယ်။ 

    စစ်ပွဲကြောင့် စားနပ်ရိက္ခာ ရှားပါးလာပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကလည်း ပြိုလဲလုနီးနီး ဖြစ်လာပါတယ်။ 

    Ref: CNN   

  • ယီမင်တွင် အလှူသွားယူသောလူအုပ် တိုးမှုကြောင့် ၈၀ နီးပါး သေဆုံး

    ယီမင်တွင် အလှူသွားယူသောလူအုပ် တိုးမှုကြောင့် ၈၀ နီးပါး သေဆုံး

    ဧပြီ ၂၀၊ ၂၀၂၃

    M-Media 


    -ယီမင်နိုင်ငံ မြို့တော် ဆန်နာမှာ ရမ်ဇာန်ဥပုသ်လ ပစ္စည်း၀ေငှမှုအတွင်း လူအုပ်တိုးမှုကြောင့် အနည်းဆုံး ၇၈ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။ 

    စာသင်ကျောင်းတစ်ခုမှာ လူတစ်ယောက်ကို ကန်ဒေါ်လာ ၉ ဒေါ်လာဖိုး ရှိတဲ့ ပစ္စည်းတွေ လှူဒါန်းမှုအတွင်း လူရာချီ လာရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ 

    မြို့ကိုထိန်းချုပ်ထားတဲ့ ဟူသီသူပုန်အဖွဲ့က စစ်သားတစ်ချို့ဟာ လူအုပ်ကိုထိန်းဖို့ သေနတ်ပစ်ဖောက်ခဲ့ပြီး ဓာတ်ကြိုးကိုထိမှန်ကာ ပေါက်ကွဲမှုဖြစ်တာကြောင့် လူတွေလန့်ကာ ထွက်ပြေးခဲ့ကြတာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ 

    သေဆုံး ဒဏ်ရာရသူ အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးတွေ ဖြစ်ပါတယ်။ 

    ဟူသီအဖွဲ့က လှူဒါန်းသူဟာ အာဏာပိုင်တွေနဲ့ ဆက်သွယ်ဆောင်ရွက်ခြင်း မရှိတဲ့အတွက် အခုလို ဖြစ်ခဲ့တာဖြစ်ပြီး အဲဒီလူကို ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ပါတယ်။ 

    Ref: BBC